Letter from Osho (3)

တောင်ထိပ်က ရေကန်ငယ်တစ်ခုရဲ့ အစပ်၊ မြက်ခင်းပြင်ပေါ်မှာ မနေ့ညနေက ကျုပ်တို့ စုဝေးထိုင်နေခဲ့ကြတယ်။ နေရောင်ခြည်တွေ ဖြန့်ကျက်နေကြတယ်။ အဝေးက တောင်တစ်လုံးရဲ့ အရိပ်ကလည်း ကန်ရေပြင်ပေါ်မှာ ကြည်ကြည်လင်လင် ထင်ဟပ်နေတယ်။ ကျုပ်တို့ အားလုံး တစ်ဦးကို တစ်ဦး စကားမဆိုနိုင်ကြဘူး။ ငေးမောနေ ခဲ့ကြတယ်။

အဲ့ဒီအချိန်မှာ သတိထားမိတာက လေပြည်လေညှင်း တစ်ချို့ကလည်း တစ်ချက် တစ်ချက် ဝှေ့ဝှေ့ တိုက်လာတယ် ဆိုတာပဲ။ သူတို့ တစ်ချက်ဝှေ့လိုက်တိုင်း ကန်ရေပြင်မှာ လှိုင်းငယ်လေးတွေ ထသွားတယ်။ ထင်ဟပ်နေတဲ့ ပုံရိပ်တွေကလည်း ဝေဝါးသွားတယ်။ ဒါပေမယ့် မကြာခင်မှာ ဒီလေပြည်ဆိုတာလည်း အဝေးရောက် သွားရော။ ကန်ရေပြင်ဟာလည်း ကနဦး အစ အတိုင်း ပကတိ ပြန်ငြိမ်သက်သွားရော။ အဝေးက တောင်ရဲ့ အရိပ်ဟာလည်း ပင်ကိုအတိုင်း ကြည်ကြည်လင်လင် ထင်ဟပ်နေပြန်ရော။

ဒါကို ကြည့်ရင်း သူက ပြောတယ်။ “ကြည့်ကြ အဆွေတို့၊ လှုပ်ခတ်တဲ့ အရာတိုင်း ပြန် ငြိမ်သက်သွားကြရတယ် မဟုတ်လား။ မနေမနား လှုပ်ခတ်နေသမျှရဲ့ နောက်ကွယ်မှာ အေးချမ်းငြိမ်သက်မှုဟာ ကိန်းအောင်းပြီးသား ရှိနေတယ် မဟုတ်လား။ အခု ကန်ရေပြင်ကို ဆင်ခြင်ကြည့်ကြစမ်းပါ။ သူ့ရဲ့ သဘာဝဟာ ငြိမ်သက်မှုပဲ မဟုတ်လား။ လှုပ်ခတ်နေတဲ့ သူ့ ပုံဟန်ဟာ အပေါ်ယံ မျက်နှာပြင်မှာသာ ဖြစ်တယ်။ ငြိမ်းအေးမှုဟာ အတွင်းသဏ္ဍာန်မှာ ပင်ကိုတည်းက ရှိပြီးသားပဲ မဟုတ်လား။”

ကျုပ်အမြင်မှာတော့ လူသားတွေလည်း ဒီကန်ရေပြင်လို အတူတူပါ။ လှိုင်းဟာ ကန်ရေပြင်ရဲ့ အပေါ်ယံမှာသာ ဖြစ်သလို၊ လူတွေရဲ့ ပျားပန်းခတ်၊ မောဟိုက်နေသမျှတွေ ဟာလည်း အပေါ်ယံတွေမှာချည်းပဲ။ ကန်ရေပြင်ဟာ ဟိုးအတွင်း အနက်မှာ ပကတိ ငြိမ်သက်နေသလို၊ လူသားတွေရဲ့ ပင်ကို အတွင်းသဏ္ဍာန်မှာ နက်ရှိုင်းတဲ့ ငြိမ်ဝပ်မှု အဦးအစကတည်းက ရှိတယ်။ ကျုပ်တို့ရဲ့ စိတ်နှလုံးကို လိုချင်စိတ်တွေ၊ မှုန်ယိုစိတ်တွေ၊ မသိစိတ်တွေ၊ အတွေးတွေနဲ့ လှုပ်ခတ်ပစ်နေကြတယ်။ ဒါတွေဟာ ကန်ရေပြင်ကို လှုပ်ခတ်သွားစေမယ့် လေပြည်တွေ၊ လေပြင်းတွေပဲ မဟုတ်လား။ သူတို့ကြောင့် ကျုပ်တို့ စိတ်နှလုံးမှာ လှိုင်းကြက်ခွပ်တွေ မနေမနား ထနေကြရတယ်၊ သစ္စာတရားရဲ့ ကြည်လင်တဲ့ ပုံရိပ်တွေကို ဝေဝါးပစ်ကြတယ်။ ဒီလေပြည်တွေ လေပြင်းတွေ မရှိတော့ရင် – ကျုပ်တို့ စိတ်နှလုံးဟာ လှုပ်ခတ်နေပါဦးမလား။ သစ္စာတရားကို မမြင်ဘဲ နေပါဦးမလား။

ထပ်ပြောပါဦးမယ်။ ငြိမ်သက်နေတဲ့ ကန်ရေဟာ ကနဦးကတည်းက ရှိသလို၊ ချမ်းမြေ့တဲ့ စိတ်နှလုံးဟာ ကျုပ်တို့ရင်မှာ ကနဦးကတည်းက ရှိကြပါတယ်။ သူဟာ အချိန်နဲ့ မဆိုင်ဘူး။ ကာလနဲ့ မဆိုင်ဘူး။ အချိန် ဆိုတာ ရှိရင်၊ ကာလ ဆိုတာ ရှိရင်၊ အတွေး ဆိုတာ ရှိတယ်။ လိုချင်မှု ရှိတယ်။ မှုန်ယိုမှု ရှိတယ်။ အချိန်ဆိုတာ ရှိတယ်လို့ မြင်ထားမိတာတွေကြောင့် သူတို့တွေဟာ နောက်ဆက်တွဲ ပေါ်ပေါက်လာကြတယ်။ တနည်းပြောရင် အပြန်အလှန်  — အချိန်ကာလဟာ အတွေးကြောင့် ပေါ်ပေါက်လာတဲ့ လေပွေတစ်မျိုးပဲ။

ကောင်းကင်ဘုံ ဆိုတာ ဘာလဲ လို့ မေးခဲ့ဖူးတဲ့ လူတစ်ယောက်ကို ယေရှုခရစ်က အခုလို ဖြေခဲ့ဖူးတယ်။ “And there shall be time no longer.” အချိန်တွေ ထပ်မရှိတော့တာ ကောင်းကင်ဘုံပဲ တဲ့။

သူပြောတာ မမှားဘူး။ အချိန်ထဲမှာ ရှိနေတာဟာ ဒုက္ခဖြစ်တယ်။ အချိန်ကိုယ်တိုင်ဟာ ဒုက္ခဆင်းရဲ ဖြစ်တယ်။ ဒါ့ကြောင့် အချိန်ကာလကို လွန်မြောက်သွားတာဟာ ချမ်းမြေ့မှု ဖြစ်တယ်။ အချိန်ကာလကို လွန်မြောက်ခြင်း ကိုယ်တိုင်က ချုပ်ငြိမ်းမှု ဖြစ်တယ်။

ဒီတော့…. လာပါ မိတ်ဆွေတို့၊ အချိန်ကာလရဲ့ အလွန်ကို သွားကြစို့။ အချိန်ကာလရဲ့ အလွန်မှာ လေပြည်တွေလည်း မသွေးတော့၊ လေပြင်းတွေလည်း မရိုက်ခတ်တော့တဲ့ ပကတိ ငြိမ်ငြိမ်သက်သက် ကန်ရေပြင် အလှကိုသာ အေးအေးမြမြ ရှုငေးကြစို့။

OSHO
……………….

Zayya
Letters from Osho
Jan 2nd 2015 at 10:50 AM

About zayya
Just Be. That's Enough! Shared words with Silence.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

%d bloggers like this: