ဘီး နှင့် ဝင်ရိုး ~ ပါရဂူ

“ပထဝီ သမောနော ဝိရုဇ္ဈတိ၊ ဣန္ဒခေါလု ပမောတာဒိ သဗ္ဗတော”

ကောင်းမြတ်သော အကျင့်တရား ရှိသည့် ရဟန္တာ ပုဂ္ဂိုလ်သည် ပထ၀ီ မြေကြီး ကဲ့သို့ ခိုင်မြဲ၏။ စွဲနေသော သံမှို ကဲ့သို့ လှုပ်ရှား ယိမ်းယိုင်ခြင်း မရှိ။ ယင်း ကဲ့သို့သော ပုဂ္ဂိုလ်မျိုး သည် ရွှံ့ညွန် ကင်းသော ရေကန် ကဲ့သို့ ညစ်ကြေး ကင်းစင်၏။

ဓမ္မပဒ မှာ ဖော်ပြ ထားတဲ့ အဆိုအမိန့် ဖြစ်တယ်။ အဲဒီ အဆိုအမိန့်မှာ ပါတဲ့ “သုဗ္ဗတော” ဆိုတဲ့ စကားလုံး ရဲ့ အနက် အဓိပ္ပါယ် ကို စဉ်းစား ဆင်ခြင်ကြည့်ဖို့ လိုလိမ့်မယ်။ “သုဗ္ဗတော” ဆိုတဲ့ ဝေါဟာရ စကားလုံးရဲ့ အနက် အဓိပ္ပါယ်က “ကောင်းသော အကျင့်တရား ရှိသူ” လို့ ဆိုလိုခြင်း ဖြစ်တယ်။ အာသဝေါ ကုန်ခန်းပြီးတဲ့ ရဟန္တာ ပုဂ္ဂိုလ်များ အတွက် အသုံးပြု စကားလုံး ကို “သု” ကောင်းသော ဆိုတဲ့ ဝိသေသန နဲ့ ဘာဖြစ်လို့ တွဲသုံး ထားရသလဲ။ ရဟန္တာ ပုဂ္ဂိုလ်များ ရဲ့ အကျင့်တရား ကို “ကောင်းသော” ဆိုတဲ့ ဝိသေသန နဲ့ တွဲစပ် သုံးစွဲစရာ မလိုဘူး လို့ ထင်စရာ ဖြစ်နေတယ်။ အမှန် က အာသဝေါ ကုန်ခန်းတဲ့ ရဟန္တာ ပုဂ္ဂိုလ် များရဲ့ အကျင့်တရား များကို လည်း “ကောင်းသော” ဆိုတဲ့ ဝိသေသန နဲ့ တွဲစပ်ပြီး သုံးဖို့ လိုလိမ့်မယ်။ ဘာကြောင့်လဲ ဆိုရင် တစ်ကယ် လို့ မာန်မာန နောက်က ကပ်ပါ လာတဲ့ အကျင့်တရား ဆိုရင် ကောင်းသော အကျင့်တရား မဟုတ်ဘဲ မကောင်းသော အကျင့်တရား ဖြစ်သွားနိုင်တယ်။

မာန်မာန တရား ဟာ ဘယ် အရာဝတ္တု မျိုးကို မဆို ပုံပျက်ပန်းပျက် ဖြစ်သွားအောင် ပြုလုပ် တတ်တယ်။ အကျင့်တရား မှာ လည်း ကောင်းတဲ့ အကျင့်တရား နဲ့ မကောင်းတဲ့ အကျင့်တရား ဆိုတာ ရှိနေတယ်။ အာသဝေါ ကုန်ခန်း သွားတဲ့ ရဟန္တာ ပုဂ္ဂိုလ် များရဲ့ အကျင့်တရား ကတော့ မာန်မာန တွယ်ကပ် ပါလာခြင်း မရှိတဲ့ အကျင့်တရား မျိုး ဖြစ်တဲ့ အတွက် ကောင်းသော ဝိသေသန နဲ့ တွဲစပ် အသုံးပြု ထားခြင်း ဖြစ်တယ်။ အကျင့်တရား မှာ ကောင်းခြင်း သို့မဟုတ် လှခြင်း ဆိုတဲ့ သဘောတရား ရှိနေတယ်။ ယာဉ် ရထားထိန်း က မြင်းကို ကြိမ်လုံးနဲ့ ရိုက်ပြီး အပြေး ခိုင်းတာမျိုး မှာ ကောင်းခြင်း သို့မဟုတ် လှခြင်း ဆိုတဲ့ သဘောတရား မျိုး ရှိမနေဘဲ ယာဉ်ရထား ရဲ့ ဟန်ပန် အမူအရာ ကို နားလည်ပြီး မြင်းပြေးတာမျိုး မှာသာ ကောင်းခြင်း သို့မဟုတ် လှခြင်း ဆိုတဲ့ သဘောတရား ရှိနေတယ်။ ယာဉ်ထိန်း နဲ့ မြင်း ရဲ့ ကြားမှာ ချစ်ခင် ကြင်နာမှု တည်ဆောက်တာမျိုး ဟာ ကောင်းခြင်း သို့မဟုတ် လှခြင်း ဆိုတဲ့ သဘောတရား ရှိနေတဲ့ အဓိပ္ပါယ် ဖြစ်တယ်။

Read more of this post

ချိန်ခွင်ညှာ ~ ပါရဂူ

ကျနော့ ဆရာအရင်း ဖြစ်တဲ့ ဆရာ ပါရဂူရဲ့ ဆောင်းပါးလေး တစ်ပုဒ်ကို အမှတ်မထင် FB စာမျက်နှာက တစ်နေရာ မှာ တွေ့လိုက် ရတယ်။ ကူးယူ လာခဲ့ပြီး ကိုယ့် blog ထဲကို ကိုယ် အမြတ်တနိုး မှတ်မှတ်ရရ သိမ်းထား လိုက် ပါတယ်။ သက်ဆိုင်သူများ ကျေးဇူးပါ။
……………….

ချိန်ခွင်ညှာ

အီဗောလျူရှင်း သီအိုရီ အရ ကမ္ဘာလောက ဟာ တစ်စတစ်စ တိုးတက် လာတယ်လို့ ဆိုကြတယ်။ ကမ္ဘာလောက ဟာ ဒွန္ဒ နည်းအရ၊ ဒိုင်ယာ လက်တိကယ် နည်း အရ တိုးတက် လာတာ ဖြစ်တယ်။ အရာဝတ္ထု မှန်သမျှ ဆန့်ကျင်ဘက် သဘောတရား နှစ်ခု ဆက်စပ် နေ တာ ဖြစ်တယ်။ ဒွန်တွဲ နေတာ ဖြစ်တယ်။ နေ့ဖြစ်လာတယ် ဆိုရင် ည ရောက် မလာဘဲ မနေ ဘူး။ နံနက်ချိန် ဖြစ်လာရင် ညနေ ရောက် ကို ရောက်လာရမယ်။ နံနက်ချိန် ဟာ ညနေချိန်ကို ခေါ်ဆောင် လာတယ်။ ညနေချိန် ရောက်လာဖို့ ၁၂ နာရီ လောက်သာ စောင့်ရ လိမ့်မယ်။ ဇာတိ ဖြစ်လာရင် မရဏ ကပ်ပါလိမ့်မယ်။

ယေဘုယျ အားဖြင့် မရဏ ရောက်လာဖို့ နှစ်ပေါင်း ခုနှစ်ဆယ် လောက် စောင့်ချင် စောင့် နေရလိမ့်မယ်။ နံနက်ချိန် အပြီး မှာ ညနေချိန် ရောက် လာတာဟာ၊ ဇာတိနှင့် အတူ မရဏ ကပ် ပါလာတာ ဟာ ဆန့်ကျင်ဘက် သဘော တရား နှစ်ခု ပေါင်းစပ် နေ တာ ဖြစ်တယ်။ ဒွန္ဒသဘော၊ ဒိုင်ယာလက်တိကယ် သဘော အတွင်း ငုပ်နေတာ ဖြစ်တယ်။အဲဒီနည်း အတိုင်း ပဲ အလင်းရောင် မှာ အမှောင် ပေါ်လာတယ်။

သုခ နဲ့အတူ ဒုက္ခ ကပ်ပါလာတယ်။ က လို့မပြီးခင် ပူဆွေး စရာ၊ သောက ဖြစ်စရာ အကြောင်းက စောင့်နေတယ်။ ပြုံးလို့ လက်စ မသပ်ခင်၊ မျက်ရည်က အဆင်သင့် ဖြစ်နေပြီ။မျက်ရည် ကို ဖိတ်မန္တကပြုလာတာ တခြားမဟုတ်ဘူး။ အပြုံး……အပြုံး….။

ဆန့်ကျင်ဘက် သဘောတရား နှစ်ခု ထဲက ဘယ် သဘောတရား ကိုမှ မလိုက်ဘဲ ကြားနေရင်၊ ဒါက အပြုံး၊ ဒါက မျက်ရည် ဆိုတာကို သိပြီး မိမိ ကိုယ်ကို အပြုံး နှင့်လည်း မ ဆက်စပ် စေဘဲ၊ မျက်ရည်နှင့်လည်း မဆက်စပ်စေဘဲ၊ တတိယလူ “သာဒ့်ပါစင်” အဖြစ်ရှိနေရင်၊ ခပ်လှမ်းလှမ်း က ကြည့်ရှု အကဲခတ် နေရင် အဲဒီနေ့မှာ နှိုးကြားမှု ဖြစ်ပေါ်လာပြီး၊ အပ္ပမာဒ တရား ဖြစ်ပေါ် လာပြီး သဘောတရား နှစ်ခု ကို တစ်ခုစီ ခွဲခြားမြင်နေမှာ မဟုတ်တော့ဘူး။မျက်ရည် ထဲမှာ အပြုံး ကို မြင်နေရလိမ့်မယ်။ အပြုံးထဲမှာ မျက်ရည် ပေါ် လာလိမ့် မယ်။ ဆန့်ကျင်ဘက် သဘောတရား နှစ်ခု ဒွန္ဒသဘော တရား နှစ်ခု၊ ဒိုင်ယာလက်တိကယ် သဘောတရား နှစ်ခု ဆိုတာ ရှိတော့မှာ မဟုတ်ဘူး။

Read more of this post

အထတော ဃူမက္ကရ ဂျိဂယာဆာ :ပါရဂူ

ကျနော့ ဆရာရင်း ပါရဂူ ၏ “ဃူမက္ကရ သျှတ္တရ” မှ ပထမ အခန်းကို ရိုက်ယူ တင်ရှိ ပါသည်။ ဆရာပါ (ကျနော်တို့ ချစ်စနိုး ဆရာပါ ဟုသာ ခေါ်သည် ) က ရာဟုလာ သံကိစ္စည်း ၏ ကျမ်းကို ဘာသာပြန် ဆို ထားခြင်း ဖြစ်သည်။ အများအားဖြင့် ပစ်ပယ် ခံထားရသော စာအုပ်လည်း ဖြစ်သည် ဟု ကျနော် ပြောလိုသည်။ အဘယ်ကြောင့် ဆိုသော် အတွင်းပိုင်း စာသား အများစု ကို ယနေ့ လူကြီးမိဘ အပါ အဝင် ဆရာများ မနှစ်သက်ကြခြင်း ကြောင့် ဖြစ်သည်။ သို့သော် ဤစာအုပ်သည် ကျနော့် အပေါ် ကျေးဇူး များစွာ ရှိပါသည်။ မှတ်မှတ်ရရ – “သိဒ္ဓတ္ထ” နှင့် “ဃူမက္ကရ သျှတ္တရ” ။ ဆရာပါ ၏ ဤစာအုပ် နှစ်အုပ် သည် ကျနော့ဘဝကို အိပ်မက်မှ လက်တွေ့သို့ လှုပ်ကိုင် နှိုးကြသည့် စာအုပ် များ ဖြစ်သည်။ ယင်းသို့ လှုပ်နှိုး ခဲ့သည့် အတွက်လည်း ကနေ့ အချိန်တွင် အကောင်း အဆိုးများ ဒွန်တွဲ ရိုက်ခတ်လျက် ရှိ သည်။ အကောင်း အဆိုး မည်သည် လောက ဓမ္မတာ ဖြစ်၍ ယင်း တို့ လှိုင်းတံပိုး ကြားတွင် – ဘဝသည် စင်စစ် အသက်ဝင်လျက် ရှိသည်။ ဤသည်ပင်လျှင် အကျိုးကျေးဇူး ဖြစ် သည်။ ယင်း ကျေးဇူး တို့ကို ရည်သန်၍ ဤအွန်လိုင်း မျက်နှာစာ တို့တွင် ကြည့်မိသည်။ ဆရာပါ ၏ သိဒ္ဓတ္ထ မှ လွဲ၍ ဤ “ဃူမက္ကရ သျှတ္တရ” ကို ရှာ မတွေ့ ။ ထို့ကြောင့် (စကားဦး နိဒါန်း မပါ) အခန်းအားဖြင့် (၁၃) ခန်းသာ ရှိသော ဆရာ့ စာ ကို တစ်ခန်း ချင်း ရိုက်ယူ တင်ရှိရန် စိတ်ကူးပါသည်။ ဤသည် မှာ ပထမ အစဦး အခန်း ဖြစ်သည်။

ဇေယျ
……………………….
အပျိုး အတွက် ဆရာ၏ စကားဦးမှ အချို့ အပိုဒ်ကို အနည်းငယ် ထုတ်နုတ်လိုသည်။

“ဘာသာရပ် ပေါင်း များစွာ နှင့် ပတ်သက်ပြီး ရာဟုလာ ရေးသွားခဲ့သော တစ်ရာကျော် နှစ်ရာ နီးပါး ရှိ ကျမ်းစာအုပ် များထဲတွင် “ဃူမက္ကရ သျှတ္တရ” အမည်ရှိ ကျမ်း စာအုပ် တစ်အုပ် ရှိသည်။ ရာဟုလာသည် တစ်သက်လုံး သူကိုယ်တိုင်လည်း ခရီးသွားသည်။ သူ၏ ခရီးမှတ်တမ်း များကို ရေးသားသော စာအုပ်များစွာ လည်း ရှိသည်။ ကမ္ဘာ့ ခရီးသည် များကိုလည်း သူ၏ စာအုပ် များထဲတွင် တစ်ခမ်း တစ်နား နေရာပေးထားသည်။

“‘ဃူမက္ကရ သျှတ္တရ’ စာအုပ်မှာ ခရီးသွားခြင်း အလုပ်ကို ကျင့်စဉ် တစ်ရပ် အဖြစ် အမွှမ်း တင် ထားသော စာအုပ် ဖြစ်သည်။ သက္ကတ သျှတ္တရ ကျမ်းကြီး ကျမ်းခိုင်များကို ‘အထတော ဂျိဂယာဆာ’ ဟူ၍ အမြတ်တနိုး ဂုဏ်ပြု အမွှမ်းတင် ထားသည်။ အဓိပ္ပာယ် မှာ သျှတ္တရ ကျမ်းစာများကို စူးစမ်းလေ့လာမှု ပြုခြင်း သည် လူ့လောက အတွက် ကြီးစွာ အကျိုးပြုခြင်း ဖြစ်၏ ~ ဟူ၍။ ရာဟုလာက သူ၏ ဃူမက္ကရ (ခြေသလုံး အိမ်တိုင် ခရီးလှည့်လည်ခြင်း အကျင့်) ကို သျှတ္တရ ကျမ်းဂန် များနှင့် နှိုင်းယှဉ် လျက် “အထတော ဂျိဂယာဆာ” ခရီးသွားလာခြင်း ကျင့်စဉ် သည် ထောက်မီ၍ မရသော အလွန် နက်နဲသော ကျင့်စဉ်မြတ် ဖြစ်သည် ဟူ၍ ဂုဏ်ပြု အမွှမ်းတင်ပြီး ရေးသား ထားသည်။ ရာဟုလာသည် သူ၏ ဃူမက္ကရ သျှတ္တရ “ခြေသလုံး အိမ်တိုင် ခရီးလှည့်လည် သွားလာခြင်း” နှင့် ပတ်သက်သော စာအုပ်ကို ‘သျှတ္တရ ကျမ်းစာ’ ဟူ၍ ကျမ်း စာအုပ် အမည်ပေးထားသည် ကို ထောက်လျက် ခရီး လှည့်လည် သွားလာခြင်း ကျင့်စဉ်ကို မည်မျှ အလေးထားသည် ဆိုသည်ကို သိရှိ နိုင်သည်။

“ရာဟုလာသည် ခရီးလှည့်လည် သွားလာခြင်း ကျင့်စဉ်ကို သူ ကိုယ်တိုင်လည်း ကျင့်သုံးသည်။ ဤ ‘ဃူမက္ကရ သျှတ္တရ’ ကျမ်းစာအုပ်၌ ပြည်သူ အများကိုလည်း ခရီး လှည့်လည် သွားလာခြင်း ကျင့်စဉ် ကျင့်သုံး နိုင်ရန် အတွက် ဆောင်ရန်၊ ရှောင်ရန် အချက်အလက်များကို အကျယ်တဝင့် ရှင်းလင်း ပြောပြထားသည်။”

…………………………..

အထတော ဃူမက္ကရ ဂျိဂယာဆာ

“အထာတော ဃူမက္ကရ ဂျိဂယာဆာ” (ခြေသလုံး အိမ်တိုင် ခရီးကို စူးစမ်း ရှာမှီးခြင်း) ဟူသော သက္ကတ စာလုံးဖြင့် ကျမ်းစာအုပ် ကို အစပြုထားသည့် အတွက် စာဖတ်သူများ ဘဝင်မကျ ဖြစ်ပေလိမ့်မည်။ သို့သော် မဖြစ်သင့်။ အမှန်က ကျွန်ုပ်တို့သည် ကျမ်းစာ အုပ်ကို ရေးသား နေခြင်း ဖြစ်သည်။ သျှတ္တရ ကျမ်းဂန် များ၌ စူးစမ်း ရှာမှီးခြင်း ပြုလုပ် အပ်သည့် အရာမှာ ကောင်းမွန် မြင့်မြတ်သော လူ ပုဂ္ဂိုလ် တစ်ဦးချင်းနှင့် လူ့လောက အတွက် ကြီးစွာ အကျိုးပြု သော အရာ ဖြစ်၏ ဟု ဖွင့်ဆို ပြောပြ ထားသည်။ ဗျာသ သည် သူ၏ သျှတ္တရ ကျမ်းဂန် ၌ ဗြဟ္မ အား အမြင့်မြတ်ဆုံး ဟု ယူဆပြီးလျှင် ဗြဟ္မ ကို စူးစမ်း ရှာမှီးအပ်သည့် အရာ ဟူ၍ ပြုလုပ် ဖန်တီး ထားသည်။ ဗျာသ ၏ တပည့် ဇေမိနိသည် ဓမ္မကို အမြင့်မြတ်ဆုံး ဟု ထင်မှတ် ယူဆသည်။

ရှေးရှေး ရသေ့ကြီးများနှင့် အယူအဆ ကွဲပြားနေခြင်း သည် ကျွန်ုပ်တို့ အတွက် မကောင်းမှု ကျူးလွန်ခြင်း မဟုတ်ပေ။ သျှတ္တရ ကျမ်း ခြောက်ကျမ်းကို ရေးသား စီရင် ကြသော ရသေ့ကြီး ခြောက်ပါး ထဲတွင်လည်း တစ်ဝက်သည် ဗြဟ္မာကို အကောင်း မမြင်ကြပေ။ ကျွန်ုပ်၏ သဘော အရ ပြောပြရလျှင် ကမ္ဘာပေါ် ၌ အမြင့်မြတ် အကောင်း ဆုံး သော အရာမှာ ခြေသလုံး အိမ်တိုင် ခရီး လှည့်လည် သွားလာခြင်း ဖြစ်သည်။ ခြေသလုံး အိမ်တိုင် ခရီးလှည့်လည် သွားလာ သူထက် ပုဂ္ဂိုလ် တစ်ဦးချင်း အကျိုး နှင့် လူ့လောက အကျိုး သယ်ပိုး ဆောင်ရွက် နိုင်သူ မရှိပေ။

Read more of this post

ခဏ တံခါး

ဆရာပါရဂူရဲ့ သနန္တန ဓမ္မ ဟာ Osho ရဲ့ The Dhammapada: The Way of Buddha ကို – အနှစ်ချုပ် ကောက်နှုတ်ပြန်ဆို ထားခဲ့ တာ ဖြစ် ပါတယ်။ ကွယ်လွန်သွားခဲ့ပြီး ဖြစ်တဲ့ ဆရာပါ့ကို ဒီကနေ့ မကြာခဏ သတိတရ စိတ် ဖြစ်ပါ တယ်။ ဒီလို နဲ့ – စာအုပ်ပုံကို ပြန်မွှေရင်း ဆရာပါ့ စာအုပ်တွေ ပြန်ဖတ် ဖြစ်တယ်။ ဟိုဖတ် သည်ဖတ် ပြန်နွှေး – ကောက်နှုတ်ချက် – တစ်ခု ရွေးယူပြီး တင်ပါတယ်။ ဆရာ့စာရဲ့ အချို့ အလုံးကျ လေးတွေကိုသာ နည်းနည်း ဖြည့်စွက် ထားတယ်။

………………………………………..

ခဏတံခါး

‘ခဏိက’ သို့မဟုတ် ‘ခဏဘင်္ဂုရ’ ၏ အနက် အဓိပ္ပာယ်သည် ‘တခဏသာ ခံခြင်း’ ဖြစ်သည်။ ခဏိက သဘောကို နားလည်ခြင်းသည် တစ်ခဏပြီး တစ်ခဏ ( သို့မဟုတ် ) ခဏတိုင်း၊ ခဏတိုင်း နေခြင်း၊ အသက်ရှင် နေထိုင်ခြင်း ဖြစ်သည်။

မိမိတို့ လက်ထဲ၌ ပစ္စုပ္ပန် တခဏမှ တစ်ပါး အခြား မရှိ ဟု ဆိုလိုသည်။ ယင်း အချက်ကို နားလည်သည် နှင့် တစ်ပြိုင်နက် – ‘မည်သူ့ ထံတွင်မှ ခဏ နှစ်ခု တပြိုင်တည်း ရှိမနေကြောင်း’ ထပ်ဆင့် သဘောပေါက်ပြီး ဖြစ်လိမ့်မည်။ ခဏ တစ်ခဏ သည် ရောက်လာပြီး နောက် ထွက်ခွာသွားသည်။ နောက် အခြား တစ်ခဏ ရောက်လာသည်။ လက်ထဲ၌ ယင်း ခဏ တစ်ခဏသာ ရှိသည်။

ယင်း တခဏ အတွင်း မည်သို့ မည်ပုံ နေထိုင် မည်နည်း။ ယင်း နေနည်း ထိုင်နည်းသည် ဘဝနေနည်း ထိုင်နည်း အတတ်ပညာ ပင် ဖြစ်သည်။ ပိုင်ဆိုင်သော ခဏ တစ်ခဏ ကို ချန်ရစ်၍ အခြား တစ်ခဏသို့ ကူးသွားခြင်းသည် သာမာန် ဘဝ နေနည်း ဖြစ်သည်။ ပိုင်ဆိုင်သည့် ခဏ တစ်ခဏ ၏ နက်ရှိုင်းရာ သို့ ဆင်း သွားခြင်း သည်သာ ဝိသေသ ထူးခြားသည့် ဘဝနေနည်း ဖြစ်သည်။

Read more of this post

ဘာဝနာဖြင့် ထုံမွှမ်းအပ်သော

“ဘာဝနာနှင့် ထုံမွှမ်းအပ်သည်၊ ဓမ္မဖြင့် နေထိုင်သည်” စသည့် စကား ၊ ဝေါဟာရများကို ဗုဒ္ဓဘာသာဝင် အများ ( ထေရဝါဒတွင်ရော၊ အခြား ဘာသာမျိုးကွဲ တွေမှာရော ) ကြားနာ ဖူးကြသည်။ ထိုသို့ ကြားနာ မှတ်သားရာတွင် နာယူသူ အပေါင်းတို့က မည်သို့ ဆက်လက် ကျင့်ကြံ ကြပါသနည်း။

ဘဝ တစ်လျောက်လုံး ဘာဝနာနှင့် ထုံမွှမ်းနေထိုင်အပ်သည် ဆိုသော စကားကို ကျနော် ကြိုက်ပါသည်။ သို့သော် ( ဝါးလုံးရှည်နှင့် သိမ်းရမ်းသည် ဟု ဆိုဆို ) အများအားဖြင့် တွေ့နေရသည့် – ဘုရားစင်ရှေ့ တရားထိုင်နေမှ တရားကျင့် ကြံခြင်း မဟုတ်ပေ။ တရားတိုက် ၊ တရား စခန်း ဝင်မှ တရား ကျင့်ကြံခြင်း အမှန် မဟုတ်။ ဓမ္မသည် အချိန်ပိုင်း အားဖြင့် သာ ရှိအပ်သော အရာ မဟုတ်ပေ။ ဆိုလိုသည်မှာ ဘာဝနာသည် ဘဝ၏ အစိတ်အပိုင်း တစ်ခုမျှသာ ဖြစ်သည်ဟု ထင်မြင် ကျင့်ကြံကြလျှင် မမှန်ကန်သော အကျင့်အကြံသာ ဖြစ်ပါမည်။ ဘဝ တစ်လျောက်လုံး ဟူသော စကားပုဒ်သည် ဘဝရှင်သန်နေသမျှ ကာလပတ်လုံး ဟု ဆိုလိုမည်။ ဤသည်မှာ ကျနော့ အယူသာ ဖြစ်ပါသည်။


မကြာခဏ ကြားရသည်။ “ခင်ဗျား တရား ဘယ်လောက် ကြာကြာ ထိုင်နိုင်သလဲ” ။ တင်ပလ္လင်ခွေချိတ်၊ မျက်လုံးစုံမှိတ်၊ အသက်မျှင်းမျှင်းရှူ၊ ဘယ်လက်ဖဝါးပေါ် ညာလက် ဖဝါး ထပ်တင်၊ ခါးမတ်မတ်ထား။ တစ်မိနစ်လား၊ နှစ်မိနစ်လား၊ တစ်နာရီလား။ ထိုကဲ့သို့ ငြိမ်လိုက်လျှင် တရားစ ထိုင်ခြင်း သရုပ်သကန် စတင်ပြီ ဖြစ်သည် ဆိုပါစို့။ ယင်း နောက်ကွယ်က သဘောထားများကရော…..။ တရားကို ( ဝါ ) ဓမ္မကို ထိုသို့ ထိုင်လိုက်ခြင်း နည်းအားဖြင့် ရယူနိုင်ပါသလား။ ယင်းမေးခွန်းကို တစ်ချိန်က ကျနော် မေးလျောက် ခဲ့ဖူးပါသည်။ ဆရာတော် တစ်ပါးက ဤသို့ ဖြေကြားသည်။

“ဒီလို တစ်မိနစ်ရရ၊ ငါးမိနစ်ရရ တရား ထိုင်ပြီး ရှုမှတ်ကြ၊ အားထုတ်ကြဖို့ တိုက်တွန်းရခြင်း အကြောင်းက တစ်သံသရာလုံး၊ တစ်ဘဝလုံး ကပ်ငြိလာခဲ့တဲ့ စိတ်၊ သံယောဇဉ်၊ တစ်ဘဝလုံး အထိန်းအကွပ်မဲ့ လှုပ်ရှား နောက်ကျိခဲ့တဲ့ စိတ်ရိုင်းတွေကို တည်ငြိမ်လေးနက် သွားအောင် ထိန်းကျောင်းခြင်းသာ ဖြစ်ပါတယ် ဒကာ။ ကလေးတစ်ယောက် လမ်းမလျောက်တတ်လျောက်တတ် လျောက်ခါစမှာ ခြေတစ်လှမ်း ဘယ်လို လှမ်းရမယ်လို့ တွဲခေါ် သင်ကြားပေးရတာ ရှိတယ်။ တစ်လှမ်းလှမ်းနိုင်ရင် နောက်တစ်လှမ်း၊ နောက်တစ်လှမ်း စသဖြင့် ၊ အဲ့သလို မျိုးပဲ၊ တစ်မိနစ်၊ ငါးမိနစ် အဲ့ဒီနောက် တစ်နာရီ ၊ နှစ်နာရီ စသဖြင့်။ ဒီလို သဘောပါပဲ။

ဘာဝနာကို ဘယ်လို ပွားများရမယ်လို့ စတင်သင်ကြားချိန်မှာ ဘာဝနာ ပွားများခြင်းရဲ့ အစဦး အခြေခံကို စတင် ပျိုးယူရ တယ်။ ထိုင်နေမှ မဟုတ်ပါဘူး။ ဒီအစပျိုး အခြေအနေကနေ ပွားများယူနိုင်လို့ ရှေ့ကို ဆက်လက်ပြီး ဣရိယာပုတ် လေးပါးစလုံးရော၊ မိမိတို့ ကိုယ်စီ ဘဝထဲ အရေးအရာ တွေ ရင်ဆိုင် ဖြတ်သန်းတဲ့ အခါမှာရော သတိမပြတ် ထုံမွှမ်းနေသွားရပါမယ်။ ယုတ်စွ အဆုံး အိမ်ယာ ထူထောင်ရင်း၊ သားသမီး မြေးမြစ် တစ်စုနဲ့ စီးပွားရှာဖွေရင်းလည်း ဘာဝနာ ဟာ ပွားများ နေနိုင်ပါတယ်။” Read more of this post

ဝေါဟာရ/ အဓိပ္ပာယ်/ သိမှု/ ရှိမှု = ပြဿနာ

ဒီညမှာ အိန္ဒိယ ဒဿန ဆရာ အိုရှိုးရဲ့ စာတွေ လိုက်ဖတ် ဖြစ်တယ်။ ရှေးဟောင်းတရုတ် ဒဿနတွေထဲက တာအိုဝါဒအပေါ်မှာ အားပြုနေတာ တွေ့ရတယ်။ သူရဲ့ The Way of Tao ကို ကြိုက်တယ်။ မြန်မာပြန်ဆို ကြည့်ဖို့ စဉ်းစားလိုက်တော့ မကျေလည်တာ တစ်ခု တွေ့ရပါတယ်။ အဲ့ဒါက Tao ( တောက် ) ဆိုတဲ့ ဝေါဟာရ နေရာပါ။ ဆရာသက်လုံရဲ့ စေ့ထားသော တံခါးများ ( ပ+ဒု ) မှာတော့ Tao ကို ဓမ္မတရား၊ တောက် လို့ ပဲ ထည်လဲသုံး ဖွင့်ဆိုပြထားတယ်။

Tao ဟာ ( ကျနော် နားလည်သလောက် ပြောရင် ) ဓမ္မတရား ဟုတ်ပါသလား။ အဲ့ဒီ ဝေါဟာရနဲ့ ဖလှယ်သုံးလို့ ရပါ့မလား။ ဓမ္မ ဆိုတာ ဗုဒ္ဓဝါဒနဲ့ နွယ်ပြီး သိရတဲ့ ပါဠိစကား ဖြစ်ပါတယ်။ ဗုဒ္ဓဘာသာမှာ ဓမ္မ ဆိုတာ လမ်း ဖြစ်ပါတယ်။ ဟုတ်တယ်ဟုတ်။

ဒီမှာ သုံးထားတဲ့ Tao ဟာ လမ်းလား။ လမ်း မဟုတ်ဘူးလို့ မြင်ပါတယ်။ အနောက်တိုင်း ဆရာတွေ သူတို့ဘာသာအလိုက် ပြန်ဆိုရာမှာ Tao ကို God နဲ့ ဖလှယ်သုံးနှုန်းထားတယ်။ အများအားဖြင့် တော့ Tao ကို Tao အတိုင်းပဲ ပြန်ဆိုကြတယ်။ ဘာလို့ဆို Tao ရဲ့ အနက်အဓိပ္ပာယ် ကိုယ်နှိုက်က ဖွင့်ဆိုရ ခက်ခဲနေလို့ပါပဲ။

တာအိုဝါဒရဲ့ ဆရာသခင် ဖြစ်တဲ့ Lao Tzu က သူရဲ့ Tao Teh Ching မှာ ရေးသားထားခဲ့တာ ရှိပါတယ်။ အပိုဒ်ရေ ( ၈၁ ) ပိုဒ် ရှိတဲ့ အနက် ပထမဆုံး အပိုဒ်မှာတင် ရှင်းထားတာက –

ရှင်းလင်းပြောပြနိုင်တဲ့ ဓမ္မ ( Tao ) ဟာ စစ်မှန်တဲ့ အသင်္ခါရ ဓမ္မ ( Tao ) မဟုတ်ဘူး။
ပညတ်သတ်မှတ်နိုင်တဲ့ အမည်သညာကလည်း စစ်မှန်တဲ့ အသင်္ခါရ အမည်သညာ မဟုတ်ဘူး။

– လို့ ဆိုထားပါတယ်။

ဆရာ အိုရှိုးက Lao Tzu ကို အတော်များများ အမွှမ်းတင်ထားတယ်။ စကားလုံးတွေ မပါဘဲ၊ ဖော်ပြချက်တွေ မရှိဘဲ ဘဝမှာ သမားရိုးကျ ရိုးရိုးလေး နေထိုင်သွားတတ်ကြသူတွေမှာ Lao Tzu ဟာ တစ်ယောက် အပါအဝင် ဖြစ်တယ်၊ လူတွေ သိနားလည်တဲ့ ဝေါဟာရတွေနဲ့ပဲ လူတွေ မသိကြသေးတဲ့ အရာတစ်ခုကို ဘယ်လိုရှင်းပြမလဲ ဆိုတဲ့ ပြဿနာ – အဲ့ပြဿနာကို ဖြေရှင်းရာမှာ Lao Tzu ဟာ ဆရာတစ်ဆူဖြစ်တယ်လို့ ဆိုပါတယ်။ Read more of this post