ဟိမ၀န္တာက ဟာဗားနား

10403056_876271385721444_6805617680431403703_n.jpg

အမေရိကမှာ အင်မတန် ချမ်းသာတဲ့ ကုဋေကြွယ် သူဋ္ဌေးကြီး တစ်ယောက် ရှိတယ်။ ငွေကြေး – လိုလေသေးမရှိ၊ လောကီ ချမ်းသာ – လိုလေသေး မရှိ၊ အာရုံခံစားမှု – အပြည့် ရှိတယ်တဲ့။ ဒါတွေ စံစား ခံစားလို့ ရိုးအီတဲ့ တစ်နေ့မှာ သူ ကိုယ့်ကိုယ်ကို မေးလာတယ်။ သဘာဝကျတဲ့ မေးခွန်းတစ်ခုပဲပေါ့။ “ဘဝဟာ ဒါပဲလား၊ ဒီခံစားမှု စည်းစိမ် တွေဟာ ဒီမှာတင် ပြည့်စုံသွားပြီလား၊ နောက်ထပ် တစ်ခုခု မရှိတော့ဘူးလား။ ဘဝဟာ ဒီနေရာနဲ့တင် လုံလောက်သွားပြီလား၊ ရပ်တန့်သွားပြီလား၊ ပြည့်ဝသွားပြီလား။” တဲ့။ တွေးရင်း မေးရင်း ဒီမေးခွန်းတွေဟာ သူ့အတွက် သေရေးရှင်ရေး ပြဿနာ ဖြစ်လာခဲ့တော့တယ်။

အမေးရှိရင် အဖြေရှိရမှာ သဘာဝပဲ မဟုတ်လား။ ဒါ့ကြောင့် သူ ဒီအဖြေကို စတင် ရှာတော့တယ်။ အနောက်တိုင်း၊ အရှေ့တိုင်း Mystics ဆရာ့ ဆရာကြီးတွေဆီမှာ လှည့်လည် သွားလာခဲ့တယ်။ တိဘက်လားမားတွေ၊ ဆူဖီဆရာကြီးတွေ၊ ဇင်ဆရာကြီးတွေဆီမှာလည်း တပည့်ခံခဲ့တယ်။ နောက်ဆုံး အိန္ဒိယအထိ သူရောက်လာတယ်။ ဖကီး၊ ဆာဒူးကြီးတွေနဲ့လည်း တွေ့တယ်။ ဒီဆရာတွေကလည်း ဖြေရှင်းပေးနိုင်ခဲ့ဘူးတဲ့။ နောက်ဆုံး သူ့ကို အကြံပေးကြတယ်။ “ဟိုး ဟိမဝန္တာတောင်ပေါ်ကို သွားပါ။ အဲ့ဒီမှာ အင်မတန် ဉာဏ်ပညာ ကြီးပြီး၊ အင်မတန်လည်း အိုမင်းနေပြီ ဖြစ်တဲ့ ပုဂ္ဂိုလ်ကြီး တစ်ဦး ရှိတယ်။ သူတစ်ယောက်တည်းကသာ မင်းရဲ့ ပြဿနာကို ဖြေရှင်းနိုင်လိမ့်မယ်” တဲ့။

ဒါ့ကြောင့် သူလည်း ဟိမဝန္တာဘက် ခရီးဆက် ခဲ့တယ်။ ကျယ်ဝန်းပြီး မြင့်မား တဲ့ တောင်ထွတ်တောင်ပြတ်တွေ ပေါတဲ့ ဟိမ၀န္တာဟာ အားလုံး သိတဲ့အတိုင်း တက်ရခက်၊ သွားရလာရခက်တာပေါ့။ ဒါပေမယ့် ဒီလို အန္တရာယ်များတဲ့ ဟိမ၀န္တာ တောင်တွေကြားမှာ ကိုယ့်အိတ်ကို ကိုယ် လွယ်ပိုးပြီး တဖြည်းဖြည်း ခြေလျင် ခရီးဆက်ခဲ့တယ်။ တကယ်တမ်းက ဒီသူဋ္ဌေးကြီးဟာ သူ့ဘဝမှာ ကိုယ့်ပစ္စည်းကို ကိုယ် တစ်ခါမှ မသယ်ခဲ့ဖူးဘူး။ ဒီလိုခရီးကြမ်းမျိုးကိုလည်း ဒီလိုဒရမန်းကြမ်း မဖြတ်သန်းခဲ့ဖူးဘူး။ ဆီးနှင်း ရေခဲတွေနဲ့ အင်မတန် အေးမြပြီး အရိုးကွဲမတတ်ရှိတဲ့ ရာသီဥတုအောက်မှာ သူ ဒီလို မနေထိုင်ခဲ့ဖူးဘူး။ သူ သိလိုတဲ့ စိတ်ဓာတ် ပြင်းအားကြောင့်သာ သူ ပင်ပန်းတကြီး ခရီးဆက်လာခဲ့ရတာ။

နောက်ဆုံးတော့ အင်မတန် အိုမင်းနေပြီ ဖြစ်တဲ့ ပုဂ္ဂိုလ်ကြီး “အဘိုးအိုကြီး” တစ်ဦးရဲ့ ခြေရင်းကို သူ ရောက်လာခဲ့တယ်။ ဝမ်းသာစိတ်တစ်ဝက်၊ ပင်ပန်းနွမ်းနယ်စိတ် တစ်ဝက်နဲ့ အဘိုးကြီး ခြေရင်းမှာ ပုံခနဲ ပစ်လဲကျသွားတယ်။ “အို … အရှင်။ နောက်ဆုံးတော့လည်း အရှင့်ဆီ တပည့်တော် ရောက်လာရပြီပဲ။ အရှင့်ခြေရင်း တပည့်တော် ခိုလှုံခွင့်ရခဲ့ပြီ။ တပည့်တော်.. တပည့်တော် သိလိုတဲ့ အမေးပုစ္ဆာ တစ်ခု အတွက် ရောက်လာရတာပါ အရှင်။ ဘဝရဲ့ အဓိပ္ပာယ်၊ ဘဝရဲ့ အနှစ်သာရက ဘာဖြစ်ပါသလဲ ဆိုတဲ့ မေးခွန်းပုစ္ဆာပါ အရှင်ဘုရား။ အရှင့်ထံပါးဆီက တပည့်တော် အင်မတန် သိလို၊ သင်ယူလိုပါတယ်။ နာယူခွင့်ပေးပါ” လို့ တောင်းပန်တိုးလျိုးလျောက်ထားတယ်။

ပုဂ္ဂိုလ်ကြီးက – သူ့ကို သေသေချာချာ ကြည့်ပြီး ချက်ချင်း ပြန်မိန့်တယ်။ “First thing First ပဲကွ။ အလျင်လိုတာ အရင်ပြောရမှာပဲ။ … မင်းမှာ ဟာဗားနားဆေးပြင်းလိပ် ပါလား”

“ဗျာ..?? ဟာဗားနား ဆေးပြင်းလိပ်?? ဟုတ် .. တပည့်တော်မှာ တစ်ခုတော့ ကျန်ပါသေးတယ်။ တပည့်တော်ကလည်း ဆေးပြင်းလိပ် ကြိုက်တဲ့သူ၊ မပြတ်သောက်တဲ့ သူပါ။ အရှင် တပည့်တော်ကို ဉာဏ်အလင်းရစေခဲ့ရင် အဲ့အချိန်မှာ သောက်မယ်လို့ ရည်ရွယ်ထားခဲ့တာ။ ဉာဏ်အလင်း ရခါနီး အချိန်မှာ နောက်ဆုံး တစ်လိပ်အနေနဲ့ သောက်မယ်လို့ ချန်ထားခဲ့တာ။

“အရှင်ဟာ ဉာဏ်အလင်း ပြပေးနိုင်မယ့် ပုဂ္ဂိုလ်လို့ တပည့်တော် ယုံကြည်ထားပါတယ်။ ဒါ့ကြောင့် အရင်ဆုံး တပည့်တော်ကို ဉာဏ်အလင်း ပြပေးပါ။ ပြီးမှ အရှင် ဆန္ဒ ရှိရာ လုပ်ပါ။ ကြားဖြတ်အနေနဲ့ တပည့်တော် ထင်တာ တစ်ခု ပြောလိုပါတယ်။ ဉာဏ်အလင်း ရပြီးသား ပုဂ္ဂိုလ်တွေဟာ ဆေးပြင်းလိပ် မသောက်ကြဘူး မဟုတ်လား။ ဘာလို့ဆို ဗုဒ္ဓတို့ မဟာဝီရတို့ စသဖြင့် … သူတို့တွေဆို ဆေးလိပ်သောက်တဲ့ပုံ တပည့်တော် တစ်ခါမှ မမြင်ဖူးလို့ပါ။ အဲ့တော့.. ဟို”

“အဲ့ဒီ ဘဲကြီးတွေ အသာထားလိုက်စမ်းပါ ငါ့ကောင်ရ။ မင်း ပါတဲ့ ဆေးပြင်းလိပ်သာ ငါ့ဆီ ကမ်းလိုက်စမ်းပါ”

အဘိုးကြီးဟာ သူဋ္ဌေးဆီက ဆေးပြင်းလိပ်ကို ယူပြီး အားပါးတရ ရှိုက်ဖွာနေတယ်။ မောပန်းနွမ်းနယ် နေပြီ ဖြစ်တဲ့ အမေရိကန် သူဋ္ဌေးကြီးလည်း ဒီအဘိုးကြီး ကို ငေးစိုက်ကြည့်နေရင်း –

“အရှင်၊ ဒါဆို … တပည့်တော်ရဲ့ မေးခွန်း အတွက်ကရော ..?”

အဘိုးကြီးက – “အချိန်မတန်သေးဘူးကွ။ မင်း ပြန်သွားလိုက်ဦး။ နောက်နှစ် ကျမှ ပြန်လာခဲ့ချည်။”

“ဗျာ… ဘာလို့ပါလဲ အရှင်။”

“တခြားမဟုတ်ဘူး။ မင်းပြန်သွား။ ပြီးလို့ ဒီကို ပြန်လာခဲ့ရင် အခု ဟာဗားနား ဆေးပြင်းလိပ်မျိုး တတ်နိုင်သမျှ များများ ယူလာခဲ့။ မင်း ဉာဏ်အလင်း ရပြီ ဆိုတဲ့အခါကျ ငါတို့နှစ်ယောက် အေးအေးလူလူ အတူတူ သောက်ကြမယ်။ မင်းပဲ စဉ်းစားကြည့်စမ်းပါ။ ဒီတောင်ပေါ်မှာ တစ်ခြား ဘာလုပ်စရာ ရှိတယ် ထင်လို့လဲ။

“ထားပါတော့ .. မင်း အခု မြန်မြန်ပြန်သွားလိုက်၊ ပြီးရင် ပြန်လာခဲ့။ ဆေးပြင်လိပ်တွေတော့ ပါလာပဇေ။ မင်းကို ပြန်လွှတ်လိုက်တယ် ဆိုတာ အဓိကက ဆေးပြင်းလိပ် သွားယူဖို့ အတွက် သက်သက်။ ဉာဏ်အလင်း (Enlightenment) ရဖို့ ဆိုတာ မင်း ထင်သလောက် ခက်ခဲနေတာ မဟုတ်ဘူး။ အင်မတန် ရိုး၊ အင်မတန် ရှင်း၊ အင်မတန် လွယ်ကူတဲ့ ကိစ္စကွ။ တကယ် ခက်တာက ဒီဟိမဝန္တာ တောင်ကြီး တစ်ခုလုံးမှာ ဟာဗားနား ဆေးပြင်းလိပ် ရဖို့၊ ဒီဆေးပြင်းလိပ် သောက်နိုင်ဖို့ ကိစ္စ။ ဒီကိစ္စမှသာ တကယ်ခက်တာ။”

Osho’s Stories (thx to Osho Aakash Krishna)
……………………………
With My Beloved Ma, Lin Lin Latt
……………………………
May 18th 2014

About zayya
Just Be. That's Enough! Shared words with Silence.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

%d bloggers like this: