ကျွန်ုပ်တစ်ခါကသိခဲ့ဖူးသောဦးအောင်ဆန်း
April 30, 2011 Leave a comment
ကျွန်ုပ်တစ်ခါက သိခဲ့ဖူးသော ဦးအောင်ဆန်း – ဤဆောင်းပါးကို ဆရာ ဒဂုန်တာရာ ရေးပါသည်။ ပွင့်လင်းသော အရေးအသား မျိုးဖြင့် ဗိုလ်ချုပ်၏ အမူအကျင့် များကို မြင်၊ မြင်သည့်အတိုင်း၊ ထင်၊ ထင်သည့် အတိုင်း ရေးထားသည်ကို တွေ့ရသည်။ အချို့နေရာများ၌ ဗိုလ်ချုပ်အပေါ် ပြစ်ပြစ်နှစ်နှစ်ရေးထားသည် ဟုပင် ထင်မိရသော်လည်း ဗိုလ်ချုပ်၏ နေထိုင်မှု သဘာဝကို ဖော်ပြထားပုံမှာ ချစ်စရာ ကောင်းသည်။ ဆရာ ဒဂုန်တာရာသည် သူကြုံတွေ့ သိခဲ့ရသော တစ်ထောင့် တစ်နေရာမှ ဗိုလ်ချုပ်၏ ဘဝ တစ်စိတ် တစ်ဒေသကို ပြောသွား ခဲ့သည်မှာ ရိုးသားလှသည်။
ဆောင်းပါး၏ နောက်ဆုံးစာကြောင်း ဖြစ်သော “သူသည် လူထုထဲမှ လူတစ်ဦး ဖြစ်၍၊ လူထုနှင့် ဆက်စပ်နေ၍၊ လူထုခေါင်းဆောင် ဖြစ်လာသည်” ဟူသည့် ရည်ရွယ်ရင်း အတွက် ဆောင်းပါး တစ်ခုလုံးကို ပုံဖော် သွားခဲ့ခြင်း ဖြစ်ပေလိမ့်မည်။
“သူသည် ရိုင်း၏။ ကြမ်း၏။ ကြောင်၏။ ကိစ္စမရှိ။ သူသည် ဧည့်ခန်းဆောင်မှ ဂုဏ်သရေရှိ လူကြီးလူကောင်း မဟုတ်။ တစ်ခုတည်းသော ယုံကြည်ချက်နှင့် တစ်ခုတည်းကိုသာ လုပ်သော နိုင်ငံရေး သတ္တဝါ ဖြစ်၏။ ထို့ကြောင့် ကိစ္စ မရှိ။” ဟု ပြောင်ပြောင်တင်းတင်း အရေးအသား မျိုးကို ကျနော် ကြိုက်ပါသည်။ ယင်းတို့ကြောင့်ပင် ကျွန်တော်တို့ ဗိုလ်ချုပ်၏ ပုံပန်းကို မြင်ယောင်ရင်း၊ ပို၍ မြတ်နိုး၊ တန်ဖိုး ထားမိသေး တော့သည်။
ဇေယျ
……………………………………………………..
ကျွန်ုပ်တစ်ခါက သိခဲ့ဖူးသော ဦးအောင်ဆန်း
ဒဂုန်တာရာ
သူ၏အောက်မှ လူထုကြီးသည် စည်းကမ်းသေဝပ်ခြင်း အတန်ငယ် ကင်းမဲ့စွာ နားထောင်လျက် ရှိ၏။ လူထုကြီးသည် စူးစိုက်ခြင်းမရှိ။ တချို့က ပြုံးရယ်၍ နေ၏။ နောက်နားရှိ လူထုအစိတ်အပိုင်း တစ်ခုကား အချင်းချင်း ခေါင်းချင်းကပ်ကာ တီးတိုးပြော၍ နေ၏။ သို့သော် ပျက်ရယ်ပြုခြင်းကား မရှိ။ လေးစားခြင်းသည် အားလုံး၌ တညီတညွတ်တည်း တည်ရှိ၏။ အစိမ်းပုပ်ရောက် ကတ္တီပါကားကြီးသည် သူ့ကို နောက်ခံ၍ ထား၏။ ကားလိပ်ကြီးမှာ ဘာရုပ်ပုံတောတောင်မှ ချယ်လှယ်ထားခြင်း မရှိ။ ပကတိ ပိန်းပြောင်ပြောင် ဖြစ်၏။ ကတ္တီပါကားသည် အခြား ဘာအဓိပ္ပာယ်ကိုမှ ထူးထူးထွေထွေ မဖော်ပြ၊ သို့သော် မှိုင်းညှို့ခြင်း တစ်ခုကိုသာ ရဲဝံ့စွာ ဆောင်နေသည်။ သူသည် သည်စိမ်းညို မှိုင်းသော ကားကြီး၏ ရှေ့၊ စင်မြင့် ဇာတ်ခုံပေါ့် ရပ်ကာ စကားပြော၍ နေသည်။ သူသည် မဟာပထဝီ မြေကြီးမှ မြန်မာ ဝါဂွမ်းစစ်ဖြင့် ရက်လုပ်သည့် ပင်နီဖျင်ကြမ်းကြီးကို ဝတ်ထား၏။ လုံချည်မှာ နီရဲသော ရွှေတောင် ပိုးလုံချည် ဖြစ်၏။ ခေါင်းမှာ ပွယောင်းယောင်းနှင့် မသေမသပ်၊ မျက်နှာ အသွင်အပြင် မှာ အပူပိုင်း ဒေသ အီကွေတာ ပေါ်ရှိ ကျွန်းစုများတွင် နေထိုင်သော မွန်ဂိုလီယံ အနွယ် လူရိုင်းမျက်နှာနှင့် တူ၏။ သို့မဟုတ် တောင်ပေါ် ချင်းတစ်ယောက်၏ မျက်နှာနှင့်လည်း တူ၏။ တက္ကသိုလ် ကျောင်းသား လူလတ်တန်းစား၏ လက္ခဏာ ဖြစ်သော ထည်ဝါခြင်း၊ ယဉ်ကျေး သိမ်မွေ့ခြင်း တို့သည် သူ့တွင် လုံးဝ မခိုအောင်း။ လမ်းပေါ်တွင် နေရာ တကာ တွေ့မြင်နိုင်သော သာမာန် ဆင်းရဲသား တစ်ဦးနှင့်သာ တူ၏။ မြန်မာ လူထုကြီးထဲမှ လူတစ်ဦး၏ အသွင်အပြင် မျိုးသား ဖြစ်၏။ သူသည် လက်နှစ်ဖက်ကို ဘေးသို့ ကား၍ လှုပ်ကာ၊ လှုပ်ကာ စကားကို ပြော၏။ သူ၏ စကားလုံးများက ပြေပြစ်ခြင်း မရှိ၊ ချောမွေ့ခြင်း မရှိ။ သို့သော် အတွင်း၌ကား အနက် ပါ၏။
သင်ပထမဦးဆုံး တွေ့မြင်သော ကိုအောင်ဆန်း၏ ပုံပန်းကို ရေးပြပါ ဆိုလျှင် ကျွန်တော်သည် သည်ပုံကို ရေးပြမည် ဖြစ်၏။ Read more of this post