Letter from Osho (2)

ဂါလီလဲ ရေအိုင်ကြီး ဆိုတာ ရှိတယ်။ တစ်ညနေခင်းမှာ အဲ့ဒီရေအိုင်ကြီးထဲ မုန်တိုင်းတွေ ထန်နေသတဲ့။ ကံဆိုးချင်တော့ အဲ့ဒီအချိန်က ရေအိုင်ကြီးရဲ့ အလယ်မှာ လှေငယ်တစ်စင်းလည်း ရှိနေတယ်။ မုန်တိုင်းကလည်း ပြင်းထန်နေတာမို့ လှေငယ်ဟာ မြုပ်လုဆဲဆဲ၊ လူးလိမ့်နေတာပေါ့။ ရှောင်လွှဲစရာ လမ်းမမြင်တဲ့ အလျောက် လှေပေါ်ပါတဲ့ ခရီးသွားတွေရော၊ လှေထိုးသားတွေပါ အားလုံး မျော်လင့်ချက် မဲ့ နေကြတယ်။ လေပြင်းတွေက အလုံးအရင်း ဝင်ဆောင့်နေကြသလို၊ လှိုင်းထန်ပိုးတွေကလည်း လှေငယ်ကို ရိုက်ချိုး နေကြရော။ ကျယ်ပြောလှတဲ့ ကန်ရေပြင်ကြီးမှာ – ဆိုက်ကပ်မယ့် ကမ်းဆိုတာလည်း မမြင်ရတဲ့အခါ အဲ့ဒီ ခရီးသွားတွေနဲ့ လှေထိုးသားတွေ အားလုံး ကြောက်ရွံ့ အော်ဟစ် ပြေးလွှားနေကြပါရော။

ဒီလို အညှာအတာမဲ့တဲ့ မုန်တိုင်းကြားထဲက လူးလိမ့်နေရှာတဲ့ လှေငယ်ရဲ့ ထောင့်စွန်းတစ်နေရာမှာ လူရွယ်တစ်ယောက် ကတော့ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေတယ်။ စိုးရိမ်စိတ်မရှိဘူး။ အကြောင့်အကြ မရှိဘူး။ ပကတိ ငြိမ်သက်လို့။ သူ့အပေါင်းအသင်းတွေက သူ့ကို နှိုးကြတယ်။ သူတို့ မျက်ဝန်းထဲမှာတော့ သေခြင်းတရားကို ကြောက်ရွံ့နေစိတ်တွေက နေရာယူလို့။ တုန်လှုပ်လို့။

နှိုးလို့ နိုးလာခဲ့ရတဲ့ လူရွယ်က သူတို့ကို မေးတယ်။ သင်တို့တွေ အားလုံး ဘာလို့ ကြောက်လန့်နေရတာလဲ။ တဲ့။ သူမေးတဲ့ပုံက ကြောက်လန့်စရာ ဘာအကြောင်းမှ မရှိတဲ့ ပုံမျိုးနဲ့ပဲ။ သူ့မိတ်ဆွေတွေ အားလုံး ဘာဖြေရမှန်း မသိ ဖြစ်သွားတယ်။ ထပ်မေးတယ်။ သင်တို့တွေမှာ ယုံကြည်မှု မရှိဘူးလား တဲ့။

သူက ပြောပြောဆိုဆို တည်တည်ငြိမ်ငြိမ်ပဲ မတ်တတ်ရပ်လိုက်တယ်။ လှေငယ်ရဲ့ တစ်ဘက်ခြမ်းဆီ ဖြေးဖြေးအေးအေး လျောက်သွားတယ်။ အဲ့ဒီအချိန်မှာ မုန်တိုင်းကလည်း လှေငယ်ကို ဆွဲမှောက်ပစ်တော့မတတ် တိုက်ခတ်နေတယ် ဆိုတာတော့ မမေ့နဲ့။ ဝုန်းဒိုင်းကြဲနေတဲ့ ကန်ရေပြင်ဘက်ဆီ လှည့်ရင်း သူက စကားဆိုတယ်။

“အေးချမ်းလော့ .. ငြိမ်သက်လော့” တဲ့။

သူ လှမ်းပြောနေပုံက မုန်တိုင်းကို ပီဘိကလေးဆိုးလေး တစ်ယောက်လို မြင်နေသလိုမျိုး။ မလိမ်မိုး မလိမ်မာ ကလေးငယ်လေးကို ချစ်မြတ်နိုးစိတ်အပြည့်နဲ့ ချော့မော့ပြောနေသလိုမျိုး။ ဒါကို မြင်ကြရတဲ့ ခရီးသွားတွေလည်း ဒီလူရွယ်ရဲ့ ရူးသွပ်ပုံကို အံ့ဩသွားကြမှာပဲ။ မုန်တိုင်းကို ဘယ်တုန်းကများ ချော့မော့ပြောလို့ ရဖူးလို့လဲ။ ဒါပေမယ့် သူတို့ ကြည့်ငေးနေချိန်မှာ တကယ်ပဲ မုန်တိုင်းဟာ ငြိမ်သက်သွားခဲ့တယ်။ နောက်ဆုံး – မုန်တိုင်းဟာ သူဘာမှ မလုပ်ခဲ့သလို ပကတိ ပျောက်ကွယ်သွားတယ်။
10891999_1023107431037838_6897129354859331508_n
အဲ့ဒီ လူရွယ်ကို ဒီကနေ့ အားလုံး သိကြပါလိမ့်မယ်။ သူက ယေရှုခရစ်ပဲ။ ဒီအဖြစ်အပျက်ဟာ နှစ်ပေါင်း နှစ်ထောင်ကျော် ကြာမြင့်ခဲ့ပြီ။ တကယ် ဖြစ်ပျက်ခဲ့တာလည်း ဟုတ်မယ်၊ ယုံတမ်း လည်း ဟုတ်မယ်။ ဒါပေမယ့် ကျုပ်အမြင်မှာတော့ ဒီဖြစ်ရပ်ဟာ ကမ္ဘာမှာ နေ့စဉ်နေ့တိုင်း အမှန်တကယ် ဖြစ်ပျက်နေတဲ့ ဖြစ်ရပ်ပဲရယ်။

ကျုပ်တို့တွေဟာ မရပ်မနား တိုက်ခတ်နေတဲ့ မုန်တိုင်းတွေ ကြားထဲမှာ မဟုတ်လား။ သေခြင်းတရားကို ကြောက်ရွံ့နေတဲ့ အရိပ်တွေဟာ ကျုပ်တို့မျက်ဝန်းထဲ အမြဲ နေရာ ယူထားကြတာပဲ မဟုတ်လား။ ကျုပ်တို့ ရင်တွင်းက စိတ်နှလုံး ဆိုတဲ့ ကန်ရေပြင် ဟာလည်း အမြဲတမ်း လှိုင်းတံပိုးတွေ ထန်နေတာပဲ မဟုတ်လား။ ဒီ မငြိမ်သက်တဲ့ စိတ်နှလုံးတွေနဲ့ ကျုပ်တို့ ဘဝလှေငယ်ဟာ မကြာခဏ မှောက်လုမတတ် ဖြစ်နေကြတယ် မဟုတ်လား။

ဒါဆို ဒီနေရာမှာ ယေရှုခရစ်လိုပဲ – “ခင်ဗျားတို့ ဘာလို့ ကြောက်ရွံ့နေရသလဲ၊ ယုံကြည်မှု မရှိကြဘူးလား” လို့ ကိုယ့်ကိုယ်ကိုယ် ပြန်မမေးကြည့်သင့်ဘူးလား။ လှိုင်းတံပိုး ထန်နေတဲ့ မိမိရဲ့ စိတ်နှလုံးဘက်ဆီ မျက်နှာမူပြီး “အေးချမ်းလော့… ငြိမ်သက်လော့” လို့ တစ်ကြိမ်တစ်ခါ ဖြစ်ဖြစ် မကြွေးကြော်သင့်ဘူးလား။

ဒါဟာ Meditation နည်းနာ တစ်မျိုးလည်း ဖြစ်ကြောင်း ကျုပ်တွေ့ခဲ့ရတယ်။ မိမိလှေငယ်ပေါ်မှာ မားမားရပ်ရင်း၊ လှိုင်းတံပိုးထန်နေတဲ့ မိမိ စိတ်နှလုံးဆီ မျက်နှာမူရင်း ချစ်ခြင်းတရား အပြည့်နဲ့ ပြောကြည့်လိုက်စမ်းပါ။ မုန်တိုင်းပြင်ဟာ အံ့ဩစရာ ကောင်းလောက်အောင် ငြိမ်သက်သွားနိုင်စွမ်း ရှိတာ တွေ့ရလိမ့်မယ်။ အဲ့ဒီအခါမှာ ငြိမ်သက်အေးချမ်းမှုကို ခင်ဗျား ခံစား မိမှာပဲ။

ကျုပ်တို့ဟာ ကျုပ်တို့ကိုယ်ကိုယ် မရပ်မနား ပြေးလွှားနေရအောင် လုပ်နိုင်တယ် မဟုတ်လား။ ဒါဆိုရင်၊ ကျုပ်တို့ကိုယ်ကိုယ် ကျုပ်တို့ အေးချမ်းအောင်လည်း လုပ်နိုင်ရလိမ့်မယ်။ အေးချမ်းမှုဟာ အလေ့အကျင့်နဲ့ မဆိုင်ဘူး။ ခံစားမှုနဲ့ပဲ ဆိုင်တယ်။ ခင်ဗျားက အေးချမ်းချင်တယ်။ ဒါ့ကြောင့် လေ့ကျင့်ယူတယ်။ ဒါဆိုရင် အဲ့ဒီ လေ့ကျင့်နေတာကိုက ခင်ဗျား မအေးချမ်းနိုင်သေးတာပဲ ဖြစ်တယ်။ လေ့ကျင့်မှုက အနာဂတ်ဆီ ဦးတည်တယ်။ ခံစားမှုကတော့ အခု-ဒီနေရာမှာပဲ ရှိတယ်။ အခု-ဒီတစ်ခဏ- ဒီအချိန်- ဒီနေရာကို သိရင် – အေးချမ်းမှု ဆိုတာ ဘာလဲ ဆိုတာကို ခင်ဗျား စကားတွေ မလိုဘဲ သိမြင်မိမှာ၊ ခံစားမိမှာပဲ။

OSHO
…………………
Letters from OSHO
With Love,
Zayya
Jan 1st 2015 at 12:05 PM

About zayya
Just Be. That's Enough! Shared words with Silence.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

w

Connecting to %s

%d bloggers like this: