အော့စပန်းစကီး

ပြီးခဲ့တဲ့လလောက်က – ဆူဖီပဂေး ဂုရုကြီး ဂုဂျိယဖ် (G.I.Gurdjieff) အကြောင်း နဲ့ သူ့ စာအုပ်တွေ အကြောင်း နိဒါန်းပျိုးခဲ့ဖူးတယ်။ ဂုဂျိယဖ် အကြောင်း ပြောရင် သူ့တပည့်ဖြစ်ခဲ့တဲ့ အော့စပန်းစကီး (P.D.Ouspensky) ဟာ တစ်နွယ်ငင် တံဇဉ်ပါ ပါလာရတာ။ အခု သူ့အကြောင်း ရေးနေရင်း၊ ရေးပြီးသားစာက မရှည်သင့်ဘဲ ရှည်နေလို့။ အာ့ကြောင့် ပြီးသလောက် အထဲကပဲ တင်ချင်တာလေး ဖြတ်တင်လိုက်တယ်။ အော့စပန်းစကီး ကွယ်လွန်ပြီး ကာလ ၁၉၄၇ ကနေ – ကနေ့အထိ အင်္ဂလိပ်ဘာသာနဲ့ ထုတ်ဝေတဲ့ သူ့စာအုပ်ပေါင်း အထင်ကရ ခြောက်အုပ် ရှိတယ်။
.
၁။ Strange Life of Ivan Osokin,
၂။ Tertium Organum,
၃။ A New Model of the Universe,
၎။ The Psychology of Man’s Possible Evolution,
၅။ In Search of the Miraculous: Fragments of an Unknown Teaching,
၆။ The Fourth Way
.
အော့စပန်းစကီးဟာ အနောက်တိုင်း ဒဿန၊ သင်္ချာသမားဖြစ်ပေမယ့် ဘ၀သံသရာကို ယုံကြည်တဲ့သူ။ သူ့ကိုယ်သူ ဒီလူ့ဘ၀ကို တစ်ကျော့ပြန် ပြန်ရောက်လာတာလို့ မြင်ထားတာရယ်။
.
သူ့ရဲ့ ကိုယ်ရေး အထုပ္ပတ္တိ အတိုအထွာလေး တစ်ခုမှာ “၁၉၀၅ ခုနှစ်၊ မော်စကိုရဲ့ အရှုပ်အထွေး အရေးအရာတွေကြားထဲက၊ ဘ၀သံသရာ လည်ပတ်နေပုံပေါ် အခြေခံပြီး ကျုပ် ၀တ္ထုတစ်ပုဒ် ရေးခဲ့တယ်” တဲ့။ အဲ့ဒါက သူ့ရဲ့ အစောဆုံး လက်ရာ Strange Life of Ivan Osokin ပဲ။ အဲ့အချိန်က သူ့အသက် ၂၇ ပဲ ရှိသေးတယ်။ ၁၉၂၀ အတွင်းမှာ အင်္ဂလိပ်ဘာသာ ပြန်ဆိုပြီးပေမယ့် သူ့ကွယ်လွန်ခါနီးအထိ သိမ်းထားခဲ့ရာက နောက်ပိုင်းမှ ကနေ့နာမည်နဲ့ ထုတ်ဝေခဲ့တာ။
.
pdouspenskyဘာလို့ ဒီလောက်အချိန်ထိ သိမ်းထားခဲ့တာလဲ ဆိုတာကတော့ သူ့အတ္ထုပ္ပတ္တိရေးဆရာတွေလည်း ခေါင်းစားရသလို ထူးဆန်းတဲ့ အချက်တစ်ခုလို့ ပြောရမှာ။
.
ဒီဝတ္ထုမှာ အတိတ်ဘ၀ တည်ရှိခြင်း အသိသညာဟာ နက်နဲတဲ့ လျို့ဝှက်ချက်ဖြစ်ပြီး၊ ဒီအသိသညာအတွက် လူတစ်ယောက်မှာ တစ်ကြိမ်သာ အခွင့်အရေး ရှိတယ်တဲ့။ ဒီလျို့ဝှက်ချက်ကို တကယ်သိပြီ ဆိုရင်လည်း အဲ့လူအတွက် သံသရာစက်ဝန်းဟာ ရပ်တန့် သွားတော့တာပဲ။ ပြတ်တောက်သွားတော့တာပဲ တဲ့။ အဲ့လို လူတစ်ယောက်ဟာ တကယ် “သိ” ပြီ ဆိုရင် – ဘ၀ ဆိုတဲ့ လှောင်အိမ်က လွတ်မြောက်ဖို့ တစ်ဘ၀ နှစ်ဘ၀ အပြင် မလိုအပ်တော့ဘူး လို့ ဆိုတယ်။
.
သူ ၂၇ နှစ်သားက ရေးခဲ့တဲ့ ဒီဝတ္ထု နိမိတ်ပုံဟာ နှောင်းပိုင်း သူ့ဘ၀ကို အတော်အတန် စိုးမိုးခဲ့တာ။ သူ ငယ်စဉ် တန်းကျောင်းသား ဘ၀ကတည်းကလည်း အော့စပန်းစကီးဟာ “သာမန် အသိသညာ” နဲ့ “နက်နဲတဲ့ အသိပညာ” ကြား ကောင်းကောင်း ပိုင်းခြားထားခဲ့တဲ့သူ။ ဒါ့ကြောင့်လည်း အသက် ၁၈ နှစ်ကနေ စပြီး “နက်နဲတဲ့ အသိပညာ” သည်သာ သူ့ဘ၀ရဲ့ အဓိက ပန်းတိုင်လို့ စွဲမြဲ မြုပ်နှံလာခဲ့တဲ့သူ။ ဒီပန်းတိုင်ရဲ့ စေ့ဆော်မှုကြောင့်ပဲ၊ ဒဿနိကဗေဒသမားနဲ့ သင်္ချာဗေဒသမား ဖြစ်လာခဲ့တဲ့ အပြင်၊ ရုရှား၊ ဥရောပနဲ့ အရှေ့ဖျား ထိ ခရီးနှင်ရင်း စာအရေးအသားဘက် ဦးလှည့်လာခဲ့သူပဲ။
.
၁၉၀၇ ခုနှစ် ရောက်တော့ ဘာသာရေးဘက်ကို ဦးလှည့်လာခဲ့တယ်။ အဲ့ဒီနှစ်ပိုင်းက သူ့ရဲ့ မှတ်တမ်း အချို့မှာ “ကျုပ် ဒီလိုနဲ့ ဘာသာရေး စာပေတွေ စိတ်ဝင်စားလာခဲ့တာ။ သူတို့မှာ အားနည်းချက်တွေ ရှိတယ်။ ကျုပ် တွေ့တာ တစ်ပုံကြီးပဲ။ ကျုပ် ဘ၀င်မကျတာတွေ၊ ကွင်းဆက်ပြတ်နေတာတွေလည်း အများကြီးပဲ။ နို့ပေမယ့် ကျုပ်အတွက်တော့ ဘာသာတရားဟာ ပိုသစ်လွင်တဲ့၊ ပိုကြီးမားတဲ့ လောကသစ် တစ်ခု ဆီ ဆွဲခေါ်သွားနေသလိုပဲ။ ဒီလိုနဲ့ အရင်အသိတွေထက် ပိုမြင့်မားတဲ့ အသိအမြင် ဆိုတာ ရှိရမယ်လို့။ ဒါတွေကို ရှာဖွေဖို့ ခွန်အားသစ်တွေ ရလာခဲ့တယ်” တဲ့။
.
တကယ်မှာလည်း အော့စပန်းစကီးဟာ အီဗန်အော့ဆိုကင် ၀တ္ထု ရေးအပြီး၊ နောက်ခြောက်လကြာတဲ့ အခါ၊ စကြာဝဠာမော်ဒယ်လ်အသစ် The New Model of the Universe ကို ရေးခဲ့တယ်။ အဲ့စာအုပ်မှာ ကာလ Time ဟာလည်း ဒေသ Space နည်းတူ အညွှန်းဘောင် ဒိုင်မင်းရှင်း သုံးခု ရှိသတဲ့။ နောက်ပြီး ကျနော်တို့ နာမ်ခန္ဓာရဲ့ အမြင်ဟာ အညွှန်းဘောင် သုံးခုကိုသာ မြင်ကြောင်း၊ ကာလဟာ ကျနော်တို့ အာရုံတွေရဲ့ နယ်နိမိတ် စည်း ဖြစ်ပြီး၊ တကယ့်အစစ်အမှန်လောကဟာ ကာလနဲ့ ဒေသတို့ ပေါင်းခြင်း၊ အညွှန်းဘောင် ခြောက်ခု ဖြစ်ကြောင်း အကျယ်တ၀င့် ရေးထားခဲ့တယ်။
.
သူ့ အဆိုအရ ကျနော်တို့ဟာ သာမန်အားဖြင့် – ကာလကို အတိတ်-ပစ္စုပ္ပန်-အနာဂတ် ဆိုတဲ့ အညွှန်းဘောင် တစ်ခုတည်း အဖြစ်သာ မြင်နေကြတာတဲ့။ ဒါ့ကြောင့် ကနေ့သိပ္ပံ အခေါ်မှာ ကာလကို စတုတ္ထအညွှန်းဘောင် လို့သာ ခေါ်ဆိုနေကြတာ ဖြစ်သတဲ့။ စင်စစ်က ကာလရဲ့ အညွှန်းဘောင်ကို ထောင့်မှန်ကျကျ ဖြတ်နေတဲ့ ပဉ္စမအညွှန်းဘောင် ရှိသေးသတဲ့။ အဲ့ဒီအညွှန်းဘောင် မျဉ်းဟာ ကာလဆိုတဲ့ အချိန်ခဏပေါင်း အဆုံးအစမဲ့ တွဲဆက်နေတဲ့ ထာဝရ ဆိုတဲ့ အညွှန်းဘောင်ပါပဲတဲ့။ (ဒီနေရာကို အသေးစိတ်ရေးရင် ခေတ်သစ် ရူပဗေဒသီဝရီတွေလည်း ထည့်သွင်း ရှင်းရမယ့် အပြင် သင်္ချာသဘောတွေပါ ပါဝင်လာမှာကြောင့် အကျယ်လိုချင်ရင် ရှာဖွေသာ ဖတ်ကြပါလို့)
.
၁၉၀၉ မှာ အော့စပန်းစကီးဟာ မော်စကိုကနေ စိန့်ပီတာစဘက်ကို ပြောင်းလာတယ်။ ဂမ္ဘီရပညာတွေကို လေ့လာခဲ့ပြန်တယ်။ တဲရော့၊ ယောဂ စတာတွေနဲ့ ပတ်သက်လို့ ဟောပြောပွဲတွေ လုပ်ခဲ့တယ်။ သူ ဟောပြောချက်တွေ ပေါင်းပြီး၊ တဲရော့ဒ်လက္ခဏဗေဒ “the Symbolism of the Tarot” ဆိုတဲ့ အက်ဆေးပေါင်းချုပ်တစ်အုပ်တောင် ၁၉၁၃ မှာ ထုတ်ဝေခဲ့သေးတယ်။
.
ဒါပေမယ့် သူ့ရဲ့ အထင်ကရ ကျော်ကြားတဲ့ ကျမ်းကတော့ ၁၉၁၂ မှာ ထုတ်ဝေခဲ့တဲ့ Tertium Organum ပဲ။ ဒီကျမ်းကြောင့် အနောက်တိုင်း ပညာရှင် အသိုင်းအ၀ိုင်းကြား တမုဟုတ်ချင်း ရေပန်းစား လူပြောများလာခဲ့တာ။ အင်္ဂလိပ်ဘာသာနဲ့ ထုတ်ဝေတဲ့ သူ့ကျမ်းရဲ့ နိဒါန်းမှာ ပညာရှင် ကလုဒီဘရက်ဒန်က “ဒီကျမ်းဟာ နာမည်ကိုက ဆွဲဆောင်မှု ရှိတယ်ဗျ။ ဆင်ခြင်တုံတရား နိယာမကို အကျယ်တ၀င့် ရေးခဲ့တဲ့ အရစ္စတိုတယ်လ်ရဲ့ Organon ဆိုတဲ့ ကျမ်းရယ်၊ သိမှုဗေဒသဘောနိယာမကို အကျယ်တ၀င် ရေးခဲ့တဲ့ ဘေကွန်ရဲ့ Organum ဆိုတဲ့ ကျမ်းရယ်ကို ကျော်လွန်ပြီး တတိယမြောက်ကျမ်းစာ အဖြစ် ပေါ်ပေါက်လာတဲ့ ဒဿန ကျမ်းတစ်စောင် ပါပဲ” လို့ ထောမနာပြု ရေးခဲ့တယ်။
.
ဒဿနိကဗေဒ ပညာရှင်အသိုင်းအ၀ိုင်းကြား အဲ့သလောက် ထင်ရှားလာပေမယ့် အော့စပန်းစကီးဟာ အဲ့ပညာရှင်တွေကြား ပျော်မွေ့ဇိမ်ယစ် သွားတဲ့ သူတော့ မဟုတ်ဘူး။ သူ့ ငယ်စဉ် အိပ်မက်ဖြစ်တဲ့ ဂန္ဓာရီဂိုဏ်း ရှာပုံတော်ကို ပုံစံ အမျိုးမျိုးနဲ့ တစိုက်မတ်မတ် ရှာဖွေနေဆဲပဲ။ ဒါ့ကြောင့် သူ့ကို အချိန်တော်တော်များများ ဖမ်းစားနိုင်ခဲ့တဲ့ ဒဏ္ဍာရီတွေ ပေါ်ပေါက်ရာ အရှေ့အိန္ဒိယ၊ စီလွန် (ယခု သီရိလင်္ကာ) ဒေသတွေကို သူနောက်တစ်ကြိမ် ခရီးဆက်ပြန်တယ်။ ဒါပေမယ့် သူမျှော်မှန်းသလို ခရီးမပေါက်ခဲ့ဘူးရယ်။
.
အဲ့ဒီနောက် အစ္စလာမ်ဘာသာ ထွန်းကားရာ အရှေ့အလယ်ပိုင်းဒေသ၊ ရုရှားအရှေ့အလယ်ပိုင်း အာရှနဲ့ ပါရှားဒေသတွေကို သူ ခရီးဆက်ဖို့ ပြင်ဆင်တဲ့ ဒီတစ်ကြိမ်မှာတော့ ၁၉၁၃ ဩဂုတ်လ ပထမ ကမ္ဘာစစ်ကြောင့် သူ့ခရီးစဉ်ကို ဖျက်သိမ်းခဲ့ရတယ်။ စစ်ဘေးဒဏ်တွေကြား ရုရှားကို အပြန် ခရီးမှာ အိန္ဒိယကနေ လန်ဒန်၊ နော်ဝေး၊ ဖင်လန်နိုင်ငံတွေကို ပတ်ပြန်ရတယ်။ ဒါ့ကြောင့် သူ ရုရှား၊ စိန့်ပီတာစဘက်ကို ၁၉၁၄ နိုဝင်ဘာမှ ပြန်ရောက်တယ်။
.
၁၉၁၅ အစောပိုင်း ကာလတွေမှာ သူ သွားခဲ့တဲ့ ခရီးအပေါ် အခြေခံပြီး ဟောပြောပွဲတွေ လုပ်ခဲ့တယ်။ သူ့ ဟောပြောပွဲရဲ့ ခေါင်းစဉ်က မရဏတရား ပြဿနာများ (the Problems of Death) – နဲ့ – ဂမ္ဘီရ ရှာပုံတော် (In Search of Miraculous) တဲ့။ ဒီခေါင်းစဉ်နှစ်ခုက အဲ့အချိန်က ရုရှားပြည်သူ အများအပြားကို ဆွဲဆောင်မှု ရှိခဲ့ပုံ ရပါတယ်။ လူပေါင်း ထောင်ချီ တက်ရောက် နားထောင်ကြသလို၊ ပေးစာတွေ မိတ်ဆက်စာတွေအပြင် ဆွေးနွေးငြင်းခုံမှုတွေပါ အများအပြား ရှိသတဲ့။
.
အဲ့ဒီနှစ်ရဲ့ အီစတာပွဲတော် အပြီးမှာ မော်စကိုမြို့ကို သွားပြီး နောက်တစ်ကြိမ် ဟောပြောပွဲတွေ လုပ်တယ်။ ဘာလို့ ဒီအချိန်ကို အသေးစိတ်ပြောရတာလည်း ဆိုတော့ – ဒီအချိန်ဟာ အော့စပန်းစကီး အတွက် ဘ၀ အချိုးအကွေ့ အချိန်တစ်ခု ဖြစ်လို့ပဲ။ အကြောင်းက – ဒီဟောပြောပွဲ လုပ်ချိန်မှာ- သူ့ပရိသတ်ထဲက လူနှစ်ဦးကြောင့်။ အဲ့ဒီနှစ်ဦးမှာ တစ်ဦးက ဂီတပညာရှင်၊ တစ်ဦးက ပန်းပုပညာရှင်။ သူတို့ နှစ်ဦး ဇွတ်တိုက်တွန်းမှုကြောင့် သူ့ဘ၀ရဲ့ ဆရာသခင် ဂုဂျိယဖ်နဲ့ ဆုံဖို့ အကြောင်း ဖြစ်လာတော့တယ်။ တကယ်တမ်း ဆုံလို့သာ ဆုံဖြစ်ခဲ့တာ – အော့စပန်းစကီးဟာ ဂုဂျိယဖ်ကို သွားတွေ့ဖို့ရာ တော်တော် အင်တင်တင် နိုင်ခဲ့သေးတာ။ ဒါပေမယ့် စဆုံပြီးတဲ့ အခါမှာတော့ သူ့ဆရာသခင် ဂုဂျိယဖ် အပေါ် သူ့ဘ၀ ဆယ်ရာစုနဲ့ချီ မြုပ်နှံပုံအပ်ခဲ့တော့တာပဲ။
.
သူရဲ့ နာမည်ကျော် ဂုဂျိယဖ်မိတ်ဆက်ကျမ်းတစ်စောင် ဖြစ်တဲ့ ဂမ္ဘီရရှာပုံတော် ပထမခန်းမှာ သူ့ဆရာ ဂုဂျိယဖ်နဲ့ စတွေ့ခဲ့ပုံကို ချစ်စရာကောင်းအောင် ဒီလို ရေးထားသေးတယ်။

“ဤသို့ ဆုံဆည်းခဲ့ရပုံကို ကျွန်ုပ်သည် ကောင်းစွာ မှတ်မိပါသေး၏။
.
” မြို့လည် မကျသော်လည်း ရှုပ်ထွေး ဆူညံလှသော လမ်းကြားငယ်၏ ကာဖီဆိုင်ငယ်လေး တစ်ခုသို့ ကျွန်ုပ်တို့ ရောက်ရှိလာခဲ့ပါ၏။ အရှေ့တိုင်းဟန် အပြည့်ရှိ၍ အသက်အားဖြင့် မငယ်လှသော သူ့ကို ကျွန်ုပ် တွေ့ခဲ့ရ၏။ စူးရှသော မျက်ဝန်းအကြည့်နှင့် နက်မှောင်သော နှုတ်ခမ်းမွှေးများက ထိုခေတ်ကာလ၏ ပတ်ဝန်းကျင်နှင့် လုံးလုံးလျားလျား ခွဲထွက်ခြားနားနေသော သူ့ပုံသဏ္ဍာန်သည် ကျွန်ုပ်ကို လွန်စွာ အံ့အားသင့်စေခဲ့ပါသည်။
.
“ကျွန်ုပ်သည် အရှေ့တိုင်း ယဉ်ကျေးမှုနှင့် ရင်းနှီးကျွမ်းဝင်ပြီးသူ ဖြစ်၏။ သို့သော် ဤကဲ့သို့ အငယ်စား ပွဲစား၊ ဈေးသည်များ စုံဆည်းရာ ဈေးတန်းငယ် သဖွယ် ဖြစ်နေသည့် ကာဖီဆိုင် တစ်ခုတွင် ဤကဲ့သို့ အိန္ဒိယ မဟာရာဇာ တစ်ဦး၏ မျက်နှာသွင်ပြင်မျိုး သင် မြင်တွေ့ရမည် ဟု ထင်မှတ်ထားမည် မဟုတ်ပေ။
.
“တနည်းအားဖြင့် ရွှေချည်ကြိုး ပိတ်ဖြူဖြင့် အစဉ် တင့်တယ်နေတတ်သော အာရပ်စော်ဘွားတစ်ဦး၏ မျက်နှာထားမျိုးဖြင့် နက်မှောင်သော ကုတ်အင်္ကျီ၊ ကတ္တီပါသား ကော်လာ၊ အနက်ရောင် ဦးထုပ်အ၀ိုင်း ဆောင်းလျက် အခန့်သား တည်ငြိမ်အေးဆေးလျက် ရှိနေသည့် သူ့သွင်ပြင်မှာ ကျွန်ုပ်အတွက် မမျှော်လင့်ထားသည့် အလျောက် လွန်စွာမှ ထူးဆန်းလျက် ရှိ၏။ ရုပ်ဖျက်ပညာ မကျွမ်းကျင်သူ တစ်ဦး ရုပ်ဖျက် ထိုင်နေသည်ဟုပင် ထင်ရ၏။
.
“သို့သော်လည်း စကားပြောမိသည့်အခါ ဘယ်အရာမျှ ဟန်ဆောင်ဖုန်းကွယ် မထားကြောင်း တမုဟုတ်ချင်း သိနိုင်သောသူမျိုး ဖြစ်၏။ သူ၏ ရုရှားစကားသည် ၀ါစင်္ဂ မမှန်သည့်အပြင် ကော့ကေးဆပ်လေသံ တိမ်းလျက် ရှိ၏။ ဤသို့သော လူမျိုးမှ နူးညံ့သော ဒဿနဆိုင်ရာ အတွေးအမြင်များ ကြားသိရမည် ဆိုသည်မှာ ပို၍ပင် ထူးဆန်းလှပါဘိ။”

…………………
ကျန်တာတော့ အဆင်သင့်သလို ဆက်ရေးပါမယ်။

With Love,
Zayya

About zayya
Just Be. That's Enough! Shared words with Silence.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

%d bloggers like this: