ချိန်ခွင်ညှာ ~ ပါရဂူ

ကျနော့ ဆရာအရင်း ဖြစ်တဲ့ ဆရာ ပါရဂူရဲ့ ဆောင်းပါးလေး တစ်ပုဒ်ကို အမှတ်မထင် FB စာမျက်နှာက တစ်နေရာ မှာ တွေ့လိုက် ရတယ်။ ကူးယူ လာခဲ့ပြီး ကိုယ့် blog ထဲကို ကိုယ် အမြတ်တနိုး မှတ်မှတ်ရရ သိမ်းထား လိုက် ပါတယ်။ သက်ဆိုင်သူများ ကျေးဇူးပါ။
……………….

ချိန်ခွင်ညှာ

အီဗောလျူရှင်း သီအိုရီ အရ ကမ္ဘာလောက ဟာ တစ်စတစ်စ တိုးတက် လာတယ်လို့ ဆိုကြတယ်။ ကမ္ဘာလောက ဟာ ဒွန္ဒ နည်းအရ၊ ဒိုင်ယာ လက်တိကယ် နည်း အရ တိုးတက် လာတာ ဖြစ်တယ်။ အရာဝတ္ထု မှန်သမျှ ဆန့်ကျင်ဘက် သဘောတရား နှစ်ခု ဆက်စပ် နေ တာ ဖြစ်တယ်။ ဒွန်တွဲ နေတာ ဖြစ်တယ်။ နေ့ဖြစ်လာတယ် ဆိုရင် ည ရောက် မလာဘဲ မနေ ဘူး။ နံနက်ချိန် ဖြစ်လာရင် ညနေ ရောက် ကို ရောက်လာရမယ်။ နံနက်ချိန် ဟာ ညနေချိန်ကို ခေါ်ဆောင် လာတယ်။ ညနေချိန် ရောက်လာဖို့ ၁၂ နာရီ လောက်သာ စောင့်ရ လိမ့်မယ်။ ဇာတိ ဖြစ်လာရင် မရဏ ကပ်ပါလိမ့်မယ်။

ယေဘုယျ အားဖြင့် မရဏ ရောက်လာဖို့ နှစ်ပေါင်း ခုနှစ်ဆယ် လောက် စောင့်ချင် စောင့် နေရလိမ့်မယ်။ နံနက်ချိန် အပြီး မှာ ညနေချိန် ရောက် လာတာဟာ၊ ဇာတိနှင့် အတူ မရဏ ကပ် ပါလာတာ ဟာ ဆန့်ကျင်ဘက် သဘော တရား နှစ်ခု ပေါင်းစပ် နေ တာ ဖြစ်တယ်။ ဒွန္ဒသဘော၊ ဒိုင်ယာလက်တိကယ် သဘော အတွင်း ငုပ်နေတာ ဖြစ်တယ်။အဲဒီနည်း အတိုင်း ပဲ အလင်းရောင် မှာ အမှောင် ပေါ်လာတယ်။

သုခ နဲ့အတူ ဒုက္ခ ကပ်ပါလာတယ်။ က လို့မပြီးခင် ပူဆွေး စရာ၊ သောက ဖြစ်စရာ အကြောင်းက စောင့်နေတယ်။ ပြုံးလို့ လက်စ မသပ်ခင်၊ မျက်ရည်က အဆင်သင့် ဖြစ်နေပြီ။မျက်ရည် ကို ဖိတ်မန္တကပြုလာတာ တခြားမဟုတ်ဘူး။ အပြုံး……အပြုံး….။

ဆန့်ကျင်ဘက် သဘောတရား နှစ်ခု ထဲက ဘယ် သဘောတရား ကိုမှ မလိုက်ဘဲ ကြားနေရင်၊ ဒါက အပြုံး၊ ဒါက မျက်ရည် ဆိုတာကို သိပြီး မိမိ ကိုယ်ကို အပြုံး နှင့်လည်း မ ဆက်စပ် စေဘဲ၊ မျက်ရည်နှင့်လည်း မဆက်စပ်စေဘဲ၊ တတိယလူ “သာဒ့်ပါစင်” အဖြစ်ရှိနေရင်၊ ခပ်လှမ်းလှမ်း က ကြည့်ရှု အကဲခတ် နေရင် အဲဒီနေ့မှာ နှိုးကြားမှု ဖြစ်ပေါ်လာပြီး၊ အပ္ပမာဒ တရား ဖြစ်ပေါ် လာပြီး သဘောတရား နှစ်ခု ကို တစ်ခုစီ ခွဲခြားမြင်နေမှာ မဟုတ်တော့ဘူး။မျက်ရည် ထဲမှာ အပြုံး ကို မြင်နေရလိမ့်မယ်။ အပြုံးထဲမှာ မျက်ရည် ပေါ် လာလိမ့် မယ်။ ဆန့်ကျင်ဘက် သဘောတရား နှစ်ခု ဒွန္ဒသဘော တရား နှစ်ခု၊ ဒိုင်ယာလက်တိကယ် သဘောတရား နှစ်ခု ဆိုတာ ရှိတော့မှာ မဟုတ်ဘူး။

Read more of this post