တောက်တယ်ကျင်း အပိုဒ် (၂၀)
January 25, 2022 Leave a comment

သင်ယူခြင်းကို ဖယ်ရှားပစ်လော့။
စိုးရွံ့မှုများ အဆုံးသတ်သွားလိမ့်မည်။
“မှန်ပါ”နှင့် “ဟုတ်ကဲ့”အကြား မည်မျှကွာခြားပါသနည်း။
ကောင်းမှုနှင့် မကောင်းမှုအကြား မည်မျှကွာဝေးပါသနည်း။
လူတို့ကြောက်ရွံ့သမျှတို့သည် စင်စစ် ကြောက်ရွံ့စဖွယ်သည်ချည်း။
သို့သော် ရှုလော့။ အဝေးရပ်တွင် ရောင်နီလာတော့မည်။*
လောကသားတို့သည်
ယဇ်ပွဲသဘင် စီရင်နေဘိသကဲ့သို့၊ နွေဦးစားပွဲ တောင်တက်ခရီးထွက်သကဲ့သို့
ပျော်ခြင်းကြီး ပျော်ပါးနေကြကုန်၏။
ငါသည်ကား အထီးတည်း ငြိမ်သက်၊ မလှုပ်မယှက်၊
ပြုံးဖို့ရာပင် မသိသေးသော ပီဘိကလေးငယ်ကဲ့သို့ ကြည်စင်လျက်၊
အိုးမဲ့အိမ်မဲ့ကဲ့သို့ အတွယ်အတာကင်းလျက် ရှိ၏။
လောကသားတို့သည် ပြည့်စုံ ကုံလုံ သုံးဖြုန်းနိုင်ကြကုန်၏။
ငါသည်ကား အထီးတည်း အပယ်ခံသားအဖြစ် တည်လျက်၊
ငါ၏ နှလုံးအိမ်သည် သူရူးတစ်ယောက်ကဲ့သို့
မထင်မရှား ဝေဝါးနောက်ကျုလျက် နေ၏။
လောကသားတို့သည် အသိအမြင် ကြည်လင်ပြတ်သားနေချိန်၌
ငါသည်ကား အထီးတည်း ထွေပြားလျက် ရှိ၏။
လောကသားတို့သည် ထက်မြက် ဖြတ်လပ် စိတ်ချသေချာနေကြချိန်၌
ငါသည်ကား အထီးတည်း အားမာန်ကျလျက်၊
ပင်လယ်ပြင်ကဲ့သို့ သည်းညည်းခံလျက်၊
ဦးတည်ရာမဲ့ လေလွင့်လျက် ရှိ၏။
လောကသားတို့သည် ရည်မှန်းချက်ကိုယ်စီ လက်ကိုင်ထားကြချိန်၌
ငါသည်ကား အထီးတည်း ထုံထိုင်းတွေဝေ ရူးသွပ်နေ၏။
ငါသည်ကား လောကသားတို့နှင့် မတူ၊ တစ်သီးပုဂ္ဂလ ကွဲပြားလျက်၊
မိခင်၏ နို့ချိုကိုသာလျှင် ရွေးချယ်သောက်သုံး၏။
………………….…
道徳経第二十章
……………………