သက်တံ့ရောင်းသူ

10380884_906814189333830_3277790917709087139_n

မနက်ပိုင်းမှာ အလင်းရောင်တွေ ဖြာကျလာတာမျိုး ကျနော် သိပ်ကြည့်ရတာ မဟုတ်ဘူး။ မရဆို – မိုးလင်းတာနဲ့ မျက်လုံး နှစ်ဖက်ကို ဇွတ်အတင်းဖြဲ ဝင်လာတာကိုး။ မနေနိုင်မထိုင်နိုင်အော်င အပူရှိန်တွေ တရစပ် လွှတ်တတ်တာကိုး။ ဘယ်မှာ လာ ကောင်းတော့မှာလဲ။ ဘာပဲ ပြောပြော ဒီနေ့ ပစ္စည်း ဝယ်ထွက်ဖို့ အိပ်ရာက ထခဲ့တယ်။

အဲ့နေ့ မနက်က သူ့ကို ကျနော်တွေ့တော့ ခုံတန်းလေး တစ်ခုပေါ်မှာ။ တင်ပလွှဲလေး ထိုင်နေတယ်။ ခါးသေးသေးလေးကို ကော့ညွှတ်လို့။ သားမြတ်အစုံကို ခပ်စွင့်စွင့် ချီ၊ ဦးခေါင်းကို မော့လို့။ မျက်တောင်လေးတွေတောင် ကော့နေတာ ကျနော် မှတ်မိသေးတယ်။

မြေပြင်မှာ နှင်းပေါက်တွေ မရှိဘူး။ ရွာပြီးကာစ မိုးစွတ်စွတ်၊ ရေပွက် ရေစတွေက ဟိုနားတစ်စ ဒီနားတစ်စ။ အသာအယာ ကြွပြီး ရှောင်နင်းရင်တောင် ကျနော့ဖိနပ်မှာ ရေမဖြစ်မနေ စိုမှာ။

“ချာတိတ် – မင်း လက်ထဲကဟာ ဘာလဲကွ”
“သက်တံ့တွေ”
“ဘာလုပ်တာလဲ”
“ရောင်းတာလေ”
“ဝိုး….. သက်တံ့က ရောင်းလို့ရသလား”

သူ့မျက်ဝန်းမှာ သနား ကရုဏာတရားရဲ့ အရိပ်အရောင်တွေ လှစ်ခနဲ ဖြတ်ပြေးသွားကြတယ်။ မျက်ဝန်းနဲ့သက်သက် ပြုံးပြသွားပုံက ချစ်စရာလေးပဲ။

“ဟုတ်။ ရောင်းပါတယ် ဦးလေး။ ဒါပေမယ့် သက်တံ့တွေ ဆိုတာ အခြား ဘယ်ကုန်ပစ္စည်းတွေနဲ့မှတော့ မတူဘူးပေါ့။”

ကျနော် နားထောင်နေရဲ့လား တစ်ချက် လှမ်းအကဲခတ်ပြီး သူက ဆက်ပြောတယ်။
“သက်တံ့ ဆိုတော့ အရောင်ပေါ့။ အရောင်တွေ ဆိုတာထက် အလင်းပေါ့လေ။ သမီး အလင်းတွေကို ရောင်းတယ်။ ဖမ်းဆုပ်မရတဲ့ အလင်း၊ ခဏလေး ကြုံကြိုက်မှ မြင်ရမယ့် အလင်း ဒီအလင်းတွေကို သမီး ရောင်းပါတယ်။”

ကျနော် ရယ်ချင်သွားတယ်။ သူ ပြောနေပုံက ကဗျာဆြာရီးတွေ ကဗျာတစ်ပုဒ်ကို ခံစားချက်အပြည့်နဲ့ ရွတ်ပြနေသလိုလို။

“ဒါဆို ဘယ်လိုရောင်းလဲကွ။ ရောင်းဈေးက”
“ဟုတ် ရောင်းဈေးကတော့ – မမေးတဲ့သူတွေ အတွက် မေတ္တာလက်ဆောင် သမီးပေးပါတယ် ဦး။ မေးတဲ့ သူတွေ အတွက်တော့ ဈေးက သူ့ရဲ့ မျက်လုံးတစ်စုံပါ။”

“ဈေးမကြီးဘူးလား ငါ့သမီးရယ်။ မင်းဟာက”
“ဟုတ် ဈေးထပ်ဆစ်ရင်တော့ ဝယ်သူ့ရဲ့ နှလုံးသားပါ ထပ်ဆောင်းပေးမှ ရောင်းနိုင်ပါမယ်”

ကျနော် အဝေးကို ငေးကြည့်လိုက်တယ်။ ဟိုးကောင်းကင် ထိပ်ဖျား – ဘယ်က စ၊ ဘယ်မှာ ဆုံးမှန်း မသိတဲ့ သက်တံ့ကွေးကွေးလေးက ဟိုးအဝေးမှာ မှုန်ပြပြ။

…………………
With My Beloved Ma, Lin Lin Latt
July 3rd 2014

About zayya
Just Be. That's Enough! Shared words with Silence.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

%d bloggers like this: