ပညာ နှင့် အရွယ်: ပါရဂူ

ဃူမက္ကရ သျှတ္တရ
အခန်း (၃)

အိန္ဒိယ တစ်နိုင်ငံလုံး အိမ်ရာ စွန့်ခွာလျက် ခြေသလုံး အိမ်တိုင် ခရီးသည်များ ဖြစ်သွားလျှင်လည်း စိုးရိမ်စရာ မရှိပေ။ ခြေသလုံး အိမ်တိုင် ခရီးလှည့်လည် သွားလာခြင်း သည် ဂုဏ်ပြု လေးစားအပ်သော အမည်နာမ တစ်ခုလည်း ဖြစ်သည်။ အဆင့်အတန်း တစ်ခုလည်း ဖြစ်သည်။ အထူးအားဖြင့် ပထမ အဆင့် သြေလုံး အိမ်တိုင် ခရီးသည်များ ထဲတွင် သာမန် အရည်အချင်း ရှိသူများ မပါဝင် နိုင်ပေ။ ကျွန်ုပ်တို့၏ စာဖတ်သူ ပေါင်း များစွား တို့သည် ယခင်က ကျွန်ုပ်ရေးသား ခဲ့သော အခန်းကဏ္ဍ များကို ဖတ်လျက် ဝမ်းမြောက် ဝမ်းသာ ဖြစ်ကြပြီးလျှင် “ကောင်းတယ်၊ ပညာလည်း မသင်ရတော့ဘူး။ ဘာဆို ဘာမှ မလုပ်ရတော့ဘူး။ သွားမယ်။ ကမ္ဘာ တစ်ခွင် လှည့်လည် သွားလာရင် လမ်းတစ်လမ်းတော့ ပွင့်မလာဘဲ နေမှာ မဟုတ်ဘူး” ဟု အတွေးပေါ် လာကောင်း ပေါ်လာ ကြပေလိမ့်မည်။

ယင်းသို့ ခပ်ပေါ့ပေါ့ တွေးသူများ ခြေသလုံး အိမ်တိုင်ခရီးသွားခြင်း လမ်းပေါ် လျောက်သွားလျှင် အဆင့်မြင့် စံနမူနာ များကို လိုက်နာ ကျင့်သုံးနိုင်လိမ့်မည် မဟုတ်ပေ။ အဆင့်မြင့် ဂုဏ်သိက္ခာ ရှိဖို့ရန် အတွက် လိုက်နာ ကျင့်သုံးရန် တာဝန် ဝတ္တရား များ လိုအပ်သည်။

သူငယ်များ လည်း ခြေသလုံး အိမ်တိုင် ခရီးလမ်းမ ပေါ် လျောက်သွားနိုင်ခွင့် ရှိသည်ဟု ကျွန်ုပ် ပြောပြပြီးခဲ့ပြီ။ လုလင်ပျို၊ လုံမပျို များ အတွက်မှာမူ ပြောစရာ အထူး မလိုပေ။ သို့ရာတွင် လူငယ်တိုင်း၏ ယင်းကဲ့သို့ ကြိုးပမ်းမှုသည် အောင်မြင်မှု ရရှိလိမ့်မည်ဟု ဂရန်တီ မပေးနိုင်ပေ။

ခြေသလုံး အိမ်တိုင် ခရီးသည်သည် လူ့လောက အပေါ်တွင် ဝန်ပိမနေရပေ။ လူ့လောက နှင့် ကမ္ဘာလောက ရှိ ဒေသတိုင်းက လူများက သူ့ကို အကူအညီ ပေးကြ လိမ့်မည်ဟု ခြေသလုံး အိမ်တိုင် ခရီးသည် သည် မျှော်လင့်ချက် ထားပေလိမ့်မည်။ သို့သော်လည်း ခြေသလုံး အိမ်တိုင် ခရီးသည်သည် ကမ္ဘာလောကမှ ရရှိတာထက် အဆပေါင်း များစွာ ပိုပြီး ကမ္ဘာလောက အား ပေးရလိမ့်မည်။ ယင်းအမြင်ဖြင့် အိမ်ရာကို စွန့်ခွာ ထွက်သွားသူ သည်သာလျှင် အောင်မြင်သော၊ ထင်ပေါ်ကျော် ကြားသော ခြေသလုံး အိမ်တိုင် ခရီးသည် ဖြစ်လာနိုင်ပေသည်။

ခြေသလုံး အိမ်တိုင် ခရီးသည် မျိုးစေ့ကိုမူ မဆွကပင် စိုက်ပျိုး နိုင်သည်။ ဤစာအုပ်ကို ဖတ်သော၊ နားလည် သဘော ပေါက်သော သူငယ် သူငယ်မ တို့သည် အဖျင်းဆုံး ဆယ့်နှစ်နှစ် အရွယ်လောက်တော့ ရှိကြပေ လိမ့်မည်။ ကျွန်ုပ်တို့၏ ဆယ့်နှစ်နှစ် ဆယ့်သုံးနှစ် အရွယ်ရှိ စာဖတ်သူ များသည် ဤစာအုပ်ကို ဂရုစိုက်၍ ဖတ်ကြ စေချင်သည်။ စိတ်ဓာတ် ခိုင်မာအောင် ထားကြစေချင်သည်။ သို့သော်လည်း ထိုအရွယ်၌ အိမ်က စွန့်ခွာ ထွက်သွား လိုသည့် ဆန္ဒကို ဖုံးဖုံး ဖိဖိ လုပ်ထားနိုင်လျှင် အလွန် ကောင်းပေ လိမ့် မည်။။ ယင်းသို့ ပြုလုပ်သည့် အတွက် အအကျိုးယုတ် စရာ အကြောင်း မရှိပေ။

ကျွန်ုပ် စာဖတ်သူ လူငယ် များသည် အထက်ပါ ကျွန်ုပ် ရေးသားသော စာကြောင်းများ ကို ဖတ်ပြီး ကျွန်ုပ် အပေါ် မယုံသင်္ကာ ဖြစ်ကြပြီးလျှင် ကျွန်ုပ်အား သူတို့ မိဘ များ ၏ သူလျှို ဟု ထင်လျက်သူတို့၏ လုံ့လ ဥဿဟ ကို ဖိနှိပ်ပြီး သူတို့ကို နောက်ပြန် ဆွဲ လိုသည်ဟု အပြစ်တင် ကြပေလိမ့်မည်။ ယင်းသို့ အပြစ်တင်ခြင်းသည် ကျွန်ုပ် နှင့် ပတ်သက်၍ မတရား ပြုမူ ရုံမျှသာ မက သူတို့အတွက်လည်း အကျိုး မရှိဟု ပြောရလိမ့်မည်။

ကျွန်ုပ် ပထမ ဆုံး အကြိမ် အိမ်က ထွက်ပြေး၍ ဗာရာဏသီ ရောက်သွားချိန် က ကျွန်ုပ်၏ အသက်သည် ကိုးနှစ် မကျော်သေးပေ။ ကျွန်ုပ်၏ ဦးလေးက ကျွန်ုပ်ကို လက် ဆွဲပြီး ဂင်္ဂါဖြစ် ဆိပ် ခေါ်သွားသည်။ ယင်းသို့ ပြုလုပ်ခြင်းသည် မိမိ ကို စော်ကားခြင်း ဖြစ်သည်ဟု ကျွန်ုပ် ထင်မှတ်သည်။ ကျွန်ုပ် ကိုယ့်ဘာသာကိုယ် လွတ်လွတ် လပ်လပ် တစ်ယောက် တည်း ဗာရာဏသီ အနှံ့သွားပြီး ကိုယ် လိုချင်သည့် စာအုပ် များကို ဝယ်ယူလိုသည်။

တစ်နေ့ ကျွန်ုပ် တိတ်တိတ် ကလေး ဦးလေး အိမ်က ထွက်ပြီး ဗာရာဏသီ မြို့တွင်း နှစ်မိုင် သုံးမိုင်လောက် လည်ပစ်လိုက်သည်။ ကိုးနှစ် အရွယ် သူငယ်တစ်ယောက် ရွာသိမ် ရွာငယ် ရွာတစ်ရွာက လာပြီး ဗာရာဏသီ မြို့ လမ်းကြို လမ်းကြားထဲ လမ်းလျောက်ခြင်း သည် အန္တရာယ် ရှိသည် ဆိုသည့် အချက်မှာ ယုံမှား သံသယ ဖြစ်ဖွယ် မရှိပေ။ သို့သော်လည်း ခြေသလုံး အိမ်တိုင် ခရီးသည်၏ အတွင်းငုပ် နေသော ဗီဇသည် ယင်းသို့ အားဖြင့် ပထမဦးစွာ ပြူထွက် လာသည် ဆိုသည်ကို ထို အချိန်က ကျွန်ုပ် မသိ နားမလည်ပေ။

နောက်တစ်ကြိမ် စွန့်စားခြင်းမှာ ကြီးကြီးကျယ်ကျယ် စွန့်စားခြင်း များထဲက ဆယ့်လေးနှစ် အရွယ်က ပြုလုပ်သော ပထမဆုံး စွန့်စားခြင်း ဖြစ်သည်။

သို့သော် လည်း အမှန်တကယ် ခြေသလုံး အိမ်တိုင် ခရီးသွားခြင်း ကျင့်စဉ်ကို ကျင့်သုံးခွင့် ရခြင်းမှာမူ ၁၆ နှစ် အရွယ်က ဖြစ်သည်။ မိမိ ၏ စာဖတ်သူများသည် ကျွန်ုပ်၏ အတု ကို ယူကြမည် ဆိုလျှင် ထိုစာဖတ်သူ များအား ကျွန်ုပ် မကန့်ကွက်။ မဟန့်တား လိုပေ။ သို့သော်လည်း စာဖတ်သူများ အား ကျွန်ုပ် ၏ အတွေ့အကြုံကို ပြောပြ လိုသည်။

တချို့ အကြောင်းအရာများကို ကြိုတင် သိထားလျှင် လူ့ဘဝ၏ ဆယ့်နှစ်နှစ် လုပ်ရမည့် အလုပ်ကို နှစ်နှစ်တည်းနှင့် လုပ်၍ ရသည်။ နှစ်နှစ် လုပ်ရမည့် အလုပ် အတွက် ဆယ့်နှစ်နှစ် လှည့်လည် သွားလာခြင်းသည် အချည်းနှီး အလဟဿ သာ ဖြစ်သည်ဟု ပြောဆိုခြင်း မဟုတ်ပေ။ တစ်ချို့သော ပုဂ္ဂိုလ် များအတွက် ဆယ့်နှစ်နှစ် လှည့်လည် သွားလာခြင်း သည်လည်း အလွန် တန်ဖိုး ရှိသော အလုပ် ဖြစ်သည်။

Read more of this post

စာအုပ်ဆိုင်က အပြန်

မနေ့က လစာထုတ်ရက်ဆိုတော့ ညနေခင်း အရောက်မှာ မှန်းထားတဲ့အတိုင်း စာအုပ်ဆိုင်ဆီ ဦးတည် ထွက်လာခဲ့တယ်။ အွန်လိုင်းပေါ်မှာ စာအုပ်တွေ ဘယ်လို များများ ရှိနေပါတယ် ပြောပြော ၊ စာရွက်တစ်ဖြတ်ဖြတ် လှန်ရတဲ့ အရသာနဲ့၊ စာအုပ်စင်ကြား ကျီးမောရတဲ့ အရသာက ဘယ်တော့မှ ရိုးနိုင်မယ့် အရသာမျိုး မဟုတ်ဘူးရယ်။ ဒါပေမယ့် ကျနော် စာအုပ်ဆိုင်ကို တစ်လ တစ်ကြိမ်လောက်သာ ရောက်နိုင်တော့တယ်။ အဓိကက စာအုပ်ဆိုင်ရောက်ရင် ဝယ်ချင်တဲ့ စာအုပ်တွေက ပါတဲ့ငွေနဲ့ မလောက်တာ ပါပဲ။ ဒုတိယ အချက်က ကွန်ပျူတာနဲ့ မျက်နှာနဲ့ အိပ်ချိန်ကလွဲရင် ကျန်တာက နာရီပိုင်းတောင် မခွာနိုင်ဘူး ဖြစ်နေရတယ်။ တကယ်က အလုပ်လုပ်နေတာ မဟုတ်ဘူး၊ လုပ်ချင်တာ လုပ်နေတာ သက်သက်ပါ။ ဒီ ဒုတိယ အချက်ကြောင့်ပဲ စာအုပ်ဆိုင်နား တော်တော်နဲ့ မရောက်ဖြစ်ဘူး ဆိုကြပါစို့။

ရာပြည့်တိုက်ကို ရောက်တော့ ကိုယ်နှစ်သက်ရာ အမျိုးအစားအလိုက် စုထားတဲ့ စာအုပ်စင်တွေ မှာ ဘာတွေ အသစ်ရောက်နေလဲ ကြည့်တယ်။ တွေ့ဖူးပြီးသားပဲ ဖြစ်ဖြစ်၊ မတွေ့ဖူးသေးတာပဲ ဖြစ်ဖြစ်၊ မျက်စိကျရာ တစ်အုပ်ဆွဲယူ၊ ပြီးတော့ ဟို တစ်အုပ်လှန်၊ မြည်းကြည့်၊ ဒီတစ်အုပ်လှန် ၊ မြည်းကြည့်နဲ့။ မြည်းကြည့်သမျှ ဝယ်ချင်နေတာချည်းပဲ။ စာအုပ်ဈေးနှုန်း ကပ်ထားတာကိုလည်း ဘယ်နှစ်ခါမြောက် ရှိနိုင်မလဲ မသိ ၊ ကြည့်မိသေးတယ်။ ဘယ်ရွေ့ ဘယ်မျှတဲ့ ။ တစ်ချက် တွေသွားတယ်။ တစ်ဆက်တည်းမှာပဲ ပါလာတဲ့ ပိုက်ဆံအိတ်ကို မသိမသာ ဆ-ကြည့်တယ်။ ပြီးတော့ ဘယ်သူ့ကို ငါ အကြွေးပေးစရာ ကျန်သေးလဲ ၊ ဘယ်သူ ဘယ်လောက်၊ ဘယ်ကို ဘယ်လောက် ဆပ်ရဦးမလဲ၊ စဉ်းစားကြည့်တယ်။ ဒါဆို အဲ့ဒါတွေပေးပြီး ငါ့ပိုက်ဆံ ဘယ်လောက်ကျန်မလဲ။ ကျန်တဲ့ အထဲကရော ငါ ဒီတစ်လ ဘယ်လောက် သုံးရမလဲ။ ဒါဆို ဘယ်လောက် ပိုမလဲ။ ငါအခု ဘယ်လောက်သုံးလို့ရလဲ။ … အဖြေ = ဟင့်အင်း။ ….အဲ့လိုနဲ့ ကိုင်ထားတဲ့ စာအုပ် ပြန်ချထားလိုက်တယ်။ အဲ့လိုနဲ့ နောက်တစ်အုပ်။ ဒီတစ်အုပ်လဲ သဘောကျ ပြန်ပြီ။ ပထမစာအုပ်တုန်းက အတိုင်း ပိုက်ဆံအိတ်ကို ဆကြည့်၊ ပြီးတော့ တွေးကြည့်။ အဲ့လိုနဲ့ နောက်- ပြန်ချထားလိုက်ရပြန်တယ်။ ဒါဟာ အခု တစ်ကြိမ် လာမှ ဖြစ်တဲ့ ကိစ္စတော့ မဟုတ်ဘူးရယ်။ အရင့်အရင် အကြိမ် တွေကလည်း “ဆ – တွေး- ပြန်ချ” လေ့ကျင့်ခန်းကို ပုံမှန်လုပ်ခဲ့သူ ဖြစ်တာမို့ ရိုးနေပြီလို့ ဆိုရပါမယ်။

Read more of this post

ကျနော်တို့ ဘာအတွက် ပညာသင်

ပညာရေး ရဲ့ အဓိပ္ပာယ်က ဘာလဲ လို့ မေးခဲ့ကြဖူးသလား။ ကျနော်တို့ ကျောင်းကို ဘာကြောင့်သွားရသလဲ။ ဘာသာရပ်ခွဲ အမျိုးမျိုးကို ဘာလို့ သင်ရသလဲ။ တစ်တန်း ပြီး တစ်တန်း ၊ တစ်ဆင့် ပြီး တစ်ဆင့် တက်ဖို့ ဘာလို့ ကြိုးစားကြသလဲ။ ဒါဟာ ပညာရေး ရဲ့ ပုံစံ အစစ် ဖြစ်သလား။ ပညာရေး ဆိုတာ ဘာလဲ။ ဒီမေးခွန်းတွေဟာ ကျောင်းသား အတွက်သာ အရေးကြီးတာ မဟုတ်ပါဘူး။ မိဘတွေ ဆရာတွေ အတွက်၊ လူသား အားလုံးအတွက် အရေးကြီးပါတယ်။ ပညာသင်ဖို့ ပညာတတ်တွေ ဖြစ်ဖို့ ဘယ် အကြောင်းကြောင့် ကျနော်တို့ ကြိုးပမ်း ရသလဲ။ စာမေးပွဲ အချို့ကို ကျော်ဖြတ်ပြီး လက်မှတ် စာရွက်ယူ၊ အလုပ် တစ်ခု ရှာဖို့ အတွက်ပဲလား။ ဘဝ ဆိုတာရဲ့ ဖြစ်စဉ်ကို နားလည် နိုင်ဖို့ ငယ်ရွယ် လွန်းနေ တဲ့ ကလေး အရွယ် အတွက် ပညာရေး ဆိုတာနဲ့ မွမ်းမံပေးဖို့ ။ အဲ့သလို ရည်ရွယ်တာ မဟုတ်လား။ အတတ်ပညာ သင်ကြားပြီး အသက်မွေး ဝမ်းကျောင်း မှု ပြုကြဖို့ ဆိုတာ လိုအပ်ပါတယ်။ ဒါပေမယ့် ပညာရေးဟာ ဒါပဲလား။ ဘဝရဲ့ အချိန် သုံးချိုး တစ်ချိုး ၊ လေးချိုး တစ်ချိုးကို အကုန်ခံပြီး ပညာဆိုတာ ကို ဒီအတွက်ပဲ တွန်းပို့ လိုက်ကြတာလား။

စင်စစ် ဘဝဟာ အလုပ် တစ်ခုသက်သက် မဟုတ်ဘူး။ ပိုင်ဆိုင်မှု အတွက် သက်သက် မဟုတ်ဘူး။ ဘဝဟာ လေးနက်ပြီး ထူးခြားတဲ့ တစ်စုံတစ်ခု ဖြစ်ပါတယ်။ နက်နဲတယ်။ လူသား တစ်မျိုးတည်း အတွက်မှာတင် ဘဝ အဓိပ္ပာယ်က ကျယ်ပြန့်တယ်။ အသက်မွေးမှု အတွက် ပြင်ဆင် ရုံမျှ သက်သက်ပဲ ဆိုရင် ကျနော်တို့ ရည်ရွယ်ရာဟာ လွဲမှားနေပြီ လို့ ပြောရမယ် ။ ဘဝရဲ့ အဓိပ္ပာယ် အပြည့်အဝ နားမလည်တော့ ဘဲ လွဲနေပြီ လို့ ဆိုရပါမယ်။ ဘဝ ကို နားလည် သဘောပေါက်ဖို့ က စာမေးပွဲ ဖြေဖို့ ပြင်ဆင်တာ ထက် တော့ ပို အရေးကြီး မယ် မဟုတ်လား။ သင်္ချာ၊ ရူပဗေဒ စသဖြင့် ဘာသာရပ် တွေ သင်ကြားနေရုံ ထက်တော့ ပို အရေးကြီး လာမယ် မဟုတ်လား။

ဆရာပဲ ဖြစ်ဖြစ် ၊ ကျောင်းသားပဲ ဖြစ်ဖြစ် သင်ကြားခြင်း ဆိုတာ ဘာလဲ၊ ပညာရေးကို ဘာကြောင့် ပြုကြရသလဲ ဆိုတာ ခြေခြေမြစ်မြစ် မေးခွန်း ရှိသင့်ပါတယ်။ ပညာရေးဟာ ဘဝနဲ့ ဆက်နွယ်မယ့် အတွက် ဘဝကိုလည်း မေးခွန်း ထုတ်ပါမယ်။ ဘဝရဲ့ ဒင်ပြည့် ကျပ်ပြည့် အဓိပ္ပာယ်က ဘာလဲ။ ငှက်ကျေးသာရကာ၊ သစ်ပင် ပန်းမန်၊ ကောင်းကင်၊ မြေပြင်၊ ကြယ်စင် စတာတွေကလည်း ဘဝထဲ အကျုံးဝင် နေမယ်။ ဆင်းရဲ ခြင်း၊ ချမ်းသာခြင်း ဟာလည်း ဘဝမှာ ရှိမယ်။ လူတန်စားချင်း၊ အုပ်စုချင်း၊ နိုင်ငံချင်း တိုက်ပွဲ တွေလည်း ပါမယ်။ ဘာဝနာလည်း ရှိမယ်။ ဘာသာရေး လို့ ကျနော်တို့ ခေါ်ဆိုကြ တာလည်း ဘဝမှာ ရှိတယ်။ နူးညံ့သိမ်မွေ့တဲ့ စိတ်၊ နက်နဲမယ့် စရိုက်တွေလည်း ဘဝမှာ ပါဝင် ပါတယ်။ မျှော်မှန်းချက်တွေ၊ ရည်ရွယ်ချက်တွေ၊ ခံစားချက်တွေ၊ ကြောက်ရွံ့စိတ်တွေ၊ အာသာ ရမ္မက်နဲ့ စိတ်လှုပ်ရှားမှုတွေ စတာ တွေလည်း ဘဝမှာ ရှိနေတယ်။ ဒါတွေ အားလုံးဟာ ဘဝ ဖြစ်တယ်။ ဒါ့ထက်လည်း ပိုမယ်။

ဒါကို ကျနော်တို့ အများစုက အသက်မွေး ဝမ်းကျောင်း – ဆိုတဲ့ ရှုထောင့် တစ်ခုတည်းကနေ ၊ ကလေးတွေကို ( ဒါမှမဟုတ် ) ကျနော်တို့ ကလေးဘဝကို – ဆယ့်ငါးနှစ် ၊ နှစ်နှစ်ဆယ်လောက် အချိန်ကုန်ခံခဲ့ပြီး ပြင်ဆင်သွားခဲ့ကြတယ်။ စာမေးပွဲတွေ ဝင်ဖြေ၊ အလုပ်အကိုင် တစ်ခုလုပ်၊ အိမ်ထောင်၊ သားမွေး၊ စက်ရဟတ်ကြီး လည်သလို လည်ပတ်နေကြ တယ်။ အဲ့ဒီ အချိန်တွေထိ Read more of this post

သင်္ချာကို သင်ရာတွင်

သခ်ာၤဆိုတာဘာလဲ ။ ဘယ်စာအုပ်က ဘယ်လို ညွှန်းပါတယ်ဆိုတာထက် အထက်တန်းကျောင်း သင်္ချာမှာ ကျနော်တို့ ဘာတွေ သင်ရလဲ ။ ဒီမေးခွန်းက စသင့်မယ် ထင်ပါတယ်။ ( သင်္ချာကို ကျက်ရမယ်ဆိုပြီး သင်တဲ့ ကျောင်းအများစုတော့ ရှိနေတယ် ။ အဲ့ဒါကို ဖယ်ထားရင်) နိုင်ငံတကာ သတ်မှတ်ထားတဲ့ အထက်တန်း သင်္ချာပညာမှာ အီကွေးရှင်း ဖြေရှင်းဖို့နဲ့ ကိန်းဂဏန်း မေးခွန်း တွေ ဖြေရှင်းဖို့ပဲ အာရုံစိုက်ခဲ့တယ်။ ကောလိပ် သင်္ချာ အဆင့်တက်လာတော့ အဲ့မေးခွန်းတွေထဲက အပြောင်းအလဲ၊ Variables တွေရဲ့ အကြောင်းကို မူတည်ထားတယ်။ ဆိုလိုတာက ကိန်းဂဏန်းတွေတင် မကတော့ဘူး။ အစုတွေ၊ ဆက်သွယ်ချက်တွေ၊ အခြား သင်္ချာ စိတ်ကူးထည်တွေ ကို အာရုံထား လာတယ်။

ဘယ်လို ပဲ ဖြစ်နေနေ အထက်တန်း ရော၊ ကောလိပ် တက္ကသိုလ်မှာပါ သင်္ချာ ဆိုတာနဲ့ ပတ်သက်လို့ သင်ကြားရပြီ ဆိုရင် နောက်ကွယ်မှာ အရေးပါတဲ့ တစ်ခု ရှိပါတယ်။ အဲ့ဒါက ဆင်ခြင်မှု၊ အထူးသဖြင့် ပြောရင် ထုတ်ယူ ကောက်ယူဆင်ခြင်မှု လို့ခေါ်မလားပဲ။ Deductive Reasoning လို့ ဘိုလို ခေါ်ပါမယ်။ ( ဒါပေတဲ့ အဲ့ဒါကို ထုတ်ယူ ဆင်ခြင်တယ်လို့ ပညာရေးဌာန အစိုးရထုတ် ယုတ္တိဗေဒ စာအုပ်တွေမှာ မပြန်ထားဘူး။ )

စတိတ်ကျောင်း ၊ တန်းကျောင်း အဆင့် သင်္ချာမှာ ကျနော်တို့ကို ညီမျှခြင်း တစ်ခု ချပေးမယ် ဆိုပါတော့ ။ အဲ့ညီမျှခြင်းမှာ မသိကိန်း တစ်ခု ပါမယ် ဆိုရင် ( ဥပမာ – x ) အဲ့ မသိကိန်း x ကို ရှာနိုင်ဖို့က ပေးထားတဲ့ ညီမျှခြင်းရယ် ။ နောက်ထပ်လိုအပ်မယ့် အချက်အလက် တစ်ချို့ ရယ် ( တစ်ခါတစ်လေ အဲ့အချက်အလက် တွေတောင် ပါချင်မှ ပါမယ် ) ကို အသုံးပြုပြီး ဆင်ခြင် ယူရတယ်။ တန်းမြင့် သင်္ချာသမား ဖြစ်လာရင်လည်း အဲ့အတိုင်းပဲ ။ သင်္ချာ ပြဿနာ ပုစ္ဆာတွေ အတွက် သူတို့ရဲ့ နောက်ဆုံးရလာဒ် အဖြေ ရယူနိုင်ဖို့ ဆင်ခြင်ယူမှုကိုပဲ အသုံးပြုရတယ်။

ဆိုလိုတာကတော့ သင်္ချာရဲ့ အဓိက မဏ္ဍိုင်က ဆင်ခြင်ယူမှုပါ။ ဒါပေတဲ့ လက်ရှိကျောင်းတွေမှာ အလွတ်ကျက်တွေ များနေတယ်။ သင်္ချာကို အဖြေရလိုမှု တစ်ခုထဲ အတွက်ပဲ သုံးနေတယ်။ ဒါကလည်း အတိအကျတော့ မဟုတ်သေးဘူး။ စာမေးပွဲမှာ ဒီမေးခွန်းအတွက် ဒီအဖြေကို ပေးပါ – ( မှားလည်း မမှားပါဘဲ-) အခြားဖြေမိရင် ကြက်ခြေခတ် ပစ်တာမျိုးတွေ တွေ့နေရပါတယ်။ သင်္ချာမေးခွန်းတွေမှာ ရှိတာက – ဒီလိုမျိုးဖြေပါ။ ဟိုလိုမျိုး ဖြေပါ။လို့ လမ်းကြောင်းပြ မေးတတ်ပါတယ်။ အဲ့လို မေးတာမျိုး မဟုတ်ဘဲ အဖြေရဖို့အတွက်ပဲ မေးမယ့် မေးခွန်းတွေ အတွက် ကျောင်းသားက ဘယ်လို ပုံစံ ဖြစ်နေပစေ၊ ဘယ်နည်းကို သုံးသုံး စိတ်ကြိုက် ဖြေခွင့်ရှိပါတယ်။ မေးခွန်းမှာလည်း ဘာလမ်းကြောင်း ပြ မှ မပါပါဘဲလျက် – ဆရာသင်ပေးတဲ့ အတိုင်း မဖြေလို့ ကျောင်းသားကို အမှားပေးတာမျိုး။ အဲ့လိုမျိုးက သချာင်္ပညာမှာ မရှိသင့်ဘူး လို့ ထင်တယ်။ ဒါက သင်္ချာကို အသုံးချဖို့ ဆိုတဲ့ စိတ်ဓာတ် သွင်းတာ မဟုတ်ဘူး။ ကလေးတွေရဲ့ သင်္ချာ ဥာဏ်ရည်နဲ့ ကလေးရဲ့ ဥာဏ်ရည် ဖွံဖြိုးမှု လမ်းကြောင်းကို သတ်ပစ်တာ။

Read more of this post

မှန်တစ်ချပ်

Mirror - Picasso

သည်ကနေ့ စိတ်ကို ပုံမှန် အတိုင်း ဖြစ်အောင် ထားသော်လည်း အနည်းငယ် တော့ ရှုပ်ယှက်ခတ် နေမိသည်။ စိတ်ရှုပ်စရာတွေချည်း တွေ့နေရသော ကြောင့် ဟု ဆိုပါလျှင် ယောင်္ကျားစင်စစ် ညီးတွားခြင်းသာ ဖြစ်ပါ လိမ့်မည်။ တကယ်က စိတ်ရှုတ် စရာများ ရှိလာသောကြောင့် စိတ် ရှုပ်ခြင်း မဟုတ်။ စိတ် ကိုက ရှုပ်နေသောကြောင့် စိတ်ရှုပ်ခြင်း ဖြစ်သည်။

စိတ် ရှုပ်စရာ ဟူ၍ ဤကမ္ဘာတွင် ရှိမည် မဟုတ် ဟု ထင်ပါသည်။ စေ့စေ့ တွေးကြည့်ပါက နိုင်ငံရေးသည် လည်းကောင်း၊ စီးပွားရေးသည် လည်းကောင်း၊ လူမှုရေး တို့သည် လည်းကောင်း၊ အဆုံးစွန်ဆုံး- ပညာရေးသည် လည်းကောင်း အနည်းငယ်မျှ စိတ် ရှုပ်ထွေးစေ နိုင်သည် မဟုတ်ပေ။ ယင်းအရေး အရာများနှင့် တကွ သဘာဝ ပတ်ဝန်းကျင် နှင့် လူအပါ အဝင် သက်ရှိ သက်မဲ့ အရာတိုင်း သည် ၎င်းတို့ သဘော အလျောက် ဖြစ်ပျက် ပြောင်းလဲ ( တစ်ခါတစ်ရံ ဗြောင်းဆန်၍ ) သွားကြသည်သာ ဖြစ်သည်။

ဤနေရာတွင် သိထားရန် လိုသည်က မိမိသည်လည်း ယင်းသဘာဝ အတွင်း ပါဝင်လျက် ရှိနေသည် ဆိုသော အချက်နှင့် သူ့သဘော နှင့်သူ ဖြစ်ပျက် နေသော အနှီ သက်ရှိ သက်မဲ့ တို့သည်လည်း မိမိအား အနည်းနှင့် အများ အနှောင့်အယှက် ပြုနိုင်သေးသည် ဟူသော အချက် ဖြစ်ပါသည်။

“လူသည် နိုင်ငံရေး သတ္တဝါ ဖြစ်သည်” ဟူသော အဆိုများ၊ “လူသည် ပတ်ဝန်းကျင်၏ သားကောင် ဖြစ်သည်” ဟူသော မိန့်ကြားချက်များ၊ စသည်တို့သည် အကြင်လူ တစ်ယောက်၏ ပတ်ဝန်းကျင်တွင် ၎င်း၏ စိတ်ကို ကသိကအောက် ပြုစရာ ၊ အနှောက်အယှက် ပြုစရာ အရာရာ တို့ အပြည့်အနှက် ခြံရံ နေကြမည် ဟု အသိပေးထားခြင်း၊ သတိပေးထားခြင်း သာ ဖြစ်သည်။ တကယ် လည်း ခြံရံ နေပါသည်။ Read more of this post

Innate Ideas ရှိ/မရှိ

“လူသည် မွေးရာပါ ကတည်း ကပင် အသိရှိပြီးသူ ဖြစ်သည်။” ဟု ဆိုကြသည်။

John Locke

ဟုတ်ပါသလား ။ ဤအဆို၏ အမှန် အမှားနှင့် ပတ်သက်၍ ခေတ်သစ် ဒဿနိက နယ်ပယ်တွင် အကျယ် တဝင့် ဆွေးနွေး ငြင်းခုံ နေကြဆဲ ဖြစ်သည်။ အထူးသဖြင့် လူ၏ အတွင်းစိတ်ကူးထည်များ တည်ရှိမှု ရှိ/မရှိ ဟု တနည်း မေးခွန်းထုတ်နိုင်သည်။

ဗြိတိသျှ လက်တွေ့ပဓာန ဝါဒီများ ဖြစ်ကြသော ဂျွန်လော့ဂ် ( Locke ) နှင့် ဒေးဗစ် ဟျုမ်း ( David Hume ) တို့က လူ့အတွင်းစိတ်ကူးထည် နှင့် ပတ်သက်၍ သံသယ ရှိကြသည်။ ကျနော်တို့သည် မိမိတို့ အာရုံ ငါးပါး ကို အသုံးချ ၍သာ သင်ယူမှု ပြုကြရ သူများ ဖြစ်သည်။ ပတ်ဝန်းကျင် နှင့် ကျနော်တို့ အာရုံများ တိုက်ရိုက် ထိတွေ့ အသုံးချ၍ အချက်အလက်များ စုယူပြီး မှသာ ကျနော်တို့ သိအပ်သည့် အရာ၊ သိရမည့် အရာ ၊ သိလိုသည့် အရာများကို ရရှိ လာခြင်း ဖြစ်သည်။

မီးသည် ပူသည်။
သကြားသည် ချိုသည်။ – တို့ကဲ့သို့ အသိမျိုး ကို တိုက်ရိုက်သိ ( Direct Observation ) ဖြင့် ရရှိ သကဲ့သို့ ယင်းတိုက်ရိုက်သိသော စိတ်ကူးထည် များကို ပေါင်းကူး ဆက်စပ်ကာ ဆင်ခြင်ယူသိ ( Inference ) ဟူ၍ ရသည်လည်း ရှိသည်။ ဥပမာ –

…………………………………………….

ရှေးကျောက်ဖြစ်ရုပ်ကြွင်းများ တွေ့မြင် စမ်းသပ်ရခြင်း – တိုက်ရိုက်သိ
လက်ရှိ တွားသွား သတ္တဝါ အိမ်မြှောင်များ မြင်တွေ့ ရခြင်း – တိုက်ရိုက်သိ
………………………………
ထို့ကြောင့် –
ဒိုင်နိုဆော အသိပညာ ရရှိခြင်း – ဆင်ခြင်သိ

……………………………………………..

ထို့ကြောင့်ပင် “လူ၏ အသိဥာဏ်၊ အသိပညာ အစုအပေါင်း သည် ယင်းလူတို့နှင့် ပတ်ဝန်းကျင်၏ အညမည မှီတွယ် သုံးသပ်ပြီး ထွက်ပေါ် လာရခြင်း ဖြစ်သည်။” ဟူသော အဆိုတစ်ရပ်မှာ လွန်ခဲ့သော ရာစုနှစ် ၏ လူမှုသိပ္ပံ ပညာ အတွက် အခြေခံ အကျဆုံး အဆို ဖြစ်လာသည်။

ဤအဆိုသည် နိုင်ငံရေး အရ ဆွဲဆောင်မှု ရှိပါသည်။ လူ၏ စိတ်ကူးထည် ၊ အသိဥာဏ်သည် ပတ်ဝန်းကျင် အပေါ် အမှီသဟဲ ပြုရသည် ဟု သာ အမှန် ဖြစ်ခဲ့လျှင် ယင်း ပတ်ဝန်းကျင်ကို လုံးဝ ပြောင်းလဲပစ် လိုက်ခြင်းဖြင့် ကျနော်တို့၏ စိတ်ပိုင်း ဆိုင်ရာများ၊ အသိပညာများ ကို ပြောင်းလဲ ပစ်နိုင်ရမည်။ ကျနော်တို့၏ နိမ့်ကျနေသော စိတ် အစဉ် များ၊ ယုတ်နိမ့် နေရသော အသိပညာများကို ဤသို့ ပြောင်းလဲခြင်း နည်း အားဖြင့် တိုးတက်အောင် ဖော်ဆောင် နိုင်ရမည်။ ဤအချက်ကို နားလည် ရန် ခက်ခဲမည် မဟုတ်ပါ ။ သို့သော် ဤအတိုင်း ဧကန် အမှန် ဖြစ်ပါသလား။

ရှေးကျသော ဒဿန အစဉ်အလာ တွင်မူ ဤသို့ မဟုတ်ပေ။ ကျနော်တို့ စိတ်ပိုင်း၊ အသိပညာ ဖွဲ့စည်းမှု သည် မွေးဖွား လာကတည်းက အခြေခံအားဖြင့် တပါတည်း ပူးတွဲ ပါလာပြီး ဖြစ်သည် ဟု ဆိုသည်။ အရန်သင့် ဆော့ဖ်ဝဲများ ( Pre – packaged software ) များ ကြိုတင် ထည့်သွင်း ထားပြီးသော ကွန်ပျူတာ တစ်လုံးနှင့် ဆင်တူမည် ထင်သည်။

Read more of this post

အသိပညာဖြင့် မောင်းနှင်သော ( ဆရာအော်ပီကျယ် ဟောပြောချက်အချို့ )

မော်လမြိုင် စာပေဟောပြောပွဲ ( ၁.၁.၂၀၁၁ ) မှာ ဆရာအော်ပီကျယ်ရဲ့ ဟောပြော စကားများ ထဲက တစ်စိတ် တစ်ပိုင်း ဖြစ်ပါတယ်။ ၁ နာရီကျော် ကြာတဲ့ ဆရာအော်ပီကျယ်ရဲ့ အသံဖိုင်ထဲက ရှေ့ပိုင်း ၃၇ မိနစ် ကို စာသားအဖြစ် ပြန်လည် ကူးယူ ထားပါတယ်။ အသံဖိုင် အပြည့်အစုံကို လိုချင်ရင် အဲ့ဟောပြောပွဲ တစ်ခုလုံး အတွက် ဒီနေရာမှာ ဒေါင်းယူ နိုင်ပါတယ်။ https://zayya.wordpress.com/library/content/directory/ ဒီလင့်ခ်မှာလည်း ကျနော်တင် ရှိထားပါတယ်။

ဒေါင်းလုပ်လင့်ခ် ပို့ပေးတဲ့ ကိုမျိုးမင်းကို ကျေးဇူးပါ။

ဇေယျ
……………………………….

မကြုံစဖူး ကြီးကျယ်သော စာပေဟောပြောပွဲကြီးရဲ့ နောက်ဆုံးညမှာ ဟောပြောခွင့် ရတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ( ကျန်းမာရေးကြောင့် ) ခါတိုင်းလိုတော့ အားနဲ့ မာန်နဲ့ ပြောနိုင်မယ် သိပ်မထင်ပါ။ နောက်တစ်ခုက အင်မတန် စကားပြောကောင်း၊ အင်မတန် ဗဟုသုတများတဲ့ ဆရာ ဖေမြင့်၊ ဆရာ ချစ်ဦးညို သူတို့ နှစ်ယောက်က ကျနော့နောက်မှာ အားရပါးရ ပြောမှာပါ။ ကျနော်လည်း ဒီလောက်များပြား၊ အင်မတန်ထူးခြားတဲ့ ပွဲကြီးမှာ ပြောခွင့် ရတုန်းတော့ တတ်နိုင်သရွေ့ ကြိုးစား ပြောပါမယ်။

ကျနော် ဒီနေ့ ပြောမယ့်ဟာက အသိပညာဖြင့် မောင်းနှင်သော – ဆိုတဲ့ ခေါင်းစဉ် ပေးတယ်။ ကာတွန်းဆရာက ကာတွန်း မဆန်ပဲ ရှုတ်ယှက်ခတ် တဲ့ ခေါင်းစဉ် ပေးမိတယ်။ အမှန်တကယ်က ဒီလောက်ကြီး ခက်ခက်ခဲခဲ မဟုတ်ပါဘူး။ ကျနော်တို့ မော်တော်ကား – ဥပမာ- ဓာတ်ဆီနဲ့ မောင်းတဲ့ကား။ ဒီဇယ်နဲ့ မောင်းတဲ့ကား ။ နောက်.. စီအန်ဂ်ဂျီနဲ့ မောင်းတဲ့ကား စသည် ကားအသီးသီးက အဲ့လို မောင်းနှင် နေကြသလိုပဲ တိုင်းပြည် အသီးသီးက ၊ လူ့အဖွဲ့ အစည်း အသီးသီးက အခုအချိန်မှာ – အသိပညာနဲ့ မောင်းနှင်နေတာကို တွေ့ရပါတယ်။

ကျနော်တို့ စာပေဟောပြောပွဲ ဆိုတာလည်း အသိပညာကို လက်ဆင့်ကမ်းကြတာ။ အဲ့တော့ အင်ဂျင်နီယာလည်း ဖြစ်တဲ့ ကျနော်က ဒီ – အသိပညာဖြင့်မောင်းနှင်သော – ဆိုတဲ့ ခေါင်းစဉ်ကို ရွေးထားပါတယ်။

မျိုးချစ်ကဗျာဆရာတွေ၊ မျိုးချစ် စာရေး ဆရာတွေ ရေးတာ ကျနော် သိပ်သဘောကျပါတယ်။ “ငါ့မြေကို တစ်လက်မမှ အကျူးကျော် မခံ။ အသက်ပေးပြီး ကာကွယ်မယ်။” ဆိုတဲ့ စာသား မျိုးကို ကျနော် မျိုးချစ်ကဗျာ တော်တော်များများ မှာ တွေ့ဖူးတယ်။

ဟုတ်ပါတယ် ။ ကျနော်တို့ အိမ်နီးချင်းက ၊ ( ကပ်လျက် အိမ်က ) ခြံစည်းရိုးတိုင်လေးကိုတောင် တစ်ထွာလောက် ကိုယ့်ဘက် ခိုးစိုက်ပြီး ဝင်းနံရံ အသစ် ပြန်ခတ်ရင်တောင် – ထမီစွန်တောင် ဆွဲပြီး ကျနော်တို့ ရန်သတ်ဖို့ ဝန်မလေးဘူး။ “ဟဲ့ ကောင်မ၊ နင် ဒီမှာကြည့်စမ်း။ ဒီမှာ တွေ့လား ခြံတိုင် အဟောင်း။ နင် ဘာဖြစ်လို့ ကျင်းကို ဒီဘက် ခိုး တူးရတာလဲ” အဲ့ဒါမျိုး ရန်တွေ့တာ။ အဲ့ဒီ အချိန်မှာ နဘန်းပဲ ဖက်လုံးရ လုံးရ။

ကျနော်တို့ အခု အိမ်နီးချင်း နိုင်ငံတွေ ဘာတွေက ကျနော်တို့ နိုင်ငံကို အရင်ခတ်ကလို ဒီကလိုပုံမျိုးကြီး ကျူးကျော် မနေတော့ဘူး။ အလုပ်ရှုတ်တယ်။ ကျနော်တို့ ကျွန်ဖြစ်တယ်။ ကျနော်တို့ ဘယ်လို ကျွန် ဖြစ်သလဲ။ ထားပါတော့… ရှေးလူကြီးတွေက ပြောတယ်။ “ကျွန်းကြောင့် ကျွန် ဖြစ်တာ” တဲ့။ ဘာလို့ဆို – ကျွန်းကို လိုချင်လို့ ကျွန် ဖြစ်တယ်။ မြေကို လိုချင်လို့ ကျွန်ဖြစ်တယ်။ ဟောဒီက ကျောက်မျက် ရတနာတွေကို လိုချင်လို့ သူတို့ ဒီနယ်မြေတွေကို သိမ်းပိုက်တယ်။

အခုကျတော့ အဲ့လို မဟုတ်တော့ဘူး။ ကျနော်တို့ ကျွန်း ဆိုလည်း –

ကျနော်ဟိုနေ့က တောင်ငူသွားတော့ Export လုပ်ဖို့ဆိုပဲ။ ကျွန်းတွေ ခုတ်ထားတာ မနည်းပါဘူး။ အများကြီးပဲ။ ခင်ဗျားတို့ ကျုပ်တို့ အခုသုံးနေတာက များသောအားဖြင့် အဲ့ဒီ Export လုပ်တဲ့ ကျွန်းတွေလောက် မကောင်းဘူး။ ကျွန်းဟာ သူတို့ ကျူးကျော်စရာ၊ ကျနော်တို့ နေရာကို လာပြီး ၊ သိမ်းပိုက်ပြီး ယူစရာ မလိုတော့ဘူး။ ကျနော်တို့ ဗမာလူမျိုးတွေ ပေးနိုင်တဲ့ ကျွန်းဈေးထက် ပိုပြီး ကောင်းကောင်း ပေးလိုက်ရင် ကျွန်းက Export ဖြစ်သွားတာပဲ။

ငါးသလောက် ဆိုလဲ အဲ့အတိုင်းပဲ။ အဲ့ငါးသလောက်ဆို ဟိုတနေ့က ဟင်္သာတသားတွေ ပြောတယ်။ ကျွန်တော်တို့ ကျမတို့က ခုနှစ်ထောင် ဈေး လောက်ပဲ အလွန်ဆုံး စားနိုင် တာပေါ့ တဲ့။ အခုတော့ နိုင်ငံခြားက သုံးသောင်းဈေး ပေးဝယ်တော့ – ကျနော်တို့ကို ဘယ်သူမှ မရောင်း တော့ဘူး။ နိုင်ငံခြားပဲ ပို့တယ်။ စပါးလည်း ဒီတိုင်းပဲ။ ပဲလည်း ဒီတိုင်းပဲ။ ကျနော်တို့ ဆီ လာပြီး အရင်တုန်းက ၊ နကိုတုန်းက – ပေါက်စီရောင်းတဲ့ သူတွေ ၊ ကျနော်တို့ ဆီလာပြီး လန်ချား ဆွဲတဲ့သူတွေက အခု ကျနော်တို့ ဆီ လာပြီး သိမ်းစရာ မလိုပဲနဲ့၊ သူတို့ လိုချင်တဲ့ ပစ္စည်းကို အကုန် သူတို့ ယူလို့ရတယ်။ ဝယ်လို့ရတယ်။

ဟိုတနေ့က ဆိုလဲ ကျောက်စိမ်းတွေ ။ ဝယ်သွားလိုက်တာ ။ အများကြီးပဲ။ ဝမ်းသာလိုက်တာ – ဒေါ်လာတွေ ရလို့။ ကျနော် အဲ့ ကျောက်စိမ်း တူးတဲ့ နေရာက ဓာတ်ပုံတွေ ကြည့်ဖူးတော့ – ကျနော်တို့ဒီလို ခြံအကျယ်ကြီးထဲမှာ ကျောက်စိမ်းတွေ အကြီးကြီး၊ အများကြီး ပြ ၊ ရောင်းနိုင်ဖို့ ကျောက်တောင် ပေါင်း များစွာကို ဖြိုလိုက်ရတယ် ဆိုတာ တွေ့တယ်။ အဲ့တော့ သူတို့ ဆိုတာတွေ ကလည်း ဒီနယ်မြေကို လာပြီး သိမ်းပိုက်စရာ မလိုတော့ဘူး။ သူတို့ လိုချင်တဲ့ ဈေးပေးပြီးပဲ ဝယ်လိုက်တယ်။

Read more of this post