အမတဂုဏ်
October 9, 2011 Leave a comment
လမ်းညွှန်သမှု၊ ( ဝါ ) ထောက်ပံ့ တွန်းအား ပြုတတ်ကြသူတွေကို ဆရာ ( ဆာရာ၊ အရိပ် ) လို့ ခေါ်ဆိုကြမြဲပဲ လို့ ဆိုရင် ကျနော် ငယ်စဉ် တန်းကျောင်း ဘဝ၊ သင်္ချာကို မြတ်နိုးစ ပြုချိန်မှာ ထောက်ပံ့အားပေးခဲ့ကြတဲ့ ဆရာ လွဏ်းမောင် ( မြားနတ်မောင် )၊ W.W.Sawyer ၊ G.H.Hardy ၊ B.Russell တို့ဟာ ကျနော့ဆရာ ( ကျနော့အေးရိပ် ) များ ဖြစ်ကြပါလိမ့်မယ်။ ( စာအုပ်စာတမ်းများမှ ဖြစ်၍ မြင်ဆရာများဟု ခေါ်မည်လား မပြောတတ် )
အထူးသဖြင့် အဆင့်မြင့်သင်္ချာတန်းကို နကန်းတစ်လုံး မသိသေးတဲ့ အဲ့အချိန်က သင်္ချာပညာရှင်များရဲ့ စိတ်ထားနဲ့ ဈာန်ဝင်စားမှု၊ စရိုက်တွေကို လေးစား အားကျလာအောင် ထောက်ပံ့ပေးသူက ဆရာလွဏ်းမောင် ဖြစ်ပါတယ်။ မြှားနတ်မောင် မဂ္ဂဇင်းကို ကိုင်တွယ်ရင်း လစဉ် လစဉ် သင်္ချာ ဗဟုသုတနဲ့ ပဟေဠိ ဝှက်စာတွေ တင်ထုတ်ပေးနေကျပါ။ လစဉ်လတိုင်း ဆရာ့ဆောင်းပါးတွေကို ကျနော်တို့ မပျက်မကွက် စောင့်ဖတ်ခဲ့ကြတယ်။ ဆရာ့စာတွေကို ဖင်တပြန် ခေါင်းတပြန် ဖွတ်ဖွတ်ညက်ညက် ကြေသည်အထိ ပဲဆိုပါတော့။ အဲ့ဒီဆောင်းပါးတွေကနေ တစ်ဆင့် သင်္ချာပညာရပ်အပေါ် တန်ဖိုးထားတဲ့ ဆရာ့စိတ်ထားကို မြင်ခဲ့ကြရတယ်။
သိပ်မကြာသေးမီမှာ ဆရာဆုံးပါးသွားခဲ့တဲ့နောက် ဆရာ နဲ့တူမယ့် နောက်တစ်ယောက် မရှိခဲ့တာ ကြောင့်လား မသိ – မြှားနတ်မောင် မဂ္ဂဇင်းရဲ့ လစဉ်သင်္ချာကဏ္ဍလေး လည်း ရပ်တန့်သွားခဲ့တယ်။ ကျနော့အနေနဲ့ ဆရာ့ကို နှမြောတသ ဦးညွှတ်ရင်း သူထားခဲ့တဲ့ လမ်းကို ဆက်လျောက်လာခဲ့တယ်။ ကနေ့ထိတိုင် လျောက်နေဆဲပါ။ တောင်ကမ်းပါးယံကို ခွေပတ် လိမ်ကောက် ဖောက်ထားတဲ့လမ်း၊ တစ်ခါတစ်ရံ လမ်းပျောက်လို့ မိမိခွန်အားနဲ့ မိမိ ထွင်းဖောက်သွားရတဲ့လမ်း။ ဒီလမ်းတွေရဲ့ အဆုံးသတ်ပန်းတိုင်ဟာ ဘာဖြစ်မလဲ ။ အဆုံးသတ် ဆိုတာကော ရှိရဲ့လား ။ အဲ့ဒါကို ကျနော် မသိပါဘူး။ ဒီပို့စ်မှာ ပြောချင်တဲ့အကြောင်းအရာလည်း မဟုတ်ဘူး။
ဒီနေရာမှာ ပြောချင်တာက – ဘယ်သူမှ မပါဘဲ ဘယ်အား ဘယ်မာန်တွေနဲ့ ဆက်လျောက်ခဲ့ ပါသလဲ ဆိုတဲ့ မေးခွန်းကို ဆင်ခြင်ကြည့်ဖို့သာ ဖြစ်ပါတယ်။ အဲ့ဒီအတွက် ဆရာရဲ့ စာပိုဒ်ငယ်လေး တစ်ခု ဖြစ်တဲ့ “အချစ်စစ် ဟူသည်” ဆိုတာကို “အမတဂုဏ်” အနေနဲ့ ကျနော် ပြန်ရေးတယ်။
………………………………….
ပလေတိုရဲ့ ကျမ်းပေါင်း သုံးဆယ်ကျော်ထဲမှာ စာပွဲသဘင် လို့ အဓိပ္ပာယ်ရတဲ့ ( SYMPOSIUM ) ကျမ်း ဆိုတာ ရှိပါတယ်။ “အချစ်၊ မေတ္တာ” ရဲ့ သဘောသဘာဝကို ယုတ္တိဗေဒ ရှုထောင်နဲ့ တင်ပြထားတယ်။ ဆရာဇော်ဂျီရေးတဲ့ “ပလေးတိုး နိဒါန်း” ထဲမှာ – အဲ့ဒီကျမ်းရဲ့ အချို့ အစိတ်အပိုင်းတွေကို ကောက်နှုတ်ပြန်ဆိုထားတာ ရှိပါတယ်။ ဆရာဇော်ဂျီရဲ့ စာအုပ်မှာတော့ “ဆော့ခရတ္တိရဲ့ မေတ္တာဘွဲ့” လို့ အမည် ပေးထားတယ်။
အဲ့ကျမ်းမှာ ဆော့ခရတ္တိက အဓိပ္ပာယ် အချို့ ဖွင့်ဆိုရာကနေ နိဒါန်းပျိုးပါတယ်။ ကျနော်တို့ အခုသာမာန် သုံးစွဲနေကြတဲ့ အတ္တနောမတိ အသိ ၊ သတ်မှတ်ချက်တွေ နဲ့တော့ ပုံစံ ကွဲပြား နေမယ်။ သူ ဖွင့်ဆိုပြခဲ့တာက –