ယန်းပေါလ်ဆက်ကြီးရယ် ခင်ဗျား မှားခဲ့တယ်

10968388_1050142255001022_8220544168114661821_n
No! Jean Paul Satre – No!

(၁) The Other is Hell. လို့ ယန်းပေါလ်ဆက်ကြီး ပြောခဲ့တယ်။ အဲ့စကား ကြားပြီးကတည်းက ကောင်းကင်ကို မော့ကြည့်လိုက်ချိန် တိုင်းမှာ တိမ်တောင်တွေဟာ နတ်ဘုရားတွေလို ပြိုပြိုကျ လာတော့တာပဲ။ နေ့အခါမှာ တိမ်တောင်တွေလို၊ ညအခါမှာ ကြယ်ရောင်တွေလို။

(၂) မနက်အစောကြီး ထဖို့ကလည်း အပျင်းထူတယ်။ ကျနော့အဖို့ မဖြစ်နိုင်ဘူး။ ကိုယ်စီးတဲ့ ဖိနပ်တောင် ထိပ်တွေ ပြောင်အောင် မတိုက်တတ်ဘူး မဟုတ်လား။ ငယ်ငယ်က အဖေ ဆူတယ်။ မိုးတွင်းအချိန် တစ်ခု။ မိုးကလည်း ကျောင်းဆင်းချိန်ကျမှ အငြိုးနဲ့။ သည်းသည်းမည်းမည်း ရွာတယ်။ ကျောင်းစိမ်းအင်္ကျီ၊ ပုဆိုး၊ အကုန်စိုရွှဲတယ်။ ရေလျံလို့ ဗွက်ပေါက်နေတဲ့ လမ်းမှာ လျောက်တော့ ကျောင်းစိမ်း ပုဆိုးကို မ-မဘဲ လျောက်တယ်။ ဘာဖြစ်လဲ ပုဆိုးက စိုနေပြီးသားပဲ။ မ-မလည်း စို၊ မ-လည်း စိုမှာပဲ မဟုတ်လား။ ဒါပေမယ့် ချစ်စရာကောင်းတဲ့ အဖေက ကျနော့ကို ဆူတယ်။

ဒီနောက်တော့ အလုပ်ခွင်ထဲမှာ ကျနော်။ တစ်ခါတစ်လေ အေအိဟိရဲ့ ဆိုတဲ့ ဂျပန် ငါးခြောက်ပြားကို လှီးရတယ်။ တစ်ခါတစ်လေတော့ ခေါက်ဆွဲကြော်ဖို့ အပြင်အဆင်တွေ ဖြည့်ရတယ်။ ငါး ဖြတ်ချိန်မှာ ဓား မကိုင်တတ်တဲ့ ကျနော် ကိုင်တတ်သလို ကိုင်ရတာပဲ။ ဘယ်လို ဖြတ်ဖြတ် ပြတ်ဖို့ အဓိက မဟုတ်လား။ ဒါပေမယ့် ချစ်စရာ ကောင်းတဲ့ အဘိုးက ကျနော့ကို ဆူတယ်။ ခေါက်ဆွဲအတွက် ပြင်ရင် ခိချပ်ပု* တွေ၊ ရာဆိုင်း**တွေ ထည့်ရတယ်။ ဘယ်လို ပြင်ပြင် ဒီဟာ စုံရင် ပြီးတာပဲ မဟုတ်လား။ ဒါပေမယ့် ချစ်စရာကောင်းတဲ့ အဘိုးက ကျနော့ကို ဆူတယ်။ အလုပ်တွေ ပြီးသွားတော့ ညောင်းညာ ကိုက်ခဲနေတတ်တဲ့ အဘိုးကလည်း သူပဲ။ အသက်ကလည်း ၆၇၊ ၆၈ ။ သနားစိတ်နဲ့ ခဏဖြစ်ဖြစ် နှိပ်နှိပ်ပေးဖြစ်တယ်။ မင်းက ဘာမှလည်း မမှတ်မိဘူးလို့ ရယ်ရယ် မောမော စနောက်တတ်တာလည်း သူပဲ။

အိမ်။ တံခါးဂျက်ကို ဖွင့်၊ အိမ်ထဲ ခြေတစ်လှမ်း ၀င်လိုက်တာနဲ့ တဒအိမ* မဆုံးခင် ထမင်းအိုးလေး တည်လိုက်ပါဦး၊ ကြက်ဥကလေး ကြော်လိုက်ပါဦး၊ အိမ်ကလေး ရှင်းထားပါဦး လို့ တီတီတာတာ ပလီပလာလေး ကပ်ချွဲသူ၊ တစ်ဆက်တည်း စက်ရာဆောင်နန်းမှာ သိုးနေအောင် အိပ်ပျော်နေသော သူ။ သူ့ကို တွေ့ရပါချိမ့်မယ်။ တစ်ခါတစ်လေ အစား များသွားလို့၊ တစ်ခါတစ်လေ အအိပ်လွန်သွားလို့၊ တစ်ခါတစ်လေ တစ်ရေးမှ အိပ်မပျော်သေးလို့၊ တစ်ခါတစ်လေ အေးလွန်းလို့ .. စတဲ့။ “လို့” ပေါင်းများစွာ ကမ္ဗည်းတပ်ရင်း နှိပ်နယ်ပေးဖို့ မျက်စောင်းအလှထိုးသူ။ ဒီလိုနဲ့ သူ့ဟာသူပဲ ထမင်းထတည်၊ သူ့ဟာသူပဲ ဟင်းထချက်၊ သူ့ဟာသူပဲ အိမ်ထရှင်း၊ ဒီလိုပဲ မျက်စောင်းတစ်တင်းတင်းနဲ့ စူပုတ်ပုတ် ပြုံးပြနေတတ်သူက ကျနော့ ချစ်ဇနီးပဲ။ ပသို့ဆိုစေ သူလည်း ဆူတယ်။

(၃) ဒီလိုဆူသံတွေ ပူသံတွေကြား သံယောဇဉ်ဟာ စွန်ငယ်ကို လွှင့်တင်ပေးလိုက်တဲ့ ကြိုးမျှင်လေးပဲ မဟုတ်လား။ ချည်နှောင်နေပေမယ့် အမြင့်ကို ဝေ့၀ဲ ပျံတက်သွားစေမယ် မဟုတ်လား။ တွယ်ငြိချိတ်ဆက်ထားပေမယ့် လွတ်လပ် လွင့်မျောနေစေပြန်တယ် မဟုတ်လား။ တကယ်တော့ Other ဆိုတာ ကြိုး။ မချည်တဲ့ ကြိုး၊ မပြည်တဲ့ ကြိုး။ အခြားသူကို ဖြတ်တဲ့ ကြိုး။ မိမိဘာသာ ပြတ်မယ့် ကြိုး။ မိမိ ကြိုးမှာ မှန်စာ ပါမပါ ဝေခွဲမရတိုင်း “ယန်းပေါလ်ဆက်ကြီးရယ် ခင်ဗျား မှားခဲ့တယ်”။ တမလွန်က ယန်းပေါလ်ဆက်ကြီးဟာ ဆေးတံ ခဲရင်း မိန့်မိန့်ကြီး။

Feb 9th 2015 at 1:08 AM

*ခိချပ်ပု – ခရမ်းချဉ်သီးဆော့စ်တစ်မျိုး။
**ရာဆိုင်း – အသီးအရွက်၊ ဟင်းရွက်ဟင်းနှံ။
***တဒအိမ – အိမ်ပြန်ရောက်ပါပြီ ဟု နှုတ်ခွန်းဆက်လေ့ရှိသော ဂျပန်စကား။
……………………
For Now and Freedom ~
With My Beloved Ma, JB, Lin
who live in somewhere, I think, just such quiet space/time.

About zayya
Just Be. That's Enough! Shared words with Silence.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

%d bloggers like this: