ဂုဂျိယဖ် George Ivanovich Gurdjieff

G2.bigရုရှား၊ အမေရိက၊ အနောက်တလွှားမှာ ခေတ်သစ် ခရစ်ယာန် လို့ သူ့ကိုယ်သူ ခေါ်ပြီး၊ အများက ဆူဖီဆြာရီး အဖြစ် သိကြတဲ့ အာမေးနီးယန်း ဂုရုကြီး တစ်ယောက်။ သူ့အကြောင်း အကျဉ်းလေး မှတ်မိသလောက် ပြောမလို့။
.
သူ့အဖေက ဂရိလူမျိုး၊ အမေက အာမေနိယန်းလူမျိုး၊ နကိုက အလက်ဇန်းဒရိုပို လို့ ခေါ်တဲ့ အာမေနိယန်း နိုင်ငံရဲ့ အခု ဂျူမရီဒေသမှာ မွေးတယ်။ သူ့အစောပိုင်း ဘ၀မှတ်တမ်းက မရေရာဘူး။ ဒါ့ကြောင့် သူ့ကို ၁၈၆၆ – ၁၈၇၀ ၀န်းကျင်မှာ မွေးဖွားခဲ့တာ ဖြစ်မယ် ဆိုတဲ့ ခန့်မှန်းချေပဲ ရှိတယ်။ သူ့ရဲ့ နိုင်ငံကူးမှတ်ပုံတင်မှာ ပါတဲ့ မွေးသက္ကရာဇ် ၁၈၇၇ ဆိုတာကလည်း အမှန်မဟုတ်တဲ့ အပြင်၊ သူကိုယ်တိုင်ကလည်း သူ့မွေးနေ့ကို ဘယ်တုန်းကမှ ထုတ်မပြောခဲ့ဘူး။ ဒါ့ကြောင့် မသေချာဘူး။
.
ငယ်ဘ၀နဲ့ ပတ်သက်လို့ – အာရှနဲ့ အာဖရိက မြောက်ပိုင်းဒေသတွေ ခရီးသွားခဲ့တယ် ဆိုတဲ့ အမှတ်အသား အချို့ပဲ ရှိတယ်။ ဒါလည်း ခန့်မှန်းအားဖြင့်ပဲ။ တိဗက်၊ သီရိလင်္ကာ၊ အိန္ဒိယ၊ အနောက်ဘက် အီဂျစ်၊ စသည်။
.
သူ့ကို မှတ်တမ်းအားဖြင့် စသိရတာက ၁၉၁၂ မော်စကိုမှာ။ သူ့အယူအဆတွေ သင်ကြားတဲ့ သူ့ဂိုဏ်းအဖြစ်နဲ့ စပြီး လူရှေ့ထွက်လာတာ။ ဒါပေမယ့် ဂုဂျိယဖ်က သူ ဘာမှ အသစ်အဆန်း သင်ပေးနေတာ မဟုတ်ဘူးလို့ အမြဲငြင်းဆန်လေ့ရှိတယ်။ ရှေးဟောင်း တိမ်မြုပ်နေတဲ့ သစ္စာရှာပုံတော် နည်းနာတွေကို ကနေ့ လူ့အဖွဲ့အစည်းကို ချပြတာ သက်သက်ပဲ လို့ ဆိုတယ်။
.
ဂုဂျိယဖ်ရဲ့ အစောပိုင်း တပည့်တွေထဲမှာ နာမည်ကျော်တပည့်ကြီးတွေ ရှိကြတယ်။ အဲ့အထဲမှာ တစ်ယောက်က ပီယော့တာ ဒိမိယနိုဗိခ်ျ အော့စပန်းစကီး။ ဒဿနသမား၊ သင်္ချာသမား၊ စာပေနဲ့ စာနယ်ဇင်းသမား အဖြစ်နဲ့ ရုရှား ပညာတတ်အသိုင်းအ၀ိုင်းမှာ အဲ့ခေတ်အခါက အသိများတဲ့ လူကြီး။ ၁၉၁၂ ခုနှစ်က ထုတ်ဝေခဲ့ဖူးတဲ့ သူ့ရဲ့ Tertium Organum ဆိုရင် ပညာရှင်တွေကြား လှုပ်ခတ်သွားနိုင်ခဲ့တဲ့ ဒဿနကျမ်းစာ။
..
အဲ့နောက်မကြာခင်မှာ အော့စပန်းစကီးဟာ ဂုဂျိယဖ်နဲ့ ဆုံခဲ့တယ်။ သူတို့ ဆုံခဲ့ကြပုံဟာ စိတ်ဝင်စားစရာ ကောင်းတယ်။ ဒါကို နောက်မှ သပ်သပ် ထပ်ရေးပါမယ်။ ၁၉၁၅ မှာ အော့စပန်းစကီးဟာ ဂုဂျိယဖ် တပည့် ဖြစ်လာတယ်။ တာအိုဝါဒမှာ လောက်ဇူထက် ချောင်ဇူကြောင့် လူသိများခဲ့သလို၊ ခရစ်ယာန်ဝါဒမှာ ယေရှုထက် ရှင်ပေါလုကြောင့် လူသိများခဲ့သလို၊ ဂုဂျိယဖ်ရဲ့ ၀ါဒမှာ ဂုဂျိယဖ်ကြောင့်ထက် အော့စပန်းစကီး ကြောင့် လူသိများခဲ့ရတယ်။
.
ဒါပေမယ့် နောက် ရှစ်နှစ်အကြာမှာ ဂုဂျိယဖ်ဂိုဏ်းကနေ အော့စပန်းစကီး ခွဲထွက်သွားခဲ့တယ်။ စတွေ့ပုံဟာ စိတ်ဝင်စားစရာ ကောင်းသလို ခွဲထွက်သွားပုံကလည်း စိတ်ဝင်စားစရာပဲ။ ဒါလည်း သပ်သပ် ရေးကြည့်ဖို့ ကြိုးစားပါဦးမယ်။
.
အော့စပန်းစကီးဟာ သူ့ဆရာနဲ့ စတွေ့ခဲ့ပုံကို တခန်းတနား ရေးခဲ့တဲ့ စာတစ်အုပ်ထဲမှာပဲ၊ ခွဲခွာရတဲ့ အကြောင်းကိုလည်း တဆက်တည်း ရေးခဲ့တယ်။ အဲ့ဒါက သူ့ရဲ့ နာမည်ကျော် “မြုပ်ကွယ်နေသော သစ္စာဓမ္မအပိုင်းအစများ” (Fragments of the Unknown Teaching) ပဲ။ စထုတ်ဝေစဉ်က ဒီအမည်ပေးခဲ့ပေမယ့် နောက်ပိုင်း ၁၉၄၉ အော့စပန်းစကီး ကွယ်လွန်ခဲ့ပြီးချိန် ပြန်ထုတ်ဝေတဲ့ အခါမှာတော့ “ဂမ္ဘီရ ရှာပုံတော်” (In Search of the Miraculous) လို့ အမည်ပြောင်းထားခဲ့တယ်။ ဂုဂျိယဖ် အကြောင်းပြောရင်၊ အော့စပန်းစကီးရဲ့ ဒီစာအုပ်က မပါမဖြစ် ပါရလောက်အောင် နာမည်ကျော်ခဲ့တယ်။
.
ဂုဂျိယဖ်ရဲ့ အမြင်နဲ့ ပတ်သက်လို့ အခြားဆက်မပြောခင်၊ အရင် ကြည့်သင့်သေးတာက – “In Search of Miraculous” ပြီးရင် အော့စပန်းစကီးရဲ့ “Fourth Way” ။ ကာယ၊ စိတ္တ၊ သညာ အပေါ်အခြေခံတဲ့၊ လူမှုလူ့ဘောင် ကြဉ်ရှောင်ပြီး တောနေ၊ ဂူအောင်း ကျင့်ကြံကြတဲ့ သမားရိုးကျနည်းတွေ အစား လူကြားထဲနေရင်း ကျင့်ကြံလည်း ဖြစ်တယ် ဆိုတဲ့ လမ်းကို နည်းသစ် တစ်ခုရယ်လို့ သူ့နည်းသူ့ဟန် ရေးထားတာမျိုး။
.
ထားတော့။ ဂုဂျိယဖ်အကြောင်း ဆက်သွားရအောင်။ ဂုဂျိယဖ်က အော့စပန်းစကီးလို မဟုတ်ဘူး။ လျို့ဝှက်တယ်။ သူ့ တပည့်ရင်းတွေကိုတောင် အကုန်အစင် ရော့-အင့် လို့ ခွံ့ပေးတတ်တဲ့သူ မဟုတ်ဘူး။ ဘော်ရှီဗစ်တော်လှန်ရေး ပေါ်ပေါက်လာချိန်မှာ ဂုဂျိယဖ်နဲ့ သူ့တပည့်တွေ ရုရှားက ထွက်လာခဲ့တယ်။ ကွန်စတန်တီနိုပယ် (အီစတန်ဘူလ်) ကို ရောက်တယ်။ ၁၉၂၂ ခုနှစ်၊ ပြင်သစ်၊ ပါရီမြို့ပြင်က ဖောင်တိန်ဘလော့ဖ်နားမှာ အခြေချတယ်။ ဒီကြားထဲမှာ သူ အမေရိက စသည် ခရီးသွားခဲ့သေးတယ်။

၁၉၂၄ မှာ ကားတိုက်မှု ဖြစ်တယ်။ အဲ့နောက်ပိုင်း သူ့တပည့်တွေ အပေါ် ကိုယ်ဖိရင်ဖိ သင်ကြားပေးနေတဲ့ အစား စာအရေးအသားဖက်ကို သူ ဦးတည်သွားခဲ့တယ်။ သူရေးခဲ့တဲ့ စာအုပ်က စီးရီး သုံးခုတွဲ။ သူကိုယ်တိုင် ပေးထားခဲ့တဲ့ အမည်က “All and Everything”။ စာအုပ်အားဖြင့် သုံးအုပ် ရေးခဲ့ပေမယ့် ဒီစီးရီးရဲ့ ပထမစာအုပ် “An Objectively Impartial Criticism of the Life of Man” ကို သူ ကွယ်လွန်ခါနီး ၁၉၄၉ အထိ သူ့ဟာသူ အကြိမ်ကြိမ် ပြန်ပြင် ရေးခဲ့တယ်။ ပြန်ပြင်တယ် ဆိုတာ နားလည်လွယ်အောင် ပြန်ပြင်ခဲ့တာ မဟုတ်ဘူး။ နားလည်ခက်အောင်ကို တမင်တကာ ပြန်ပြင်ရေးခဲ့တာ။ ကနေ့အချိန်မှာတော့ “All and Everything” ရဲ့ ပထမ ဖြစ်တဲ့ အဲ့စာအုပ်ဟာ နကို ခေါင်းစဉ်ခွဲအဖြစ်သာ ရည်ရွယ်ထားတဲ့ “သူ့မြေးကို ပြောတဲ့ ဗိဇဘတ်ရဲ့ ပုံပြင်များ” (Beelzebub’s Tales to his Grandson) အဖြစ်နဲ့ ထင်ရှားတယ်။ ဒီစာအုပ်ဟာ ဂုဂျိယဖ်ရဲ့ အထင်ကရ ဖြစ်သလို၊ သူ သင်ပြခဲ့သမျှရဲ့ သော့ချက်တွေလည်း မြှုပ်နှံထားတယ်လို့ အဆိုရှိတယ်။ ဖော်နိုင်သူ ဖော်ကြပေါ့။
.
“All and Everything” စီးရီးရဲ့ ဒုတိယအုပ်က “Meetings with the Remarkable Men” ။ ဒီစာအုပ်ကိုတော့ သူ့ကိုယ်ရေး အထုပ္ပတ္တိ တစိတ်တပိုင်းလို့ ပြောလို့ ရတယ်။ သူငယ်ရွယ်စဉ် အာရှ၊ အာရှမိုင်းနား ဒေသတွေမှာ ဓမ္မရှာပုံတော် ဖွင့်ခဲ့ပုံ အပိုင်းအစ အချို့ကို မြင်နိုင်လိမ့်မယ်။ ဒါပေမယ့် ဒီစာအုပ်မှာ သူ ဘယ်ရောက်ပြီး ဘယ်သွားခဲ့တယ် ဆိုတဲ့ အတိအကျ အချက်အလက်တွေ ဘာမှ မရေးခဲ့ဘူး။ ဒါ့ကြောင့် နေရာ၊ ဒေသ၊ အချိန်တွေကို ဒီစာအုပ်မှာ မြင်ရမှာ မဟုတ်ဘူး။
.
“All and Everything” စီးရီးရဲ့ တတိယအုပ်က အပြီးအထိ မရေးသွားခဲ့တဲ့ (တမင်တကာ အပြီးထိ မရေးတာလား၊ တကယ် မပြီးလို့ မပြီးသွားခဲ့တာလား မသိတဲ့) “Life is real only then, when “I am””။ ဒီစာအုပ်မှာ ဂုဂျိယဖ်ရဲ့ အနှစ်သာရတွေ၊ နည်းနာ ကဗျာ လှလှပပတွေကို အဖွင့်မှာကတည်းက မြင်ရမှာပဲ။ သူ့ရဲ့ အဆုံးသတ် “Who am ‘I’” က ကိုယ်တွေကိုလည်း ပြန်လှန် မေးခွန်းထုတ်ခဲ့သလိုမျိုး။
.
အခု ရှည်ရှည်ဝေးဝေး ပြောနေသမျှ ပါခဲ့တဲ့ စာအုပ်တွေကို ကျနော် ဒီမှာ တစ်ခါတည်း upload တင်ထားခဲ့ပါမယ်။ တကယ်က အွန်လိုင်းပေါ်မှာလည်း အနှံ့အပြား ရှိပါတယ်။ စုစည်းပေးတဲ့ သဘော သက်သက်ပါပဲ။ စိတ်ဝင်စားသူ ညီအကို မောင်နှမများ (ရှိရင်) ဆက်သာ ဖတ်ကြပါလို့။

Download.

G.I.Gurdjieff: Beelzebub’s Tales to His Grandson
G.I.Gurdjieff: Meetings with the Remarkable Men
G.I.Gurdjieff: Life is Real Only Then, When ‘I am’
G.I.Gurdjieff: Views from the Real World

P.D.Oupensky: In search of Miraculous
P.D.Ouspensky: Tertium Organum
P.D.Ouspensky: The Fourth Way

With Love,
Zayya
August 19th, 2017 at 19:57

About zayya
Just Be. That's Enough! Shared words with Silence.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

%d bloggers like this: