ဆရာတော်များထံသို့ ဗိုလ်ချုပ်၏ လျောက်ထားချက်

သည်ကနေ့ အွန်လိုင်း တနေရာမှ စာအုပ်တစ်အုပ် ဒေါင်းလုပ်ရရှိပါသည်။ ကျနော် မကြာခဏ တင်ရှိနေကျ ဖြစ်သော ဗိုလ်ချုပ်နှင့်ပတ်သက်သည့် ဆောင်းပါးများ အတွက် တစ်ထောင့် တစ်နေရာမှ အကျိုးပြုပေးနိုင်မည် ဖြစ်သည့် အပြင် လိုလားသူများ အတွက်လည်း အကျိုးများ နိုင်မည် ဖြစ်သောကြောင့် ပြန်လည် ရှယ် -ပါသည်။

DOWNLOAD

MEDIAFIRE

( Credit: အထက်ပါ ဒေါင်းလုပ်လင့်ခ်ကို http://cherrymyodaw-elibrary.blogspot.com/ မှ ရရှိပါသည်။ )

ဦးပုကလေး၏ “ငါတို့ ဗိုလ်ချုပ် ဘာလုပ်ခဲ့သလဲ” စာအုပ် ဖြစ်ပါသည်။ သို့သော် ရရှိသည်မှာ ဒုတိယပိုင်း ရှေ့ခန်းများ မျှသာ ပါရှိနေသည်။ ဦးပုကလေး၏ “ငါတို့ ဗိုလ်ချုပ် ဘာလုပ်ခဲ့သလဲ” အပြည့်အစုံမှာ ပထမတွဲ၊ ဒုတိယတွဲ၊ တတိယတွဲ ဟူ၍ သုံးတွဲ ဖြစ်ပါသည်။ ယခုရရှိသည့် ဒေါင်းလုပ်လင့်ခ်မှာ ဒုတိယတွဲ သာဖြစ်သည်။ ထို့အပြင် အသစ်ပြန်လည် ပေါင်းချုပ်၍ ထုတ်သော ၂၀၁၀၊ ဒီဇင်ဘာလ ၊ ဖူဂျီယာမ စာအုပ်တိုက်မှ တတိယအကြိမ်ထုတ် စာအုပ်နှင့် တိုက်ဆိုင် ကြည့်သောအခါ ယင်းဒုတိယ တွဲတွင်ပင် မပြည့်မစုံ၊ လိုနေသည်များ ရှိနေပါသည်။

အောက်ဖော်ပြပါ ဆောင်းပါးငယ်သည် ကျနော့်ထံတွင် ရှိသည့် တတိယအကြိမ် ထုတ် စာအုပ် တွင် ယင်းဒုတိယတွဲ ၌ ဖြည့်စွက်ပါရှိသော ( စာမျက်နှာ ၂၃၅ – ၂၃၇ မှ ) ဆောင်းပါး ဖြစ်သည်။ ယင်း အပြင် ဘာသာရေးနှင့် နှီးနွယ်သော ဗိုလ်ချုပ်အောင်ဆန်း နှင့် ပတ်သက်သမျှ တို့တွင် ယခင်အချိန် က တင်ရှိခဲ့ဖူးသည့် “ဂန္တလောက” မဂ္ဂဇင်းပါ “ဗမာနှင့် ဗုဒ္ဓဘာသာ” အမည်ရှိ ဗိုလ်ချုပ်ဆောင်းပါး သာ ကျနော် သိခဲ့သည်။ နယ်ချဲ့၊ ဖက်ဆစ်တော်လှန်ရေး၊ နိုင်ငံလွတ်လပ်ရေး၊ နိုင်ငံ ထူထောင်ရေး နှင့် နိုင်ငံရေး နယ်ပယ် တွင်သာ လူသိများပြီး ဘာသာရေး တွင် လူသိနည်းလှသော ရှားရှားပါးပါး ဆောင်းပါး လည်း ဖြစ်သည်။

Read more of this post

ဗမာ့အောင်ဆန်း ( ၄ )

ဗမာ့အောင်ဆန်း ( ၃ ) မှ အဆက်

ဗိုလ်ချုပ်တို့ ဇနီး မောင်နှံ သည် အိမ်ထောင် ရေး သုခကို ချစ်ခင် ကြင်နာစွာ ရှိကြခြင်း သည်ပင်လျှင် လွတ်လပ်ရေး ကြိုးပမ်းမှု အတွက် အထောက် အပံ့ ဖြစ်စေသည် ကို ဇနီး မောင်နှံနှစ် ဦးအား တွေ့လိုက် ရသည့် ခဏ၌ ပင်လျှင် ကျွန်တော် အကဲဖြတ် မိပါသည်။

ဒေါ်ခင်ကြည်သည် မီးဖိုချောင်ကို ပိုင်သည်။ ဗိုလ်ချုပ်သည် လွတ်လပ်ရေး ကြိုးပမ်းမှု အလုပ်ခွင် ကို ပိုင်သည်။ သို့ သော် ဒေါ်ခင်ကြည် သည် ဗိုလ်ချုပ်၏ အလုပ်ခွင်နှင့် ဆိုင်သည်။ ဗိုလ်ချုပ်လည်း ဒေါ်ခင်ကြည်၏ မီးဖိုချောင်နှင့် ဆိုင်သည်။ သို့ရာတွင် သူတို့ ဇနီး မောင်နှံကား မိမိတို့ ဆိုင်သာ ဆိုင်သော်လည်း မပိုင်သော အရေးတွင် ၀င်၍ မစွက်ကြချေ။ ခေါင်းဆောင်ကောင်း ဖြစ်ထိုက်သော အင်္ဂါရပ်တွင် ဤအချက်သည် သာမည ဖြစ်လျက်နှင့် အရေး အကြီးဆုံးသော အချက် ဖြစ်သည်။ ဤအချက်ကို မပိုင်သော ခေါင်းဆောင် တို့သည် တစ်ဦးပြီး တစ်ဦး ကျဆုံးလျက် ရှိသည်ကို မျက်မှောက် ရာဇ၀င်က သက်သေ ခံနေသည်။

ရန်ကုန်သို့ ကျွန်တော် ရောက်စတွင် ဗိုလ်ချုပ် တို့ ဇနီးမောင်နှံ သတင်းကို ထောက်ကြည့်သည်။ သူတို့နှစ်ဦး အကဲကို ခတ်ကြည့်ပြီး ကျေနပ်သော အဖြေ ထွက်လာသည် တွင်မှ ကျွန်တော်လည်း နှစ်သက် လာသည်။ သို့နှင့် မောင်သိန်းလှကို ရန်ကုန်၌ တအောင့်လောက် တွေ့ရသောအခါ “ဟေ့ ဒေါ်ခင်ကြည် ကတော့ မင်းလို မဟုတ်ဘူး”ဟု ကျွန်တော်က ပြောမိသည်။“ဟေ့ သူကသူ ငါက ငါကွ”ဟု ဆိုကာ မောင်သိန်းလှ သည် သူတစ်ပါး ထံမှ အနိုင်ကျင့်၍ စီးလာသော မော်တော်ကားဖြင့် ဗိုလ်ချုပ်တို့ အိမ်ဘက်သို့ ထွက်သွား လေတော့သည်။

ကျွန်တော်သည် ရန်ကုန် ရောက်လာ သည်မှ သုံးလမျှ မကတော့ပြီ။ သို့ရာတွင် အလုပ်က ပူပြင်း လှသောကြောင့် ဗိုလ်ချုပ်နှင့် မဆုံစည်း နိုင်ပါ။ ဆုံစည်းရန် အကြောင်းလည်း ဘာမျှ မရှိသေးပါ။ ဆုံစည်းမည့် ဆုံစည်း ပြန်တော့ ဗိုလ်ချုပ်သည် ကျွန်တော့်အား နှုတ်ဆက် တော့မည့်ပုံ ကဲ့သို့ တအောင့်လောက် တွေ၍ ရပ်ကြည့်ပြီးနောက် ရှုသိုးသိုးနှင့် လှည့်ထွက် သွားပါသည်။

“လက်တိုဂျင် အမိနို့နှင့် မခြား” ဟူသော ကြော်ငြာ စကား ကဲ့သို့ သခင်နု၏ စွပ်ကျယ်သည် ဒေါ်မြရီ၏ ဇာဘော်ဒီနှင့် မခြားချေ။ ဒေါ်မြရီ၏ ဇာဘော်ဒီ နောက်ကျောဝယ် တက်တင်း ထိုးထာသော ဇာပေါက်များ ရှိသည်။ သခင်နု၏ စွပ်ကျယ်အင်္ကျီ နောက်ကျော ၌လည်း တက်တင်း မထိုးဘဲနှင့် သယံဇာတ ပေါက်နေသော ဇာပေါက်များ ရှိလေသည်။ စင်စစ် သခင်နု၏ ဇာပေါက်များ သည် ဒေါ်မြရီ၏ ဇာပေါက်များထက် မြိုင်ပါပေသည်။ ကျွန်တော်သည် ကုက္ကိုင်းလမ်းရှိ သခင်နု နေသော အိမ်နောက်ဖေးဝယ် ရခိုင်ပြည် တော်လှန်ရေး ခေါင်းဆောင် ဦးညိုထွန်း (ယခင်က ပြန်ကြားရေးဝန်ကြီး ယခု ရေဒီယိုပြင်ဆရာ) ၏ တဲကို အမွေခံယူကာ တစ်ဦးနှင့် တစ်ဦး သဘာဝချင်း မတူသော ဦးဉာဏ နှင့် ကိုမျိုးမင်းတို့ကို အဖော်ပြုကာ နေ့အချိန်တွင် နေ၍ ညအချိန်တွင် ဗုံးခိုကျင်း ထဲ၌ အိပ်ခဲ့ ရပါသည်။

Read more of this post

မရောက်သွားသောစာ

၁၉၄၅ ခုနှစ်၊ မတ်လ ၊ ရန်ကုန်မှ သရက်ဧရိယာ ရှေ့တန်းဌာနချုပ်သို့ ဗိုလ်ချုပ်အောင်ဆန်းတို့ ထွက်ခွာသော အခါတွင် ဂျပန်စစ်တပ်၏ ဓားစာခံ အဖြစ် ရန်ကုန်၌ ကျန်ရစ်ခဲ့သော ဒေါက်တာဘမော်ထံ ရေးသားခဲ့သော စာ ဖြစ်ပါသည်။ ရှေ့တန်း စစ်မျက်နှာတွင် ကမန်းကတန်း ရေးခြစ်ရသောကြောင့်လား၊ အကြမ်းရေးထားသည့် အတိုင်း ပေးပို့လိုက်သည်လားတော့ မပြောတတ်။ ဗိုလ်ချုပ်၏ မူရင်းလက်ရေးလက်သား ဖြစ်သောကြောင့် အမှတ်တရ တင်ရှိလိုက်ပါသည်။ ယင်းစာကို ဗိုလ်ချုပ်က ဆက်သား တစ်ယောက်ကို ပေး၍ စေလွှတ်လိုက်သည် ဟု အဆိုရှိသည်။ သို့သော် စာမှာ ဒေါက်တာ ဘမော်ထံ မရောက်ခဲ့။ စာပေဗိမာန်အသင်းမှ ဦးထင်ကြီးတို့ အဖွဲ့နှင့် ရန်ကုန်၊ ဦးအောင်ကြည်တို့ ကောင်းမှုကြောင့် ကာကွယ်ရေးဌာန ပြတိုက်သို့ ရောက်ရှိလာခဲ့သည်ဟု ပါရှိသည်။

တင်ရှိထားသော ဗိုလ်ချုပ်၏ မူရင်းလက်ရေး ဓာတ်ပုံတွင် အလယ်ပိုင်းမှ စာသား အချို့ ပြတ်လျက်ရှိပါသည်။ ယင်းပြတ်နေသော စာသားကို Dr. Maung Maung ၏ Aung San of Burma ကို ကိုးကား၍ ကျနော် ထည့်သွင်းထားသည်။

ဇေယျ
……………………………………… Read more of this post

ဇူလိုင် ၁၉ မှ သင်ခန်းစာ

ကလောင် အမည် “ကိုဆောင်း” ရေးသားခဲ့တာက ပြီးခဲ့တဲ့ မ-ဆ-လ ခေတ်အခါက ဖြစ်ပါလိမ့်မယ်။ ခေတ်၊ စနစ် ( အမည်အားဖြင့် ) မတူတော့ပါဘူး။ ဒါပေတဲ့ အဲ့ဒါကို ခုချိန်မှာ တင်တာက ရှေ့လမှာ ကျရောက်မယ့် ဇူလိုင် ( ၁၉ ) အတွက် နောက်ပို့စ်တွေ တင်ဖို့ ရှိတာမို့ အစပျိုး သဘောသာ ဖြစ်ပါတယ်။ အတွင်း စာသားကို ( မူရင်း စာရေးဆရာကို လေးစားသောအားဖြင့် ) ဘာမှ မပြုမပြင် ထားပါ။ ပါရှိသည့် အတိုင်း တင်ပါတယ်။ ဓာတ်ပုံများ ကိုတော့ မော်နီတာ ( ဗိုလ်ချုပ်အောင်ဆန်း အထူးထုတ် ) ထဲက အတိုင်း ဖြည့်ယူ ပါတယ်။

ဇေယျ
……………………………………….

မြန်မာ တစ် နိုင်ငံလုံး နှင့် မြန်မာ တိုင်းရင်းသား တစ်ရပ်လုံး ၏ ဘ၀ မှတ်တိုင် တွင် ထာဝစဉ် အဓိကရ နေရာယူ နေမည့် “အာဇာနည်နေ့”နှင့် ပတ်သက်၍ အကျဉ်းချုပ် သုံးသပ် လေ့လာချက် တစ်ရပ် ပြုကြမည် ဆိုလျှင်

(၁) အာဇာနည်နေ့ မတိုင်မီ တိုင်းပြည်၏ အထွေထွေ အခြေအနေ
(၂) လုပ်ကြံမှု၏ ရည်ရွယ်ချက်၊
(၃)ပြည်သူလူထု၏ တုံ့ပြန်မှု၊
(၄)အာဇာနည်နေ့မှ ပေးသော သင်ခန်းစာများ ဟူ၍ အပိုင်း လေးပိုင်း ခွဲခြား လေ့လာခြင်း ပြုသင့်ပါသည်။

(၁)အာဇာနည်နေ့ မတိုင်မီ တိုင်းပြည်၏ အထွေထွေ အခြေအနေ

ဒုတိယ ကမ္ဘာ စစ်ပြီး ကာလ ဖြစ်သည့် (၁၉၄၅) ခုနှစ်မှ စ၍ (၁၉၄၇) ခုနှစ် အထိ (၃) နှစ် ကာလကို လေ့လာ သုံးသပ်ရန် လိုအပ် ပေမည်။ (၁၉၄၅) ခု၊ မတ်လ (၂၇) ရက်နေ့ မှစ၍ မြန်မာ တိုင်းရင်းသား အားလုံး တို့သည် ဖက်ဆစ် တိုက်ဖျက်ရေး ပြည်သူ့ လွတ်လပ်ရေး (ဖတပလ) အဖွဲ့ဝင်များ၊ ဗမာ့ ကာကွယ်ရေး တပ်မတော် နှင့် မျိုးချစ် ဗမာ့ တပ်မတော်သား များအဖြစ် တစ်စု တစည်းတည်း တိုက်ပွဲ ၀င်၍ ဖက်ဆစ် ဂျပန် များအား တော်လှန် တိုက်ခိုက်၍ မြန်မာနိုင်ငံ၏ မြေပြင်မှ မောင်းနှင် ထုတ်ခဲ့ကြ လေသည်။

(၁၉၄၅) ခုနှစ်တွင် ဗြိတိသျှ တို့သည် စစ်တပ်ကြီး များနှင့် မြန်မာနိုင်ငံ အတွင်းသို့ ပြန်လည် ၀င်ရောက် လာကြသည်။ သို့သော် တိုင်းရင်းသား အားလုံး အပါအ၀င် တပြည်လုံးက ဗြိတိသျှ တို့၏ စစ်အုပ်ချုပ်ရေး ကို အမြန်ဆုံး ရပ်စဲ ရုပ်သိမ်းရန် တောင်းဆို ကြသည်။ ထို့ကြောင့် (၁၉၄၅) ခုနှစ်၊ အောက်တိုဘာလ (၁၅) ရက်နေ့ တွင် ဗြိတိသျှ အပေါင်းပါ များ၏ စစ်အုပ်ချုပ်ရေး မှာ လုံးဝ ရပ်စဲ ခဲ့ရသည်။ သို့သော် ဗြိတိသျှတို့သည် မိမိ တို့နှင့် အတူ ပါလာသော ဆင်းမလား စီမံကိန်းခေါ် စက္ကူဖြူ စာတမ်းအရ မြန်မာနိုင်ငံ အား ဆက်လက် စိုးမိုးရန် ကြိုးစား ကြပြန်သည်။

Read more of this post

ဦးအောင်ဆန်းကို တွေ့ချင်လွန်းလို့

(၁၉၄၇) ခုနှစ် သည် မြန်မာပြည် လွတ်လပ်ရေး အတွက် အရှိန်အဟုန် ပြင်းနေတဲ့ တိုက်ပွဲ ကာလ၊ လွတ်လပ်ရေး ရရှိရန် (၁) နှစ် တောင် မလိုတော့သည့် ကာလ ဖြစ်သည်။ ထိုကာလတွင် ဗိုလ်ချုပ် အောင်ဆန်း သည် သူ ပေးထားသည့် ကတိ အတိုင်း တစ်နှစ် အတွင်း လွတ်လပ်ရေး ရရှိရေး အတွက် အပြင်းအထန် ကြိုးစား နေသော ကာလ ဖြစ်သည်။ ထို့ကြောင့် ထိုကာလ အတွင်း ဗိုလ်ချုပ်သည် မြန်မာပြည် တစ်နံ တစ်လျား လေယာဉ်၊ မော်တော်ကား၊ သင်္ဘော တို့ဖြင့် ခရီးစဉ်များ ရေးဆွဲကာ စည်းရုံးရေး ဆင်း နေရသော ကာလ ဖြစ်သည်။

ထိုအချိန်က ဗိုလ်ချုပ် သည် ကုန်းလမ်း ခရီး မော်တော်ကားဖြင့် ရန်ကုန်မှ မြန်မာပြည် အထက်ပိုင်းသို့ ခရီး ထွက်ခွာ လာရာ ထိုနေ့ (၄၊ ၄၊ ၄၇) ရက်တွင် ရန်ကုန်မှ တောင်ငူ သို့ ရောက်ရှိလာပြီ ဖြစ်ကြောင်း သိရသည်။ ဗိုလ်ချုပ်၏ မော်တော်ယာဉ်တန်း သည် တောင်ငူမှာ နေ့လယ်စာ စားပြီး ဆက်လက် ထွက်ခွာ ခဲ့ရာ လယ်ဝေးသို့ မွန်းလွဲပိုင်း (၂) နာရီ ခန့်တွင် ရောက်ရှိ ခဲ့သည်။ လယ်ဝေး၌ ခေတ္တနားပြီး သနက (၄) ဒု တပ်ရင်းမှူး ဗိုလ်နေ၀င်း နှင့် တွေ့ဆုံ ခဲ့သည်။ ပျဉ်းမနားတွင် ယနေ့ ညနေ (၅) နာရီ ခန့်တွင် တရားဟောရန် အစီအစဉ် ရှိသောကြောင့် ဆက်လက် ထွက်ခွာ ခဲ့သည်။

ထိုအချိန်က ပျဉ်းမနားမြို့သည် ဗမာပြည် ကွန်မြူနစ် ပါတီ၏ ဌာနချုပ် အခြေစိုက် ဒေသ ဖြစ်သည်။ ဗကပ များသည် ဖဆပလမှ ခွဲထွက် ခဲ့ပြီး နောက် ဗိုလ်ချုပ် အောင်ဆန်း ၏ လွတ်လပ်ရေး ကြိုးပမ်းမှုကို ပြင်းပြင်း ထန်ထန် ဆန့်ကျင် တိုက်ခိုက် နေကြသည်။ ရဲဘော် သုံးကျိပ်ဝင် ဗိုလ်တာရာ သည် ဗမာပြည် ကွန်မြူနစ် ပါတီ တောမခိုခင် ကပင် ပျဉ်းမနား မြို့နယ် တ၀ိုက်၌ ကြိုတင် လှုပ်ရှား နေသည်။ သူက ဗကပ ၏ တပ်နီ ဗိုလ်ချုပ် တာဝန် ယူထားသူ တစ်ဦး ဖြစ်သည်။ ထိုအချိန်က ဗမာ့ သေနတ်ကိုင် တပ်ရင်း (၄) ၏ ဒုတိယ တပ်ရင်းမှူး ဗိုလ်မှူး နေ၀င်း သည် ဗိုလ်ချုပ်၏ ခရီးစဉ် ကို လုံခြုံရေး တာဝန်ယူ ထားရသည်။

Read more of this post

ထိုထိုသော နေ့များ

ဒီကနေ့ က အမ တစ်ယောက်ရဲ့ မွေးနေ့။ အမ ဆိုပေတဲ့ အရင်းတော့ မဟုတ်ဘူး။ အမ မရှိတဲ့ ကျနော့ အတွက် တော်တော် ချစ်ရတဲ့ အမ တစ်ယောက်ပဲ ဆိုပါတော့။ ဒါပေတဲ့ ထူးထူးခြားခြား မို့၊ မွေးနေ့ မို့ ဆိုပြီးလဲ ဘာမှ လုပ်ပေးဘူး။ ဘာလို့ ဆို ကျန်တဲ့ နေ့တွေကပဲ မထူးခြား သလိုလို၊ အရေး မပါ သလိုလို။ ( အဓိပ္ပာယ် သက်နေမယ် လို့ ထင်မိတဲ့ စိတ်ကြောင့်ပါပဲ )။

တစ်ယောက်ကတော့ ပြောပါတယ်။ ဒါဟာ အဲ့လူတစ်ယောက် အတွက် သတိတရ ၊ အသိအမှတ် ပြုပေးတယ် ဆိုတာဟာ- ဝမ်းသာ မှု ၊ ပီတိ တစ်ခုခု ကို ဖြစ်စေတာပါပဲ တဲ့။ သူ့စကား အတိအကျတော့ ဟုတ်ပါဘူး။ အဲ့သဘောမျိုး ပြောတယ်။

ဟုတ်ပါလိမ့်မယ်။ “ဝမ်းသာမှု၊ ပီတိ၊” ဆိုတဲ့ စကား။ တွေးမိတာက – အဲ့ဒါ ဖြည့်စွမ်းပေးနိုင်ဖို့ အတွက် – ဒါမှလား။ ဒီမွေးနေ့မှလား။ အခြား တစ်ခုခု လုပ်လို့ မရတော့ဘူးလား။

ပြည်ပရောက်နေတဲ့ အမတစ်ယောက်က လှမ်းပြောတယ်။ ကျနော့အမ အတွက် တစ်ခုခုလေး ဖြစ်အောင်တဲ့။ ဆိုပါစို့၊ အရုပ်လေး တစ်ရုပ် ဝယ်ဖို့ပေါ့။ သူကလည်း အတင်းအကျပ် ဝယ်ပေးစေဖို့ ပြောနေတာ မဟုတ်ပါဘူး။ ကျနော့ အမ အကြောင်း သိသလောက်မှာ – ကျနော့အမကလည်း ( ဆိုပါစို့ – မဂျူး ပေါ့ ) မဂျူးကလည်း “ဒီနေ့ဟာ ငါ့မွေးနေ့လေးပါ၊ ငါ့ကို ဒါလုပ်ပေးပါ” လို့ တောင်းဆိုနေတာ မျိုး မဟုတ်ပါဘူး။ မဂျူးမှာ ဒီလို စိတ်မျိုးလည်း မရှိဘူး။ ဒါပေတဲ့ စောနက ပြောသလို “ပီတိ” အကြောင်းတွေ၊ ပြည်ပက အမ မှာနေတာတွေ ၊ အဲ့ဒါတွေကို – စိတ်ကူး စဉ်းစားပြီး အပြင်ထွက် လာလိုက်တယ်။ အရုပ်ကလေးဝယ်၊ “Happy Birthday,My Sis” လို့ လုပ်၊ သူလည်း ကြည်နူးသွား၊ ကိုယ်လဲ ပျော် သွား။ ထုံးစံက အဲ့ဂလို။

အရင်က မွေးနေ့ ဆိုတာတွေနဲ့ ပတ်သက်လို့ ကိုယ် မျက်မြင် ကြုံတွေ့ ရဖူးတာတွေ အကြောင်း စဉ်းစား မိလာတယ်။ မွေးနေ့ ( ဒါမှမဟုတ် ) တစ်ခု ရောက်လို့ ကိုယ့်ရင်းနှီးရာ လူတွေ မြင်ရင် Facebook တက်မယ်။ ဒါမှမဟုတ် Ning.com ရှိရင် အဲ့ Social Sites ကို တက်မယ်။ Happy Birthday လုပ်မယ်။ စာရေးမယ်။ ပြီးတော့လဲ မေ့သွားမယ်။ ကျနော် ကိုယ့်ဘာသာကိုယ် မေးကြည့်မိပါတယ်။ ငါတို့ တကယ် သတိရသင့်တဲ့ မွေးနေ့တွေက ဘယ်နေ့တွေလဲ။

တကယ် က အနီးစပ်ဆုံး ကျနော့မွေးအဖေ ရဲ့ မွေးနေ့၊ မွေးအမေရဲ့ မွေးနေ့။ ကျနော် မသိပါဘူး။ အဆုံးစွန်ဆုံး ကျနော့ မွေးနေ့လည်း မှတ် မထား မိဘူး။ ( နည်းနည်း လွန်တယ် လို့ ပြောရင် ဆောရီးပါပဲ။ တကယ်ကို မေ့ပါတယ် ။ ဟိုးတုန်းက လူရွှင်တော်ကြီးများ ပြောတာ သတိရတယ်။ မင်း ဘယ်နေ့က မွေးတာလဲ ပြောတော့ ဘေးဘက် ဒေါ်ပုမကြီး – အိမ်မှာ – ဘဲ ပျောက်တဲ့ နေ့က – လို့ ပြန်ဖြေကြသလိုမျိုး ၊ ကျနော်လည်း အဲ့ဂလိုမျိုးပဲ မှတ်ထားခဲ့မိတာ။ )

နိဒါန်း အပျိုးမှာ တင် တော်တော် ရှည်နေပါမယ်။ Gtalk မှာ အသိတစ်ယောက်နဲ့ စကားပြောထားတာကို တင်ပါမယ်။ ဒီ မွေးနေ့ ဆိုတဲ့ အကြောင်းပါပဲ။ ပထမအပိုင်းမှာ ချော် ချော်ပြီး – ဒဿနိက ဆန်ဆန် ပြောကြရင်း ဘေးရောက် သွားတာ ရှိပါမယ်။
အောက်ပါ စာပိုဒ်တွေမှာ me – က ကျနော် ဖြစ်ပြီး AA: – က ကျနော့ အချစ်ဆုံး သူငယ်ချင်း တစ်ယောက် ဖြစ်ပါတယ်။

ပြောသံ ဆိုသံ လေသံ မကြိုက်လို့ ဘဝင်မကျ ခဲ့ပါရင် စိတ်ကြိုက်သာ ပြောခဲ့နိုင်ပါကြောင်း။

ဇေယျ။
……………………………………………………..
me: မွေးနေ့ ဆိုတာနဲ့ ပတ်သက်လို့ ကျနော့ စိတ်ထဲ ရှိတာကို ရှင်းပြရရင် –
အထင်ကရ လူပုဂ္ဂိုလ် ဘာကြီး ဖြစ်နေပါစေ..။ မွေးနေ့ တစ်နေ့က ကိုယ်သေဖို့ တစ်ရက် နီးကပ် လာကြောင်းကိုသာ ဆိုလိုတာ။
အနီးအနားက လူတစ်ယောက်ကို ဂရုစိုက်ပြတဲ့ ရှိုး၊ ပြကွက် ထုံးစံတွေက … အနောက်တိုင်းက လာတာတွေ။
Happy Birthday ပါလို့ .. အပြန်အလှန် နှုတ်ခွန်းဆက်ကြရာကနေ. ဝမ်းသာပီတိကို ဖလှယ်ကြတယ်ပေါ့ – ခင်ဗျား စောနက ပြောသလို ဟုတ်ကောင်း ဟုတ်မယ်။
ဒါပေမယ့် ဒီလူတွေကရော တကယ် သတိတရ ရှိနေရမယ့် လူတွေကို – ( သူ့အချိန်အခါ ) ရောက်ကြတဲ့ အခါ သတိရကြရဲ့လား။

Read more of this post

ဗမာ့ အောင်ဆန်း ( ၃ )

ဗမာ့အောင်ဆန်း ( ၂ ) မှ အဆက် –

မြန်မာပြည် တွင်းသို့ ဗိုလ်ချုပ် နှင့်တကွ ဂျပန် ဧကရာဇ် ဘုရင် မင်းမြတ် ၏ တပ်မတော် သည် ၀င်ရောက် လာလေပြီ။ ရဲဘော် သုံးကျိပ် ဟု ဂုဏ် ဟိတ် တေဇာ ထွန်းပြောင် စွာသော ဗမာ့ ရင်နှစ် သားရတနာ တို့ ၀င်ရောက် လာလေပြီ။ သို့ရာတွင် ဗိုလ်ဇေယျ တို့ ချကြကုန်၏။ ဂျပန် နှင့် ဗိုလ် လက်ျာ တို့ နှက်ကြ ကုန်၏။ ဂျပန် နှင့် ဗိုလ် ကျော်ဇော တို့ ဆော်ကြ ကုန်၏။ ဗမာ့ လွတ်လပ်ရေး တပ်မတော်သား တို့ကား ကြားထဲက အချောင် အတီး ခံရသည့် အကြိမ် ပေါင်းမှာ မရေ မတွက် နိုင်တော့ပြီ။

ထို့ကြောင့် ဗိုလ်ချုပ် အောင်ဆန်း က ဂျပန် စစ်ဦးစီး ဌာနချုပ် အား တောင်းဆို၏။ ထို တောင်းဆိုချက် မှာ ဗမာ့ လွတ်လပ်ရေး တပ်မတော် ကို ဗိုလ်ချုပ် တို့က ဦးစီး ခေါင်းဆောင် ပြု ၍ ဗမာပြည် တွင် ကျေးရွာ နယ်ပယ် သို့ သိမ်းပိုက်ရေး ကို စီမံရန် ဖြစ်၏။ ယင်းသို့ တောင်းဆို လိုက်သည် နှင့် တစ်ပြိုင်နက် ဂျပန် အသိုက် အ၀န်း မှာ ရာဇမာန် ရှ လေတော့သည်။

Read more of this post

ဗမာ့အောင်ဆန်း ( ၂ )

ဤနေရာ မှ အဆက် –

သို့ပါ လျက်နှင့် အောင်ဆန်း၏ လှုပ်ရှားမှုကို အစီရင်ခံစာ ထဲ၌ မတွေ့ရချေ။ ယင်းသို့ မတွေ့ရခြင်း မှာ မဆန်းပါ။ အကြောင်း မူကား အောင်ဆန်း ဖောမိုဆာ သို့ ရောက်နေပြီ ဟူသော ပါးစပ် သတင်း သည် ရခိုင်ပြည် ၌ ချောင်ကျ လှသော တောင်ကုတ်မြို့ သို့ ရောက်လာ သောကြောင့် ဖြစ်သည်။ ထိုအချိန်၌ အနောက်နိုင်ငံ စစ်သတင်း တို့သည် ထိတ်လန့်ဖွယ် ပင် ဖြစ်တော့သည်။ ထို့ကြောင့် ရှေ့ရေး နောက်ရေး ကို ကြည့်၍ ကျွန်တော် ခွင့်ယူသည်။

(၁၉၄၁) ခုနှစ်၊ ဒီဇင်ဘာလ (၈) ရက်နေ့ ပါးလ်ဟာဘာ ကို ဗုံးကျ၍ (၁၂) နာရီ ခန့်မျှ အကြာ တွင် ကျွန်တော်လည်း ခွင့်ရ သောကြောင့် အလုပ်ကို အခြားသူ တစ်ဦးအား ၀မ်းမြောက် ၀မ်းသာစွာ နှင့် လွှဲပေး ခဲ့လေသည်။ (၁၉၄၁) ခုနှစ်၊ ဒီဇင်ဘာ (၂၀) ရက်နေ့ မှ (၂၆) ရက်နေ့ အထိ ကျွန်တော် တို့ သားအမိ သားအဖ တစ်တွေ တောင်ကုတ် မှ ပန်းတောင်း သို့ ခြေလျင် လျှောက် ခဲ့ကြပါသည်။ တစ်ညတွင် ရေပေါ်ကြီး ၌ စခန်း ချသည်။ ထိုစခန်း ရောက်လျှင်ပင် အိပ်ရာ ပေါ်သို့ ပစ်လှဲ လိုက်ပါသည်။ ကျွန်တော် တစ်ငိုက်လောက် အိပ်မောကျ သွားစဉ် အိပ်မက် ထဲတွင် သခင် ထွန်းအုပ်၏ အသံကို ကြားရပါသည်။ သူ၏ အသံမှာ ရခိုင် ရိုးမ တောင်တန်း တစ်ခုလုံး ဟိန်းသွား ပါသည်။

အချိန်မှာ ည (၉) နာရီ ကျော်ကျော်ပင် ရှိဦးမည်။ တောကြီး မျက်မည်း ထဲတွင် ထုံးစံ အတိုင်း ဆိုလျှင် သမင်က ဟောက်၍ ချေ (ဂျီ) က တောက်သံ ကြားရဖို့ ရှိသည်။ သို့တည်း မဟုတ် ဆင်အုပ်များ ၀ါးပိုးဝါး ကို စားသည့် အသံ ကြားရဖို့ ရှိသည်။ သို့တည်း မဟုတ် ကျားဟိန်းသံ ကို ကြားရဖို့ ရှိသည်။ သို့သော် “ရဲဘော်တို့”ဟူသော အသံသည် ပဲ့တင်သံ ထပ်သွားသည်။ ကြက်သီး မွေးညင်းကို ထစေသည်။ ကျွန်တော် သည် အိပ်ရာမှ ငေါက်ကနဲ ထလိုက်သည်။ ဘာသံပါလိမ့်။ ချယ်ရီပန်း ပွင့်ရာ ဒေသမှ ဖြစ်သော တိုကျိုမြို့မှ အသံလွှင့် လိုက်သည့် သခင် ထွန်းအုပ်၏ အသံ ထကြလော့ ကြွကြ လော့ ချကြလော့။ တောကြီး မျက်မည်း ထဲ၌ ရေဒီယို ကို အစွမ်းကုန် အသံဖွင့် ထားသည်။ ရေဒီယို ဖွင့်သူ မှာ ပီဒဗလျူဒီ ဌာန ဟု ခေါ်သော ပြည်သူ့ လုပ်ငန်း ဌာနမှ အိုဗာဆီယာ တစ်ဦး ဖြစ်သည်။

တောကြီး တောင်ကြီး ထဲတွင် ဗြိတိသျှ ဥရောပ စက်ကွင်း မှာ တဒင်္ဂ မျှ လွတ်သော နေရာကို ကျကျနန ရွေးချယ် ၍ တော်လှန်ရေး တရား တို့ကို အားရ ပါးရ နာသူ မှာ ဗြိတိသျှ အုပ်ချုပ်ရေး စက် ယန္တရား ထဲမှ သေးငယ်သော ၀က်အူ တစ်ချောင်း ဖြစ်ပေသည်။ သေးငယ်သော ၀က်အူမို့ မလောက်လေး မလောက်စား ဟု မထင် ပါနှင့်။ သူ၏ စိတ်ဓာတ်ကို ကြည့်ပါ။

Read more of this post

ဗမာ့အောင်ဆန်း ( ၁ )

ပြီးခဲ့သည့် ၁၅.၅.၂၀၁၁ ထုတ် မော်နီတာ ဂျာနယ်၊ အတွဲ ( ၁ ) အမှတ် ( ၅၂ ) တွင် ပြန်လည် ဖော်ပြ ပါရှိလာသော စာ ဖြစ်ပါသည်။ အပတ်စဉ် အပိုင်းလိုက် ခွဲပြီး ထုတ်ဝေလျက် ရှိသည်။ ကျနော်က ယင်းမှ တဆင့် အွန်လိုင်း မျက်နှာစာ ပေါ်သို့ ကူးယူ တင်ရှိထားခြင်း ဖြစ်ပါသည်။ တတ်နိုင်သရွေ့လည်း ဗိုလ်ချုပ်နှင့် ပတ်သက် သည်များ စုစည်း တင်ရှိသွားမည် ဖြစ်ပါကြောင်း။

ဇေယျ

……………………………………..

မောင်ထင်၏ ဗမာ့အောင်ဆန်း

ကျွန်တော်သည် ဗိုလ်ချုပ် အောင်ဆန်း နှင့် ငယ်ပေါင်း မဟုတ်။ ကြီးဖော် ဖြစ်သည်။ သူနှင့် ကျွန်တော် နှစ်ဦးသား တစ်ဦးနှင့် တစ်ဦး အသီးအခြား ကြီးပြင်း လာခဲ့ကြသည်။ သူ၏ ရေမြေ နှင့် ကျွန်တော်၏ ရေမြေ တို့ကား တခြားစီ။ ဗိုလ်ချုပ်က သူ မွေးဖွားရာ ဒေသ တစ်ခွင်ကို မြေလတ်ဟု ဆို၏။ သို့သော် ကျွန်တော်တို့ အောက်သား များအဖို့ နတ်မောက် သည်လည်း အညာ ပင်ဖြစ်၏။ အညာ ဒေသ၏ ပထ၀ီ သွင်ပြင် အရ ဗိုလ်ချုပ် ၏ တော၊ တောင်၊စိမ့်၊ စမ်း၊ မြိုင်၊ လျှို စသည့် ပတ်ဝန်းကျင် သြကာသ လောကမှာ ထူးဆန်း ထွေလျာ ပျော်မွေ့ရာ ဖြစ်လိမ့်မည် ဟု ကျွန်တော် ခန့်မှန်းမိ၏။ အကြောင်းသော် မူကား ကျွန်တော် မွေးဖွားရာ အောက်အရပ် မြစ်ဝကျွန်းပေါ် ဒေသ ဟူသည်မှာ ပင်လယ်၊ မြစ်၊ ချောင်း၊ လမုပင်၊ လတာပြင် တို့နှင့်သာ ရှုမျှော်ခင်း ကို တန်ဆာ ဆင်ထား လေရာ မည်သည့် အရပ်ကို ကြည့်ကြည့် ပတ်ဝန်းကျင် သြကာသ လောကကြီးသည် စိမ်းလဲ့သော တောတန်းတည်း ဟူသော မျဉ်းဖြောင့် တစ်ခု ပေါ်၌ အုပ်၍ နေသော မိုးကုပ် စက်ဝိုင်း တစ်ခုမျှသာ ဖြစ်၍ ငြီးငွေ့ဖွယ်ရာ ဖြစ်သောကြောင့်တည်း။

သို့သော် ကောင်းကင်မှ မိုးကုပ် စက်ဝိုင်းနှင့် မြေကြီးမှ တောတန်း ကလေးတို့ နှစ်ဦးသား ဆုံမိကြသည့် ပုံပမာလို သူ၏ ဘ၀ သံသရာ နှင့် ကျွန်တော်၏ ဘ၀ သံသရာ တို့သည် (၁၉၃၂) ခုနှစ် တစ်ဝိုက် ဆီလောက်က တက္ကသိုလ် သမဂ္ဂ ဆံပင်ညှပ်ဆိုင် ၌ ဖူးစာ ဆုံစည်း မိကြလေသည်။ ယင်းသို့လျှင် သူနှင့် ကျွန်တော်မှ ကျောင်းသားကြီး အရွယ်သို့ ရောက်ကြမှပင် အဆွေ ခင်ပွန်း ဖြစ်လေသောကြောင့် ကျွန်တော်တို့ နှစ်ဦးသားကို ကြီးဖော် ဟူ၍ ခေါ်နိုင်ပေသည်။ သို့သော် နှစ်ဦးသားမှာ တစ်ဦး နှင့် တစ်ဦး ခင်မင် ရင်းနှီး လာလေလေ တစ်ဦးပေါ် တစ်ဦး မြုံစေ့စေ့ နိုင်လေလေ ဖြစ်၍ တစ်ခါတရံ ကျွန်တော် ကိုယ်တိုင်က ပင်လျှင် သူ၏ ရင်းနှီးသော မိတ်ဆွေ ဟုတ်ပါလေစ ဟု သံသယ ဖြစ်မိသည်။

Read more of this post