Letter from Osho (4)

ညဟာ ကျော်လွန်ခဲ့ပြီ။ မနက်ခင်းရဲ့ နေရောင်ခြည်ဟာ လယ်ကွင်းပြင်ကျယ်ပေါ် အုပ်မိုး ဖြန့်ကျက်နေကြပြီ။ အခုလေးတင် ချောင်းငယ်လေး တစ်ခုကို ဖြတ်ကျော်လာပြီးနောက် ကျုပ်တို့ ရထားသံကြောင့် ငါးစောင့်နေတဲ့ ဗျိုင်း တစ်အုပ် ရေကညွှတ်ပင်တွေဆီ သုတ်ခနဲ ထပျံသွားကြတယ်။

အဲ့နောက်တော့ အကြောင်း တစ်ခုကြောင့် ရထား ရပ်သွားတော့တာပဲ။ ဒီလယ်ကွင်းပြင်ကြားမှာ အထီးတည်း ရပ်နေရတာဟာ တစ်နည်းတော့ စိတ်ချမ်းမြေ့စရာ ကောင်းတယ်။ ကျုပ်နဲ့ အတူ၊ ခရီးသည် အချို့လည်း နိုးလာကြတယ်။ တစ်ချို့က စားသောက်ဖွယ်ရာတွေ စားလို့၊ တစ်ချို့က ကျုပ်လိုပဲ လယ်ကွင်းပြင်ပေါ် ငေးမောလို့။

တစ်ယောက်က ရုတ်တရက် မေးတယ်။ “ဒီလို အချိန်မှာ အနှောက်အယှက် ပြုမိသလိုများ ဖြစ်နေမလား မိတ်ဆွေ။ ဒါပေမယ့် အခွင့်ရခဲ့ရင် ကျုပ် လိပ်ခဲတည်းလည်း ဖြစ်နေတဲ့ အကြောင်း တစ်ခုတော့ မေးချင်တယ်။”

ကျုပ်ဘာမှ ပြန်မပြောနိုင်ခင် သူက အလောတကြီး ဆက်မေးတယ်။ “ကျုပ်ဟာ ကျုပ်ဘဝ တစ်လျောက်လုံးမှာ ဘုရားသခင် အကြောင်း စိတ်ဝင်စားခဲ့တယ်။ ဘုရားသခင်ဆီ အရောက်သွားနိုင်မယ် ဆိုတဲ့ နည်းပေါင်း များစွာလည်း ကြိုးစား အားထုတ်ခဲ့တယ်။ ဒါပေမယ့် အားလုံး အချည်းနှီး ဖြစ်ခဲ့ရတာချည်းပဲ မိတ်ဆွေ။ ကျုပ် သိချင်တာက ဘုရားသခင်ဟာ ကျုပ် အပေါ် အကြင်နာမဲ့လေရော့သလား။”

သူ့မေးခွန်းကြောင့် ကျုပ် အာရုံဟာ မနေ့က ဖြစ်ရပ်တစ်ခုဆီ ရောက်သွားခဲ့တယ်။ “မနေ့က ကျုပ်ရယ်၊ ကျုပ်မိတ်ဆွေတွေရယ် ဥယျာဉ် တစ်ခုဆီ သွားကြတယ်ဗျ။ ဟိုရောက်တော့ တစ်ယောက်က ရေဆာသတဲ့။ အနီးအနားမှာလည်း ရေတွင်း ရှိတော့ ရေကန်အသင့် ကြာအသင့်ပဲ။ ဝမ်းသာအားရ၊ ရေပုံးနဲ့ ခပ်၊ ရေငင်တယ်။ အဲ့ဒီ ရေတွင်းက တော်တော် နက်တယ်ဗျ။ ရေပုံး အပေါ်ရောက်ဖို့ကို မနည်း ဆွဲတင်ရတယ်။ ဒါပေမယ့် ရေပုံးလည်း အပေါ်ရောက်ကော၊ ရေလည်း ပျောက်ရော။ နောက်တစ်ကြိမ် ထပ်ခပ်တယ်။ အဲ့လိုပဲ လက်ထဲလည်း ရောက်ကရော၊ ရေလည်း ပျောက်ရော။ အားလုံးက ဝိုင်းရယ်ကြတယ်။ အကြောင်းက ရေပုံးမှာ အပေါက် ဗရပွ ဖြစ်နေတာကိုးဗျ။

“ဒါကို ကြည့်ရင်း လူတွေရဲ့ စိတ်ဟာလည်း အတူတူပဲလား လို့ ကျုပ် မြင်လိုက်မိတယ်။ ကျုပ်တို့ စိတ်နှလုံးဟာ အဲ့ဒီ ရေပုံးလို အက်ကွဲရာတွေ အပေါက်တွေနဲ့ပဲ မဟုတ်လား။ ဒီရေပုံးဟာ ရေတွင်းထဲ နှစ်ချလိုက်တဲ့ စစချင်းမှာတော့ ရေ ပါကောင်း ပါမှာပါပဲ။ ဒါပေမယ့် ရေတွေဟာ ငင်ယူလိုက်ချိန်မှာ တစ်စက်စက် ယိုစိမ့်ကျနေမယ်၊ ကိုယ့်လက်ထဲ ရောက်ချိန်မှာ အချည်းနှီးဗလာပဲ ကျန်ရစ်လိမ့်မယ်၊ ဘယ်နှစ်ကြိမ် ဘယ်နှစ်ခါ ဘယ်လောက် ကြိုးစား ခပ်ခပ် ဒီလိုပဲ ဖြစ်မယ် မဟုတ်လား။ ဒါဟာ ရေကြောင့် မဟုတ်ဘူး မိတ်ဆွေ၊ အပေါက်ဗရပွ ဖြစ်နေတဲ့ ရေပုံး ကြောင့်ပဲ။

“ဒါ့ကြောင့် ပထမ၊ ရေငင်ဖို့ထက် ကိုယ့်ရေပုံးကိုကိုယ် အရင် မဖာထေးသင့်ဘူးလား။ ရေပုံးကို ဖာထေးဖို့ ခင်ဗျား ပွေးညက်တွေ ရှာရမယ်၊ အပေါက်တွေ စစ်ရမယ်၊ အချိန်ပေးပြီး ခင်ဗျား အားထုတ်ရလိမ့်မယ်။ ဒါဟာ ရေပုံး ဖာနေချိန်ပဲ ရှိသေးတယ် ဆိုတာ မှန်ပါတယ်။ ခင်ဗျား ရေဆာပြေမှာတော့ မဟုတ်သေးဘူးရယ်။

“ခင်ဗျား ပြောတဲ့ ဘုရားသခင်၊ ကျုပ် အနေနဲ့- သဘာဝ၊ သစ္စာတရား။ သူဟာ၊ အဲ့ဒီ ဘုရားသခင် ဟာ ကျုပ်တို့ အပေါ် သနားကြင်နာနေတာလည်း မဟုတ်သလို၊ အကြင်နာကင်းမဲ့နေတာလည်း မဟုတ်ဘူး မိတ်ဆွေ။ စောနက ရေတွင်းလိုပဲ။ ရေဟာ ခင်ဗျား အတွက် အဆင်သင့် ရှိတယ်။ ခင်ဗျား ခပ်တတ်ဖို့၊ ခပ်နိုင်ဖို့၊ ခင်ဗျား ရေပုံးဟာ ပကတိ ကောင်းမွန်နေဖို့ပဲ လိုတယ်။”

OSHO
………………….

Zayya
Letters from OSHO
Jan 3rd 2015 at 10:40 AM

About zayya
Just Be. That's Enough! Shared words with Silence.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

%d bloggers like this: