သူရယ်၊ ကျွန်တော်ရယ်၊ မရယ်

10330517_871531849528731_8118886009782850330_n ပန်း၏ သဘာဝကို မသိ။ သို့သော် ပန်းကို ချစ်ကြသည်။ လောက၏ သဘာဝကို မသိ။ သို့သော် လောကကို ချစ်ကြသည်။ မိမိခန္ဓာ အကြောင်းကို မသိ၊ သို့သော် မိမိ ခန္ဓာကို ချစ်ကြ၊ တွယ်တာကြသည်။ သို့ဆိုလျှင် ချစ်ခြင်း၊ တွယ်တာခြင်းသည် အသိနှင့် မသက်ဆိုင်ပါသလော။ ကျနော် နားလည်လိုပါသည်။

ယခု ကျနော် ဤအခန်းလေး ထဲတွင် ရှိနေသည်။ ‘မ’က ကျနော့ အကြိုက် အလင်းရောင် လျှော့ချ၍၊ မှိန်ပေးထားသည်။ အပြင်တွင် နေရောင် တောက်ပနေကြောင်းကိုတော့ လိုက်ကာ လွင်လွင်နောက်မှ အလင်းရောင် မှိန်မှိန်ကို ကြည့်၍ ကျနော် သိနိုင်ပါသည်။ ညနေ ဆည်းဆာကို ချစ်သော ‘မ’ သည် တစ်ခန်းလုံး ညနေ ဆည်းဆာရောင် ဖန်တီးထားသည်။ ည၏ အမှောင်ကို ချစ်သော ကျနော်သည် တစ်ခန်းလုံး အလင်း မှန်သမျှ လျော့ချထားသည်။ ‘မ’ နှင့် ကျနော့၏ အလိုသို့ ဤအခန်းငယ်လေးက အလိုက်တသင့် ကပြလျက် ရှိပါ၏။ အလင်း အမှောင်တို့ ပေါင်းစပ်ညီညွတ်နေသော နူးညံ့ကြည်စင်နေသော ဤအကသည် အဘယ်မျှ လှပနေပါသနည်း။

နူးညံ့မှုကိုရော၊ လှပမှုကိုပါ သူမတူအောင် ချစ်တတ်၊ မြတ်နိုးတတ်သော ‘မ’သည် အလင်းမှိန်မရသော လိုက်ကာပြတင်း အပါးတွင် ပန်းရိပ်ကလေးများ ကျစေလိုဟန် တူသည်။ အလင်းကို နောက်ခံထား၍ ပန်းကလေးများ စီစဉ်ထားပုံမှာ ‘မ’ ၏ ကျွမ်းကျင်မှု တစ်ခုတည်း မဟုတ်ကြောင်း ကျနော် နားလည်ပါသည်။ ‘မ’ ၏ သဘော၊ ‘မ’ ၏ သဘာဝ၊ ‘မ’ ၏ နှလုံးသား ဟဒယလည်း ဖြစ်ပါလိမ့်မည်။

“အမှတ်တမဲ့ ကြည့်ရင် နှင်းဆီနဲ့သာ တူနေတာ။ နှင်းဆီ မဟုတ်ဘူး မောင်ရဲ့။”

ဤဆည်းဆာရောင်၊ ဤအလင်းအောက်တွင် ဤပန်းကလေးများ အစွမ်းကုန် လှပနေသည်ကို ကြည့်သောသူ မည်သူမဆို ခံစားနားလည်နိုင်ပါသည်။ ဤခံစားချက်ကို ဤပန်း အဘယ်အမည် ရှိသနည်း ဟူသော မေးခွန်းဖြင့် မဖျက်ဆီးလို။

ဆည်းဆာရောင် အခန်းငယ်ထဲတွင် အလင်းအမှောင်တို့ ကခုန်နေသကဲ့သို့ ဤပန်းကလေးများလည်း မြူးကြွ ကခုန်နေကြသည်။ သူတို့၏ ကခုန်ပျော်မြူးမှုကို အမေးပုစ္ဆာတို့ဖြင့် မဖျောက်ဖျက်လို။

ဆည်းဆာ၊ နေရောင်၊ အလင်း၊ အမှောင်၊ ပန်းကလေးများနှင့် မ။ ဤနေရာ၊ ဤဌာနတွင် အခြား အဘယ်အရာ ဌာနများ လိုအပ်နေပါသနည်း။ အမည်နာမများ သိရှိရန်လည်း အဘယ်မျှ အရေးကြီးနေပါသနည်း။ ~ မလို။

ကျနော်၏ ဂျစ်ကန်ကန် ဤစကားကို နားထောင်အပြီးတွင် အေးမြကြည်စင်သော ‘မ’၏ မျက်နှာ၌ ပွင့်လန်းလာသော ချစ်စဖွယ် အပြုံးကို ကျနော် မြင်ရပါသည်။ ကျနော် ပြောလိုက်ချင်သည်။ ‘မ’ ၏ အပြုံးသည်လည်း အမှတ်တမဲ့ ကြည့်လျှင် နှင်းဆီနှင့် တူသည်။ သို့သော် နှင်းဆီ မဟုတ်။ ပွင့်ချပ်ကလေးများ လွင်နေသကဲ့သို့ ‘မ’ အပြုံးများလည်း လွင်နေသည်။ ပွင့်ချပ်ကလေးများ လှနေသကဲ့သို့ ‘မ’ အပြုံးများလည်း လှနေကြသည်။ အမှတ်တမဲ့ ကြည့်လျှင် မ၏ အပြုံးသည် ပွင့်ချပ်ကလေးများနှင့် တူသည်။ သို့သော် ပွင့်ချပ်ကလေးများ မဟုတ်။

‘မ’ ချစ်သော ဆည်းဆာရောင်အောက်တွင် ကျနော် ချစ်သော ‘မ’ ၊ ‘မ’ ကို ချစ်သော ကျနော်၊ ‘မ’ ရော ကျနော်ပါ မသိကြသည့် ပန်းကလေးများ အတူတကွ ရှိနေကြသည်။ အတူတကွ ကြည်လင် ငြိမ်ဝပ်နေကြသည်။ တစ်ခဏချင်းဖြင့် ဘဝသည် ပြီးပြည့်စုံပြီး ဖြစ်ကြသည်။ ချစ်ခြင်းတရား ဖြင့်လည်း ဤလောကသည် အကြည်လင်ဆုံး ဖြစ်ရသည်။ အမျိုးအစား ကွဲပြားသိရှိရန်သည် အဘယ်မျှ အရေးကြီးနေပါသနည်း။ ~ မလို။

………………………..
Photo taken by My Beloved Ma, Lin Lin Latt
For you, my beloved.
With Love.
…………………………
May 10th 2014

About zayya
Just Be. That's Enough! Shared words with Silence.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

%d bloggers like this: