ပလုံ

ကုန်းခေါင်ခေါင်က ပင်လယ်ပြင်ထဲ
ငါးတစ်ကောင် ကားခနဲ ခုန်အဆင်း
ပင်လယ်ပြင်က နှုတ်ခွန်းဆက်
“ဩ- ပြန်လာပြီလား” တဲ့။

ဆူဖီဆရာ ရူမီရဲ့ ဒီကဗျာလေးက ဇင် ဟိုက္ကု ကဗျာလေး တစ်ပုဒ်နဲ့ ဆင်တူတယ်။ မူလဘူတ ဌာနေကို ပြည့်ပြည့်ဝဝ ရောက်ရှိတဲ့ သူ အတွက် – နေထိုင်တဲ့ ခဏတွေ ဟာ မေးခွန်း မရှိ၊ အဖြေ မလို၊ ဟိုသည် ဖွေရှာ နေတဲ့ အဖြစ် အားလုံး ရပ်တန့်သွား တာ တွေ့ရ ပါလိမ့်မယ်။

တစ်ခဏတာ ကိုသာ မြင်သူ အတွက် အတိတ် ဟာ စွဲညိ မနေဘူး။ တစ်ခဏတာ ကို မိမိ ရရ ရှုမှတ် နိုင်သူ အတွက် အနာဂတ် လည်း မလိုအပ်ဘူး။ အတိတ်၊ အနာဂတ် ရှိ မနေသူ အတွက် ဘယ် မေးခွန်းမှ မပေါ်ပေါက် ဘူး။ ဒါကြောင့် အဲ့လူဟာ ဘယ် အဖြေကိုမှ ရှာ မနေတော့ဘူး။ Read more of this post

ဿံဒြ

အရုဏ်ဦး မလာခင် နာရီပိုင်း အလိုမှာပဲ။

ညဥ့်က ထွက်ခွာသွားဖို့ အထုပ်အပိုး ပြင်နေ တယ်။ နေရောင်ခြည် ကလည်း ခြေတစ်လှမ်း မှ မရောက်လာ သေး။ အဝေး မိုးကုပ် စက်ဝိုင်း မှာ တိမ်ညို တွေ အပြတ် အပြတ် တွဲခိုနေ။ မိုး ဟာ ဒီမနက် ရွာ – အခု ရွာ – နောင် ဆက်ရွာ လိမ့်ဦးမယ်။ မိုးအေးအေး တွေ အောက်မှာ အဝေး တစ်နေရာ က ရေတွေ ဘောင်ဘင်ခတ်လို့ – မအေးနိုင်တဲ့ စိတ်ကူးတွေ ရှိတယ်။ သူတို့ ကို ရေခဲမှတ် အောက်ကို ဆွဲချ၊ ခဏ ငြိမ်သက် တိတ်ဆိတ်သွား။ ဒီ မနက်ခင်း ဟာ ရင်ခုန်သံ မပါဘဲ အသက်ကို မျှင်း ရှူနေ တယ်။

ဒီအချိန် မှာ – အလင်း ရောက်ဖို့ ဆန္ဒ မရှိလိုက်ပါနဲ့လား။ ပန်းတွေ တောင် – မပွင့်ဖူး လာသေး – သန်းဝေ လို့ ကောင်းတုန်း ရယ်။ ကျေးငှက် တွေလည်း နံနက်ခင်း တေး ဆိုဖို့ – အတောင်ပံ တွေ တဆတ်ဆတ် ခါ၊ ခြေညောင်း လက်ဆန့် ပြုနေတုန်း။ မကြာခင် ဝေဟင် မှာ ဝဲက ဖို့- ခုမှ တစ်ရေး နှပ်နေတုန်း။

ပကတိ ငြိမ်သက် နေတဲ့ ဒီအချိန် ဟာ နေ့လည်း မဟုတ်ဘူး၊ ညလည်း မဟုတ် ဘူး။ အခြားအချိန်တွေထက် ထူးပါတယ်။ ကြားကာလ ဒီတစ်ခဏကို အရှေ့တိုင်း မှာ Sandhya လို့ အမည် ဂုဏ်ထူး တပ်ခေါ်တယ်။ Sandhya ရဲ့ အဓိပ္ပာယ် က နေ့နဲ့ ညကြား ဆည်းဆာ။ ညအကုန် နေ့ကူး တဲ့ မနက် အရုဏ် ဆည်းဆာ ရှိတယ်။ နေ့ အကုန် ညကူးတဲ့ ညနေ ဆည်းဆာ ရှိတယ်။ တစ်ရက် ကို နှစ်ကြိမ် နှစ်ခါ တွေ့ရ မယ့် တစ်ခဏကို ဘာဝနာ ပြုသူ အများက အလေးအနက် ထား တယ်။ တစ်နည်း အားဖြင့် “မရဏ ရဲ့ အချိန်နာရီ” လို့ မှတ်ယူလေ့ ရှိပါတယ်။ Read more of this post

ဂန္ဓရ်ဝ

အိန္ဒိယ ဒဏ္ဍာရီ မှာ ဂန္ဓရ်ဝ ဆိုတာ နတ်ဘုရားရဲ့ ဂီတသမား တွေ၊ ကောင်းကင်ဘုံရဲ့ ဂီတ ပညာရှင် တွေ ကို သုံးတယ်။ ဂီတ ကို ကောင်းကင်ဘုံ နဲ့ ဆက်စပ် တယ် လို့ သတ်မှတ်တဲ့ အနေနဲ့ ဖြစ် မယ်။ တကယ်မှာ လည်း မြင့်မြတ်တဲ့ ဓမ္မ ဆီ ဆောင်ကျဉ်းပေး တဲ့ နေရာမှာ – ဘာဝနာ နဲ့ ဂီတ ဟာ တစ်ဦးနဲ့ တစ်ဦး – အနီးစပ်ဆုံးမှာ ရှိပါတယ်။ ဂီတ နယ်ပယ် အတွင်းဘက် ကို လျှိုးဝင် ရင်း ရှေ့ ကို ခြေတစ်ဘက်စာ လွန်မြောက် လိုက်တာနဲ့ ဘာဝနာ ထဲ ဆိုက်ရောက် သွားရတယ်။

စိတ်ကူး ခံစားချက်တွေ ကနေ – ဂီတ ပေါက်ဖွားတယ် လို့ ပြောတတ် တယ် မဟုတ်လား။ ဒါပေမယ့် ဂီတ ဟာ စိတ်ကူး ခံစားချက် အတွင်း မှာ တစ်ခုတည်း မဟုတ်ဘူး။ စိတ်ကူး ခံစားချက် နဲ့ ဘာဝနာ တို့ အကြား စပ်ကြောင်း မှာ တည်တယ်။ နယ်နိမိတ်မျဉ်း ဖြစ်တယ်။ ဒါ့ကြောင့် ဂီတ ဟာ ဘာဝနာ ဘက်ကို ကူးရင် ငြိမ်ဝပ် သွား သလို ခံစားချက် ဘက်ကို ကူးရင်လည်း မျောလွင့် မြူးကြွ နေတယ်။ စိတ်လှုပ်ရှား မျောလွင့်တဲ့ အဖြစ်နဲ့ ဘာဝနာ အကြားမှာ – ဂီတ ဟာ အလွယ်တကူ အသွင်ပြောင်း သွားနိုင်တယ်။

ဘာလို့ ဆို ဂီတ ဟာ လောကီနယ် အတွင်း အဖြူစင်နိုင်ဆုံး ပီတိ ကို ပေးစွမ်းနိုင်လို့ပဲ။ နောက်ပြီး ဂီတဟာ စကားလုံးတွေနဲ့ အဓိပ္ပာယ် မသတ်မှတ် ထားတဲ့ အသံချည်း သက်သက်။ စကား ဝေါဟာရတွေ မှာ ကန့်သတ်ချက်ရှိတယ်။ လစ်မစ် ရှိတယ်။ အသံ မှာတော့ အကန့် အသတ် မရှိ၊ လစ်မစ် မရှိဘူး။ ဒါ့ကြောင့် ဂီတရဲ့ အလှအပ ဟာ အကန့်အသတ် ဘောင်တွေ ကို ကျော်လွန်ပြီး လူးလာခေါက်တုံ ပြုနိုင် တယ်။ ဘောင်တိုင်း ကို ထိုးဖောက်နိုင်တယ်။ ဘယ်နေရာမဆိုမှာ ဂီတရဲ့ အစွမ်းဟာ ဝင်ဆံ့နိုင်နေတယ်။

Read more of this post

အလွဲ

အန္တိမ သစ္စာ ဆိုတဲ့ ပါဠိသက် စကားလုံး လှလှအောက်မှာ – ကြည်လင်တဲ့ အသွင် သာ စီးဆင်း တည်ရှိ တယ်။ လူပေါင်း များစွာ လည်း ဒါကို ရှာဖွေ ကြတယ် လို့ အမည် ကြွေးကြော် တယ်။ လိုချင်ကြတယ်။ ဒါဟာ ငြိမ်းချမ်းရာပါ လို့ တမ်းတတယ်။ အဲ့ဒီ သစ္စာတရား ဟာ အဝေးကြီး မှာ မဟုတ်ဘူး။ အကွာအဝေး မဟုတ်ဘူး ရယ်။ တစ်နည်း – အတိုင်းအထွာ အတွင်း တည်ရှိ နေတာ မဟုတ်ဘူး။ မိမိနဲ့ အနီးဆုံး၊ မိမိ ကိုယ်တိုင် ဆီကိုသာ ဦးညွှတ် ရှိနေပါတယ်။

မိမိ မျက်လုံး ဟာ သူ့ကိုယ်သူ ပြန်မမြင်ဘူး။ မြေနဲ့ နီးတဲ့ ခြေထောက် ဟာ မြေကို မမြင်ဘူး။ မြေပြင် မှာ နေထိုင် သွားလာနေ ပေမယ့် ကမ္ဘာအဝန်း ကို မမြင်ဘူး။ နီးလွန်းလို့ မမြင်တာနဲ့ – ကြီးလွန်းလို့ မမြင်တာ – ဒီနှစ်ခု ကွာတာပါပဲ။ ဒီလက္ခဏာ နှစ်ခု စလုံး ဟာ – တရား ဓမ္မရဲ့ သဏ္ဍာန်တူ လက္ခဏာရပ် များ ဖြစ်ပါတယ်။ ဒီ အကြောင်းကြောင့်လည်း သစ္စာ ဓမ္မနဲ့ အကြိမ်ပေါင်း များစွာ လွဲခဲ့ကြ ရတယ်။ နှစ်ကာလ ပေါင်း များစွာ စံစား ခံစား ဖြတ်သန်း ခဲ့ရတယ်။

အများ ပြုကျင့်ရင်း အထုံဓလေ့ ဖြစ်ခဲ့တဲ့ အမှု တွေထဲမှာ – ထပ်ဖန် တလဲလဲ လွဲချော်နေရခြင်း အဖြစ် ဟာ အထင်ကရ နေရာမှာ ရှိတယ်။ အများစု ဟာ ဒီလို လွဲချော် နေ ရတာကို ကျင့်သား ရနေကြ ပြီးသားရယ်။ ဒီ အကျင့်ကို မပြင် နိုင်မချင်း၊ အနီးဆုံးဟာ အဝေးဆုံး မှာ ရှိနေ ပြီး၊ အနားပါး နေရက်နဲ့ မမြင်နိုင်ဆုံး အရာ ဖြစ်နေ ဦးမှာပဲ။ ဒီ လွဲချော် နေတဲ့ အကျင့်ကို မပြင် နိုင်မချင်း၊ “ဘုရားသခင်၊ သစ္စာ တရား၊ ကောင်းကင်ဘုံ၊ ဂျန္နသ်၊ နိဗ္ဗာန” ဒါမှမဟုတ် ကြိုက်ရာ အမည်တစ်ခုခု နဲ့ ဘယ်လို တမ်းမှန်း ကြပါစေ – နက်နဲ သိရ ခက် နေဦး မှာပဲ။ သီအိုရီ တွေ၊ ဝါဒတွေ အငြင်းပွား နေဦးမှာပဲ။ ယုံကြည်ရမယ် – မယုံကြည်ရဘူး- ကျင့်မယ်- မကျင့်ဘူး တွေနဲ့ … စင်စစ် ဓမ္မ က လွဲချော် နေကြ ဦးမှာပဲ။

Read more of this post

ငါသည် ငြိမ်သက်စွာ စောင့်ဆိုင်းလျက်

ငြိမ်သက် တိတ်ဆိတ် စွာ ထိုင်၍ စိတ်အာရုံ တို့ ၏ ကစားမြူးထူး ချယ်လှယ်သမျှ စေ့စေ့ စောင့်ကြည့် နိုင်ရန် တိုက်တွန်းပါသည်။ ယင်း အခါတိုင်း ၌ တစ်စ တစ်စ ပျော်ဝင် ပျောက်ကွယ် နေသည့် မိမိ သန္တာန် ကိုသာ မြင်တွေ့ရမည် ချည်း ဖြစ်သည်။ အညွှန်းဘောင် အနားသတ် တို့ ပါးလျှ ကုန် သည်။ သိစိတ် သက်သက် ၏ ကြည်လင်နေသော အဖြစ် သာ ထင်လင်း ကျန်ရစ် ခဲ့သည်။ ထိုသို့မျှ မဟုတ်ဘဲ – မိမိ အရေပြား တစ်ထောက် အတွင်း အဘယ် အကြောင်း နှင့် အချုပ်နှောင် ခံနေကြ ရပါသနည်း။ လူသည် ဤ ခန္ဓာကိုယ် တွင်း – တစ်လံမျှ အပိုင်းအခြား တစ်ခုတည်း၌ ရှိနေသည် မဟုတ်ပေ။ ၎င်းထက် ပိုသာ သော အဖြစ် သည် မြင်နိုင်သူ တို့ အတွက် စောင့်ဆိုင်း နေကြသည် ချည်း ဖြစ်သည်။

သင့် ကိုယ်ပိုင် ရတနာ သည် သင့်ကိုယ်တွင်း မှာသာ ရှိပါသည်။ မိမိ၏ ဝင်ရောက် ရှာဖွေ နိုင်စွမ်း ပေါ်တွင်သာ မူတည် သည်။ တစ်နည်း — ယင်း ဝင်ရောက် ရှာဖွေ နိုင် သမှု ကို “ဘာဝနာ” ဟု ဆိုရပါလျှင်၊ ဘာဝနာ အားဖြင့်သာ မိမိတို့ ရတနာဆီ ဆိုက်ရောက် နိုင်သည်။ ဘာဝနာ အားဖြင့်သာ အချိန်ကာလ ၏ အညွှန်းဘောင်ကို နောက်တွင် စိတ်ချလက်ချ ချန်ထား ခဲ့နိုင်သည်။

ဘာဝနာ မရှိ ခဲ့ပါလျှင် သင်သည် အချိန်ကာလ ၏ တစ်စိတ် တစ်ပိုင်းမျှ ထက် ဘာမှ မပိုပေ။ အချိန်ကာလ အတွင်း ဝင်ရောက် နေသည့် သင်၏ အဖြစ် သည် အဘယ်မှာ အဆုံးသတ် ပါမည်နည်း။ စင်စစ် – သေခြင်းတရား ၌ သာ အဆုံး ကမ္ပတ် တည်ရှိ၏။ သေခြင်းတရား သည် သင် နှင့် ကျွန်ုပ်တို့ ကြိုးစား ပမ်းစား ဆောက်လုပ် ခဲ့ကြသည့် အရာရာတိုင်းကို သဲအိမ်များ သဖွယ် အလွယ် တကူ တိုက်စား သွားလိမ့်မည်။ Read more of this post

စောရ နှင့် နာဂါဇုန

Q: ဘာဝနာပဲ ပြောပြီး၊ အကျင့်သီလ စောင့်ထိန်းမှု နဲ့ ပတ်သက်လို့ ဘာမှ ပြောတာ မတွေ့ရဘူး။ ကိုယ်ကျင့် သိက္ခာမှာ- ဘယ်ဟာ မှန်ပြီး ဘယ်ဟာ အမှားလို့ ဘယ်လို ဆုံးဖြတ်မလဲ။

A: ဘယ်ဟာ အမှား၊ ဘယ်ဟာ အမှန် ပါ ဆိုတာ တွေ ကို ဆိုင်ရာ ဘာသာရေး အားလုံး မှာ ကိုယ်စီ သတ်မှတ် ပြဌာန်း ထား တယ်။ “ဒါ လုပ်ပါ – ဟိုဟာ မလုပ်နဲ့။ ဒါ ကုသိုလ်၊ ဟိုဟာ အ ကုသိုလ်၊ ဒါ က ကိုယ်ကျင့်သီလ၊ ဟိုဟာ က ဖောက်ပြားမှု အပြစ် – စသဖြင့် ခွဲခြား ပြော ကြား ထားပြီး ဖြစ်ပါ တယ် ။ ဒါပေမယ့် အဲ့ဒီ ခွဲခြား သတ်မှတ် တာ ဟာ မှန်တယ် လို့ ကျနော် မမြင်ဘူး။ ဒါ့အပြင် အဲ့ဒီ သတ်မှတ် ခွဲခြား၊ ပညတ် ချက် ဟာ စင်စစ် အကျိုး သက်ရောက်မှု မရှိနေ ဘူးရယ်။

ဘဝ တစ်ခုလုံး ဟာ အမြဲ ပြောင်းလဲ နေပါ တယ် ။ ခင်ဗျား တခဏလေး စိုက်ကြည့်ရုံနဲ့ ကိုယ့် ဘာသာ သိနိုင်တယ်။ ဘယ် အရာ မှ မကျိန်းသေ ရင်တောင် – ပြောင်းလဲနေ တဲ့ ဖြစ်စဉ် ကတော့ ကျိန်းသေ ရှိကို ရှိ နေတယ်။ ခင်ဗျား အပါအဝင် အရာရာ တိုင်း ဘယ် တစ်ခုမှ မချွင်းမချန် ဆက်ခါ ဆက်ခါ ပြောင်းလဲ နေ တယ်။ အဲ့ဒီ အပြောင်း အလဲ တွေ ကြားထဲမှာ – ဒါကို အမှန်၊ ဟိုဟာ ကို အမှား လို့ – Ready-made အဖြေတွေ – ခင်ဗျား ဘယ်အကြောင်းနဲ့ ယူထား မလဲ။ ဘယ်လို ယူထား မလဲ။ အသင့် ထုပ်ပိုး ပြီးသား အဖြေတွေ နဲ့ ခင်ဗျား ရှေ့မှာ ရှိမယ့် အပြောင်းအလဲ တိုင်း၊ ဖြစ်ရပ် တိုင်း ကို ဘယ်လို ရင်ဆိုင် မလဲ။

ဒီကြား ထဲ က – “ဘယ်လို အခြေ အနေ ဖြစ်ဖြစ် ဒါပဲ လုပ်ရမယ် – ဒါမှ အမှန်ပါ” လို့ ကျနော် က ပြောမယ် ဆိုပါစို့။ ခင်ဗျား လည်း ကျနော့ ကို ခင်မင်ရတဲ့ မိတ်ဆွေ တစ်ဦး မို့ ချစ်ခင် ယုံကြည် လို့၊ လက်ခံ စွဲမြဲ ထားမယ် ဆိုပါစို့။ ခင်ဗျား ကိုယ်တိုင်တောင် မသိတဲ့ ဖြစ်ရပ် တစ်ခု ကြုံ ဆုံတဲ့ အခါ – ကျနော် ပြောမယ့် အဲ့ဒီ Moral Code နဲ့ – ခင်ဗျား ဘယ်လို ရင်ဆိုင် မလဲ။ ခင်ဗျား ကိုယ်တိုင် အသိ မပါဘဲ – မှတ်သား မိလို့ သက်သက် – လုပ်ရတဲ့ အလုပ် ဟာ ခင်ဗျား ရင်တွင်းထဲ Dilemma သာ ပေါ်ပေါက်သွား ဖို့ ရှိတယ်။ ခင်ဗျား အတွက် အဟန့် အတား သာ ဖြစ်နေ ပါလိမ့်မယ်။ Read more of this post

ပျင်းရိမှုကို စမ်းကြည့်သော အခါ

ခင်ဗျား ပျင်းရိ တယ်- ငြီးငွေ့ တယ် လို့ ပြောတဲ့ အခါ အဲ့ဒါဟာ တခြား အဖြစ်ကို ဆိုလိုတာ မဟုတ် ဘူး။ ခင်ဗျား စိတ် မှာ အသစ် အသစ် အတွေ့ အကြုံ တွေ မရှိ တော့ဘဲ – ဖရိုဖရဲ ပြိုကွဲ သွားတဲ့ အခြေ အနေ ကို သာ ဆိုလို တယ်။ စိတ် သမ္ပဇဉ် မှာ ဘယ် အသစ်မှ မကြုံတွေ့ မခံစား မိဘူး လို့ ပြော ရ မှာပဲ ။ ဒါပေ မယ့် အဲ့ဒီ အတိုင်း ပြင်းပြင်း ထန်ထန် ငြီးငွေ့ လာတယ် ဆိုတဲ့ အခါ – အဲ့ဒီ ငြီးငွေ့နေ တဲ့ စိတ် ကို ဆက်ခါ ဆက်ခါ မွေးမြူ ရင်း နေကြည့်ပါ။ အဲ့ဒီ ငြီးငွေ့ တဲ့ မိမိ စိတ် အဖြစ် ကို လက်ခံ ကြည့် ပါ။ စိတ်အစဉ် အတွေးတွေ ဖရိုဖရဲ အဖြစ် ကနေ လုံးဝ ရပ်တန့် သွားကြောင်း တွေ့ ရ ပါလိမ့် မယ်။ ဘာလို့ဆို အဲ့အချိန် မှာ အတွေးတွေ က ရှေ့ဆက် အလုပ် လုပ်လို့ မရတော့ တာ ကြောင့် ပဲ။

စိတ်အတွေး တိုင်း ဟာ တက်ကြွ ရမယ့် အခြေအနေမှာသာ အမြဲတမ်း ရှင်သန် နေ လိုပါတယ်။ ကြည် စင် နေတဲ့ – ပေါ့ပါး နေ တဲ့ – အသစ် အသစ် ဖြစ်နေ တဲ့ အပေါ်မှာသာ အမြဲ တည် မှီ လို တယ်။ ဘာ စိတ် လှုပ်ရှား စရာ မှ မရှိတော့ဘူး ဆိုရင် စိတ်အတွေး တွေလည်း တစ စီ ကောက်ရ သိမ်းရ ခက် သွား တော့တယ်။ စိတ် အတွေး တွေ အလုပ်လုပ်နိုင်စွမ်း “အား” နည်း သွား တယ် ။ အဲ့လို အခြေ အနေ မှာ ကြည့်ကြည့်ပါ – ခင်ဗျား ပထမ ဆုံး – ဘာဝနာ ရဲ့ ရသ ကို ခံစား ကြည့် လို့ ရတယ်။

ပြီးခဲ့ တဲ့ အတိတ် ကာလ အချိန်တွေ က လူတွေ ဟာ ဘာဝနာ မှာ အားကောင်း ကြတယ်။ ဘာကြောင့် လဲ။ အကြောင်း က – အဲ့ဒီ အတိတ် ကာလ ကမ္ဘာ၊ လူ့ အဖွဲ့ အစည်း ဟာ ဒူပေ ဒါပေ – ဒုံးရိုး တွေ နဲ့ လည်ပတ် နေပြီး – အင်မတန် ပျင်း စရာ ကောင်း လို့ပဲ – လို့ ကောက်ချက် ချရ ပါ လိမ့်မယ်။ တိုင်း၊ နိုင်ငံ ၊ မြို့ရွာ စသဖြင့် မှာ ကြည့်ရင် တော်ရုံတန်ရုံ – အပျော် အသစ်အဆန်း ဆို တာ ရှားပါး တယ်။ ရာစုနှစ် ပေါင်း များ စွာ အဲ့ဒီ အသွင် သဏ္ဍာန် နဲ့ လည်ပတ် ရှင်သန် နေခဲ့ ကြ တယ်။ အဲ့ အတွက် လူတွေ ရဲ့ စိတ် မှာ ဘာသာရေး၊ ဘာဝနာ အရေး အရာ ဘက် ကို အာရုံ စူးစိုက် မှု ပိုများ တယ်။ အဲ့ဘက် မှာ အား ကောင်း တယ်။ ဥပမာ – သတင်းစာ မရှိဘူး – ရေဒီယို မရှိ ဘူး – တီဗီ မရှိ ဘူး၊ အခု ဖေ့ဘုတ်ခ် ကြီး မရှိ ဘူး။ ဒါ့ကြောင့် — ရိုးရှင်းပါတယ် – စိတ်အတွေး အတွက် အလုပ် လုပ်စရာ များများ စားစား သိပ် မရှိ ဘူး။ ခင်ဗျား ပုံမှန် အလုပ် လုပ်မယ်။ အက အခုန် နည်းနည်း နဲ့ ပျော်ပါး နိုင် တယ်။ ပြီးရင် – သက်တောင့်သက်သာ နားနေ နိုင် တယ်။ အဲ့အချိန် မှာ ခင်ဗျား အတွက် အခြား စိတ် သွား စရာ မရှိ – ဘာဝနာ လုပ်ကိုင် ရ အင်မတန် လွယ်ကူ ပါတယ်။ Read more of this post