ဂန္ဓာရီသဘောလာ သံလိုက်အားပညာနှင့် ဂုဂျိယဖ်

Rasputinရုရှလူမိုက် နန်းတွင်းပျောက်စေဆြာကြီး ရပ်စပြူတင်ဟာ ရာဇ၀င် မှတ်တမ်းတွေမှာ သံလိုက်စွမ်းအား ကြီးတဲ့သူ တွေထဲ ဖယ်ထားမရတာ အားလုံး အသိပဲ။ သူ့ကို လူလိမ်လို့ ဆွဲချသူတွေနဲ့ ခရစ်ယာန် ဓမ္မအတွက် အောက်လမ်း ဂိုဏ်းဝင် အကျင့်တွေ ကျင့်ခဲ့တယ်လို့ အမနာပ ဆိုကြသူတွေ ရှိတယ်။ ဒါပေမယ့် သူ့ရဲ့ ညို့ဓာတ်ပညာရပ်နဲ့ ကုသနိုင်စွမ်း တွေဟာ ဇာဘုရင်နဲ့ သူ့အချစ်တော် မိဖုရားကြီးကို ကိုင်လှုပ် ကစားနိုင်ခဲ့သလို ရုရှတော်လှန်ရေးကြီး ဖြစ်ရသည်အထိ လှုပ်ခတ်စေခဲ့တယ်။ သူ့ရဲ့ အကျင့်ဆိုးတွေကို ဖယ်ပြီး ငယ်စဉ်ဘ၀ သူဖြတ်သန်းခဲ့သမျှကို ပြန်မွှေ ကြည့်ရင် ဗမာတွေ အခေါ် အတ္တ ကိလမထတွေ အများစု ပါတာပေါ့။ အေးစိမ့်မဲမှောင်နေတဲ့ မြေအောက်ခန်း ကျဉ်းကျဉ်းလေးထဲ နာရီနဲ့ချီ ဒူးထောက်ငိုကြွေး တောင်းဆုပြုတဲ့ အကျင့်တွေ၊ မိမိခန္ဓာကို ညှင်းပန်းနှိပ်စက်ပြီး အာပါတ်ဖြေတာတွေ၊ အပြစ်ရှိမှ အပြစ်ဖြေလို့ ရတာကွ ဆိုပြီး ထင်ရာစိုင်းခဲ့ရာက နောက်ဆုံး ရက်ရက်စက်စက် အသတ်ခံရတဲ့ အထိ သေပွဲဝင်သွားခဲ့ရတဲ့ ပုဂ္ဂိုလ်ကြီး။ ကျန်တဲ့ အချက်တွေ ဖယ်ထားရင် – သူဟာ သံလိုက်စွမ်းအင်ပညာ (Magnetism) ကို လက်ဝယ်ထားရင်း လမ်းလွဲသွားခဲ့သူ ဖြစ်ခဲ့တာပဲ။
.
တကယ်တမ်း သံလိုက်ပညာရဲ့ အစွမ်းအစကို အသုံးချပြီး၊ ထင်သာမြင်သာ သမိုင်းဝင်သွားတဲ့ သူတွေ အဆိုးအကောင်း ရောပြွန်းပြီး (ဥပမာ- Aleister Crowley တို့လို လူစားတွေ) – ရှိခဲ့ကြသလို၊ စာတမ်းမ၀င်ဘဲ မြုပ်ကွယ် သွားတဲ့သူတွေလည်း ဒုနဲ့ဒေး ရှိကြတာပေါ့။ လူ့ခန္ဓာကိုယ်မှာ သံလိုက်စွမ်းအင် ရှိကြောင်း အများစု သိကြတာပါပဲ။ ဒါပေမယ့် ဒါကို အသေးစိတ် လိုက်စားကြတဲ့ သူတွေက C.G.Jung လို နှောင်းပိုင်း စိတ်ပညာသမားတွေနဲ့ ရှေးဂန္ဓာရီသမားတွေ ပါတယ်။ နောက်ပြီး ရှေးဂိုဏ်းဆရာတွေလည်း ရှိကြသေးတယ်။ သူတို့ အမြင်မှာ သံလိုက်အစွမ်းဟာ သက်ရှိ သက်မဲ့ အရာရာတိုင်းမှာ ရှိတယ် ဆိုပေမယ့် ရှေး ဗြဟ္မဏကြီးတွေနဲ့ ပရောဟိတ် ဆရာကြီးတွေ၊ ဘုန်းတော်ကြီးတွေ၊ နတ်ဝင်သည်တွေမှာသာ ဒီအစွမ်းတွေကို ကိုယ့်အတ္တအတွက် တိတ်တဆိတ် ကြိတ်ပြီး အပြည့်အ၀ အသုံးချခဲ့ကြတယ်လို့ ယုံကြည်ကြတယ်။
.
ဒါကို သီဝရီနည်းတွေနဲ့ ဂုဂျိယဖ်က သူ့လက်တစ်ဆုပ်စာ အတွင်းတပည့်တွေကို ရှင်းပြခဲ့ဖူးတယ်။
.
“Magnetism လို့ ရည်ရွယ်ပြီး ပြောရင် လူ့သန္တာန်မှာ ယေဘုယျအားဖြင့် နှစ်ပိုင်း ရှိတယ်က စရမယ်။ ပထမပိုင်းက သက်ဝင်လှုပ်ရှားနေတဲ့ ဓာတ်လေးပါး အဖွဲ့အစည်း ရုပ်ခန္ဓာ အမူအရာပိုင်း။ သူက နိစ္စဓူဝ မြင်နေကျ ရုပ်ခန္ဓာကို ပြောတယ်။ ဒုတိယပိုင်းက Astral Matter ခေါ်တဲ့ ရောင်ဝါတွေ လွှမ်းတဲ့ ဒြပ်ခန္ဓာ။ သူက သာမာန်မျက်စိနဲ့ မမြင်ရဘူး။ စိတ်၊ မနော လိုပဲ။ လက်ဆုပ်လက်ကိုင် မပြနိုင်ပေမယ့် ရှိတာ သိနေရရုံပဲ ရှိတယ်။ ဒါကို မြင်သာလာစေတဲ့ အခြေအနေဟာ တတိယပိုင်းမှာပေါ့။ သူက ပထမပိုင်းနဲ့ ဒုတိယပိုင်းကို သဟဇာတ ကျကျ ပေါင်းစပ်မှ ပေါ်ပေါက်တယ်။ သာမာန်အားဖြင့်ဆို ပျောက်နေတယ် ပြောလို့ရတယ်။ မရှိဘူး။ ရှိလာရင်လည်း လေ့ကျင့်နိုင်စွမ်း ရှိတဲ့သူမှ မြင်တယ်။ တစ်ခါတစ်လေမှာ သာမန်အားဖြင့် မြင်နိုင်တာမျိုး ရှားရှားပါးပါး ရှိတယ်။ ဥပမာ- ဒေါသအပြင်းအထန် ဖြစ်နေတဲ့သူ။ ဒေါသ အတွက် Astral Matter က နှလုံးကို နှောင့်ယှက် လှုံ့ဆော်တဲ့အခါ နှလုံးက ထွက်တဲ့သွေးဟာ ညိုညစ်တယ်။ အဲ့ဒီအရှိန်ကြောင့် သွေးလည်ပတ်အား မြန်လာတယ်။ မျက်လုံးအိမ်မှာ အကြောတွေ ထောင်တင်း လာသလို၊ မျက်နှာနဲ့ ခန္ဓာကိုယ် အမူအရာဟာလည်း တဆတ်ဆတ် တုန်လာတယ်။ ဒါဟာ မြင်သာတဲ့ ရုပ်ခန္ဓာပိုင်း ဖြစ်သလို၊ ပုံမှန် သတိပြုနိုင်တဲ့ သူဆိုရင် အဲ့ဒီ ဒေါသဖြစ်နေသူနားမှာ နေတဲ့အခါ အပူရောင်ဟပ်တာကို “ခံစား” တယ်။ သူ့ရုပ်ခန္ဓာသွင်ပြင် မသိသာရင်တောင် မိမိဝေဒနာမှာ ရရှိတဲ့ အဲ့ဒီ “ခံစားမှု” ဟာ အဲ့ဒီ တတိယပိုင်း၊ တတိယလှိုင်းကြောင့် ဖြစ်တယ်။ အဲ့ဒီလူမှာ ပထမပိုင်း ရုပ်နဲ့ ဒုတိယပိုင်း Astral Matter တို့ အပြင်းအထန်ထိပ်တိုက် တွေ့တဲ့အခါ ပေါ်ပေါက်လာရတာပဲ။”
.
အဲ့ဒီတတိယလှိုင်း သဘောကို ဂုဂျိယဖ်က ထပ်ဆင့် ရှင်းတဲ့အခါ- ကမ္ဘာမြေမှာ လေထုရှိနေသလိုပဲ လို့ ပုံပမာပေးတတ်တယ်။ တကယ်တမ်း ဒီကမ္ဘာမြေမှာတင် မကဘူး။ အခြားဂြိုလ်ကမ္ဘာတိုင်းမှာ ဆိုင်ရာလေထု ဆိုတာ အနည်းနဲ့ အများ ရှိတယ်။ ပါးလျတာနဲ့ ထူထဲတာပဲ ကွာခြားသတဲ့။ ဂြိုလ်ကမ္ဘာတွေမှာ လေထု အနည်းအများ ရှိသလို၊ အလားတူ လူသားတိုင်းမှာလည်း အဲ့ဒီ တတိယလှိုင်း အနည်းနဲ့ အများ ရှိကြတယ်။ အဲ့ဒီတတိယလှိုင်းရဲ့ စွမ်းရည်ဟာ သဘောအားဖြင့် လျှပ်စစ်နဲ့ တူတယ်။ အဖိုဓာတ်၊ အမဓာတ်တွေ ရှိကြပြီး အချင်းချင်း အတွန်း၊ အဆွဲတွေ ပေါ်ပေါက်ကြတယ်။ ဥပမာပေးရင် “လိုချင်တာ” နဲ့ “မလိုချင်တာ”** ဆိုတာမျိုး။ အဲ့ဒီ နှစ်ခုဟာ တစ်ခုက အဖို ဖြစ်ရင်၊ နောက်တစ်ခုက အမ ဖြစ်တာပဲ။ Astral Material တွေဟာ အမြဲတမ်းလိုလို ရုပ်ခန္ဓာတွေကို ဆန့်ကျင် ထွက်နေတတ်တယ်လို့လည်း ဆိုသေးတယ်။
.
magnetism

ဒီတတိယလှိုင်းကို အတိအကျ ကျင့်ယူလာနိုင်တဲ့ ပညာရပ်ကို ဂန္ဓာရီ ပညာမှာ Magnetism လို့ ခေါ်တာ။ ဒါကို သင်ယူတတ်မြောက်ကြသူ (ဒါမှမဟုတ်) အလိုလိုဝမ်းတွင်းပါ အချို့ (ရှိတယ်) သူတို့ဟာ ရောဂါဝေဒနာသည်ကို လက်သပ်ရုံနဲ့ ကုသနိုင်တယ် ဆိုတာမျိုးတွေ ဖြစ်လာတော့တာပဲ။ (ယုံချင်ယုံ မယုံချင်နေပဲ) အဲ့ဒီတတိယလှိုင်း ကြီးမားသူဟာ အနီးအနား လာစရာမလိုဘဲ ခပ်လှမ်းလှမ်း (ဒါမှမဟုတ်) တော်တော်ဝေးဝေးကနေ လှမ်းကုသ တာမျိုးတောင် လုပ်လို့ ရတယ်လို့ ဆိုလာတယ်။
.
ဒါ့ကြောင့် ဂုဂျိယဖ်က – “ရှေးပရာဖက်တွေထဲမှာ တတိယလှိုင်းရှင်တွေ ပါတယ်။ ဥပမာ- ယေရှုခရစ်။ သူပိုင်တဲ့ ကြီးမားတဲ့ တတိယလှိုင်းကြောင့် လူထုကို ဆွဲဆောင်နိုင်စွမ်း၊ ရောဂါကုသနိုင်စွမ်းဟာ အနည်းနဲ့အများ ရှိခဲ့တယ်။ ဒါဆိုရင် မေးစရာရှိတယ်။ ရောဂါသည်၊ မမာသည်တွေ ဆိုတာ ဘာလဲ။ သူတို့ဟာ တစ်နည်းအားဖြင့် အဲ့ဒီတတိယလှိုင်း ယုတ်လျော့အားနည်းနေတဲ့ သူတွေကို ခေါ်တာပဲ။ ရုပ်ခန္ဓာ တစ်စုံတစ်ရာ ချို့တဲ့နေပြီး၊ Astral Material က မလိုက်နိုင်တဲ့သူ။ ဒါမှမဟုတ်၊ ရုပ်ခန္ဓာကောင်းပေမယ့်လည်း Astral Material မမျှတတဲ့သူကို ခေါ်တယ်။ ဒါ့ကြောင့် တတိယလှိုင်းဟာ အဲ့ဒီရောဂါသည်မှာ အားနည်းသွားတယ်။ အနှုတ်လက္ခဏာ ဆောင်သွားတယ်။ ဒါကို အားကြီးတဲ့သူက ဖြည့်တင်းပေးခြင်းအားဖြင့် ကုသပေးနိုင်တယ်ဆိုတဲ့ ယုတ္တိအပေါ် Magnetism က အခြေခံတယ်။ ဒီတတိယလှိုင်းကို သမာဓိအားကောင်းသူဟာ မြင်ရတာပဲ။ Aura , Halo, Nimbus အင်္ဂလိပ်လို အခေါ်အဝေါ် အမျိုးမျိုးနဲ့ (အရောင်အ၀ါ) လို့ ဆိုကြတဲ့ ဒဏ္ဍာရီ၊ စိတ်ကူးယဉ်ပုံပြင်တွေ ရှိတယ်။ ဒါပေမယ့် အဲ့ဒါဟာ တကယ့်အရှိတွေ။”
.
A.Mesmerဒါကို လက်တွေ့အသုံးချနိုင်အောင် သိပ္ပံနည်း တကျ ရှာပေးခဲ့သူက ဖရန့်စ်မဲ့ဇမာ (Franz Friedrich Anton Mesmer)။ ၁၇-၁၈ ရာစုနှစ်တွင်းက ဂျာမန်လူမျိုး ဆရာဝန်တစ်ယောက်ပေါ့။ သက်ရှိ သတ္တ၀ါတွေနဲ့ သက်မဲ့အရာဝတ္ထုတွေကြား သဘာဝ သံလိုက်ညို့အား အကြောင်း ဖော်ထုတ်ခဲ့တဲ့သူ။ သူက သူ့ပညာရပ်ကို Animal Magnetism လို့ ခေါ်ပေမယ့် အများစုက သူ့ကို ဂုဏ်ပြုတဲ့အနေနဲ့ Mesmerism လို့ ခေါ်ကြတယ်။ ၁၈ ရာစုနှစ်အတွင်းမှာ အင်မတန် ရေပန်းစားခဲ့တဲ့ ပညာရပ် တစ်ခု ဖြစ်ခဲ့တာပဲ။ နှောင်းပိုင်းကာလမှာ ဂျိမ်းစ်ဘရေ့က ဒီပညာရပ်ကို Hypnosis စိတ်ညို့ပညာအဖြစ် နာမည်ပြောင်း၊ အကျယ်ချဲ့ခဲ့တာ။
.
ဒီပညာရပ်ကို ဂုဂျိယဖ်က သူ့တပည့်တွေအပေါ် သင်ပေးတဲ့အခါ – “အကြီးမားဆုံးတွေကို ဘယ်တော့မှ စမလုပ်ပါနဲ့” လို့ အမြဲတမ်း သတိပေးလေ့ရှိတယ်။ ဒီသံလိုက်အားဟာ ဘာသာရေးတွေနဲ့ မဆိုင်တဲ့ လောကီနည်း။ စိတ်ပညာနည်းပဲ။ မိမိ စိတ်ကို အသေးအဖွဲ ကိစ္စလေးတွေအပေါ် ထိန်းကျောင်းမှုက စရတယ် လို့ ဆိုတယ်။ ကိစ္စရပ်အသေးလေး တစ်ခုအပေါ် Attention စိတ်စူးစိုက်အားကို ယူတဲ့ နေရာမှာ အသိကို ထုနဲ့ ထည်နဲ့ လိုက်ရတယ်။ Conscious Labour လို့ ဂုဂျိယဖ်က ခေါ်တယ်။ အဲ့ဒီအခါ ခံစားမှု ဝေဒနာလည်း အပြင်းအထန် တက်လာတတ်တယ်။ ဒီအသေးအဖွဲ ကိစ္စလေးတွေအပေါ် အလွယ်တကူ ကြိုးကိုင် နိုင်နင်းလာမှသာ တဖြည်းဖြည်း တတိယလှိုင်းနဲ့ နီးစပ်လာလိမ့်မယ် Magnetism သံလိုက်စွမ်းအားပညာကို ရမယ် လို့ ဆိုတယ်။
.
…………………
မှတ်ချက်။ — ။** ဒီနေရာမှာ ဂုဂျိယဖ်သုံးတဲ့ အသုံးက Wishes နဲ့ Non-wishes လို့ ဆိုလိုတာ။ သူတို့ကို လောဘနဲ့ အလောဘလို့ ဘာသာပြန် လို့ မရတာကြောင့် အဲ့ဒီအတိုင်းပဲ ရေးလိုက်တယ်။ အလောဘ အခြေအနေဟာ သူ ဆိုလိုတဲ့ Non-wishes နဲ့ မတူဘူး။ ဒီမှာ သူ ဆိုလိုတဲ့ အဓိပ္ပာယ်ဟာ ဖြစ်လာတဲ့ အခြေအနေ တစ်ရပ် အပေါ် မကြိုက်တာ၊ မနှစ်သက်တာ၊ မလိုချင်တာကို ပြောတာကြောင့် “ဒေါသဘက်ယိမ်းလာတဲ့ လောဘ” အမျိုးအစားလို့ပဲ ဆိုကြပါစို့။
……………….
Sketch! on Magnetism
………………
Zayya
Feb 9th 2018 at 18:21

About zayya
Just Be. That's Enough! Shared words with Silence.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

%d bloggers like this: