ဿံဒြ

အရုဏ်ဦး မလာခင် နာရီပိုင်း အလိုမှာပဲ။

ညဥ့်က ထွက်ခွာသွားဖို့ အထုပ်အပိုး ပြင်နေ တယ်။ နေရောင်ခြည် ကလည်း ခြေတစ်လှမ်း မှ မရောက်လာ သေး။ အဝေး မိုးကုပ် စက်ဝိုင်း မှာ တိမ်ညို တွေ အပြတ် အပြတ် တွဲခိုနေ။ မိုး ဟာ ဒီမနက် ရွာ – အခု ရွာ – နောင် ဆက်ရွာ လိမ့်ဦးမယ်။ မိုးအေးအေး တွေ အောက်မှာ အဝေး တစ်နေရာ က ရေတွေ ဘောင်ဘင်ခတ်လို့ – မအေးနိုင်တဲ့ စိတ်ကူးတွေ ရှိတယ်။ သူတို့ ကို ရေခဲမှတ် အောက်ကို ဆွဲချ၊ ခဏ ငြိမ်သက် တိတ်ဆိတ်သွား။ ဒီ မနက်ခင်း ဟာ ရင်ခုန်သံ မပါဘဲ အသက်ကို မျှင်း ရှူနေ တယ်။

ဒီအချိန် မှာ – အလင်း ရောက်ဖို့ ဆန္ဒ မရှိလိုက်ပါနဲ့လား။ ပန်းတွေ တောင် – မပွင့်ဖူး လာသေး – သန်းဝေ လို့ ကောင်းတုန်း ရယ်။ ကျေးငှက် တွေလည်း နံနက်ခင်း တေး ဆိုဖို့ – အတောင်ပံ တွေ တဆတ်ဆတ် ခါ၊ ခြေညောင်း လက်ဆန့် ပြုနေတုန်း။ မကြာခင် ဝေဟင် မှာ ဝဲက ဖို့- ခုမှ တစ်ရေး နှပ်နေတုန်း။

ပကတိ ငြိမ်သက် နေတဲ့ ဒီအချိန် ဟာ နေ့လည်း မဟုတ်ဘူး၊ ညလည်း မဟုတ် ဘူး။ အခြားအချိန်တွေထက် ထူးပါတယ်။ ကြားကာလ ဒီတစ်ခဏကို အရှေ့တိုင်း မှာ Sandhya လို့ အမည် ဂုဏ်ထူး တပ်ခေါ်တယ်။ Sandhya ရဲ့ အဓိပ္ပာယ် က နေ့နဲ့ ညကြား ဆည်းဆာ။ ညအကုန် နေ့ကူး တဲ့ မနက် အရုဏ် ဆည်းဆာ ရှိတယ်။ နေ့ အကုန် ညကူးတဲ့ ညနေ ဆည်းဆာ ရှိတယ်။ တစ်ရက် ကို နှစ်ကြိမ် နှစ်ခါ တွေ့ရ မယ့် တစ်ခဏကို ဘာဝနာ ပြုသူ အများက အလေးအနက် ထား တယ်။ တစ်နည်း အားဖြင့် “မရဏ ရဲ့ အချိန်နာရီ” လို့ မှတ်ယူလေ့ ရှိပါတယ်။ Read more of this post

ဂေါဏေ သည် ဂေါဏော ၏ ~

How Can A Troubled Mind
Understand The Way?

ရှုပ်ထွေး ပူလောင်နေတဲ့ စိတ်ဟာ
လမ်းကို ဘယ်လို မြင်မလဲ~

စင်စစ် ရှုပ်ထွေးပူလောင်တဲ့ စိတ်ဟာ လမ်းကို မြင်မယ့် အစား၊ လမ်းကိုတောင် အမှောင်ဖုံး၊ ချေဖျက်ချပစ်တတ်သေးတယ်။

ဗုဒ္ဓရဲ့ အနီးအနားမှာ ပရိသတ်က ထောင်နဲ့ သောင်းနဲ့ချီ ရှိတယ်။ သစ္စာ တရား ရှာဖွေသူ တွေ အများဆုံး ရှိမယ်။ ထောင်ဂဏန်းနဲ့ ချီပြီး ဗုဒ္ဓ အပါး ချဉ်းကပ် တယ်။ ပြဿနာ ပုစ္ဆာပေါင်း အများအပြား မေး တယ်။ ဒါပေမယ့် ဒီအမေး ပုစ္ဆာတွေဟာ ဗုဒ္ဓ အတွက် အဓိက မဟုတ်ဘူး။ အဲ့ အမေးပုစ္ဆာတွေ အတွက် အဖြေတွေ ရှာပေး ဖို့ ဗုဒ္ဓ ရှိနေတာ လည်း မဟုတ်ဘူး။ ပြဿနာ ပေါင်း၊ မေးခွန်းပေါင်း မြောက်မြားစွာ နဲ့ ရှုပ်ထွေးနေ တဲ့ လူအများအတွက် – အဲ့ ပုစ္ဆာ တစ်ခုချင်း စီရဲ့ အဖြေတွေထက်- အားလုံး ကို ပြေရှင်း လွတ်မြောက် သွားစေမယ့် သဲလွန်စ ကို ညွှန်ပြပေး ဖို့ သာ ဖြစ်ပါတယ်။

လူသားတွေ ကြားထဲ အကြီးမား ဆုံး ပြဿနာ တွေ ထဲက တစ်ခု ကို ထုတ်ပါ ဆိုရင် ~ လူအများ ဟာ မိမိ ဘာသာ မေးခွန်းတွေ တရစပ် ထုတ် ရင်း၊ အဖြေပေါင်း မြောက်မြား စွာ ကြိုတင် စုဆောင်း တတ် တဲ့ အကျင့်ပဲ ဖြစ်ပါတယ်။ အဲ့ဒီ အကျင့် ကို လူ့အဖွဲ့အစည်း တိုင်း မှာ အစွဲ အမြဲ ထားရှိလေ့ ရှိတယ်။ လူတိုင်း မှာ အဲ့ဒီ စိတ်ကူး အတွေးတွေနဲ့ အဖြေတွေ သာ စုဆောင်း မျှော်လင့် ထားတယ်။ အဲ့လို အမေး ပုစ္ဆာတွေ ပြု၊ အဖြေ ကို တောင်းခံ၊ အဖြေ တစ်ခု ပြန်ရ ~ ပြဿနာ တစ်ခု ဖန်တီး။ ဒီ သံသရာ ကြားမှာ လူတိုင်း လိုလို မျောလွင့် တယ်။

အမေးပုစ္ဆာ တိုင်း အတွက် အဖြေတွေ ထပ်ဖြည့်ပေး မယ့် အစား၊ ဖြေရှင်းချက်တွေ၊ အဌကထာ ဋီကာ တွေ ထပ်ဖြည့်စွက် ပေးတဲ့ အစား ~ အဆင်သင့် စုဆောင်းပြီး အဖြေတွေ ကိုပါ ဖျက်ချ ရင်း၊ အနုမာန အယူအဆ တွေကို ထိုးခွင်း ဖယ်ချပစ်သူက ဗုဒ္ဓ ဖြစ်ပါ တယ်။ ဒါ့ကြောင့် လည်း အိန္ဒိယ ဟာ ဗုဒ္ဓကို ဘယ်လိုမှ ခွင့်မလွှတ်နိုင် ခဲ့တာ ဖြစ် တယ်။ ဗုဒ္ဓ ပရိနိဗ္ဗာန် ပြုပြီး တာနဲ့ တစ်ပြိုင်နက်၊ အိန္ဒိယ နိုင်ငံရဲ့ အစဉ်အလာ ဓလေ့ ထုံးတမ်း တွယ်ညိ စိတ်၊ အယူအဆ လက်ကိုင် ထား စိတ်ဟာ – ဗုဒ္ဓ ပြုစု ပျိုးထောင် ခဲ့ တဲ့ အရာတွေ ကို မြေလှန် ဖျက်ဆီး ပစ်တော့ တယ်။ ဗုဒ္ဓ ကိုယ်တိုင် စိုက်ပျိုး ခဲ့တဲ့ – အဲ့ဒီ အိန္ဒိယမြေပေါ် က နှင်းဆီပန်းခင်း ပေါင်း များစွာ ဟာ မီးလောင် ပြာကျ သွားကြ တယ်။ အဲ့ဒီ တိုင်းပြည် ကနေ ဗုဒ္ဓ ဘာသာ ကွယ်ပျောက် သွားခဲ့ရ တာဟာ ကနေ့  အထိ ပဲ ဖြစ်ပါတယ်။

ဗုဒ္ဓ ဟာ အိန္ဒိယ ပြည်ရဲ့ အထွန်းတောက်ဆုံး လူသား ဖြစ်ပါတယ်။ ဒါပေမယ့် သူ့အတွက် အမှတ်အသား အားလုံး – အကာအကွယ်မဲ့ တိုက်ဖျက် ခံခဲ့ရတယ်။ ဗုဒ္ဓ ရဲ့ ညွှန်ပြ သွန်သင်ချက်တွေ ဟာ – တိုင်းတပါး မှာသာ ထောက်တည် ကပ်ရောက် နေရ တော့ တယ်။

ဒါဟာ မတော်တဆ ကြုံဆုံ ရတဲ့ ထူးထူးခြားခြား သမိုင်း ဖြစ်ရပ် မဟုတ်ပါဘူး။ လူ့သမိုင်းမှာ အမြဲတမ်း ဖြစ်နေတဲ့ ယေဘုယျ လက္ခဏာ တစ်ရပ် သာ ဖြစ်ပါ တယ်။ ယေရှု ခရစ်ကို ဂျူး တွေ က ပြစ်တင်မောင်းမဲ တယ်။ ဒီ ဂျူးတွေပဲ ကားစင်တင် သတ်ဖြတ် ပစ်ခဲ့တယ်။ ဒါပေ မယ့် ယေရှု ခရစ်ဟာ ဂျူးတွေထဲကမှ ထိပ်ဆုံး၊ ကနေ့ ကမ္ဘာပေါ်မှာ ရှိတဲ့ ဂျူးတွေအများကြီး ထဲ အထွန်းတောက် ဆုံး ဖြစ်ပါတယ်။ ဒါပေ မယ့် အဲ့သည် အချိန်က သူ့ကို ဂျူးတွေ ဘာလို့ ငြင်းပယ် ခဲ့ကြသလဲ။ တကယ် က – သူတို့ လူမျိုးမှာ ရှားရှား ပါးပါး ပေါ်ထွန်းလာတဲ့ သူ့လို လူ အတွက် ဝမ်းသာ အယ်လှဲ ဖြစ်နေသင့်တယ် ။ အခြားလူမျိုးတွေထက် ကြီးမြတ်လှပါလားလို့ – ပျော်ပျော် ရွှင်ရွှင် အောင်ပွဲ ခံနေ သင့်တယ် မဟုတ် လား။ ဒါပေမယ့် သူတို့ မဖြစ်ခဲ့ဘူး။ အဲ့ဒါထက်- ခွင့်တောင် ခွင့်မလွှတ်နိုင်ခဲ့ဘူး။

ယေရှုခရစ် ရှင်သန် ရှိနေတာဟာ – သူတို့ အတွက် သိမ်ငယ် ကြောက်ရွံ့စရာ တစ်ခုလို ခံစားခဲ့ တယ်။ Read more of this post

ဘာဝနာ သည်သာ ဘဝရှင်သန်မှု ပုံစံ

ဘာဝနာ ဟာ အခုခဏ အတွင်းပဲ ဖြစ်ပါတယ်။ အခုခဏမဆိုင်း – သိမှတ်ရင်း ရှင်သန် နေမှု မျှသာ ဖြစ်တယ်။ အခု ပစ္စုပ္ပန် ဒီခဏ ကလွဲလို့ အခြားမရှိ။ ဘယ်မှ မထွက်သွားဘူး။ ဘယ်ဆီမှ မသက်ရောက်ဘူး။ ဒီခဏအတွင်းမှာတင် အပြည့်အဝ အသိရှိနေခြင်း သက်သက် ကို ဆိုလိုပါတယ်။

တစ်ချိန်က ဗုဒ္ဓကို လူတစ်ယောက်က လျောက်ထား တယ်။
“ဘာဝနာ ဘယ်လို ပြုရပါမလဲ”
ဗုဒ္ဓက ပြန်ဖြေတယ်။

“ခင်ဗျား ဘယ်အရာကို လုပ်လုပ်၊ လုပ်တိုင်း မပြတ် မလပ် သိမှတ်နေမှုသာ ဖြစ်ပါတယ်။ အဲ့ဒါကို ဘာဝနာ လို့ ခေါ်ဆိုတယ်။ စင်္ကြန်လျောက်တဲ့ ခဏ ၊ သတိ ~ အသိ နဲ့ လျောက်တယ်။ အဲ့ခဏမှာ လျောက်ခြင်း အပြည့်အဝ ရှိတယ်။ စားသောက် တယ် ဆိုတဲ့ ခဏ၊ သတိ၊ အသိ နဲ့ စားတယ်။ အဲ့ခဏမှာ စားခြင်း အပြည့်အဝ ရှိတယ်။ အလားတူ ~ ထ၊ ထိုင်၊ ရပ်သွား အရာအားလုံးမှာ သိမှု သတိ သာ အစဉ်ကပ်လျက် ရှိ နေတယ်။ သင့်ရဲ့ စိတ်သန္တာန်ဟာ ဒီ ပစ္စုပ္ပန် တခဏ ကနေ တစ်နေရာ တစ်ပါး ကို ပြေးမသွားဘဲ၊ ခဏချင်းမှာ မြဲမြံနေတယ်။ ပြည့်ဝ ငြိမ်ဆိတ်နေတယ်။ ဒါကို ဘာဝနာလို့ ကျွန်ုပ် ခေါ်ဆို ပါတယ်”

စင်စစ် ဘာဝနာ ဟာ ကျနော်တို့ ဘဝ ဖြစ်စဉ် လုပ်ငန်းတွေ ထဲမှာ သီးခြား လုပ်မနေရတဲ့ အရာ ပါ။ သိမှု အသိ နဲ့ ရှင်သန်နေတဲ့ ဘဝ ~ ဒီ ဘဝ တစ်ခုလုံးရဲ့ အမည် ဟာ “ဘာဝနာ” ဖြစ်ပါတယ်။ ဒ့ါကြောင့် တစ်နေ့ တစ်နာရီလောက် ပြုတဲ့ ဘုရားစင်ရှေ့ တရား ထိုင်နေ ရုံမျှ လောက် နဲ့ ဘာဝနာ ကို မတင်းတိမ် စေဖို့ ပြောလိုပါတယ်။

တစ်နေ့ တစ်နာရီပဲ ဘာဝနာ ပြုမယ် ဆိုပါစို့။ အဲ့ဒါဟာ ~ နောက်နေ့ ဆက်တိုးပွား ချင်မှ တိုးပွား နိုင်မယ် ဆိုတဲ့ အကြောင်း သိထားဖို့ လိုပါလိမ့်မယ်။ စင်စစ် တစ်နေ့ တစ်နာရီလောက်သာ ဘာဝနာ ပြုဖို့ ကြံရွယ်သူဟာ – တစ်နေ့တာ ရရှိတဲ့ နှစ်ဆယ့် လေးနာရီ မှာ နှစ်ဆယ့် သုံးနာရီ ကို အချည်းနှီး ထားရှိပြီး – တစ်နာရီကို သာ အသုံးပြုနေ တာ ဖြစ်ပါတယ်။ ဆိုပါစို့ – ခင်ဗျား တစ်ရက်ကို တနာရီစာ ဘာဝနာ ပြု မယ်။ ကျန်တဲ့ နှစ်ဆယ့်သုံးနာရီမှာ နေချင်သလိုနေမယ်။ ဒါဆို- အဖိုးတန်တဲ့ ဘာဝနာပြုချိန် တစ်နာရီစာ လေးဟာ အမှတ်သတိ မရှိ – အချည်းနှီး ဖြစ်တဲ့ – နှစ်ဆယ့် သုံးနာရီ အောက် မှာ တိမ်မြုပ် ပျောက်ကွယ် သွားတယ်။ အလဟဿ ဖြစ်သွား ပါလိမ့် မယ်။ ဘာဝနာ ဆိတ်သုဉ်းနေတဲ့ အခါ ဝင်ရောက်လာ နေကျ သမားရိုးကျ အမှိုက် အညစ် တွေဟာ ~ ကြိုးစားပမ်းစား ရရှိတဲ့ တစ်နာရီစာ အလေ့ အလာ ဖြစ်တဲ့ ခင်ဗျား ရဲ့ အဖိုးတန် ဘာဝနာ အမှု ကို ဖုံးအုပ် မြှုပ်ပစ် လိုက် ကြမှာပဲ။

Read more of this post

နှလုံးမှသာ ဖြတ်စီး၍

ခင်ဗျား က သိပ် ချိုချို သာသာ ပြောတတ် တယ် – စကား သိပ်တတ်တယ် ဆိုပါတော့ ။ ဒါပေမယ့် ခင်ဗျား ရင်ထဲမှာ အေးငြိမ်းမှု ၊ ငြိမ်ဝပ် နေမှု အတိ အကျ မရှိဘူး – ဒါဆိုရင် – အဲ့ဒီ ချိုသာ စကား တတ်မှု ဟာ အလကား ပဲ ဖြစ်ပါတယ် ။ စကားလုံး ဝေါဟာရ တွေဟာ အသက်ဝင် နေဖို့ ဆိုရင် – တိတ်ဆိတ် တဲ့ ခင်ဗျား အတွင်းသန္တာန် က ထွက်လာမှ ရတယ်။ တိတ်ဆိတ်တဲ့ နှလုံးက မထွက် လာနိုင်ရင် သူတို့ ဟာ အမြဲတမ်း အချည်းနှီး၊ အလဟဿ အနှစ်မဲ့ ဖြစ်နေမှာပဲ။

တစ်စုံတစ်ခုကို သိမြင်တဲ့ အခါ ၊ တစ်စုံတစ်ခုကို အရှင်းဆုံး ဗြုန်းခနဲ မြင်သိသွားတဲ့ ခင်ဗျား ကိုယ်ပိုင် အတွေ့အကြုံ တစ်ခုခု အပေါ် ကြည့်ကြည့် ပါ။ အဲ့ ခဏမှာ အဲ့ဒီ အတွေ့အကြုံကို ပြောပြဖို့ ခင်ဗျား မှာ စကားလုံး မရှိဘူး ဆိုတာ တွေ့ရပါလိမ့်မယ် ။ ဒါပေမယ့် အသိ သက်သက် မှာ ငြိမ်ဝပ် နေတဲ့ သန္တာန် ရှိတယ် ။ အဲ့ အတွေ့အကြုံကို ခင်ဗျား တစ်ဦးတည်း ကောင်းကောင်း သိတယ် ။ ပြောပြ နိုင် ဖို့ရာတော့ – ရင်တွင်း မှာ တိတ်ဆိတ် နေမယ်။ ဗလာသက်သက် သာ ခင်ဗျား သန္တာန်မှာ ဖြစ်တယ်။

အဲ့အချိန် မှာသာ ပြုမူ ပြောဆိုသမှု တစ်ခုခု ရှိ ခဲ့မယ် ဆိုရင် – အဲ့ဒီ ပြုမူ ပြောဆို သမျှ ဟာ ခင်ဗျားရဲ့ ပြည့်ဝမှု ၊ ခင်ဗျား ရဲ့ အတွေ့အကြုံ ကို ကောင်းကောင်း ထင်ဟပ် နေ ပါလိမ့် မယ်။ ဒါကို သိမြင်နေရတဲ့ ဒုတိယ လူကလည်း အကြောင်းရင်းကို ပြောမပြနိုင်သည့် တိုင် အနည်း အကျဉ်းတော့ သိရှိ တယ်။ ငြိမ်းအေး တဲ့ နှလုံးက ထွက်ရှိလာတဲ့ ခင်ဗျားရဲ့ စကားတွေ ဟာ သူတို့ အတွက် တိတ်ဆိတ် အေးငြိမ်း တဲ့ ရသ တွေ ကိုပဲ လိမ်းကျံ ထား လိမ့်မယ်။

ဒါ့ကြောင့် – ငြိမ်ဝပ် တဲ့ စိတ်နှလုံး နဲ့ အစဉ်တစိုက် ပြုမူပြောဆိုကြည့်ပါ လို့ ကျနော် တိုက်တွန်း လိုပါတယ် ။ ဒီအလုပ်မှာ သတိ တစ်ခုသာ ခင်ဗျား လိုအပ် တယ်။ ခင်ဗျား သန္တာန်ရဲ့ ခဏတိုင်း အပေါ် ငြိမ်ဝပ် တိတ်ဆိတ် နေပါလိမ့်မယ် ။ ဒါဆို ခင်ဗျားရဲ့ ပတ်ဝန်းကျင် မှာ ဂီတသံ တွေ မြိုင်နေမှာပဲ။ ခင်ဗျား ရဲ့ စကားတွေ ဟာလည်း စီကုံး သီဖွဲ့မယ်လို့ မရည်ရွယ် သည့်တိုင် ကဗျာ ၊လင်္ကာတွေ ဖြစ်နေမှာပဲ။

မိမိ စိတ်နှလုံး ကို တိတ်ဆိတ်အောင် မနေနိုင်ပါဘဲ – ခင်ဗျား စကားတစ်ခုခုကို မပြောမဖြစ် ပြောရပြီ ဆိုတဲ့ အခါ မိမိ စကားတွေကို မိမိ သတိပြုကြည့် ပါ။ အဲ့အချိန်မှာ ခင်ဗျား စကားတွေဟာ အဓိပ္ပာယ် ရှိမနေဘူး ရယ်။ အနှစ်သာရ မရှိ၊ “ရသ” ရှိမနေဘူးပဲ။

ယေရှု ခရစ်ဟာ ခင်ဗျား ပြောတတ်တဲ့ စကားမျိုးကို ပြောတယ် ။ နောက်ထပ် – ဗုဒ္ဓ ။ ဗုဒ္ဓ ဟောကြားတဲ့ စကားတွေဟာလည်း ခင်ဗျား ကြိမ်ဖန် များစွာ အသုံးပြုနေနိုင်တဲ့ ဝေါဟာရမျိုး၊ စကားမျိုးပဲ ။ ဟုတ်တယ် မဟုတ်လား။ ဒါပေမယ့် ဘာတွေ ကွာခြားခဲ့ပါသလဲ ။ သတိပြု မိပါသလား ။ Read more of this post

မဖန်တီး ခဲ့၍ ဖျက်မရခြင်း အကြောင်း

A: စိတ်ကူး အတွေးတွေက တစ်ရံမလပ် တရစပ် ထွက်တယ်။ ဒါက မြင်သာ ထင်ရှားပါတယ်။ အဲ့ဒါကို ကျနော်တို့ ဘယ်လို ရပ်တန့် ပစ်ရမလဲ။

B: အဲ့ဒီ “စိတ်” ဆိုတဲ့ အရာကြီးကို ခင်ဗျား ကိုယ်တိုင် စတင် ဖန်တီး ခဲ့တာ မဟုတ် ပါဘဲနဲ့- ခင်ဗျား ဘယ်လို ရပ်တန့် မလဲ။ ရပ်တန့်ဖို့ အားစိုက် မကြိုးစားပါနဲ့လို့ ကျနော် ပြောလို ပါတယ်။ အကြောင်း က – အချိန်ကုန်၊ လူပန်း ရုံသာ ရှိတယ် ~ ခင်ဗျား စိတ်ကူး အတွေးတွေ ကို ရပ်လို့ မရ ဘူး။ ဘာလို့ဆို ~ သူ တို့ကို ခင်ဗျား စတင် ခဲ့တာ၊ ဖန်တီး ခဲ့တာ မဟုတ်ဘူး။ လုပ်ရမှာက ~ သူတို့ကို ရိုးရိုးရှင်းရှင်း “စောင့်ကြည့်နေ ဖို့” သာ ဖြစ်ပါတယ်။ ဆက်ကာ ဆက်ကာ သတိ မပြတ် စောင့်ကြည့်ရုံလေး ပဲ။ အဲ့ဒီ အခါ အဲ့ဒီ စိတ်အတွေးတွေ ဟာ သူရို့ဘာသာ သူတို့ ရပ်တန့် သွားကြ တယ်။

ဒါကို ခင်ဗျားက ဇွတ်အတင်းအကျပ် ဖမ်းယူ ရပ်တန့် မယ် ဆိုပါတော့။ ဒါဆိုရင်တော့ သူတို့က ပိုတောင် ဆိုးသွားဦးမယ်။ မြန်သည် ထက် မြန်မြန် ပြေးနေ တော့မယ်။ ခင်ဗျား ရပ်ဖို့ ကြိုးစားလေ ~ သူတို့နဲ့ ခင်ဗျား အတိုက်အခံ ဖြစ်ရလေပဲ။ ခင်ဗျား အတွက် ပြဿနာပေါင်း များစွာ အသစ် ထပ်လောင်း ပေးသွားရုံ က လွဲလို့ ဘာမှ ဖြစ်မလာ နိုင်ဘူးပဲ။ ဒါ့ကြောင့် ရပ်တန့်ပစ်ဖို့ ဘယ်တော့ မှ ဇွတ် အတင်း မကြိုးစားပါနဲ့ လို့ ကျနော် ပြောရပါလိမ့်မယ်။

တစ်ခု မေးကြည့်ချင် ပါတယ် ~ ဒီစိတ် ဆိုတဲ့ အရာ ကို ခင်ဗျား စတင် ဖန်တီး ခဲ့တာ ဟုတ်ပါ သလား။ ဒါဟာ ရိုးရှင်းတဲ့ မေးခွန်း မဟုတ်လား။ အဖြေ အတွက်က – ခင်ဗျား ခေါင်းခါ ဖို့သာ ရှိတယ် မဟုတ်လား။ ဒါဆို – ဒီ စိတ်ကို အခု ခင်ဗျားသဘော နဲ့ ခင်ဗျား ရပ်တန့်ပါမယ် လို့ ဘာလို့ ဆန္ဒ ရှိရတာလဲ။ ဒီလို ရပ်တန့်ရအောင် – ကျနော်တို့ ခင်ဗျားတို့ ကရော ~ သူ့ကို ဘယ်လောက် နိုင်နင်း နေ သလဲ။

စင်စစ် – မိမိ သဘောနဲ့ မိမိ လုပ်ကိုင် လိုတဲ့ ဆန္ဒတွေ ဟာ – တကယ်စင်စစ် ခင်ဗျား ရပ်တန့် ပစ်ချင်နေတဲ့ အဲ့ဒီ စိတ် အတွေးအကြံ တွေရဲ့ တစိတ်တပိုင်း သာ ဖြစ်ပါတယ်။ ခင်ဗျား သန္တာန် ကို စောင့်ကြည့် မသိနိုင်ရင် ~ သူတို့ကို မရပ်နိုင်ဘူး ရယ်။ ဒါ့ကြောင့် ဒီ စိတ်အတွေးတွေကို ရပ်တန့် ပစ်ချင်တဲ့ စိတ်ကူး ကိုယ်တိုင် ဟာ ခင်ဗျား အတွက် ဝန်ထုပ်ဝန်ပိုး ဖြစ်လာ ပါတယ်။

အဲ့ဒီတော့ ခင်ဗျား ပြန်ပြောမယ် ~ “ကောင်းပြီလေ – ကျုပ် သူတို့ကို ရပ်နိုင်အောင် – ခင်ဗျား ပြောတဲ့ အတိုင်း – စောင့်ကြည့် ဆိုတော့လဲ စောင့်ကြည့် ရတာပေါ့” အဲ့လို ဆိုရင်လည်း ခင်ဗျား ထပ်လွဲ ပါဦးမယ်။

အဲ့အချိန် – ခင်ဗျား မျှော်လင့်တကြီး နဲ့ – စောင့်ကြည့်မှု သတိ (အပ္ပမာဒ) ကို လုပ်ယူ ဖန်တီးကြည့် မယ် ဆိုပါစို့။ အဲ့ဒါဟာ အပြည့်အဝ အကူအညီ မရဘူးရယ်။ ( အကျိုး မဖြစ်ထွန်းဘူး လို့ မဆိုလို ပါဘူး ~ မထိရောက် နိုင်သေးဘူး လို့သာ ဆိုလို ပါတယ်) အကြောင်းက – “အတင်းရပ်တန့် ချင်နေတဲ့” ပထမ စိတ်ကူး နဲ့ ထူးမခြားနား ရည်ရွယ်ချက် – ခင်ဗျား သန္တာန်မှာ နောက်ခံ ရှိနေသေး လို့ ဖြစ်ပါတယ်။ အဲ့လို မျိုး အခံ နဲ့ ခင်ဗျား စောင့်ကြည့် တဲ့ အခါ – နှစ်၊လ၊ ရက်ရှည် ကြာမြင့် သည့်တိုင် ခင်ဗျား ဖြစ်ချင် တဲ့ ဆန္ဒ ပြည့်ဝမှာ မဟုတ်ဘူး။ “ရပ်တန့်ချင်တဲ့ စိတ် အတွေးအကြံ” တွေ က တကယ် ရပ်တန့် သွားဦးမှာ မဟုတ်ဘူး။

Read more of this post

သစ်ခြောက်ပင်

ဒုက္ခ၏ အနက်အဓိပ္ပာယ် သည် မရှိသည့် အရာကို ရှာဖွေခြင်း ဖြစ်သည်။ အခြား တစ်နည်း ဖြင့် ဆိုလျှင် ဒုက္ခ၏ အနက်အဓိပ္ပာယ်သည် သဲထဲက ဆီထုတ်ယူရန် ကြိုးစားခြင်း ဖြစ်သည်။ မရှိသော ကောင်းကင်ပန်းကို ခူးဆွတ်ဖို့ ကြိုးစားခြင်းလည်း မည်သည်။ ယုန်သတ္တဝါ၌ မရှိသော ဦးချိုကို ရှာခြင်း ဖြစ်သည်။ ထို့ကြောင့် ဒုက္ခ၏ အနက် အဓိပ္ပာယ်သည် မဖြစ်နိုင်သည့် အရာကို လိုလားတောင့်တ ခြင်း ဖြစ်သည်။

လေးဖက် လေးတန်၌ မအောင်မြင်မှုများ စုပုံနေလိမ့်မည်။ ယင်း အစုအပုံသည် သင်၏ သင်္ချိုင်းဂူ သာ ဖြစ်ပါလိမ့်မည်။ ကာမဂုဏ် အာရုံ၌ အရသာ တွေ့နေသရွေ့ စည်းစိမ်ချမ်းသာ ရှိနေသည် ဟူ၍သာလျှင် ထင်မြင်နေပေလိမ့်မည်။ မိမိ ၏ မျက်လုံး အတွင်း သန္တာန်ထဲ ရောက် မသွား မချင်း ချမ်းသာ သုခသည် မိမိ၏ အတွင်း သန္တာန်၌ ရှိသည် ဆိုသည့် အကြောင်းကို သိမြင်လိမ့်မည် မဟုတ်ပေ။ ယင်း အခြေအနေမျိုး ရောက်မလာမချင်း ဣနြေ္ဒများသည် ထိန်းချုပ်၍ မရနိုင် ဖြစ်တတ်သည်။ မိမိ၏ အမြင်သည် လွဲမှားသော အမြင် ဖြစ်နေ ပါက ဣနြေ္ဒ ထိန်းချုပ်မှု သည် ဖြစ်မလာနိုင်ပေ။

စင်စစ် ဣနြေ္ဒကြီးရင့်မှု ဟူသည် တစ်ဖက်စောင်းနင်း မဖြစ်သော တည့်မတ်ဖြူစင်သည့် အမြင်၏ အကျိုးဆက် ဖြစ်သည်။ စာဆန်ဆန် ဆိုရလျှင် ဣန္ဒြိယ သံဝရသည် သမ္မာဒိဋ္ဌိ၏ အကျိုးဆက် ဖြစ်၏။ “သမ္မာ” ၏ အနက်အဓိပ္ပာယ်သည် ရှိသည့် အရာကို ရှိသည့် အတိုင်း မြင်ခြင်း ဖြစ် သည်။ မရှိသည့် အရာကို မရှိသည့် အတိုင်း မြင်ခြင်း ဖြစ်သည်။ ဘဝ၌ သုခပန်း ပွင့်လျှင် စိတ်ရွှင်လန်း ချမ်းမြေ့မှု ဖြစ်ပေါ်မလာဘဲ နေမည် မဟုတ်ပေ။

ဓမ္မပဒ၌ ~

“ကာမဂုဏ် အာရုံ အရသာ၌ အကောင်းကို ကြည့်နေသော ဣနြေ္ဒများကို ထိန်းချုပ်ခြင်း မရှိသော၊ ခဲဘွယ် ဘောဇဉ် စားသုံးရာ၌ အတိုင်းအရှည် ပမာဏ မသိသော၊ ပျင်းရိသော၊ လုံလဝီရိယ ကင်းမဲ့သော သူကို ‘မာရ’ သည် လေမုန်တိုင်းက သစ်ပင်ခြောက်ကို လဲကျသွားအောင် ပြုလုပ်သကဲ့သို့ လဲကျသွားအောင် ပြုလုပ်လိမ့်မည်”

Read more of this post

မိုး မြေ ကြားက နှလုံးသား တစ်စုံ

အခုအခါ မှာ ကျနော့အတွက် ဗုဒ္ဓနဲ့ လောက်ဇူဟာ မိုးနဲ့ မြေ ဖြစ်ပါတယ်။

မိုးနဲ့ မြေ — ဆိုတဲ့ စကားကို ကွာဟချက် ကြီးလွန်းကြောင်း ပြဆိုလိုတဲ့ အခါမှာ ကျနော်တို့ သုံးလေ့ရှိ တယ်။ ဒါပေတဲ့- ကျနော် ဒီမှာ ဆိုလိုတဲ့ မိုးနဲ့ မြေ ဆိုတာ တစ်ဦးနဲ့ တစ်ဦး ယှဉ်တွဲနေတယ် ဆိုတဲ့ သဘောတစ်ခုထဲ လို့ ဆိုချင်ပါတယ် ။ မိုးကောင်းကင် မရှိဘဲ မြေပြင် မရှိစကောင်း၊ မြေပြင် မရှိဘဲ မိုးကောင်းကင် မရှိစကောင်း လို့ ဆိုလိုတာ ဖြစ်ပါတယ်။

ဗုဒ္ဓဟာ မိုးကောင်းကင်ပြင် တစ်ခွင်လုံးပဲ လို့ ဆိုခွင့်ရှိမလား ။ ကျနော် အဲ့လို ဆိုချင်ပါတယ် ။ သူက ကျနော့ အထက်မှာ အမြဲတမ်း ရှိနေတယ်။ ဒီ ကောင်းကင်ပြင် မှာ တစ်ခါတစ်လေ တိမ်တောင်တွေ မင်ရေးခြယ် နေတတ် သလို၊ တစ်ခါတစ်လေ ရှင်းလင်း ကြည်လင် နေတတ်တယ်။ နေရောင် တွေ စူးစူး ရဲရဲ တောက်ပ နေတတ်သလို၊ ညရဲ့ အသွင်အပြင်နဲ့ မှောင်မိုက် နေတတ်သေးတယ်။ နားလည်ရ ခက်ပေမယ့် တကျယ်တပြော လွတ်လပ်ရှင်းလင်း နေတဲ့ အဖြစ် ကို ရဲရဲရင့်ရင့် ပိုင်ဆိုင်ထားတယ်။ ကျနော် တအံ့တဩ ငေးမော ခဲ့ရဖူးတဲ့ အလွှာပြင် တစ်ခု ဖြစ်ပါတယ်။

ခင်ဗျားရော ဗုဒ္ဓကို ဘယ်လို မြင်ပါသလဲ။ မြေပြင်မှာ ဖြတ်လျောက်သွား၊ တရားဟောကြားနေတဲ့ လူထူးလူဆန်း တစ်ပါး အဖြစ်လား။ ကမ္ဘာကျော် ဒဿန ဆရာကြီး အနေနဲ့လား။ ဒါမှမဟုတ် လူသားတစ်ပါးက ပြောင်းလဲသွားတဲ့ နတ်ဒေဝတာလား။ အတူ မရှိ၊ အတုမရှိ ပုဂ္ဂိုလ် တစ်ဦးဦး လား။ ဒါမှ မဟုတ် ဘာမှ မဟုတ်တဲ့ သူလား။

ထပ်ဆိုပါမယ်။ ကျနော့ အတွက် ဗုဒ္ဓဟာ မိုးကောင်းကင် တစ်ပြင်လုံးပဲ ဖြစ်ပါတယ်။ ကျနော် မော့ကြည့်လိုက်တိုင်း တွေ့တွေ့နေရတဲ့ မျက်နှာပြင်လွှာ၊ တွေ့မိတိုင်းလည်း အသိရခက်တဲ့ တစ်စုံတစ်ခု ဖြစ်ပါတယ်။ အဆုံးအစမဲ့ အုံ့ဆိုင်းနေတယ်။ ဒါ့အပြင် ကျနော် စိတ်ဝင်တစား ရှိခဲ့ဖူးတဲ့ မိုးကြိုးလျှပ်စီးတွေ ထစ်ချုန်း ပြက်လက်ရာ နေရာတစ်ခု လည်း ဖြစ်သေးတယ်။ အံ့အားသင့်စရာ ကောင်းလောက်အောင် အသိရ ခက်တဲ့ အရာလို့ ဆိုရမလား။ ဆိုနိုင်ပါတယ် ။ ခင်ဗျား လည်း ဗုဒ္ဓကို ကောင်းကင်ပြင်ကြီး လို ရှုမြင်နိုင်ကောင်း ရှုမြင်နိုင်လိမ့်မယ်။ ( ဒါမှမဟုတ် အဲ့အတိုင်း မြင်ချင်မှလည်း မြင်မယ် ) ခင်ဗျား ကိုယ်ခန္ဓာတစ်ခုလုံး ကောင်းကင်ပြင်ထဲ နှစ်မြုပ်ထားလို့ ရတယ်။ ဒါပေမယ့် သူ့ထဲမှာ ရှိမှန်း သိချင်မှ သိမယ်။

သူ ဘာလုပ်ခဲ့တာလဲ။ သူ ဘာလဲ။ ကျနော် မသိပါဘူး။ တွေ့လည်း မတွေ့ခဲ့ ဖူးဘူး။ ချွင်းချန် ကျန်နေရစ်တဲ့ အမှတ်အသား တွေ၊ လက္ခဏာ တွေ သာ ရှိနေခဲ့တယ်။ ဒါတွေနဲ့တင် သူဟာ မိုးကောင်ကင် ဟုတ်မဟုတ် ခွဲခြားသိနိုင်ဖို့ ကျနော့အတွက် လုံလောက်ပါတယ်။ သူ့ရဲ့ အမှတ် လက္ခဏာ တွေမှာ တည်ငြိမ် တိတ်ဆိတ်နေတဲ့ အရိပ်အရောင်သာ ရှိတယ်။ အရိုးရှင်းဆုံး၊ အပြတ်သားဆုံး ဖြစ်တည် နေပါတယ်။ အရိုးရှင်းဆုံး မို့လည်း အသိရခက်တာ ဖြစ်နိုင်တယ်။

လောက်ဇူ။ သူကတော့ မတူညီဘူး။ ဗုဒ္ဓလို မဟုတ်ဘူး။ သီးခြား ကွဲပြား ဖြစ်တည်နေတယ်။ သူ့ကို အသိရခက်တယ် ဆိုတဲ့ စကား – သုံးစွဲလို့ မရလောက် ဘူးရယ်။ ဘာလို့ ဆို – သူ့မှာ သိစရာ ဘာမှ မရှိလို့ပဲ ဖြစ်ပါတယ်။ သူ့မှာ သူ့ရဲ့ အဖြစ် သက်သက်သာ ရှိတယ်။ “သူ” လို့ ခွဲခြား ပြောရတာဟာလည်း တကယ်တမ်း ကျနော့အတွက်တော့ မှား နေပါသေးတယ်။ Read more of this post