~ ဖြစ်လျှင် ဖြစ်ကာမျှ၌ ~

ဒိဋ္ဌေ ဒိဋ္ဌ မတ္တံ ဆိုတဲ့ အမည် နဲ့ ရွှေဥဒေါင်းရဲ့ စာအုပ် ကို ငယ်စဉ်က ဖတ်ရဖူးတယ်။ အဲ့တုန်းက အဲ့ဒီ ကျမ်းကို အတော်အတန် သဘော ကျခဲ့သလို၊ လက်တွေ့လည်း လိုက်လုပ် ကြည့် ခဲ့ ဖူးတယ်။ ဘဝင်ကျတာ လည်း ရှိသလို၊ မကျတာလည်း ရှိတယ်။ နောက်ပိုင်း အဲ့ဒီ နည်းနာ ကို ထားရစ်ပြီး – နေထိုင်မိသရွေ့အများဆုံးဟာ မိမိ စိတ်ကိုသာ ခဏမလပ် စောင့်ကြည့်နေတဲ့ အကျင့် တစ်ခုတည်းပဲ။ ကျမ်းစာ တို့အရ ဒါကို စိတ္တာနုပဿနာ လို့ ခေါ်ဆိုမယ် ထင်ပါတယ်။

အထူး သဖြင့် မဟာစည် ဆရာတော် ကျမ်းစာ များ ဖတ်ရှုရင်း – နေထိုင်ကြည့် လာတဲ့ အခါ – ဒီနောက် နှစ်များ အတွင်း ကျနော် အနှစ်သက်ဆုံး ဝိပဿနာ နည်းနာ ပုံစံ ဟာ စိတ္တာနုပဿနာ အဝင်အပါ ဖြစ်တဲ့ ဒီ နည်းနာ သာ ဖြစ်လာပြန် တယ်။ သာမာန် ရိုးရိုးအားဖြင့် စိတ်ကို စိတ်အတိုင်း လိုက်ကြည့်နေ တဲ့ အဖြစ်ဟာ ဒိဋ္ဌေ ဒိဋ္ဌမတ္တံ ဒီနည်းနာလောက် အနုမစိတ် ဘူး။ သာသာလေး ပဲ လို့ ပြောရမယ် ထင်တယ်။ ဒါပေတဲ့ သတိ စိတ်ပါ များရင် – စိတ္တာနုပဿနာ ဖြစ်စေ၊ အခြား သတိပဌာန် အဘယ်နည်း ဖြစ်ပါစေ – ဒီနည်း ကိုသာ ဆိုက်ရောက် တယ်လို့ ဆိုရမှာပဲ။

ပိဋကတ်၊ ပါဠိ စသည် မကျွမ်းကျင်မှုကြောင့် အခြား ဘယ်နေရာ မှာ ထပ်မံ ညွှန်ပြထားမှု ရှိမရှိ ကျနော် မသိဘူး။ အကြမ်းအားဖြင့်- ဒီ- ဒိဋ္ဌေ ဒိဋ္ဌမတ္တံ နည်း ကို ဂေါတမမြတ်စွာ – ဒေသနာ နှစ်ခု မှာ ဟောထားတယ် လို့ မှတ်သား မိပါတယ်။ တစ်ခုက မာလုကျ ပုတ္တ သုတ် ဖြစ် ပြီး၊ တစ်ခုက ဗာဟိယသုတ် ဖြစ်တယ်။ အခု ဒီ ဗာဟိယသုတ် ရဲ့ အကျဉ်းလောက်ကို မဟာစည်ဆရာတော် ဘုရားရဲ့ နိဗ္ဗာန ပဋိ သံယုတ္တ ကထာ တတိယပိုင်း က ကောက်နုတ် ယူပါတယ်။

ဇာတ်သွား၊ ဇာတ်လမ်း ကို အရှည်ရေးဖို့ မလိုအပ်တဲ့ အတွက် ထားရစ် ခဲ့တယ်။ လိုရင်းက – ဗာဟိယ အမည်ရှိတဲ့ ပုဂ္ဂိုလ် ဟာ တရားနာဖို့ -မြတ်စွာ ဘုရား ရှိရာ ခရီးပြင်းနှင်လာတယ်။ တွေ့တွေ့ချင်း – ဘုရား ဆွမ်းခံကြွနေရာ ခရီးတစ်ဝက်မှာတင် တရား တောင်းတယ်။ ကျမ်းစာ တို့ အရ – မြတ်စွာဘုရားဟာ ဗာဟိယ သုံးကြိမ် သုံးခါ လျောက်ထားပြီးမှ ဒီတရားကို ဟောတာ ဖြစ်တယ်လို့ ဆိုပါတယ်။ ဟော မယ့် ဟောတော့ လည်း- ဝိပဿနာ – ဒီနည်းနာ ကိုသာ တိုက်ရိုက် ဟောထားတာ ဖြစ်ပါတယ်။

ဇေယျ
……………………

မဟာစည် ဆရာတော် – နိဗ္ဗာနပဋိသံယုတ္တကထာ

တသ္မာတိဟ တေ ဗာဟိယ ဧဝံ သိက္ခိတဗ္ဗံ “ဒိဋ္ဌေ ဒိဋ္ဌမတ္တံ ဘဝိဿတိ၊ သုတေ သုတမတ္တံ ဘဝိဿတိ၊ မုတေ မုတမတ္တံ ဘဝိဿတိ၊ ဝိညာတေ ဝိညာတမတ္တံ ဘဝိဿတီ” တိ၊ ဧဝဥှိတေ ဗာဟိယ သိက္ခိတဗ္ဗံ။

ဗာဟိယ၊ ဗာဟိယ။ တသ္မာ၊ ထိုသို့ တရားဟောရန် တောင်းပန်သောကြောင့်။ ဣဟ၊ ငါဘုရား၏ အဆုံးအမ ဤသာသနာ၌။ တေ၊ သင်သည်။ ဧဝံ သိက္ခိတဗ္ဗံ၊ ဤဆိုလတ္တံ့အတိုင်း ကျင့်ရမည်။ ဒိဋ္ဌေ၊ မြင်သည်၌။ ဒိဋ္ဌမတ္တံ၊ မြင်ရုံမျှသည်။ ဘဝိဿတိ၊ ဖြစ်လတ္တံ့။ သုတေ သုတမတ္တံ ဘဝိဿတိ၊ ကြားသည်၌ ကြားရုံမျှ ဖြစ်လတ္တံ့။ မုတေ မုတမတ္တံ ဘဝိဿတိ၊ နံသိ စားသိ ထိသိ လျက် ရောက်သည် ၌ ရောက်ရုံ မျှ ဖြစ်လတ္တံ့။ ဝိညာတေ ဝိညာတမတ္တံ ဘဝိဿတီ တိ၊ ကြံသိသည်၌ ကြံသိရုံမျှ ဖြစ်လတ္တံ့ ဟူ၍။ ဧဝဥှိ၊ ဤသို့လျှင်။ တေ၊ သင်သည်။ သိက္ခိတဗ္ဗံ၊ ကျင့်ရမည်။

ဒါဟာ ဗာဟိယကို မြတ်စွာဘုရားက အကျဉ်းချုပ် ဟောတဲ့ ဝိပဿနာ တရား ဖြစ်ပါတယ်။ Read more of this post

ချမ်းမြေ့မှု ရှိမှ ဘာဝနာ ဟု ဆိုပါမည်

ဘာဝနာကို လူအများ လုပ်ဖို့ ခဲယဉ်းရခြင်းဟာ – ဘာဝနာ အပေါ် အမှတ်အယူ မှားနေလို့ သာ ဖြစ်တယ် လို့ ဆိုချင်ပါတယ်။ ဘာဝနာကို အဝေးမှာ ထားရင်း ငေး ရုံ သာ ရှိတဲ့ သူတို့ အနေနဲ့ ဘာဝနာဟာ လေးနက် လွန်းနေတဲ့ အရာ ဖြစ်နေ တတ် တယ်။ ဟိုးအမြင့်ကြီးမှာ -မမှီမကန်း- ရှိနေ တယ်။ မြင့်မြတ်ဖြူစင်နေပြီး မိမိ ကိုယ်ကိုယ်နဲ့ မထိုက်တန်တဲ့ အရာ တစ်ခုလိုများ ထင်မှတ် မိနေဟန် တူပါ တယ်။ ကျောင်းကန် ဘုရား၊ ဘုရားခန်း တွင်း ရောက်မှ ပွားများနိုင်တဲ့ အရာ ဖြစ် တယ် လို့ မြင်တယ်။

အဲ့ဒီ အမြင်နဲ့ – ဘာဝနာ ကို ပြုတဲ့ အခါ – သူတို့တွေရဲ့ သန္တာန် မှာ တင်းအား (ဝါ) အနှောင့်အယှက် ဖြစ်ပါတယ်။ ဘာဝနာ ပြုမယ် ဆိုတဲ့ အခါ လည်း ရုပ်သေ တွေ ဖြစ် သွား ရ တော့ တယ်။ လေးနက်ဟန် အပြည့်နဲ့ ခန့်ခန့် ဆန့်ဆန့် ကြီးတွေ ဖြစ်ဖြစ် သွားတတ်တယ်။ မိမိ တို့ သန္တာန်မှာ ရွှင်လန်းမှု မရှိ၊ နှစ်သိမ့်မှု မရှိ၊ နောက်ကျိ ထုံမှိုင်း နေ တယ်။ လေးနက်ချင်ရာ သန္တာန် ကနေ – တကယ့် အဖြစ်မှာ လေးပင် သွား ရတယ်။ အကြောင်းက – ဘာဝနာ ကို နား မလည် ခြင်း ကြောင့် လို့ ဆိုပါ မယ်။ နောက် တစ်ကြောင်း က – အခြား ဘာဝနာ ပြုကြ သူတွေရဲ့ ဟန်ပန် ကို အတုပြု လိုစိတ် အများအားဖြင့် ရှိ နေတာ ကြောင့် လည်း ဖြစ်တယ်။

ရွှင်လန်းမှု၊ ချမ်းမြေ့မှု၊ နှစ်သိမ့်မှု ဆိုတာတွေဟာ ဘာဝနာရဲ့ အရည် အသွေး တွေ ဖြစ်ပါတယ်။ ဘာဝနာ အစစ် အမှန် ပွားများ ထားသူဟာ – ရွှင်လန်းမှု ရှိ တယ်။ ပေါ့ပါး လန်းဆန်းမှု ရှိတယ်။ ဘဝဟာ ပျော်ရွှင် စရာ အတိ ဖြစ် ကြောင်း – ဘာဝနာ ကောင်းကောင်း ထုံမွှမ်းနိုင် ချိန်မှာ သိမြင် နိုင်တယ်။ ဘာဝနာ ပြုသူ ဟာ – ချမ်းမြေ့ မှု ပြည့်ဝ တဲ့ မိမိ သန္တာန် နဲ့ ~ ဘဝ ကို ကစားပွဲ တစ်ခု လို မိမိ ဘာသာ ငြိမ်ဝပ် စောင့်ကြည့် နေ သူ သာ ဖြစ် ပါတယ်။

ဘာဝနာ အစစ်အမှန် ပွားများ ထားသူ မှန်ရင် – သူဟာ မျက်မှောင် ကုတ် လေးနက် နေတဲ့ သူ မဟုတ်ဘူး။ အပြည့်အဝ ချမ်းမြေ့ လန်းဆန်း နေသူ သာ ဖြစ်တယ်။ ဒါကို မမေ့လျော့ဖို့ လိုပါတယ်။ သူ့အတွက် ဘယ်နေရာ၊ ဘယ်အချိန်၊ ဘယ် အခြေ အနေ ဆိုတာ အရေးမကြီးဘူး။ အခြေအနေ တိုင်း၊ အချိန်တိုင်း ဟာ ဘာဝနာ ပြုဖို့ လုံလောက် တယ်။ ဘာဝနာ နဲ့ မိမိ ခဏကို မပြတ် အသိရှိ နိုးကြားတယ်။ ဘာဝနာ ရှိနေသူဟာ ဘဝကို အသိ ရှိရှိ နိုးကြား ရှင်သန် နေသူသာ ဖြစ်တယ်။ Read more of this post

ဘာဝနာ သည်သာ ဘဝရှင်သန်မှု ပုံစံ

ဘာဝနာ ဟာ အခုခဏ အတွင်းပဲ ဖြစ်ပါတယ်။ အခုခဏမဆိုင်း – သိမှတ်ရင်း ရှင်သန် နေမှု မျှသာ ဖြစ်တယ်။ အခု ပစ္စုပ္ပန် ဒီခဏ ကလွဲလို့ အခြားမရှိ။ ဘယ်မှ မထွက်သွားဘူး။ ဘယ်ဆီမှ မသက်ရောက်ဘူး။ ဒီခဏအတွင်းမှာတင် အပြည့်အဝ အသိရှိနေခြင်း သက်သက် ကို ဆိုလိုပါတယ်။

တစ်ချိန်က ဗုဒ္ဓကို လူတစ်ယောက်က လျောက်ထား တယ်။
“ဘာဝနာ ဘယ်လို ပြုရပါမလဲ”
ဗုဒ္ဓက ပြန်ဖြေတယ်။

“ခင်ဗျား ဘယ်အရာကို လုပ်လုပ်၊ လုပ်တိုင်း မပြတ် မလပ် သိမှတ်နေမှုသာ ဖြစ်ပါတယ်။ အဲ့ဒါကို ဘာဝနာ လို့ ခေါ်ဆိုတယ်။ စင်္ကြန်လျောက်တဲ့ ခဏ ၊ သတိ ~ အသိ နဲ့ လျောက်တယ်။ အဲ့ခဏမှာ လျောက်ခြင်း အပြည့်အဝ ရှိတယ်။ စားသောက် တယ် ဆိုတဲ့ ခဏ၊ သတိ၊ အသိ နဲ့ စားတယ်။ အဲ့ခဏမှာ စားခြင်း အပြည့်အဝ ရှိတယ်။ အလားတူ ~ ထ၊ ထိုင်၊ ရပ်သွား အရာအားလုံးမှာ သိမှု သတိ သာ အစဉ်ကပ်လျက် ရှိ နေတယ်။ သင့်ရဲ့ စိတ်သန္တာန်ဟာ ဒီ ပစ္စုပ္ပန် တခဏ ကနေ တစ်နေရာ တစ်ပါး ကို ပြေးမသွားဘဲ၊ ခဏချင်းမှာ မြဲမြံနေတယ်။ ပြည့်ဝ ငြိမ်ဆိတ်နေတယ်။ ဒါကို ဘာဝနာလို့ ကျွန်ုပ် ခေါ်ဆို ပါတယ်”

စင်စစ် ဘာဝနာ ဟာ ကျနော်တို့ ဘဝ ဖြစ်စဉ် လုပ်ငန်းတွေ ထဲမှာ သီးခြား လုပ်မနေရတဲ့ အရာ ပါ။ သိမှု အသိ နဲ့ ရှင်သန်နေတဲ့ ဘဝ ~ ဒီ ဘဝ တစ်ခုလုံးရဲ့ အမည် ဟာ “ဘာဝနာ” ဖြစ်ပါတယ်။ ဒ့ါကြောင့် တစ်နေ့ တစ်နာရီလောက် ပြုတဲ့ ဘုရားစင်ရှေ့ တရား ထိုင်နေ ရုံမျှ လောက် နဲ့ ဘာဝနာ ကို မတင်းတိမ် စေဖို့ ပြောလိုပါတယ်။

တစ်နေ့ တစ်နာရီပဲ ဘာဝနာ ပြုမယ် ဆိုပါစို့။ အဲ့ဒါဟာ ~ နောက်နေ့ ဆက်တိုးပွား ချင်မှ တိုးပွား နိုင်မယ် ဆိုတဲ့ အကြောင်း သိထားဖို့ လိုပါလိမ့်မယ်။ စင်စစ် တစ်နေ့ တစ်နာရီလောက်သာ ဘာဝနာ ပြုဖို့ ကြံရွယ်သူဟာ – တစ်နေ့တာ ရရှိတဲ့ နှစ်ဆယ့် လေးနာရီ မှာ နှစ်ဆယ့် သုံးနာရီ ကို အချည်းနှီး ထားရှိပြီး – တစ်နာရီကို သာ အသုံးပြုနေ တာ ဖြစ်ပါတယ်။ ဆိုပါစို့ – ခင်ဗျား တစ်ရက်ကို တနာရီစာ ဘာဝနာ ပြု မယ်။ ကျန်တဲ့ နှစ်ဆယ့်သုံးနာရီမှာ နေချင်သလိုနေမယ်။ ဒါဆို- အဖိုးတန်တဲ့ ဘာဝနာပြုချိန် တစ်နာရီစာ လေးဟာ အမှတ်သတိ မရှိ – အချည်းနှီး ဖြစ်တဲ့ – နှစ်ဆယ့် သုံးနာရီ အောက် မှာ တိမ်မြုပ် ပျောက်ကွယ် သွားတယ်။ အလဟဿ ဖြစ်သွား ပါလိမ့် မယ်။ ဘာဝနာ ဆိတ်သုဉ်းနေတဲ့ အခါ ဝင်ရောက်လာ နေကျ သမားရိုးကျ အမှိုက် အညစ် တွေဟာ ~ ကြိုးစားပမ်းစား ရရှိတဲ့ တစ်နာရီစာ အလေ့ အလာ ဖြစ်တဲ့ ခင်ဗျား ရဲ့ အဖိုးတန် ဘာဝနာ အမှု ကို ဖုံးအုပ် မြှုပ်ပစ် လိုက် ကြမှာပဲ။

Read more of this post

No-Mind

ဇင်မှာ ပြောလေ့ ရှိတဲ့ “No-Mind” ကို မိမိ ကိုယ်တိုင် မသိမြင်တဲ့ အခါ အကောက်အယူ မှားလေ့ ရှိပါတယ်။ No-Mind ရဲ့ အဖြစ်ဟာ – ခင်ဗျားစိတ်ကို အပြီးတိုင် ဖျက်ချ ပစ်မယ်၊ ပစ်ဖယ်ထားပစ် လိုက်မယ် လို့ ဆိုလိုတာ မဟုတ်ဘူး။ ခင်ဗျားစိတ်ကို ခင်ဗျား လုံးဝ အသုံး မပြုတော့ဘူး လို့ ပြောတာ လည်း မဟုတ် ဘူး။ စိတ်က ခင်ဗျားကို မခိုင်းစေ နိုင်တော့ဘူး လို့ အရှင်းဆုံး ဆိုလိုတာ သာ ဖြစ်ပါတယ်။

No-Mind ဟာ ခင်ဗျားက မိမိ စိတ်ကို ဖျက်ဆီး ပစ်လိုက်တယ်လို့ အဓိပ္ပာယ် မထွက်ပါဘူး။ မိမိ စိတ်သန္တာန် ကို ဖယ်ခွာ ချထားနိုင်တယ် လို့ သာ ဆိုလိုပါတယ်။ မိမိ လောကနဲ့ ဆက်နွယ် ဖို့၊ သူ့ကို အသုံးပြု ဖို့ – လိုအပ်တဲ့ အခါ ခင်ဗျား သူ့ကို အသုံးချနိုင်တယ်။ အဲ့အချိန်မှာ -သူဟာ ခင်ဗျားရဲ့ အစေခံ သာ ဖြစ်တယ်။ ဒါပေမယ့် ဒီအဖြစ်ကို မသိနားမလည်ရင်တော့ – အခုအချိန်မှာ- သူက ခင်ဗျား ရဲ့ အရှင်သခင်၊ ဆရာတစ်ပါးပဲ။ မိမိ ဘာသာ တစ်ဦးတည်း ငြိမ်သက် ထိုင်နေစဉ်မှာလည်း – ခင်ဗျား စိတ်က ဆက်ကာ ဆက်ကာ အနှောင့်အယှက် ပေးနေ ဦးမယ်။ ခန္ဓာ တစ်ခုလုံး ငြိမ်သက်နေပေမယ့် – မိမိ စိတ်သန္တာန် တစ်ခုလုံး တွန်းထိုး လှုပ်ရှား နေဦးမယ်။ သူ့ကို မတွန်း နိုင် မလှန်နိုင် ရှိရင်း – သူပြု သမျှ – ခင်ဗျား နုနေရပါဦးမယ်။ သူ့ရဲ့ ကျွန်အဖြစ်က လွတ်မြောက် ဖို့ အခြားတစ်ပါးသူ ကလည်း ကူလို့ ကယ်လို့ မရဘူး။ ဒါ့ကြောင့် လက်ရှိအားဖြင့်- သူ့ရဲ့ လက်အောက် အကူမဲ့ အကယ်မဲ့ ခင်ဗျား တစ်ကိုယ်တည်း အထီးတည်း လိမ့်ပိန့် ကျွန်ခံ ရဆဲ ပဲ။

Read more of this post

Stop ~ Meditation

Osho

ဘာဝနာ ကို သီးခြား အချိန် ပေး မလုပ် နိုင်ဘူး ဆိုသူ တွေ ရှိတယ်။ ထိထိ ရောက်ရောက် နဲ့ တိုတိုကျဉ်းကျဉ်း ပဲ သိလိုတယ် ဆိုတဲ့ သူတွေ ရှိတယ်။ ဘာဝနာ နည်းနာ တွေ ပုံစံ အမျိုးမျိုး တွေ ကြားထဲမှာ – အခု – ပုံစံလေး တစ်ခု ကို ပြောချင် ပါတယ်။ ထိလည်း ထိရောက် သလို ~ အပို တန်ဆာပလာ သိပ်မပါ ~ ပြောင်ပြောင် တင်းတင်း ခပ်ရှင်းရှင်းပဲ။ အချိန် သီးခြား ပေးဖို့ မလိုသလို၊ နေရာ ဌာန ရွေးချယ် နေဖို့လည်း မလိုဘူး။

၁၉၈၉ ခုနှစ်က စတင်ထုတ်ဝေတဲ့ “Orange Book” စာမျက်နှာ ၅၈ မှာ အိုရှိုး ဖော်ပြထားတာ ဖြစ်ပါ တယ်။ လုပ်ဖို့က လွယ်တယ် ~ နာမည်ကိုက – “Stop ~ Meditation” လို့ တပ်ခေါ် ထားတယ်။

အဲ့ဒီ နည်းက ရိုးရှင်းပါတယ် – တစ်နေ့ ခြောက်ကြိမ် အနည်းဆုံး လုပ်ဖို့တော့ လိုတယ်။ ခြောက်ကြိမ် ဆိုလို့ များတယ် မထင်ပါနဲ့။ တစ်ကြိမ် မှာမှ – စက္ကန့် သုံးဆယ် လောက် ပဲရယ်။ ဒါ့ကြောင့် တစ်နေ့လုံး စာ အနေနဲ့ – ခင်ဗျား ဘာဝနာ ပြုချိန်ဟာ သုံးမိနစ် သာသာပဲ ရှိပါတယ်။ ခင်ဗျား တစ်နေ့တာ အတွက် သုံးမိနစ်လောက် တော့ ထုံ့ပိုင်းပြီး အချိန်ပေးနိုင်တယ် မဟုတ်လား။ ကမ္ဘာမှာ အတိုဆုံး ၊ အကျဉ်းဆုံး ဘာဝနာတွေထဲက ထိရောက်တဲ့ တစ်ခု ဖြစ်ပါတယ်။

ခင်ဗျား လမ်းလျောက် သွားနေချိန်၊ တစ်ခုခု စားနေချိန်၊ အလုပ် အစည်းအဝေး ထဲ အစဦး ရောက်နေချိန် စသဖြင့်- ရရာ ဘယ်အချိန်မှာ ဖြစ်စေ – စက္ကန့် သုံးဆယ်လောက် ရုတ်တရက် အချိန်ယူလိုက်ပါ။ ခင်ဗျား လှုပ်ရှား လုပ်ကိုင်နေတာ တွေ ရှိနေရာက ရုတ်ခြည်း ခင်ဗျား သတိရတဲ့ အခါ တိုင်း အဲ့ဒီ စက္ကန့် သုံးဆယ်လောက်တော့ အချိန်ယူလိုက်ပါ။ လုပ်ရမှာက – ခင်ဗျား လတ်တလော ပြုနေတဲ့ အရာ – ဘယ်အရာ မဆို- အပြည့်အဝ ရပ်တန့် လိုက်ဖို့ပဲ။ အဲ့အချိန်မှာ – မလှုပ် မယှက်တမ်း ရှိနေမယ်။ – လက်ရှိ တခဏ စက္ကန့် သုံးဆယ် စာ လောက်သာ ခင်ဗျား ငြိမ်ငြိမ်လေး ရှိနေဖို့ ဖြစ်ပါတယ်။ Read more of this post

စိတ် ကောင်းကင် ဝေယံ က

မိုးကြိုးသွားတစ်ချက်
စိတ်တံခါးကို နှက်တော့
အလို – ကြည့်စမ်း
အိုမင်းမစွမ်းတစ်ဦး
တစ်ကိုယ်တည်း ပျော်မြူးလို့

ဒီကဗျာမှာ ပါတဲ့ အိုမင်းမစွမ်းတစ်ဦး ( The Old man ) ဟာ ဇင် သမားတွေ အတွက် ဘုရားသခင်ရဲ့ ပုံရိပ်လိုမျိုးပါ။ God နဲ့ အလားသဏ္ဍာန် တူပါတယ်။ ဒါပေမယ့် – အခု အများ ယူဆသလို ဖန်ဆင်းရှင် ဘုရားသခင် ကို ဆိုလိုတာ မဟုတ်ဘူး။ ရှေးကျတဲ့ သဘာဝ ကိုပဲ ဆိုလိုတာ ဖြစ်ပါတယ်။ အဲ့ဒီ သဘာဝဟာ ခင်ဗျားရဲ့ သဘာဝလည်း ဖြစ်တယ်။ တကယ် လည်း အဖိုးအိုပါပဲ။

စိတ်သမ္ပဇဉ်ကို ပစ်ချ
အတွေးအခေါ်တွေ ရပ်တန့်
သက်ဝင်နိုးကြား ကြည့်ရအောင်။

တောတောင်နဲ့ ကျေးငှက်သာရကာမှာ
ကန့်လန့်ကာ ခြားဆက် မရှိ
ပကတိ အကြည်သားနဲ့ ဝင်းပလို့။

ကြားဆက်မရှိ
ဆုံကြည့်ရအောင်။

သစ္စာ ဆိုတာ
အခု ဒီနေရာမှာ
လက်ငင်း ဝင်းပ။

ရှာဖွေလို့ မရ
ရှုမြင်လို့သာ ရတဲ့ အရာ
သစ္စာတဲ့ – ဒီနေရာမှာ။

နိုးထကြစမ်းပါ့
အခါခါ လှုပ်နှိုး
ထစမ်းပါ့ ကိုယ့်လူ။

နားလည်တဲ့ တွေးခေါ်စိတ်တွေ
အဝေး မသွား၊ အနီးအပါးတင် ထားခဲ့။
အသိသညာဟာ ပညာကို ဖုံးကွယ် –
အဲ့ အဖုံးအကာတွေ ထားရစ်ခဲ့။

Osho: Clash of Thunder

………………………………..
A : ဒီကဗျာကို မြင်တော့ – ပထမဆုံး မေးခွန်း ပေါ်လာပါတယ်။
How to stop Thinking?
ကျနော်တို့ အတွေးစဉ်ကို ဘယ်လိုရပ်ရမှာလဲ။

ဖြေကြည့်မယ်။

ကျနော်တို့ စိတ်ရဲ့ အတွေးစဉ်ကို ရပ်ပစ်လို့ မရပါဘူး။ အတွေးကို ရပ်တန့်ပစ်ဖို့ မကြိုးစား စေချင်ဘူး။ အကြောင်းက အတွေးဟာ သူ့ အလိုအလျောက်သာ ရပ်တန့်သွား နိုင်တယ်။ ကိုယ်က ပြုပြင်အားစိုက်လို့ မရဘူး။ ဒါကို – အတင်းအကျပ် ပြုပြင်အားစိုက်ပြီး လုပ်ယူရင် ရူးသွားဖို့သာ ရှိပါတယ်။ အဲ့ဒါကို ဂရုပြုစေချင်ပါတယ်။

ဇင် မှာ ပြောလေ့ပြောထ ရှိတဲ့ No-mind အတွေးစိတ် မရှိတော့တဲ့ အခြေအနေ ဆိုတာ အတွေးတွေ ရပ်သွားတဲ့ အခြေအနေကို ဆိုလိုတာ မဟုတ်ဘူး။ အတွေးစဉ် ဆက်လက်ပြီး မရှိတော့တာ ကိုသာ ဆိုလိုတာ ဖြစ်ပါတယ်။ ရှုပ်သွားလား မသိ။ တစ်နည်း ပြန်ပြောပါမယ်။

စိတ်အတွေးစဉ်ကို ရပ်တန့်ဖို့ အားစိုက် ထုတ်ကြည့်ရင် ပိုပြီး အာရုံ ရှုတ်ထွေး လာတာကို တွေ့ရမယ်။ ဒါမှမဟုတ် သိစိတ်အစဉ်က ဝေဝါး သွားတယ်။ အတွေး အချင်းချင်း ပဋိပက္ခ ဖြစ်ကုန်တယ်။ ဒီထက် လွန်ကဲလာရင် ခင်ဗျား သတိလစ် သွားမယ်။ အဲ့ဒီ အခြေအနေမှာ ခင်ဗျား တော်တော် ကြာကြာ ရပ်တည်ကောင်း ရပ်တည် နေနိုင်ပါတယ်။ ဒါပေမယ့် ကျနော် ဆိုလိုတဲ့ နေရာကိုတော့ ရောက်မှာ မဟုတ်ဘူးရယ်။

တစ်ခါတစ်လေမှာ အချိန် အတိုင်းအတာ တစ်ခု အထိ စိတ်အတွေးတွေ ငြိမ်သက်ကျ သွားနိုင်တယ်။ အဲ့အခြေအနေကို လူတိုင်း နီးပါး လုပ်နိုင်ပါတယ်။ ဒါပေတဲ့ အဲ့ဒါဟာ ဇင်မှာ ပြောလေ့ရှိတဲ့ No-mind နေရာ မဟုတ်ဘူး။ အဲ့ဒီ အခြေအနေဟာ အဲ့ဒီ ခဏတာ အတွင်းပဲ ရပ်တန့်သွားတာ သက်သက် ဖြစ်ပါတယ်။ သူတို့ကို ပြန်လှုပ်နှိုးရင် ခင်ဗျား နကို အခြေအနေကိုပဲ ပြန်ရောက် လာတယ်။

Read more of this post

ကြောင် တစ်ကောင် နှင့် ဆာမူရိုင်း ပုံပြင်

ဘာဝနာ ကို ဘာလို့ လိုအပ် ရသလဲ။ ဒီလို မေးလာခဲ့ရင် အဖြေက – ကျနော်တို့ တွေဟာ “သဘာဝ” အတိုင်း ရှိမနေကြ လို့ပါ။ အဲ့လိုပဲ ဖြေရ ပါလိမ့်မယ်။ တစ်နည်းပြောရင်- သဘာဝထက် ပို ကျော်လွန် နေကြလို့ – သဘာဝက ပေးသမျှ အတွင်းထဲ စိတ်ဆန္ဒ တွေ ထည့်သွင်း ပုံဖော်နေ ကြလို့ ဖြစ်ပါတယ်။

ကျနော် ဒီနေရာမှာ သုံးတဲ့ သဘာဝ ဆိုတာက – “အခု” အချိန်မှာ “အခု” ဖြစ်ရှိတဲ့ အတိုင်း ရှင်သန် နေထိုင်ခြင်း ကို ဆိုလို ပါတယ်။ “ဘာ လုပ်သင့်ပါတယ်” “ဘယ်လို လေးတော့ ဖြစ်သင့်ပါတယ်” စသဖြင့် အဲ့တာ တွေ မပါဝင်ဘူး။ ထပ် မထည့်ဘူး။ ဖြစ်တာကို ဖြစ်တဲ့ အတိုင်း အသိအမှတ် ပြုရုံမျှ လေးပါ။ “အခု” လက်ရှိ ခဏကို “အခု” လက်ရှိ ခဏ အတိုင်း လက်ခံ ထားရှိတာ သက်သက်ပါ။ စိတ်ဆိုးသလား – စိတ်ဆိုးတဲ့ အတိုင်း သိမှတ်ထားတယ်။ ထပ်ပြီး မဖြည့်- ထပ်ပြီး မပြင်တဲ့ “သဘာဝ”။ စိတ် မဆိုး ရခြင်း ရဲ့ ပုံရိပ်၊ စိတ်ဆိုး ရခြင်း ရဲ့ ပုံရိပ် – ဘာဆို ဘာမှ ဖြည့်စွက်ခြင်း ၊ နှုတ်ပယ်ခြင်း မရှိတဲ့ “သဘာဝ” ကို ဆိုလိုပါတယ်။ စိတ်ဆိုးလိုက်တယ် – ဒေါသထွက်လိုက်တယ် – အဲ့အခိုက်မှာ ဒေါသ ထွက် နေသလား – သိလိုက်တယ်။ အဲ့ဒါပဲ ရှိပါတယ်။ ဒေါသ စိတ် ပျောက်သွားတဲ့ အခါလည်း – ပျောက်သွားသလား- ပျောက်သွားတယ် ။ အဲ့ဒါပဲ ရှိနေ ပါတယ်။ မောဟိုက် ကျန်ရစ် ခဲ့ခြင်း၊ တွေးတော ကျန်ရစ် ခဲ့ခြင်း၊ ငါမှားပြီ လို့ ဆင်ခြင် မိခြင်း စသဖြင့် ဘာဆို ဘာမှ ထပ် မဖြည့်ပါဘူး။ ရိုးရှင်းစွာ နဲ့ အဲ့ဒီ အတိုင်း လက်ခံ ပါတယ်။ ဒါက ဒေါသ တစ်ခုတည်း ပြောတာပါ ။ တဏှာ၊ လောဘ၊ ချစ်ခြင်း မေတ္တာ စတာ တွေမှာလည်း အဲ့ဒီ အတိုင်းပါပဲ။ ချစ်တဲ့ စိတ် ရှိနေတဲ့ အခိုက် ချစ်တယ် ဆိုတာ သိရုံမျှလေး ပါ။ ချစ်သင့်လား မချစ်သင့်လား- ငါချစ်တာ ဘယ်သူလဲ ဘယ်ဝါလဲ- ငါ ဘယ်ပုံ ချစ်မလဲ-သူကရော ပြန်ချစ်မလား – အဲ့ဒါတွေ မပါဝင်ဘူး။ မထည့်သွင်း ထားဘူး။ ချစ်ခြင်း အဋ္ဌကထာ ဋီကာ တွေ ချဲ့ကား မနေဘူး။ ခင်ဗျား သန္တာန်မှာ ဖြစ်တဲ့ အတိုင်း ခင်ဗျား လက်ခံ သိမှတ် ထားတာ ရိုးရိုးလေးပါ။ အဲ့ဒီ ချစ်တဲ့ ခဏမှာ ချစ်တယ် ဆိုတဲ့ စိတ်က သဘာဝ အတိုင်း စီးမျော နေပါတယ်။ Read more of this post

ဘာဝနာဖြင့် ထုံမွှမ်းအပ်သော

“ဘာဝနာနှင့် ထုံမွှမ်းအပ်သည်၊ ဓမ္မဖြင့် နေထိုင်သည်” စသည့် စကား ၊ ဝေါဟာရများကို ဗုဒ္ဓဘာသာဝင် အများ ( ထေရဝါဒတွင်ရော၊ အခြား ဘာသာမျိုးကွဲ တွေမှာရော ) ကြားနာ ဖူးကြသည်။ ထိုသို့ ကြားနာ မှတ်သားရာတွင် နာယူသူ အပေါင်းတို့က မည်သို့ ဆက်လက် ကျင့်ကြံ ကြပါသနည်း။

ဘဝ တစ်လျောက်လုံး ဘာဝနာနှင့် ထုံမွှမ်းနေထိုင်အပ်သည် ဆိုသော စကားကို ကျနော် ကြိုက်ပါသည်။ သို့သော် ( ဝါးလုံးရှည်နှင့် သိမ်းရမ်းသည် ဟု ဆိုဆို ) အများအားဖြင့် တွေ့နေရသည့် – ဘုရားစင်ရှေ့ တရားထိုင်နေမှ တရားကျင့် ကြံခြင်း မဟုတ်ပေ။ တရားတိုက် ၊ တရား စခန်း ဝင်မှ တရား ကျင့်ကြံခြင်း အမှန် မဟုတ်။ ဓမ္မသည် အချိန်ပိုင်း အားဖြင့် သာ ရှိအပ်သော အရာ မဟုတ်ပေ။ ဆိုလိုသည်မှာ ဘာဝနာသည် ဘဝ၏ အစိတ်အပိုင်း တစ်ခုမျှသာ ဖြစ်သည်ဟု ထင်မြင် ကျင့်ကြံကြလျှင် မမှန်ကန်သော အကျင့်အကြံသာ ဖြစ်ပါမည်။ ဘဝ တစ်လျောက်လုံး ဟူသော စကားပုဒ်သည် ဘဝရှင်သန်နေသမျှ ကာလပတ်လုံး ဟု ဆိုလိုမည်။ ဤသည်မှာ ကျနော့ အယူသာ ဖြစ်ပါသည်။


မကြာခဏ ကြားရသည်။ “ခင်ဗျား တရား ဘယ်လောက် ကြာကြာ ထိုင်နိုင်သလဲ” ။ တင်ပလ္လင်ခွေချိတ်၊ မျက်လုံးစုံမှိတ်၊ အသက်မျှင်းမျှင်းရှူ၊ ဘယ်လက်ဖဝါးပေါ် ညာလက် ဖဝါး ထပ်တင်၊ ခါးမတ်မတ်ထား။ တစ်မိနစ်လား၊ နှစ်မိနစ်လား၊ တစ်နာရီလား။ ထိုကဲ့သို့ ငြိမ်လိုက်လျှင် တရားစ ထိုင်ခြင်း သရုပ်သကန် စတင်ပြီ ဖြစ်သည် ဆိုပါစို့။ ယင်း နောက်ကွယ်က သဘောထားများကရော…..။ တရားကို ( ဝါ ) ဓမ္မကို ထိုသို့ ထိုင်လိုက်ခြင်း နည်းအားဖြင့် ရယူနိုင်ပါသလား။ ယင်းမေးခွန်းကို တစ်ချိန်က ကျနော် မေးလျောက် ခဲ့ဖူးပါသည်။ ဆရာတော် တစ်ပါးက ဤသို့ ဖြေကြားသည်။

“ဒီလို တစ်မိနစ်ရရ၊ ငါးမိနစ်ရရ တရား ထိုင်ပြီး ရှုမှတ်ကြ၊ အားထုတ်ကြဖို့ တိုက်တွန်းရခြင်း အကြောင်းက တစ်သံသရာလုံး၊ တစ်ဘဝလုံး ကပ်ငြိလာခဲ့တဲ့ စိတ်၊ သံယောဇဉ်၊ တစ်ဘဝလုံး အထိန်းအကွပ်မဲ့ လှုပ်ရှား နောက်ကျိခဲ့တဲ့ စိတ်ရိုင်းတွေကို တည်ငြိမ်လေးနက် သွားအောင် ထိန်းကျောင်းခြင်းသာ ဖြစ်ပါတယ် ဒကာ။ ကလေးတစ်ယောက် လမ်းမလျောက်တတ်လျောက်တတ် လျောက်ခါစမှာ ခြေတစ်လှမ်း ဘယ်လို လှမ်းရမယ်လို့ တွဲခေါ် သင်ကြားပေးရတာ ရှိတယ်။ တစ်လှမ်းလှမ်းနိုင်ရင် နောက်တစ်လှမ်း၊ နောက်တစ်လှမ်း စသဖြင့် ၊ အဲ့သလို မျိုးပဲ၊ တစ်မိနစ်၊ ငါးမိနစ် အဲ့ဒီနောက် တစ်နာရီ ၊ နှစ်နာရီ စသဖြင့်။ ဒီလို သဘောပါပဲ။

ဘာဝနာကို ဘယ်လို ပွားများရမယ်လို့ စတင်သင်ကြားချိန်မှာ ဘာဝနာ ပွားများခြင်းရဲ့ အစဦး အခြေခံကို စတင် ပျိုးယူရ တယ်။ ထိုင်နေမှ မဟုတ်ပါဘူး။ ဒီအစပျိုး အခြေအနေကနေ ပွားများယူနိုင်လို့ ရှေ့ကို ဆက်လက်ပြီး ဣရိယာပုတ် လေးပါးစလုံးရော၊ မိမိတို့ ကိုယ်စီ ဘဝထဲ အရေးအရာ တွေ ရင်ဆိုင် ဖြတ်သန်းတဲ့ အခါမှာရော သတိမပြတ် ထုံမွှမ်းနေသွားရပါမယ်။ ယုတ်စွ အဆုံး အိမ်ယာ ထူထောင်ရင်း၊ သားသမီး မြေးမြစ် တစ်စုနဲ့ စီးပွားရှာဖွေရင်းလည်း ဘာဝနာ ဟာ ပွားများ နေနိုင်ပါတယ်။” Read more of this post