လူတိုင်းရင်ထဲက Atheist!

10305179_884900921525157_3203144563535391305_n

လူ့အဖွဲ့အစည်းတွင်းက လူအများစုဟာ ဘုရားမဲ့ဝါဒီ (Atheist) တွေဆိုရင် အများအားဖြင့် မကြိုက်ဘူး။ မနှစ်မြို့ဘူး။ ဘာဖြစ်လို့ဆို- ဘုရားမဲ့ဝါဒီတွေဟာ ရှိပြီးသား စည်းမျဉ်းတွေကို ကလန်ကဆန် လုပ်တတ်လို့၊ အရိုးစွဲပြီးသား ခံယူချက်တွေ ကို ဗြောင်းဗြန် လှန်တတ်လို့၊ ချေဖျက်တတ်လို့ပဲ။ လူ့အဖွဲ့အစည်းအတွင်း လုံခြုံပြီးသား (လို့ ထင်တဲ့) မိမိအယူတွေကို ငြင်းဆန် ကိုင်လှုပ်တတ်လို့ ဖြစ်ပါတယ်။ ဒါတွေကြောင့် အများစုသော လူတွေဟာ ဘုရားမဲ့ဝါဒီတွေကို မလိုလားကြဘူး။

ဒါပေမယ့် အများစုဟာ မိမိစိတ်ကို ပြန်ကြည့်ကြည့်ရင်-(ပြန်ကြည့်တတ်မယ် ဆိုရင်ပေါ့) ကိုယ့်ရဲ့ “စိတ်” ကိုယ်တိုင်က Atheist ဆန်ကြောင်း တွေ့ရလိမ့်မယ်။ စိတ်ဟာ မိမိရဲ့ လက်ရှိခဏကို လက်မခံနိုင်ဘူး မဟုတ်လား။ သူက ကလန်ကဆန် လုပ်တတ်တယ်။ အခုခဏ ပျော်ရွှင်နေရင်တောင် ဒီစိတ်က ဆန့်ကျင်နေတော့မှာ။ နောက်တစ်ခဏကို ကြိုပူနေရမယ်လို့ ဗြောင်းဗြန်လှန်ပစ်တော့မှာ။ မိမိ ရရှိမယ့် တစ်ခဏ ချမ်းမြေ့မှုအတွက် အကြောင်းပြချက် မျိုးစုံနဲ့ သံသယ ပွားနေတော့မှာပဲ။ ဒီလိုနဲ့ “စိတ်”ဟာ မိမိရဲ့ ဘဝ တစ်ခဏတာလေးကိုတောင် အပြည့်အဝ အသက်ရှူနားနေခွင့် မပေးချင်ဘူး။ မပေးရက်ဘူး။ ကတ်သီးကတ်သတ် ကုတ်ဖဲ့နေတာ တွေ့ရလိမ့်မယ်။ မနက်ဖြန် တစ်ရက်အတွက် ကြိုမတွေးစတမ်းရယ်လို့ လွှတ်ချကြည့်။ စိတ်ဟာ မလိုက်လျောနိုင်ဘဲ၊ ငြင်းဆန် တုန်လှုပ်နေလိမ့်မယ်။

ဒါ့ကြောင့် စိတ်ဟာ Atheist တွေရဲ့ သဘာဝကို အနည်းနဲ့ အများ လိုက်နာနေတာပဲ။ မိမိစိတ်ကိုယ်တိုင်က Atheist လက္ခဏာတွေ တစ်ထွေးကြီး၊ တစ်လှေကြီးပဲ။ Atheist တွေက ဘာသာတရား၊ လူ့အဖွဲ့အစည်းရဲ့ ထုံးတမ်း စည်းမျဉ်းတွေကို တွန်းလှန်သလို၊ သံသယပွားသလို၊ “စိတ်” ဟာလည်း ဘဝနဲ့ ဘဝခဏတိုင်းရဲ့ ချမ်းမြေ့မှု ကို တွန်းလှန်တာပဲ။ သံသယပွားနေတာပဲ။

တကယ်လည်း- စိတ်ဟာ ငြင်းဆန်တတ်တဲ့ သဘောသာ ရှိပြီး၊ လက်ခံတတ်တဲ့ သဘော လုံးလုံး ကင်းနေတာရယ်။ ဘာလို့လဲ။ စိတ်ဟာ အခုခဏ၊ တဒင်္ဂကို လက်ခံရင် သူ့အတွက် နေရာမရှိတော့လို့ပဲ။ မရှိတော့တဲ့ အတိတ်နဲ့ မလာသေးတဲ့ အနာဂတ်ကို ဘာမှ မတွေးပါနဲ့တော့ ဆိုရင် စိတ်ဟာ အလုပ်လက်မဲ့ ဖြစ်သွားတယ်။ စိတ်ကူး အတွေးဟာ မိမိရဲ့ ပစ္စုပ္ပန် ခဏကို များများ ငြင်းဆန်မှ အသက်ဝင်တာ။ အနာဂတ်ကို မျှော်လင့်ချက်အိပ်မက်တွေ မက်နိုင်မှ၊ အတိတ်ကို မှန်း၊ လွမ်းဆွေးနေနိုင်မှ၊ အကောင် ကြီးထွားလာနိုင်တာပဲ။ တစ်နည်းအားဖြင့် မိမိရဲ့ လက်ရှိဘဝကို ငြင်းဆန်လေ၊ ခွန်အား ကြီးလာလေ ဖြစ်လို့ပဲ။

ဒီလိုနဲ့ စိတ်ဟာ မိမိရဲ့ အတ္တနဲ့ အတူတူ – အရှေ့အချိန်ကာလကို တွယ်တယ်။ အခုခဏကို ဖယ်တယ်။
နောင်တစ်နှစ်ကို တွေးတယ်။ အခုတစ်နှစ်ကို စတေးတယ်။ နောက်နောင် စီမံကိန်းတွေ ချမှတ်ရင်း၊ အခုခဏ လက်ရှိဘဝကို ကန့်သတ်ပစ်လိုက်တယ်။ ဒါတွေ အားလုံး ပေါင်းရုံး ကြည့်တဲ့အခါ – မိမိစိတ်ဟာ မိမိလက်ရှိ ခဏကို ခဏအတိုင်း လက်မခံနိုင်တော့တာ၊ ဟုတ်တယ် မဟုတ်လား။ မကျေနပ်နိုင်၊ အားမရနိုင်ဘူး မဟုတ်လား။ လက်ရှိ အသက်ရှူနေတဲ့ မိမိတဒင်္ဂ ဘဝအကျိုးပေးတိုင်းကို တွန်းလှန်ချင်တာ၊ ပုန်ကန်ချင်တာဟာ မိမိစိတ်ရဲ့ သဘာဝပဲ မဟုတ်လား။

ပြင်ပလောကမှာ မိမိရဲ့ ဘာသာ၊ မိမိရဲ့ ယဉ်ကျေးမှုကို Atheist တွေ တွန်းလှန်၊ ငြင်းဆန်နေတာ တွေ့တဲ့ အခါ နှလုံးမသာမယာ ဖြစ်ကြ၊ မလိုလားနိုင်ကြပေမယ့်၊ မိမိတို့ ရင်တွင်းထဲ ငုံကြည့်တဲ့အခါ ဘဝကို ငြင်းဆန်နေတဲ့ Atheist စိတ်ကောင် ကိုတော့ မငြင်းရက်ကြတော့ဘူးရယ်။ မိမိရဲ့ တစ်ခဏကို ဖျက်လိုဖျက်ဆီး တွန်းလှန်နေတတ်တဲ့ “စိတ်” ဆိုတဲ့ Atheist ကိုတော့ အသာအယာ သိမ်းဖက်ထားလိုက်ကြတာပဲရယ်။ အပြင်က Atheist တွေကို မလိုလားသလောက် ကိုယ့်ရင်ထဲက Atheist ကိုတော့ လိုလိုလားလား လက်သပ်မွေးထား မိကြတာပဲ။ စေ့စေ့ကြည့်ကြည့်ရင် မြင်ပါလိမ့်မယ်။ Atheist တွေဟာ လက်ရှိ ဘာသာ၊ ယဉ်ကျေးမှု စည်းမျဉ်းတွေ အပေါ် “မရောင့်ရဲနိုင်” သလောက်၊ မိမိရင်ထဲက ငုံခဲနေတဲ့ “စိတ်” ဆိုတာကြီး ကလည်း ကိုယ့်ဘ၀၊ ကိုယ့်ခဏကို “မရောင့်ရဲနိုင်”ဘူးရယ်။

……………………
Meditated on 2009: Jan: Osho World Magazine.
……………………
June 1st 2014

About zayya
Just Be. That's Enough! Shared words with Silence.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

%d bloggers like this: