Letters from Osho ~ 5

osho2

နေမင်းအရောင်ရဲ့ နွေးထွေးမှုဟာ ပြာလွင်တဲ့ ကောင်းကင်အောက်မှာ ဖြန့်ကျက်နေရာယူနေကြပါပြီ။

နို့ပေမယ့် လေနုအေးဟာ အခုထိ ထုနဲ့ ထည်နဲ့ ရှိတုန်း။ မြက်ခင်းနုလေးတွေရဲ့ အဖျားအနားတွေ ဆီက နှင်းမှုန်ဝတ်စလေးတွေ ကလည်း အေးအေးမြမြ ခိုနွဲ့နေတုန်း ရှိပါသေးရဲ့။ ခင်ဗျား ဂရုထား ကြည့်မိရင် ပန်းဝတ်လွှာလေး တွေ ပေါ်မှာ နှင်းမှုန်စလေးတွေ မြင်ရလိမ့်ဦးမယ်။ ညဟာ အိပ်ပျော်သွားပြီ ဆိုပေမယ့် သူ့ရဲ့ ရင်ငွေ့ကို အခုထိ ပေးထားနိုင်စွမ်း ရှိတာ ခင်ဗျား ခံစားမိပါလိမ့်ဦးမယ်။

အနီးက တွန်ကျူးလိုက်တဲ့ ဥဒေါင်းငှက်ငယ် အသံလေး ကြားရလား။ သူ့ဟန်ပန်ဟာ အဝေးက ဥဒေါင်းငှက်တွေ ဆီ အမေးပုစ္ဆာပြုနေသလိုလို ရှိတယ်။ လေပြေအေး အဝှေ့မှာ သီကြွေးနေတဲ့ ကျေးငှက်တို့ရဲ့ မဆုံးနိုင်တဲ့ သီချင်းသံသာတွေနဲ့ အတူ ရွက်နုရွက်လှတွေကလည်း လှုပ်ခတ်ကခုန်နေကြတယ်။ ဒီလိုနဲ့ ဒီမနက်ခင်းဟာ အရာရာကို မှတ်ကျောက်တင်နေကြတယ်။ သင်မြင်ရဲ့လား မိတ်ဆွေ။ နေ့တစ်နေ့ဟာ သူ အရုဏ် တက်လာခဲ့ပြီလို့ ကမ္ဘာမြေကို အံ့ဩဘနန်း ကြွေးကြော်နေတယ် မဟုတ်လား။

သည်နေရာလေးမှာ ကျုပ် ထိုင်ငေးနေတုန်း၊ သည်အလှအပတွေကြား ကျုပ် မျောလွင့်နေတုန်းမှာ အဝေးတောအုပ် အစပ်ဆီ ပျောက်ကွယ်သွားတဲ့ မြေနီလမ်းငယ်လေးရဲ့ ခပ်အုပ်အုပ် ရယ်သံကို ကျုပ် ကြားရတယ်။ သူ ဘာလို့ ရယ်ပါလိမ့်။

ရယ်သံတွေ တစ်ဖြည်းဖြည်း ကျယ်လောင်လာလို့ ကျုပ် စူးစမ်းစိတ်နဲ့ ကြည့်လိုက်မိတဲ့အခါ သူ့ကျောပြင်ပေါ်ကနေ လျှောက်လှမ်းလာတဲ့ လူတွေကို တစ်ရိပ်ရိပ် မြင်လိုက်ရတယ်။ အလျဉ်စလို လျှောက်လှမ်း လာကြတဲ့ သူတို့ ဟန်ပန်ဟာ အားလုံး အိပ်ရေးမဝ ဖြစ်နေကြပုံမျိုးနဲ့ ပါကလား။ တစ်စုံတစ်ရာကို အလိုမကျနေကြပုံမျိုးနဲ့ ပါလား။ တစ်စုံတစ်ခုအတွက် မောဟိုက်နေကြပုံမျိုးနဲ့ မဟုတ်လား။

ဟောသည်လောက် ကြည်လင်တဲ့ လောကရဲ့ တေးသံသာတွေ ကြားမှာ လူတွေ ဘာကြောင့် နားပိတ်ထားကြပါလိမ့်။

ဟောသည်လောက် သိမ်မွေ့တဲ့ လောကရဲ့ အလှအပတွေ ကြားမှာ လူတွေ ဘာကြောင့် မျက်လုံးပိတ်ထားကြပါလိမ့်။

ဟောသည်လောက် အေးမြတဲ့ လောကရဲ့ ချမ်းမြေ့မှုတွေ အောက်မှာ လူတွေ ဘာကြောင့် အာရုံမထားနိုင်ကြတာပါလိမ့်။

မြေနီလမ်းလေးရဲ့ ရယ်သံဟာ ကျုပ်အခု ပြောနေတဲ့ ကနေ့ချိန်ထိ တလွင်လွင် ပျံ့လွင့်နေတုန်း ရှိသေးတယ်။ နေခြည်တွေ နွေးသလို၊ လေပြည်တွေကလည်း အေးတုန်း ရှိသေးတယ်။ ဥဒေါင်းငှက်ငယ်လေးကလည်း ကနေ့အထိ အမေးပုစ္ဆက ပြုနေတုန်း ဖြစ်သလို၊ ခင်ဗျား ဂရုထား ကြည့်မိရင် ပန်းဝတ်လွှာလေးတွေ ပေါ်မှာ နှင်းမှုန်စလေးတွေ မြင်နေရတုန်း ရှိပါသေးတယ်။

About zayya
Just Be. That's Enough! Shared words with Silence.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: