ပန်းတစ်ပွင့် ဖန်ဆင်းခြင်း

လူဟာ မွေးကတည်းက ပန်းတစ်ပွင့် အဖြစ်မွေးဖွား လာတဲ့သူ မဟုတ်ဘူး။ မျိုးစေ့ အဖြစ် မွေးဖွား လာတဲ့ သူသာ ဖြစ်ပါတယ်။ ပန်း အဖြစ် ပွင့်လန်း လာနိုင် ဖို့ က မိမိကိုယ်တိုင်ရဲ့ ကြိုးပမ်း အားထုတ် မှု ရှိမှ ရတယ်။ လူ အဖြစ် ကို ရောက် လာတာ တစ်ခု တည်းနဲ့ – နောင် တစ် ချိန် – ငါဟာ ပန်း တစ်ပွင့် ဖြစ် လာ လိမ့်မယ် လို့ ဘယ်သူမှ ကံသေ ကံမ မပြောနိုင်ဘူးရယ်။

ဒီ လူ့လောက ကို စတင် ရောက်ရှိလာတာ၊ ဖွားမြင်လာ တာဟာ ဘဝ ရှင်သန်ဖို့ အခွင့်အလန်း တစ်ရပ် ပေးထားတာ သာ ဖြစ် တယ်။ တစ်ခါတည်းနဲ့ ဘဝ ပြီးပြည့်စုံ သွား၊ ပြီးသွား တာ မဟုတ် ဘူး။ ဒါ့ကြောင့် ခင်ဗျား ဘဝ စတင် လာတဲ့နောက်ပိုင်း – ဘဝ ရှင်သန်ဖို့ လွဲချော် နိုင်နေ သေးတယ်။ လွဲချော်နိုင် တဲ့ အကြောင်းတွေ ရှိနေ သေးတယ်။ လူသန်းပေါင်း များစွာ လည်း ဒါကို လျစ်လျူ ရှု ထားကြ ပြီးသားရယ်။ ဘာလို့ လျစ်လျူရှု ထားမိ သလဲ လို့ မေး ရင် – ရိုးရှင်း တဲ့ အကြောင်းက – လူတိုင်း နီးပါး ဟာ – ဒီဘဝ မွေးဖွားလာပြီ ဆိုကတည်းက – ဘဝ ရှင်သန် ဖို့ လုံလောက်ပြီ ပြည့်စုံပြီ လို့ ယူဆကြလို့ ဖြစ်ပါတယ်။

ဒါပေမယ့် တကယ်တမ်း အမိဝမ်းက ကျွတ်လာရခြင်း တစ်ခု တည်း နဲ့ ဘဝ မဖြစ် ဘူး။ ဘဝ မပြည့်စုံသေးဘူး။ အမိ ဝမ်း က ထွက်ရှိ လာတာဟာ ဘဝ မဟုတ်ဘူး – ဘဝ ရှင်သန်ဖို့ လိုအပ်ချက် သာ ဖြစ် တယ်။ ဒီဘဝကို မရောက် လာဘဲ ဘဝ မရှင်သန် နိုင်ဘူး – ရှင်းပါ တယ်။ ဒါပေမယ့် ဒီဘဝ ကို ရောက်လာ ရုံ လေးဟာ ဘဝ တစ်ခုလုံး နဲ့ ထပ်တူ မကျဘူး။ ဒုတိယ အကြိမ် ထပ်မံ မွေး ဖွား နိုင်ဖို့ လိုအပ် သလို၊ ခင်ဗျား အားစိုက် ထုတ် – ကြိုးပမ်း ဖို့ လိုအပ်နေ ပါသေး တယ်။

ယေရှု ခရစ်က – “ခင်ဗျား – ကလေးသူငယ် တစ်ဦး ပြန် မဖြစ်သေး သရွေ့ ဘုရား သခင်ရဲ့ ကောင်းကင်နိုင်ငံတော်ကို မဝင်နိုင်ဘူး” လို့ ဆိုတယ်။ လိုရင်း က – ဒုတိယ အကြိမ် ပြန်လည် မမွေးဖွားနိုင် ဘဲ ဘဝ စင်စစ် မရှင်သန်ဘူးလို့ အဓိပ္ပာယ် ယူပါတယ်။

Read more of this post

လူသည် ကြာငုံသာ ဖြစ်သေးသည်

လူသည် မျိုးစေ့ ဗီဇ အနေဖြင့်သာ မွေးဖွားလာခဲ့ သူ ဖြစ်သည်။ အပွင့်အခက် မရှိသေး ၊ မျိုးစေ့မျှသာ ရှိသေး သည်။ ကြီးထွား မလာသေး။ ငုံဖူး လျက်သာ ရှိသေးသည်။ ယင်း မျိုးစေ့၊ ယင်း အငုံအဖူး ဘဝ ကို မပျိုးထောင်လျှင် အပင် ကိုယ်ထည် သာ ကြီး၍ အပွင့် အသီး သီးပွင့် မည် မဟုတ်ပေ ။ ရှင်သန် နေသည့် မိမိမှာ ခန္ဓာသာ ထွားလာ၍ နွားနှင့်သာ တူနေပေလိမ့်မည်။ ခန္ဓာကိုယ် ကြီးထွား လာခြင်း သည် ဖွံ့ထွားလာခြင်း မဟုတ်။ အသက်ကြီးလာခြင်း သည် အသိကြီးလာခြင်း မဟုတ်။ ရုပ်ပိုင်း သည် စိတ်ပိုင်း ဆိုင်ရာ နှင့် လွတ်မြောက်မှု ပိုင်း ဆိုင်ရာ တို့ ကို များစွာ အထောက်အကူ မပြု။ အချိန်ပေါင်း များစွာ ဖြတ်သန်း နေထိုင် ပြီးသည့် တိုင် စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှု မရှိခဲ့ပါလျှင် အကြင်သူ ကို အချိန် အလဟဿ ဖြုန်းတီး ပစ်ခဲ့သူ ဟုသာ ဆိုရမည် ဖြစ်သည်။

လူသည် ဤကမ္ဘာမြေ ပြင်တွင် အသိဥာဏ် အလင်း ရနိုင်သော တစ်ဦးတည်းသော သတ္တဝါ ဖြစ်သည်။ ဆင်၊ ကျား၊ ခြေင်္သေ့ စသဖြင့် တို့ သည် အသိဥာဏ် အလင်း မရနိုင်ပေ။ လူသည်သာ အသိဥာဏ် အလင်း ရနိုင်စွမ်း ပြီး၊ ကုမုဒြာ ကြာ ၏ ပွင့်ချပ်ပေါင်း များစွာ စုငုံ ထားသော မျိုးစေ့ လည်း ဖြစ်သည်။ မပွင့်အာသေး – သို့သော် ပွင့်အာရန် အစွမ်းရှိသည်။ လူ၏ အသွင်သန္တာန် အတွင်း၌ သာ ဘုရား သခင် ၏ သင်းပျံ့သော ရနံ့ ကောင်းစွာ ကိန်းဝပ် နေနိုင်သည်။ မမွှေးပျံ့သေး – သို့သော် မွှေးပျံ့ရန် အလားအလာ ရှိသည်။

Read more of this post

ရူးသွပ်စွာ ရိုးသားခြင်း

Innocence ဆိုတဲ့ အင်္ဂလိပ် ဝေါဟာရကို မြန်မာ မှာ အမျိုးမျိုး ဖွင့်ဆိုကြတယ်။ အဓိပ္ပာယ် အတိမ်အနက် ပေါ် မူတည်ပြီး သုံးစွဲမှု ကွဲပါတယ်။ Innocence ကို အပြစ်ကင်းသည့် သဘော၊ ရိုးစင်းသည့် သဘော လို့ ပြန်ဆိုကြမယ်။ ကျနော် ဒီမှာ သုံးစွဲချင်တဲ့ Innocence ဆိုတာက ဖြူစင်မှု ကို ဆိုလိုပါတယ်။ အဲ့ဒီ ဖြူစင်မှု ထဲမှာ အပြစ်ကင်းခြင်း၊ ရိုးစင်းခြင်း၊ ရိုးသားခြင်း တွေပါ တစ်ပါတည်း ပါဝင်တယ်။

ကျနော်တို့ ပြောလေ့ ရှိကြတာက – ကလေးငယ်လေး တွေဟာ သိပ် အပြစ်ကင်း ကြတယ်။ ဖြူစင်ကြတယ်။ ရိုးရိုးသားသား ရှိကြတယ် လို့ ဆိုတယ်။ ဟုတ်ပါတယ်။ ကျနော်တို့ ကလေးငယ် ဘဝတွေမှာ ဘာကိုမှ ထိန်းချုပ် ထားတာ မရှိ ၊ ကြောက်လန့် ပူပန်စရာ များများစားစား မရှိ။ သိမှတ် ပိုင်ဆိုင်ချင်စရာ ပေါပေါ များများ မသိ၊ မရှိ။ ရိုးရှင်းစွာ ရှင်သန်ပြီး၊ ရိုးစင်းစွာပဲ နေ့ရက်တွေကို ဖြတ်သန်း ခဲ့ကြတယ်။ ပကတိ ဖြူစင် ခဲ့ကြပါတယ်။

ဒါပေမယ့် တကယ် ဖြူစင်မှု အမှန် ဟုတ်ပါသလား။ ဖြူစင်မှု ရှိကြတဲ့ အဲ့ဘဝ နေ့ရက် တွေကနေ အခု အချိန်အခါမှာ ဘာလို့ နောက်ကျိ သွားကြ ရတာလဲ။ ဘာလို့ ရိုးသားမှုတွေ ပျောက်ဆုံး ကုန်ကြ တာလဲ။ ရှင်းနေတဲ့ အဖြေကတော့ — ကလေးငယ် ဘဝရဲ့ ဖြူစင် ရိုးသားမှုဟာ ဖြူစင် ရိုးသားမှု အစစ်အမှန် မဟုတ် လို့ပဲ။ သူဟာ ဖြူစင် ရိုးသားနေတာ မဟုတ် ဘူး။ ဘာမှ မသိသေးတာ သက်သက် ဖြစ်ပါတယ်။ ဘာကိုမှ မတွေးနိုင်၊ မယူနိုင်သေးတာ သက်သက်။ သူ့မှာ ဘာမှ မသင်ကြား ရသေးခင် ရိုးသားနေတာ သက်သက်ပဲရယ်။

ဘယ်အမှိုက်၊ ဘယ်ဒိုက် တစ်စမှ မကျရသေးတဲ့ ကန်ရေ မျက်နှာပြင်လိုပဲ တည်ငြိမ် နေတယ်။ ကြည်လင် အပြစ်ကင်းနေပါတယ်။ ဒါပေမယ့် ဖုန်၊ အမှိုက်၊ ဒိုက်တွေ တစ်စစ ဝင်လာတဲ့နောက် ရှုပ်ထွေး နောက်ကျိကုန် ရတယ်။ ဒါ့ကြောင့် ကလေးငယ် တစ်ယောက် Innocent ၊ ရိုးသား ဖြူစင်နေမှု ဟာ သူ ဘာမှ မသိလို့ သက်သက်သာ ဖြစ်ပါတယ်။ အဓိကက သူ ဘာမှမသိဘူး ဆိုတာကို တောင် မသိဘူးရယ်။ အဲ့ဒီ အတွက် သူဟာ အခုမှ ရောက်ရှိ လာရတဲ့ ကမ္ဘာလောကမှာ သူ အာရုံကျရာ ကို စူးစမ်းတယ်၊ သိချင်တယ်၊ သင်ယူပါတယ်။

Read more of this post

ဝေါဟာရ/ အဓိပ္ပာယ်/ သိမှု/ ရှိမှု = ပြဿနာ

ဒီညမှာ အိန္ဒိယ ဒဿန ဆရာ အိုရှိုးရဲ့ စာတွေ လိုက်ဖတ် ဖြစ်တယ်။ ရှေးဟောင်းတရုတ် ဒဿနတွေထဲက တာအိုဝါဒအပေါ်မှာ အားပြုနေတာ တွေ့ရတယ်။ သူရဲ့ The Way of Tao ကို ကြိုက်တယ်။ မြန်မာပြန်ဆို ကြည့်ဖို့ စဉ်းစားလိုက်တော့ မကျေလည်တာ တစ်ခု တွေ့ရပါတယ်။ အဲ့ဒါက Tao ( တောက် ) ဆိုတဲ့ ဝေါဟာရ နေရာပါ။ ဆရာသက်လုံရဲ့ စေ့ထားသော တံခါးများ ( ပ+ဒု ) မှာတော့ Tao ကို ဓမ္မတရား၊ တောက် လို့ ပဲ ထည်လဲသုံး ဖွင့်ဆိုပြထားတယ်။

Tao ဟာ ( ကျနော် နားလည်သလောက် ပြောရင် ) ဓမ္မတရား ဟုတ်ပါသလား။ အဲ့ဒီ ဝေါဟာရနဲ့ ဖလှယ်သုံးလို့ ရပါ့မလား။ ဓမ္မ ဆိုတာ ဗုဒ္ဓဝါဒနဲ့ နွယ်ပြီး သိရတဲ့ ပါဠိစကား ဖြစ်ပါတယ်။ ဗုဒ္ဓဘာသာမှာ ဓမ္မ ဆိုတာ လမ်း ဖြစ်ပါတယ်။ ဟုတ်တယ်ဟုတ်။

ဒီမှာ သုံးထားတဲ့ Tao ဟာ လမ်းလား။ လမ်း မဟုတ်ဘူးလို့ မြင်ပါတယ်။ အနောက်တိုင်း ဆရာတွေ သူတို့ဘာသာအလိုက် ပြန်ဆိုရာမှာ Tao ကို God နဲ့ ဖလှယ်သုံးနှုန်းထားတယ်။ အများအားဖြင့် တော့ Tao ကို Tao အတိုင်းပဲ ပြန်ဆိုကြတယ်။ ဘာလို့ဆို Tao ရဲ့ အနက်အဓိပ္ပာယ် ကိုယ်နှိုက်က ဖွင့်ဆိုရ ခက်ခဲနေလို့ပါပဲ။

တာအိုဝါဒရဲ့ ဆရာသခင် ဖြစ်တဲ့ Lao Tzu က သူရဲ့ Tao Teh Ching မှာ ရေးသားထားခဲ့တာ ရှိပါတယ်။ အပိုဒ်ရေ ( ၈၁ ) ပိုဒ် ရှိတဲ့ အနက် ပထမဆုံး အပိုဒ်မှာတင် ရှင်းထားတာက –

ရှင်းလင်းပြောပြနိုင်တဲ့ ဓမ္မ ( Tao ) ဟာ စစ်မှန်တဲ့ အသင်္ခါရ ဓမ္မ ( Tao ) မဟုတ်ဘူး။
ပညတ်သတ်မှတ်နိုင်တဲ့ အမည်သညာကလည်း စစ်မှန်တဲ့ အသင်္ခါရ အမည်သညာ မဟုတ်ဘူး။

– လို့ ဆိုထားပါတယ်။

ဆရာ အိုရှိုးက Lao Tzu ကို အတော်များများ အမွှမ်းတင်ထားတယ်။ စကားလုံးတွေ မပါဘဲ၊ ဖော်ပြချက်တွေ မရှိဘဲ ဘဝမှာ သမားရိုးကျ ရိုးရိုးလေး နေထိုင်သွားတတ်ကြသူတွေမှာ Lao Tzu ဟာ တစ်ယောက် အပါအဝင် ဖြစ်တယ်၊ လူတွေ သိနားလည်တဲ့ ဝေါဟာရတွေနဲ့ပဲ လူတွေ မသိကြသေးတဲ့ အရာတစ်ခုကို ဘယ်လိုရှင်းပြမလဲ ဆိုတဲ့ ပြဿနာ – အဲ့ပြဿနာကို ဖြေရှင်းရာမှာ Lao Tzu ဟာ ဆရာတစ်ဆူဖြစ်တယ်လို့ ဆိုပါတယ်။ Read more of this post

ဗိုလ်ချုပ်အောင်ဆန်း ပြတိုက်

ချမ်းငြိမ်းအောင် ရေးသည်။

“နှစ်လရာသီ ခါနာရီ ရွေ့ပေမယ့် အာဇာနည်နေ့ ကိုဖြင့် မမေ့သင့် ပါပေ။ ယနေ့ဖြင့် အသိတရား ထားဖို့ အခြေ အများ ပြည်သူတွေ အများ ပြည်သူတွေ အာဇာနည်နေ့ ကိုလေ တွေးရှု ကာပဲ အလေးပြု ပါတယ်လေ”

(၆၃) နှစ် မြောက်ခဲ့ပြီ ဖြစ်သော အာဇာနည်နေ့ သို့ ရောက်ပြီ။ သည်နေ့ သို့ ရောက်ပြီ။ သည့်နေ့သို့ ရောက်တိုင်း ကြားရလေ့ ရှိသော အဆိုတော်ကြီး ဒေါ်မေလှမြိုင် ၏ ကြေကွဲ လွမ်းဆွတ်ဖွယ် တေးသံ သည် အချိန်အခါ၊ နေရာဒေသ၊ အခြေအနေများ နှင့် လိုက်လျောညီထွေ စွာ ကြားရသူတိုင်း ၏ ရင်ကို လှုပ်ခါနိုင်စွမ်း ရှိလှသည်။ မှတ်မိ ပါသေးသည်။

(၁၉၆၅) ခုနှစ် ၀န်းကျင်၊ လွန်ခဲ့သော နှစ်ပေါင်း (၄၅) နှစ်ခန့် က နေရောင် မလင်း။ မိုးမင်းအုပ်ဆိုင်းလျက်ရှိသော သည်နေ့တွင် အထက်တန်း ကျောင်းသားဘ၀ ၌ ကျောင်းဆရာ၊ ဆရာမများ အစီအစဉ်ဖြင့် အာဇာနည် အထူးပြပွဲ ကို ကြည့်ခဲ့ရဖူးသည်။ ပြပွဲမှာ တပ်မတော် ခန်းမ ကို (ထိုစဉ်က အင်ဗွိုင်း ခန်းမ) မှာ ဖြစ်သည်။ ပြပွဲသို့ ရောက်ရန် မိုးက ဖွဲဖွဲ တွင် တန်းစီ ၀င်ရောက်ကြရသည်။ ပြပွဲသို့ ၀င်ရောက်ရန် စီထားသော တန်းမှာ လေးယောက်တွဲ စီထားသည် ကိုပင်လျှင် ဦးဝိစာရလမ်း နှင့် ရွှေတိဂုံ ဘုရားလမ်းဆုံ လောက်အထိ ရောက်သည်။ တန်းစီရကျိုး၊ စောင့်ရကျိုး နပ်လှသည်။ ကြည့်ရှုရသော ပြကွင်း ပြကွက်များကို ကြည့်၍ ခံစားရမှုကို မမေ့ခဲ့ပါ။ Read more of this post

ကြီးကျယ်ခမ်းနားသော အရေးအသားများ ပြီးဆုံးသွားရသည့်အကြောင်း

ဆရာမြင့်သန်း ရေးပါသည်။

ရေးနေတဲ့ဝတ္ထုနဲ့ ပတ်သက်လို့ ပြောချင်တာလေးတွေ ရှိလာတာနဲ့ ဘမြင့်ဆီ ထွက်လာခဲ့တယ်။ ဘမြင့်က လူတော်။ ဘယ်သူကမှ ပြောတာတော့ မဟုတ်ဘူး။ ကျွန်တော့်အမြင်အရ ပြောတာ။ ကျွန်တော့်အထင်အရ ကျွန်တော် လက်ခံထားတာ။ ဒီတော့လည်း ကျွန်တော့်ကိုယ်ပိုင် အမှန်တရားပဲလို့ ပြောချင်ရင် ပြောကြ။ ကိုယ်ပိုင် အမှန်တရား ဆိုတာကိုလာပြီး အကြောက်အကန် ငြင်းနေလို့ကဖြင့် နှစ်တစ်လက်မ ကောင်းကောင်းတစ်ချောင်းကိုင်ပြီး လက်တွေ့ နည်းလမ်း တကျ အမှန်တရား ဆိုတာကို ရှင်းပြလိုက်ရုံပဲ။

ဒီတော့ ခုကတည်းက ဘမြင့်ကို ဘာကြောင့် လူတော်ရယ်လို့ ကျွန်တော်က လက်ခံ ထားတယ် ဆိုတာကို ရှင်းပြ ထားချင်တယ်။ တကယ်တမ်း မှာတော့ ဘမြင့်ဟာ သူများတကာ ထက် ထူးခြားပြီး တော်တယ် လို့ ပြောလို့ ရလောက်တဲ့ အကြောင်း တစ်ခုမှ မရှိဘူး။ ကျွန်တော် လက်ခံထားတဲ့ သဘော တစ်ခုကို ပြောရရင် သူများ တကာ ထက် ထူးထူးခြားခြား ပိုပြီး မတော်လှဘူး ဆိုတဲ့ လူတိုင်းဟာ လူတော်ပဲ လို့ လက်ခံ ထားတာပဲ။ ဒီလို လက်မခံ လို့ကလည်း မဖြစ်ဘူး။ ကိုယ်လည်း လူတော် စာရင်းထဲတော့ ပါချင်သေး တာကိုး။

တကယ်တမ်းတော်မှ လူတော်လို့ သတ်မှတ်မယ် ဆိုရင်ဖြင့် လူတော် ဆိုတာတွေ သိပ်နည်း သွားလိမ့်မယ်။ လူတော် နည်းသွား တာက အကြောင်း မဟုတ်ဘူး။ လူတော် နည်းတဲ့ လူ့အဖွဲ့အစည်း ဟာ ခပ်ညံ့ညံ့ လူ့အဖွဲ့အစည်းပဲ လို့ လက်ခံ ထားကြလေတော့ ကိုယ် ပါဝင် ပတ်သက်နေရတဲ့ လူ့ အဖွဲ့အစည်းကြီး ကိုတော့ ခပ်ညံ့ညံ့ စာရင်းဝင် ဖြစ်မသွားစေချင်ဘူး။ ဒီတော့လည်း လူတော်တွေ ပေါများစေချင်တဲ့ စေတနာနဲ့လို့ ပြောရမှာပဲ။ လူ့ အဖွဲ့အစည်းကြီးကို ကောင်းစေချင်တာကိုး။

ရိုသေပြတယ်ဆိုတာ ... အရင်လူက နောက် လာတဲ့လူကို သူလုပ်ချင်တာ လုပ်လို့ ရအောင် ထွင် ထားခဲ့တာ။

တချို့ ကတော့ လူ့ အဖွဲ့အစည်းကြီး ကောင်းအောင် သစ်ပင်စိုက်တာတို့ ကြွပ်ကြွပ်အိတ် မသုံးဖို့တို့ လုပ်ကြတယ်။ ကမ္ဘာကြီးကောင်းလာအောင် ဂေဟစနစ်ဆိုလား၊ လုပ်ကြရမယ်လို့ ကြွေးကြော် ကြသေးတယ်။ တော်ပါသေးရဲ့ ဗာလစနစ်တို့ ဘာတို့ မထူထောင် ကြပေလို့ပဲ။ ဘာလစနစ်တို့ ဘာတို့သာ ရှိခဲ့ရင် ကျွန်တော့်လို အကောင်မျိုးတွေ အလုပ် အမှုဆောင် အဖွဲ့ဝင်တွေ ဘာတွေဖြစ်ပြီး အလုပ်များနေလို့ စာတောင် ကောင်းကောင်းရေးရမယ်တောင် မထင်တော့ဘူး။ ဒါပေတဲ့လည်း ကျွန်တော်ကတော့ အဲဒီလောက် အထိ မတွေးတတ်ဘူး။ နားလည်း မလည်ဘူး။ လူတော်တွေ များတဲ့ လူ့အဖွဲ့အစည်း ထဲက လူတော် ဆိုတော့လည်း အဲဒီလို အသေးအမွှားတွေ အထိ လိုက်သိနေဖို့ လည်း မလိုတော့ဘူး လို့ ထင်တယ်။

ကျွန်တော်က ဘမြင့်ကို သဘောကျတဲ့ အထဲမှာ အဲဒီ အချက်လည်း ပါတယ်။ သူကလည်း အဲဒါတွေကို စိတ်မ၀င်စားဘူး။ မြောက်ဝင်ရိုးစွန်းက ရေခဲတုံးတွေ အရည်ပျော် လာလို့ ကမ္ဘာကြီး ပိုမို ပူနွေးလာတယ်လို့ သူ့ရှေ့မှာ ပြောကြရင် ဒီလိုဖြင့် လာမယ့်ဆောင်းမှာ စောင်ထပ် ၀ယ်စရာ မလိုဘူးပေါ့ လို့ပဲ သူက ပြောလေ့ရှိတယ်။ နောက်တစ်ချက် သူ့ကို သဘောကျတာရှိသေးတယ်။ ဒီကောင်က စာအတော်ဖတ်တယ်။ တည့်တည့်ပြောရရင်တော့ အားရင် စာပဲဖတ်တယ်။ အားရင်ဆိုတဲ့ စကားလုံး ထည့်ပြော ရတာကတော့ ပြောရိုးပြောစဉ် ဖြစ်နေလို့ပါ။ ဒီကောင့်မှာက မအားစရာအကြောင်းမှ မရှိဘဲ။ ဘာအလုပ်မှ ရှိတာမှ မဟုတ်ဘဲ။ ဒီကောင်က မအားဘူးလို့ ပြောရင်တော့ စာဖတ်နေလို့ပဲ။

ကျွန်တော်တို့ ငယ်ငယ် ကျောင်းသား ဘ၀ကတည်းက သူက စာ အတော် ဖတ်တယ်။ သူ့ညီ ဘတင့် ကျတော့ သူ့လို မဟုတ်ဘူး။ သူတို့ နှစ်ယောက် က နှစ်နာရီ လောက်ပဲ ခြားတယ်။ အမွှာ။ သူ့ ကျတော့ ဘာ စာမှကို မဖတ် ချင်ဘူး။ ဖတ် လည်း မဖတ်ဘူး။ အ လိမ္မာ စာမှာ ရှိတယ် ဆိုတဲ့ စကားသာ မှန်ခဲ့ရင် ဘတင့် နဲ့ အလိမ္မာ ဆိုတာ ကြီးက အတော် ဝေးနေကြမှာ။ ဒါပေတဲ့ လည်း စီးပွားရေး သမား မဟုတ်လို့ ရှာရဖွေရကျပ်တဲ့ ကာလကြီးမှာ သင်းတို့က မကြောင့်မကြ နေနိုင်တယ်။ ဒါကတော့လည်း သင်းတို့တော်လို့ မဟုတ်ဘူး။ သင်းတို့ အဖေ သွားလေသူ ဦးဘ တော်ခဲ့ပေလို့ပဲ။

Read more of this post

ကိုဓ

လက်တစ်ဖက် ဆုံးရင် လက်တစ်ဖက် ချင်း၊ မျက်လုံး တစ်ဖက် ကန်းရင် မျက်လုံး တစ်ဖက် ချင်း ဆိုတဲ့ ဟမ္မူရာဘီရဲ့ ကိုဓ ဥပဒေက ကြီးစိုးလျက် ပဲလား။ လူတွေ ရင်ထဲမှာ ရန် အငုတ်၊ အငြှောင့်တွေနဲ့ ဆိုတာ ရှိနေတာပဲလား ။ အဲ့လို တွေးဖြစ်လာတဲ့ သတင်း ဖတ်မိတာ ပြောရင် –

Ameneh Bahrami

၁၆ ရက်နေ့ နေ့စွဲနဲ့ တင်ရှိလာတဲ့ လော့စ် အိန်ဂျလိ တိုင်းမ်မှာ ပြီးခဲ့တဲ့ ခုနှစ်နှစ်လောက် အချိန်က အီရန် အမျိုးသမီး တစ်ယောက် ကို အက်ဆစ်နဲ့ ပက်ခဲ့တဲ့သူ – အဲ့လူကို အခု ဘယ်လို ပြစ်ဒဏ် ချမလဲ ။ ခုံရုံးက အကြိတ်အနယ် စဉ်းစားနေရတယ်။ ရွှေ့ဆိုင်းလိုက်ရတယ် ၊ ဆိုင်းငံ့ထားရတယ်လို့ ကြားတယ်။

မာဂျစ် မိုဗာဟယ်ဒီ ဆိုတဲ့ ၂၁ နှစ်အရွယ် လူငယ်က သူ့ကို လက်ထပ်ဖို့အတွက် ငြင်းဆန်ရကောင်းလား ဆိုတဲ့အကြောင်း ပြချက်နဲ့ အမီနာ ဘာရာမီဆိုတဲ့ အမျိုးသမီးကို ဆာလဖျူရစ် အက်ဆစ် တစ်ဂါလံ ကျော်ကျော် လောင်းချခဲ့တယ် ဆိုပဲ။ အဲ့အချိန်က လွန်ခဲ့တဲ့ ခုနှစ်နှစ် ၊ ၂၀၀၄ ခုနှစ်က ။ အဲ့တုန်းက ဘာရာမီက တဲဟ်ရန်းမှာ နေတယ်။ အောင်လည်း အောင်မြင်နေတဲ့၊ ရည်ရွယ်ချက် ရည်မှန်းချက် လည်း ကြီးတဲ့ မိန်းကလေး အင်ဂျင်နီယာ တစ်ယောက် အဖြစ် ဘဝရပ်တည် နေခဲ့တာ။ အခုတော့ သူ့အတွက် ဆာဂျရီ ခွဲစိတ်မှု ပြုရာ စပိန်မှာ နေ နေပါတယ်။

ဒီလို ပြစ်ဒဏ်မျိုးကို အီရန်နိုင်ငံရဲ့ အစ္စလာမ် ပြစ်မှုဆိုင်ရာ ဥပဒေတွေမှာ ခွင့်ပြုပါတယ်။ qisas လို့ ခေါ်မယ်။ retributive justice တဲ့။ တရားခံရဲ့ ခန္ဓာကိုယ်ကို တူမျှတဲ့ ပြစ်ဒဏ် ချမှတ်ခြင်း တစ်မျိုး လို့ပဲ ဆိုရမယ်။

ဘိုင်ရု က အစ္စလမ်လေ့လာရေး ပညာရှင် အာမက် မူဆာလီ ရဲ့ အပြောအရတော့ ဒီ retributive justice ဆိုတာ ပုဂ္ဂိုလ်ရေး အချင်းချင်း ပြစ်မှု ဖြေရှင်းရာမှာ ဘုံသုံးလေ့ ရှိတဲ့ နည်းလမ်း တစ်ခုပဲတဲ့။ တရားရုံး တွေမှာ ပြစ်ဒဏ် ချမှတ်တာ ထက် အများအားဖြင့် မိသားစုဝင် အချင်းချင်း ကြားမှာပဲ ဖြေရှင်းလေ့ ရှိတဲ့ နည်းပဲ လို့ ဆိုပါတယ်။ Read more of this post