မရဏ (ဝါ) သူမှတစ်ပါး မသေချာသော အရာ

၁။ အဓိက ပြဿနာမှာ – အကုသိုလ် ကို ကုသိုလ် သို့ ပြောင်းလဲ နိုင်ရန် မဟုတ်။ ဒုက္ခ မှ သုခ သို့ ကူးပြောင်းရန် မဟုတ်။ နာကျင်မှုကို ချမ်းမြေ့မှု အဖြစ် ပြောင်းလဲ ပစ်ရန် မဟုတ်ပေ။

၂။ စင်စစ် အဓိက ပြဿနာမှာ – မသိမှုကို – သိမှု (အသိ သက်သက်) သို့ ပြောင်းလဲနိုင် ရန်သာ ဖြစ်သည်။ အိပ်ပျော်နေ သည့် အဖြစ်မှ နိုးထ လာရန် သာ ဖြစ် သည်။ ပြင်ပ ဗဟိဒ္ဓနှင့် ရှင်သန် နေသည့် အဖြစ်မှ – အတွင်း အဇ္ဈတ္တ သို့ လျှိုးဝင် ရှင်သန် နိုင်ရန် ဖြစ်သည်။ ရှေ့အလိုဆန္ဒ တို့၏ အဟုန်ဖြင့် ပြေးလွှားနေသည့် အဖြစ်မှ – အလိုဆန္ဒတို့ ပျက်သုဉ်း ငြိမ်ဝပ် သွားသည့် အဖြစ်သို့ ကူးပြောင်း ရန်သည်သာ စင်စစ် အရေးပါ၏။

Read more of this post

မျှော်လင့်ချက် တကယ် မဲ့ သလား

A: ကျုပ် နှစ်နဲ့ ချီပြီး ကြိုးစားခဲ့ ~ အားထုတ်ခဲ့ ~ လုံးပန်း ခဲ့တယ်။ အခုထိ အရာ မထင် ဖြစ်နေ တာတွေ ချည်းပဲ။ ဒါကို ကြည့်ပြီး ရှက်တယ်။ ရှေ့လျောက်ပြီး လည်း ဘာမှ မဖြစ်နိုင်တော့ ဘူးလို့ မြင်နေပါတယ်။ အခု ကျနော့ဘဝ ကြီး ဟာ မျှော်လင့် ချက် မဲ့နေ တယ်ဗျာ ။ ဘာလုပ်သင့် သလဲ။

B: ကျနော် နှစ်သိမ့်ပြီး ဖြေပြော မယ် ထင်ရင် အကို လူမှားပြီး လာမေး တာ ဖြစ်ပါ တယ်။ အခု အွန်လိုင်း မှာ ရှိတဲ့ နူးနူး ညံ့ညံ့ နှစ်သိမ့် တတ်ကြသူ ဆရာ့ ဆရာ များဆီ သွားမေးတာ ပိုကောင်း လိမ့် မယ်။ အကို မေးတဲ့ “ကျနော့ဘဝ ကြီးဟာ မျှော်လင့် ချက် မဲ့နေ တယ်ဗျာ” ဆိုတာ ကို – ကျနော့ အနေနဲ့ ပြောရင် – ခင်ဗျား ကောင်းကောင်း – မျှော်လင့်ချက် မ “မဲ့”သေးလို့ ဖြစ်ပါတယ်။ အခု မျှော်လင့် ချက် မဲ့ တာ နည်းနေ ပါသေးတယ်။ အပြည့်အဝ မျှော်လင့်ချက် မဲ့ သွား ဖို့ လိုပါတယ်။ အခု ရှိနေတာ ထက် ပိုပြီး မျှော်လင့်ချက် မဲ့ သွားအောင် လုပ်လိုက် ပါ လို့ ကျနော် တိုက်တွန်း လို ပါတယ်။ နောက်ဆုံးမှာ ဘာကိုမှ “ဘာမှ” မမျှော်လင့် တော့၊ မတွေးတော့တဲ့ အထိ ~ မိမိသန္တာန် ကို မိမိ ကြည့်ကြည့် စေချင် တယ်။

အခု ပြောနေ တဲ့ “မျော်လင့်ချက် မဲ့နေ တယ်ဗျာ” ဆိုတဲ့ စကားဟာ အတွင်းကို နှိုက် ကြည့်ရင် “ဆက်မျှော်လင့်” နေသေး တယ် လို့ ဆိုလို ကြောင်း မြင်ရပါလိမ့်မယ်။ အဲ့ဒီ မျှော်လင့်ချက် မဲ့မှု ကို ကဗျာ ဆန်ဆန်၊ စာဆန်ဆန် နဲ့ အကို့ဘဝကို အဓိပ္ပာယ် မဲ့တယ် လို့ ဘာလို့ သတ်မှတ် ပစ်ရတာလဲ။ ဖတ်ဖူး မှတ်ဖူး သမျှ ကဗျာဂျိုး စာဂျိုး တွေ နဲ့ ကိုယ့်ကိုယ် ကိုယ် မလှည့်ပတ် ပါနဲ့။ ခင်ဗျား မျှော်လင့် ချက် မဲ့နေတာ မဟုတ်ပါဘူး။ အခုဖြစ်လာ သမျှ လက်မခံချင် တဲ့ စိတ် အကို့ဆီမှာ ရှိနေတယ်။ အဲ့ဒါကို က မျှော်လင့်နေ ပါသေး တယ်။ ဒါပေမယ့် ဒါကို မမြင်ရင်- “ကျွန်တော် – မျှော်လင့်ချက် မဲ့နေတယ်ဗျာ” ဆိုတာရဲ့ အခြားတစ်ဘက်မှာ – ကိုယ့်ကိုယ်ကိုယ် သတ်သေ သွားနိုင်ပါ တယ်။ အဲ့ဒါကလည်း အကို့ရဲ့ မပျောက်ပျက်တဲ့ မျှော်လင့်စိတ် ကြောင့် ပဲ။

ဘာလို့ ဆို – “ဒီနေရာကနေ ထွက်ခွာ သွား ရင် အရာ အားလုံး ပြေလည် သွားမှာပဲ ~ ဒီနေရာ မှာ ငါ ရှိနေဖို့ မလိုအပ်ဘူး ~ ငါနေလို့ မရဘူး ~ ဒီနေရာက လွဲလို့ အခြား ဘယ်နေရာ ရောက်ရောက် ငါ့ အတွက် အိုကေ တယ်~ ဒီလောကကြီးမှာ ဘယ်မှာမှ ငါနဲ့ အံမဝင်ဘူး~ ငါ ဖြတ်ခနဲ ပျောက် သွားရင် ဘယ်လောက် ကောင်းမလဲ” ~ စသဖြင့် အဲ့ဒါတွေ ဟာလည်း ခင်ဗျား ရဲ့ မျှော်လင့်ချက်တွေ သာ ဖြစ် ပါတယ်။ “မျှော်လင့်ချက်” ဆိုတာ – ခင်ဗျားရဲ့ ဆန္ဒ၊ တမ်းတချက်၊ ရည်ရွယ်ချက် တွေ အားလုံးကို အမည်ပြောင်း ထားတဲ့ အမည် သက်သက် ပါ။

ခင်ဗျားရဲ့ ဆန္ဒ တွေ ဖြစ်မလာတော့ဘူး ဆိုတဲ့ အခါ၊
ခင်ဗျား တမ်းတချက်တွေ တကယ် မဖြစ်လာတဲ့ အခါ၊
ခင်ဗျား ရည်ရွယ်ချက်တွေ ပျက်သုဉ်း သွားတဲ့ အခါ – ခင်ဗျား သန္တာန် မှာ မျှော်လင့်ချက် မဲ့တယ်~ ဘဝကြီးကို အဓိပ္ပာယ် မဲ့သွားပြီ လို့ သတ်မှတ် လိုက်တယ်။

ဒါပေမယ့် – အကို့ အခု ဘဝ ကို ~ “အခုတည့်တည့်”- ကြည့်ကြည့်။ ~ နိုင်ငံရေး သမားတွေ ပြောပြောနေ တဲ့ ~ “ရှေ့ကို ကျနော်တို့/ ကျမတို့ ကြိုးပမ်း နေတယ်၊ ကျနော်တို့/ ကျမ တို့ မျှော်မှန်းတဲ့ ပန်းတိုင် အတွက် ရှေ့ ဆက်ကြမယ်” ဆိုတဲ့ စကားတွေ ကို ဖယ်ပါ။

အကို့ဘဝဟာ အခု ကြည့်- အခု ရှင်သန်နေတာ ဖြစ်ပါတယ်။ အကို သေသွားရင်တော့ လည်း ဒါတွေ ကျနော် ပြောစရာ မလိုဘူးပဲ။ ဒါ့ကြောင့် အဝေးကို ၊ အနီးဆုံး ရှေ့ တစ်နာရီ ကိုတောင် မကျိန်းသေ မရေရာ၊ ကြုံရာတွေ ပြည့်နှက်နေတဲ့ – ကျနော် တို့ ဘဝ မှာ – ရှင်သန်နေ တဲ့ ပန်းတိုင် တိုင်း ဟာ အခြား မဟုတ်ဘူး ။ “အခုတည့်တည့်” သာ ဖြစ်ပါတယ် ~ အခု ကြည့်ကြည့် ရင် သိတယ်။ ပြီးခဲ့တဲ့ အချိန်က ချမှတ် ထားခဲ့တဲ့ လိုချင်ခဲ့တဲ့ ဆန္ဒ တွေ မရှိတဲ့ အခါ၊ မျှော်လင့် ချက် တွေ မရှိ၊ ရည်ရွယ် ချက်တွေ ရှိ မနေ တဲ့ အခါမှာ လည်း – အကို့ဘဝ ဘယ်ရောက် သွားလို့ လဲ။ Read more of this post

တစ်ခုတည်းရဲ့ နှစ်ဖက် မျက်နှာစာ

အခုတလော သတင်းတွေမှာ တရုတ်တွေရဲ့ “ဘယ်သူသေသေ ငတေမာ ပြီးရော” ဇာတ်လမ်းတွေ မကြာခဏ ကြားနေ မိပါ တယ်။ မြစ်ဆုံ ဆည် ကိစ္စက စလို့ – ပတ်ဝန်းကျင် ထိန်းသိမ်းရေး ကိစ္စ အပါအဝင် တိဗက် အရေးအခင်း များ အထိ – မြင်နေ ရတယ်။ တိုးတက် လာတဲ့ သိပ္ပံ အမြင်တွေ မှာ တရုတ်ပြည်ဟာ Crisis ဖြစ်ပါတယ်။ သူတို့ လူမျိုးကို အသည်း အသန် ကာကွယ် ဖို့ အခြား လူမျိုး ကို ဂရုမစိုက်ဘူး ဆိုတဲ့ အကြောင်း အထင်သာဆုံး နဲ့ အမြင်သာဆုံး ရှိတယ်။ ဝင်ရောက် ချယ်လှယ် သမျှ ပေါ်ပေါ်ထင်ထင် မြင်ရတယ်။ သတ်ဖြတ် ဖို့ လက်မတွံ့တဲ့ စိတ် အပြည့်အဝ ရှိတယ်။ ကလိမ်ကျ သွေးစုတ် ဖို့ စိတ်ရော မာန်ပါ ရှိနေပါတယ်။ ကျနော် ပြောတာ လွန်များ လွန်နေသလား။

စင်စစ် ဒါဟာ သူတို့ လူမျိုး မှ မဟုတ်ဘူး။ အခြား လူမျိုးတွေမှာလည်း ရှိပါတယ်။ တရုတ်ပြည်ဟာ သိသိသာသာ ပေါ်လွင် နေတာ သက်သက်။ စင်စစ် ကျနော် ဒီလူမျိုးရေး အကြောင်း နိုင်ငံရေး အကြောင်း တွေ ပြောဖို့ မဟုတ်ဘူး ရယ်။ သူတို့ ဘာလို့ ဒီလို စိတ်ရော မာန်ပါ ရုပ်ပျက် ဆင်းပျက် ဖြစ်နေကြရပါသလဲ။

အဓိက အကြောင်းရင်းကို စိစစ်ရင် သူရို့ မျိုးနွယ် ပျက်ဆီးမှာ၊ သူရို့မျိုးနွယ် မတည်တံ့မှာ၊ သူတို့ စည်းစိမ် ပျက်ယွင်း မှာ ကြောက်ရွံ့ လို့ ပဲ ဖြစ်ပါ တယ်။ အဲ့ဒီ ကြောက်ရွံ့စိတ်ကပဲ သူတို့အတွက် ကိုယ်ကျင့်တရား အမြင် ပျောက်ဆုံး သွားစေပါတယ်။ ယုတ္တိဗေဒ အတွေးစဉ် ကို ကမောက်ကမ ဖြစ်အောင် လုပ်တယ်။ နိုင်ငံတကာ အသိုင်းအဝိုင်းမှာ အများပြည်သူ တို့ အမြင် ပုံဆိုး ပန်းဆိုး ဖြစ်နေ ပါလိမ့် မယ်။ အလားတူ ကျနော်တို့ နိုင်ငံ အတွင်းမှာ ဖြစ်ကြတဲ့ ပြည်တွင်း ပဋိပက္ခပေါင်းစုံနဲ့ နိုင်ငံရေး ပါတီ အချင်းချင်း မကျေလည်မှု အငြင်းပွားမှု၊ သတ်ဖြတ် အပြစ်ပုံချမှု တွေ ဟာလည်း အဲ့ဒီ ကြောက်ရွံ့မှု တွေ ကပဲ အရင်းခံ လာတာ ဖြစ်ပါတယ်။

တကယ် စင်စစ် အဲ့ ကြောက်ရွံ့မှု အားလုံးဟာ ပျက်သုဉ်ခြင်း တရား (ဝါ) သေခြင်းတရားကို အကြောက်အကန် ငြင်းဆန် လိုစိတ်မှာ အရင်းခံ နေတယ် မဟုတ်လား။ လူအရှင်လတ်လတ် သေဆုံးမှ “သေတယ်” လို့ ကျနော် မယူဆဘူး။ သေခြင်း တရား ရဲ့ အနက်ဟာ ပျက်စီးခြင်း၊ ပျက်သုဉ်းခြင်း ကိုလည်း ညွှန်းဆိုပါတယ်။ လူကိုယ်တိုင် သေချင်မှ သေသွားလိမ့်မယ်။ ပျက်ဆီး ပျက်သုဉ်း သွားတာ ကိုက သေခြင်း တရား ဖြစ်ပါတယ်။ ကျနော် ဒီသေခြင်းတရား အကြောင်း ပြောချင်လို့ ဒီနိဒါန်းကို အစပျိုးတယ်။

ဒါဆို – သေခြင်းတရား ဆိုတာ ဘာလဲ။ ဒီ မေးခွန်း ကို လူတိုင်း မေးတယ်။ လူတိုင်း အဖြေရှာ ပါတယ်။ အသိရှိတဲ့ လူတိုင်း သေခြင်း တရား အပေါ် ဆင်ခြင်မှု အပြည့် ရှိတယ်။ ကလေးက အစ သိနိုင်တဲ့ အရာက – သေခြင်းတရား ၊ မရဏ ဆိုတာ ရှောင်လွှဲ မရတဲ့ အရာ ဖြစ်တယ်။ သေခြင်းတရား ကိုယ်၌က ခင်ဗျား သန္တာန်မှာ ၊ ကျနော့ သန္တာန်မှာ ပြဋ္ဌာန်းပြီး ဖြစ်တယ်။ ဒါပေမယ့် ဘာကြောင့် ပြဋ္ဌာန်း ပြီး ဖြစ်ရ သလဲ။ သေခြင်း တရား ဟာ ကျနော် တို့ အတွက် ဘာလဲ ။ အဲ့ဒါတွေ ကို ကောင်းကောင်း အဖြေရှာနေ ကြဆဲပဲ။

အဖြေတွေ့ပါပြီ ဆိုသူ ပုဂ္ဂိုလ် အများကလည်း အဖြေကို ထုတ်ချပြသည့်တိုင် ဒီ မေးခွန်း အများက ဒီကနေ့ ထိ ရှိနေဆဲ၊ ဆင်ခြင် နေရ ဆဲ ဖြစ်ပါတယ်။ ဒါကို ဆင်ခြင်ရင်း ကနေ့ အထက်ပါ တရုတ်၊ မြန်မာ၊ အခြား နိုင်ငံတကာ၊ တစ်ကမ္ဘာလုံး အဖွဲ့အစည်း တွေရဲ့ Crisis အရင်း အမြစ် – အဲ့ဒီ သေခြင်းတရား အကြောင်း ကို ကျနော် လက်ဖျစ်တတွက် ဥာဏ်နဲ့ တွေးကြည့် မယ်။

သေခြင်းတရား ဟာ ဘာလို့ ပြဋ္ဌာန်းပြီး ဖြစ်ရသလဲ။ – သဘာဝ ဖြစ်လို့၊ ဓမ္မတာ ဖြစ်လို့ ဆိုတဲ့ အဖြေ က ရိုးရှင်းပါတယ်။ ကျနော့ အနေနဲ့ နောက် တစ်နည်း ဆိုရင် သေခြင်းတရား ကိုယ်တိုင်ဟာ ကျနော်တို့ရဲ့ မူလဌာနေ ဖြစ်ပါတယ်။

မိမိ ကိုယ်ကိုယ် ကြည့်ကြည့်ပါ။ ဘဝ တစ်ခု ဖြစ်တည်မှု အစပြု ရောက်ရှိ လာပြီ ဆိုကတည်းက ကျနော်တို့ သန္တာန်မှာ သေခြင်းတရားက ကပ်ညိ ပါဝင်လာပြီးသား ဖြစ်တယ်။ ဟုတ်တယ် မဟုတ်လား။ ယခု ရှင်သန် နေသမျှ အချိန် ဟာ အမည်မသိ ဗလာ သက်သက် နှစ်ခု ကြား ကာလလေး မျှသာ ဖြစ်ပါတယ် ။ ဒါ ကလည်း ဟိုဝါဒ ၊ ဒီဝါဒ မပါ – လူဗြိန်း အတွေးနဲ့လည်း ရှင်းနေပါတယ်။ ဟုတ်တယ်ဟုတ်။ စင်စစ် ဘဝ ဟာ တောင်ပံ တစ်ဖက်ဖျား က တစ်ဖက်ဖျားဆီ ငှက်တစ်ကောင် ပျံသန်း နေရသလိုပဲ။

သေခြင်းတရား ဟာ အားလုံး အပေါ် ဒီလို ပြဋ္ဌာန်းပြီးသား ဖြစ်နေတာကြောင့်လည်း ကမ္ဘာတစ်ဝှမ်းလုံး အဲ့အတွက် ပြင်ဆင် နေရ၊ လုံးပမ်း နေရတယ်။ သက်တောင့်သက်သာ ဘယ်လို သေဆုံး ရမလဲ – သေခြင်းတရား ကို ဘယ်လို ကြံကြံခံ ရင်ဆိုင်ရ နိုင်မလဲ – စသဖြင့် ဒီမေးခွန်းတွေ အတွက် ခင်ဗျား ရော၊ ကျနော်တို့ ရော တစ်ဘဝ စာလုံး ဖြည့်ဆည်း နေကြ ရတယ်။ ကျနော်တို့ ဘဝ ရှင်သန်နေ သမျှ အချိန် ရှိသမျှ၊ တစ်ခုလုံး ဟာ စင်စစ် “How to die” ဘယ်လို သေဆုံးရမလဲ ဆိုတာကို သင်ယူ နေတာ သာ ဖြစ်တယ် ။ ဟုတ်တယ် မဟုတ်လား။

ဘာသာရေး တွေ၊ အတွေးအခေါ် ပညာ တွေ၊ ဝါဒတွေ နဲ့ ဘယ်လိုပဲ အဖြေရှာ ကြိုးပမ်း ကြပါစေ – လူ့အဖွဲ့အစည်း အတွင်း သေခြင်း တရားနဲ့ ပတ်သက်လို့ အမြင်မှား ဖြစ်နေတာတစ်ခု ရှိနေတယ် ။ အဲ့ဒါကတော့ “သေခြင်းတရား ဟာ ရှင်သန်မှု ဘဝရဲ့ ရန်သူ ဖြစ် တယ်” ဆိုတဲ့ အမြင်ပဲ ဖြစ်ပါတယ် ။ အဲ့ဒီ အယူအဆ ကို မှားယွင်းနေတယ် လို့ မြင်မိကြ ပါသလား ။ ကျနော့် အနေနဲ့ ဒါဟာ အမြင် မှား ဖြစ်တယ် လို့ ဆိုချင်ပါတယ် ။ ဒီ အမြင် အမှား ကြောင့် နောက်ဆက်တွဲ အတွေး အမြင်၊ ကြံရွယ် လုပ်ကိုင်ချက် အားလုံး ဟာလည်း လိုက်လံ မှားယွင်း နေပါလိမ့်မယ်။ ဒီ အမြင်မှား ကြောင့် ငြိမ်းအေးမှု ဓမ္မ အကြောင်း ကို သိမြင်ဖို့ ရာ ခက်ခဲနေဦးမှာပဲ။ ဟုတ်တယ် မဟုတ် လား။

ခင်ဗျား ဆိုပါတော့ – သေခြင်းတရား ဟာ ခင်ဗျား ဘဝရှင်သန်မှုကို ဖျက်ဆီးပစ်တယ် – သေခြင်းတရားဟာ ခင်ဗျား ဘဝ ရှင်သန်မှု ရဲ့ ဆန့်ကျင်ဘက် ဖြစ်တယ်လို့ မြင်တဲ့ အခါ ခင်ဗျားလည်း သေခြင်းတရားကို ရန်သူ အဖြစ် သတ်မှတ် လိုက်မှာပဲ။ ဒီ သတ်မှတ် ချက် ကြောင့် သေခြင်း တရား ကို ခင်ဗျား ရင်ဆိုင်မယ် – တိုက်ခိုက် ယှဉ်ပြိုင်ဖို့ ပြင်ဆင် ပါတော့တယ်။

ဒါပေမယ့် ကြည့်ကြည့် ပါ။ သေခြင်း တရားဟာ ကျနော်တို့ နဲ့ မလွဲမသွေ တွေ့ရတဲ့ အရာ၊ ကျနော် တို့ရဲ့ မူလ ဌာနေသာ ဖြစ်ပါတယ်။ ဟုတ်တယ်ဟုတ်။ ခင်ဗျား တကယ် မနိုင်တဲ့သူ၊ ခင်ဗျား တကယ် ဖြစ်ပျက်ရမယ့် သူ ကို ခင်ဗျား အမြဲ တိုက်ခိုက် ငြင်းဆန်ဖို့ ကြိုးစား နေပါသလား ။ ဘယ်လောက်ပဲ ယှဉ်ပြိုင် တိုက်ခိုက်ပြီး ငြင်းဆန် နေပါစေ – ခင်ဗျား သေမှာက သေမှာပဲ မဟုတ်လား။ ဒါ့ကြောင့် သေခြင်း တရား အပေါ် အကြောက်အကန် ငြင်းဆန် တိုက်ခိုက်မှု ဟာ အချည်းနှီး သာ ဖြစ်နေပါတော့တယ်။ ဘာလို့ ဆို သေခြင်းတရားကို ခင်ဗျား ရှောင်လွဲ လို့ မရ နိုင်ဘူးရယ်။

ခင်ဗျားရဲ့ ပြင်ပမှာ အရာတစ်ခု ရှိမယ် ဆိုပါတော့- ဒါဆိုရင် အဲ့အရာကို ခင်ဗျား ရှောင်လွှဲသွား လို့ ရပါတယ်။ ဒါပေမယ့် သေခြင်းတရား ကတော့ ခင်ဗျား သန္တာန် အတွင်းမှာ ခင်ဗျားနဲ့ ထပ်ကြပ် ရှိနေတယ်။ ခင်ဗျား ဘယ်လို ရှောင်လွှဲ မလဲ။ ကျနော်တို့ မွေးဖွား လာတဲ့ မဆွကတည်းက သူက ကပ်ညိ ပါလာပြီးသား ဖြစ်ပါတယ် ။ ခင်ဗျား စစချင်း ဖြစ်တည် ရှင်သန် လာကာစ အသက်ငွေ့ငွေ့ စရှူချိန်ကတည်းက သေဖို့ အကြောင်း – သေခြင်းတရား ဟာ အရိပ်လို တွဲကပ် ပါရှိပြီးသား ဖြစ်တယ်။ ဟုတ်တယ် မဟုတ်လား။

ဒါ့ကြောင့် သေခြင်းတရားလို့ ကျနော် သုံးစွဲ တဲ့အခါ စင်စစ် “ဒီခန္ဓာ ချုပ်ပျက်၊ တကယ် သေဆုံး သွားတဲ့ နေ့ မှ သေတာ ဖြစ် တယ်၊ သေခြင်းတရား ဖြစ်တယ်” လို့ ကျနော် မဆိုလိုဘူး။ ခင်ဗျား ဟိုးအစကတည်းက သေခြင်း တရား နဲ့ အတူတူ ရှိနေပြီးသားပဲ ။ သေခြင်း တရား ဟာ ခင်ဗျား ဘဝ ရဲ့ တစိတ် တစ်ပိုင်း ပဲ ။ တနည်း – ခင်ဗျားရဲ့ အတွင်း အနှစ်သန္တာန် ပဲ ဖြစ်ပါတယ်။ ဟုတ်တယ် ဟုတ်။ ခင်ဗျား ရှင်သန် ကြီးထွား လာ သလို သူလည်း ကြီးထွား လာတယ်။ ခင်ဗျား သွားရာ တကောက်ကောက် အစဉ်တစိုက် လိုက်ပါ လာနေ တယ်။ သူဟာ တစ်နေ့ တစ်ချိန်မှာ အပြည့်အဝ ဖူးပွင့် သွားပါ လိမ့်မယ်။

ဒါ့ကြောင့် တကယ် သေတဲ့ နေ့မှ – သေခြင်းတရား က ရောက်လာတာ မဟုတ်ဘူး လို့ ကျနော် ဆိုပါတယ် ။ တကယ်သေ တဲ့ နေ့ ဟာ သေခြင်း တရား စွင့်ကား ဖူးပွင့်သွားချိန်သာ ဖြစ်တယ်။ Read more of this post

ရှေ့ နှစ်နာရီ ~ အက်ဆေး

ဤနေ့ မနက်တွင် နားတစ်ဖက်မှ လေထွက်သည်။ ကွန်နက်ရှင်က နန်း ကွန်နက်တစ် ဟု ပြသဖြင့် လိုင်းကျသွားပြီ ဖြစ်ကြောင်း သိလိုက်သည်။ တပ်ထားသော နားကြပ်ကို ဖြုတ်လိုက်သည်။ ချော့မြူ ဆွဲခေါ်စရာ သိပ်မလိုအပ်သော “တောက်!!” ခေါက်သံ က ခံတွင်းမှ အလိုလို ထွက်ပေါ်၏။ ရှေ့တည့်တည့် တွင် ရှိသော ကော်ဖီခွက် – တစ်ချက် တုန်ခါ သွားသည်။ ကွန်ပြူတာ ဖန်သားပြင် ၏ မျက်နှာတော် သည်လည်း တစ်ချက် ဝေဝါးသွားသည်။

မျက်လုံးကို ပွတ်သပ်လိုက်မိ၏။ လက်ပတ်နာရီကို မေ့လျော့ ထားသောကြောင့် စားပွဲပေါ်က နာရီ ကို ကျော်ကြည့်သည်။ ရှေ့ လာမည့် နှစ်နာရီ ကို တွေးဆကြည့် လိုစိတ်သည် မိမိ သန္တာန် အတွင်း၌ အတိုင်းသား ပေါ်ပေါက်၏။ အဓိက တွေးသည်မှာ ရှေ့နှစ်နာရီ တွင် ဘာဖြစ်မည်နည်း ဟူ၍။

ဖြစ်ကောင်း ဖြစ်နိုင်သည်များ ရှိပါသည်။ – ယင်းနှစ်နာရီ အရောက်တွင် ကျနော် ထမင်းစားနေနိုင်သည်။ ရယ်မော စကား ဆိုနေနိုင် သည်။ အလုပ် တွင်တွင်သား လုပ်ချင် လုပ်နေနိုင်သည်။ အနားရှိ တစ်ယောက်ယောက်ကို ဘာမပြော ညာမပြော ဆွဲထိုးပစ် လိုက်မည်။ သို့မဟုတ် ~ ယခုကဲ့သို့ နားတစ်ဖက်က လေထွက်၍၊ ယခုကဲ့သို့ပင် ကွန်နက်ရှင်က နန်းကွက်နက်တစ် ပြနေနိုင်သည်။

ဒုတိယ ဖြစ်နိုင်ခြေမှာ~ ( ဗုဒ္ဓဘာသာဝင် တို့၏ စကားနှင့် ဆိုလျှင် ) ကျနော် ဘဝ တစ်ပါးသို့ ပြောင်းသွားနိုင်သည်။ (ဝါ) ( ခရစ်ဝင်တို့၏ စကားနှင့် ဆိုလျှင် ) ကျွန်တော် ခရစ်တော်၌ အိပ်ပျော်သွားနိုင်သည်။ ဟင့်အင်း ။ ကျနော် အိပ်ပြီးပါပြီ။ တော်တော်ကြာကြာ (ဝါ) ကာလ အတန်ကြာ အိပ်စက်ပြီးပြီ။ အိပ်မက်များပင် အကောင်းအဆိုး ရောပြွန်း၍ မက်ခဲ့ပြီးပြီ။ တော်လောက်ပြီ။ ထပ်မံ အိပ်စက်ရန် မလိုအပ်တော့ ဟု ထင်သည်။

အတွေးများက ယင်းရှေ့ နှစ်နာရီတွင် တဝဲလည်လည် ပြန်ပတ်ရှုပ် သွားပြန်သည်။ ခက်ကပြီ။ ယင်း ရှေ့နှစ်နာရီ အရောက် တွင် ကျနော် ဘာလုပ်ရမည်နည်း ။ အခြား ဖြစ်နိုင်ခြေများ ရှိသေးသလော။ …. အိုကေ !! ဆက်တွေးပါမည် ~

Read more of this post

ဘဝ ဆိုတာ

Osho မကွယ်လွန်ခင် နီးပါးက ရိုက်ယူထားတဲ့ Youtube ဖိုင်ဖြစ်မယ် ထင်တယ် ။ ဒီ ဖိုင်ရဲ့ အဆက်ကိုရော၊ သက်ဆိုင်တဲ့စာကိုရော ရှာမတွေ့ပါ။ ဒီအတိုင်း ဆီလျော်သလို ပြန်ဆို ပါတယ်။

………………………………


What is Life?
ဘဝ၊ ရှင်သန်မှု ဆိုတာ ဘာလဲ။

ဒါမေးခွန်း မဟုတ်ဘူး။
“နှင်းဆီသည် နှင်းဆီ ဖြစ်သည်။ ထို့ကြောင့် ၎င်းသည် နှင်းဆီ ဖြစ်သည်။”
ကဲ.. ဘာလဲ ..နှင်းဆီဆိုတာက —

ခင်ဗျား အခု အသက်ရှင်နေတယ်။ ဒါတောင် မေးခွန်းထပ်မေးတယ်။ ရှင်သန်မှု ဆိုတာ ဘာလဲ။

ခင်ဗျား ရှင်နေသလား၊ သေပြီလား။

တကယ်လို့သာ ကျနော် အုတ်ဂူထဲမှာ ၊ သင်္ချိုင်းမှာ ဆိုပါတော့ ။အခြားသူတွေလည်း သင်္ချိုင်းက ထွက်လာပြီး မေးမယ် ဆိုပါတော့။- “ရှင်သန်မှု ဆိုတာ ဘာလဲ” ။ ဒါဆို အဲ့မေးခွန်း က သင့်လျော်ပါလိမ့်မယ်။

အခု ခင်ဗျား သင်္ချိုင်း ပြင်ပမှာ ရှိနေတယ်။ ဆိုလိုတာက ခင်ဗျား အခု အသက်ရှင်နေတယ်။ ဒါပေမယ့် ခင်ဗျား တစ်ခါမှ ခင်ဗျား သိစိတ် အတွင်းပိုင်းထဲ ဝင်မကြည့်မိဘူး ထင်တယ်။ အဲ့ဒီ ဝင်ကြည့်ပြီး သိမြင်မှု သက်သက်ကနေ သာ ရှင်သန်နေမှု ဖြစ်ပေါ် ပါတယ်။

ခင်ဗျား အထဲဝင်သွားရုံလေးပါ။ ပြင်ပသဏ္ဍာန်တွေ အားလုံး အရှင်းသား ရှိနေပါတယ်။ တခဏတာလေး ဖြစ်ဖြစ် ဝင်ကြည့်ပါ။ ခင်ဗျား တစ်ကိုယ်တည်း ၊ အထီးတည်း တည်ရှိနေတယ်။ အခု၊ အခုခဏလေး အတွင်းထဲ ရယ်။ အခု ရှိနေတဲ့ တိတ်ဆိတ်ငြိမ်သက်နေမှု သက်သက် ဖြစ်ပါတယ်။ အဲ့အခါ ဘဝဆိုတာ ဘာလဲ ခင်ဗျား သိပါလိမ့်မယ်။

ဘဝဆိုတာ ဘယ်လိုပါ ညာလိုပါ ဆိုပြီး ခင်ဗျား အခြားတစ်ယောက်ယောက် ကို ဘယ်လိုမှ အတိအကျ ရှင်းပြ မပေးနိုင်ဘူး။ အကြောင်းက ဘဝရှင်သန်မှုဟာ နက်နဲနေလို့။ ထိတွေ့မှ သိရှိမယ့်အရာမို့လို့။ စကားလုံးတွေ စီကာပတ်ကုံး ရှင်းပြမပေးနိုင်တဲ့ အရာမို့လို့ ဖြစ်ပါတယ်။ “နှင်းဆီသည် နှင်းဆီ ဖြစ်သည်။ ထို့ကြောင့် ၎င်းသည် နှင်းဆီ ဖြစ်သည်။” လို့ပဲ ကျနော် ပြောနိုင်တာဟာလည်း ဒါ့ကြောင့်ပဲ ဖြစ်ပါတယ်။ ဒါ ဘာကိုမှ ရှင်းပြနေတာ မဟုတ်ဘူး ရယ် ။ ဒီနေရာမှာ ဘာမှ ရှင်းပြစရာ မရှိဘူး။ နို့ပေမယ့် ခင်ဗျား တွေ့ထိ သိရှိသွားနိုင်တယ်။ အဲ့ဒါပဲ ရှိတယ်။

Read more of this post

ဗဟိုရ်သံ ဝေးရပ်က

နက်နဲစွာ
( သို့မဟုတ် )
နက်ရှိုင်းစွာ
ကျင်လည်ခဲ့ပြီးတဲ့ ကာလဟာ
ဒီကမ္ဘာမှာ ခေါက်ချိုးပြည့်သွားပြီ အဖေ

အဖေပြောတဲ့-
“ငါ့စကားကို ဘယ်သူမှ နားမလည်ဘူး”
ကျနော် နားမလည်ခဲ့ဘူး
ကျနော်
နားလည်ပြီးပြီ အဖေ

အဖေ ပြောထားချင်ခဲ့တဲ့
မှတ်ပုံတင် စကားတွေ
စာသား အဖြစ်
ကျနော် ချရေးတယ်
တစ်နေ့တစ်ချိန်
မြင်ယောင်သာ ကြည့်လှည့်တော့။

ကျနော်နဲ့
ကျနော့စကား
အဖေသာ နားလည်လေမလား
ကျနော့ညီနဲ့ ညီမလေး
သူတို့ကော သိပါ့မလား

နက်နဲစွာ
( သို့မဟုတ် )
နက်ရှိုင်းစွာ
သူတို့ ကျင်လည်ကြဦးမှာ အဖေ
လွတ်လပ်စွာ
ကျင်လည် ကြပါစေ

အခု
သူတို့လည်း အဝေးမှာ–။

အဖေ့ရဲ့သား
ကျနော်ဟာ
အဖေ့ရဲ့ တစ်ချိန်က
မျှော်လင့်ချက် ဆိုလား အနာဂတ်ဆိုလား –
အဖေ ပြောခဲ့တဲ့ ဘာဆိုလား ကြီး ပေါ့

သဏ္ဍာန်မတူတဲ့ တစ်ခုခု
ကျနော် ဖြစ်ခဲ့ပြီးပြီ။

Read more of this post

ကျနော်တို့ ဘာအတွက် ပညာသင်

ပညာရေး ရဲ့ အဓိပ္ပာယ်က ဘာလဲ လို့ မေးခဲ့ကြဖူးသလား။ ကျနော်တို့ ကျောင်းကို ဘာကြောင့်သွားရသလဲ။ ဘာသာရပ်ခွဲ အမျိုးမျိုးကို ဘာလို့ သင်ရသလဲ။ တစ်တန်း ပြီး တစ်တန်း ၊ တစ်ဆင့် ပြီး တစ်ဆင့် တက်ဖို့ ဘာလို့ ကြိုးစားကြသလဲ။ ဒါဟာ ပညာရေး ရဲ့ ပုံစံ အစစ် ဖြစ်သလား။ ပညာရေး ဆိုတာ ဘာလဲ။ ဒီမေးခွန်းတွေဟာ ကျောင်းသား အတွက်သာ အရေးကြီးတာ မဟုတ်ပါဘူး။ မိဘတွေ ဆရာတွေ အတွက်၊ လူသား အားလုံးအတွက် အရေးကြီးပါတယ်။ ပညာသင်ဖို့ ပညာတတ်တွေ ဖြစ်ဖို့ ဘယ် အကြောင်းကြောင့် ကျနော်တို့ ကြိုးပမ်း ရသလဲ။ စာမေးပွဲ အချို့ကို ကျော်ဖြတ်ပြီး လက်မှတ် စာရွက်ယူ၊ အလုပ် တစ်ခု ရှာဖို့ အတွက်ပဲလား။ ဘဝ ဆိုတာရဲ့ ဖြစ်စဉ်ကို နားလည် နိုင်ဖို့ ငယ်ရွယ် လွန်းနေ တဲ့ ကလေး အရွယ် အတွက် ပညာရေး ဆိုတာနဲ့ မွမ်းမံပေးဖို့ ။ အဲ့သလို ရည်ရွယ်တာ မဟုတ်လား။ အတတ်ပညာ သင်ကြားပြီး အသက်မွေး ဝမ်းကျောင်း မှု ပြုကြဖို့ ဆိုတာ လိုအပ်ပါတယ်။ ဒါပေမယ့် ပညာရေးဟာ ဒါပဲလား။ ဘဝရဲ့ အချိန် သုံးချိုး တစ်ချိုး ၊ လေးချိုး တစ်ချိုးကို အကုန်ခံပြီး ပညာဆိုတာ ကို ဒီအတွက်ပဲ တွန်းပို့ လိုက်ကြတာလား။

စင်စစ် ဘဝဟာ အလုပ် တစ်ခုသက်သက် မဟုတ်ဘူး။ ပိုင်ဆိုင်မှု အတွက် သက်သက် မဟုတ်ဘူး။ ဘဝဟာ လေးနက်ပြီး ထူးခြားတဲ့ တစ်စုံတစ်ခု ဖြစ်ပါတယ်။ နက်နဲတယ်။ လူသား တစ်မျိုးတည်း အတွက်မှာတင် ဘဝ အဓိပ္ပာယ်က ကျယ်ပြန့်တယ်။ အသက်မွေးမှု အတွက် ပြင်ဆင် ရုံမျှ သက်သက်ပဲ ဆိုရင် ကျနော်တို့ ရည်ရွယ်ရာဟာ လွဲမှားနေပြီ လို့ ပြောရမယ် ။ ဘဝရဲ့ အဓိပ္ပာယ် အပြည့်အဝ နားမလည်တော့ ဘဲ လွဲနေပြီ လို့ ဆိုရပါမယ်။ ဘဝ ကို နားလည် သဘောပေါက်ဖို့ က စာမေးပွဲ ဖြေဖို့ ပြင်ဆင်တာ ထက် တော့ ပို အရေးကြီး မယ် မဟုတ်လား။ သင်္ချာ၊ ရူပဗေဒ စသဖြင့် ဘာသာရပ် တွေ သင်ကြားနေရုံ ထက်တော့ ပို အရေးကြီး လာမယ် မဟုတ်လား။

ဆရာပဲ ဖြစ်ဖြစ် ၊ ကျောင်းသားပဲ ဖြစ်ဖြစ် သင်ကြားခြင်း ဆိုတာ ဘာလဲ၊ ပညာရေးကို ဘာကြောင့် ပြုကြရသလဲ ဆိုတာ ခြေခြေမြစ်မြစ် မေးခွန်း ရှိသင့်ပါတယ်။ ပညာရေးဟာ ဘဝနဲ့ ဆက်နွယ်မယ့် အတွက် ဘဝကိုလည်း မေးခွန်း ထုတ်ပါမယ်။ ဘဝရဲ့ ဒင်ပြည့် ကျပ်ပြည့် အဓိပ္ပာယ်က ဘာလဲ။ ငှက်ကျေးသာရကာ၊ သစ်ပင် ပန်းမန်၊ ကောင်းကင်၊ မြေပြင်၊ ကြယ်စင် စတာတွေကလည်း ဘဝထဲ အကျုံးဝင် နေမယ်။ ဆင်းရဲ ခြင်း၊ ချမ်းသာခြင်း ဟာလည်း ဘဝမှာ ရှိမယ်။ လူတန်စားချင်း၊ အုပ်စုချင်း၊ နိုင်ငံချင်း တိုက်ပွဲ တွေလည်း ပါမယ်။ ဘာဝနာလည်း ရှိမယ်။ ဘာသာရေး လို့ ကျနော်တို့ ခေါ်ဆိုကြ တာလည်း ဘဝမှာ ရှိတယ်။ နူးညံ့သိမ်မွေ့တဲ့ စိတ်၊ နက်နဲမယ့် စရိုက်တွေလည်း ဘဝမှာ ပါဝင် ပါတယ်။ မျှော်မှန်းချက်တွေ၊ ရည်ရွယ်ချက်တွေ၊ ခံစားချက်တွေ၊ ကြောက်ရွံ့စိတ်တွေ၊ အာသာ ရမ္မက်နဲ့ စိတ်လှုပ်ရှားမှုတွေ စတာ တွေလည်း ဘဝမှာ ရှိနေတယ်။ ဒါတွေ အားလုံးဟာ ဘဝ ဖြစ်တယ်။ ဒါ့ထက်လည်း ပိုမယ်။

ဒါကို ကျနော်တို့ အများစုက အသက်မွေး ဝမ်းကျောင်း – ဆိုတဲ့ ရှုထောင့် တစ်ခုတည်းကနေ ၊ ကလေးတွေကို ( ဒါမှမဟုတ် ) ကျနော်တို့ ကလေးဘဝကို – ဆယ့်ငါးနှစ် ၊ နှစ်နှစ်ဆယ်လောက် အချိန်ကုန်ခံခဲ့ပြီး ပြင်ဆင်သွားခဲ့ကြတယ်။ စာမေးပွဲတွေ ဝင်ဖြေ၊ အလုပ်အကိုင် တစ်ခုလုပ်၊ အိမ်ထောင်၊ သားမွေး၊ စက်ရဟတ်ကြီး လည်သလို လည်ပတ်နေကြ တယ်။ အဲ့ဒီ အချိန်တွေထိ Read more of this post