Big Bang Religion !

ဘာသာရေး ( Religion ) နဲ့ သိပ္ပံ ( Science ) နဲ့ ယှဉ်လာရင် –

ပထမဦးဆုံး သိထားရမှာက အနောက်တိုင်းမှာ ဘာသာရေးသမား တွေဟာ သိပ္ပံကို ဖျက်ဆီးဖို့ လုံးပန်းခဲ့တာ ( မှတ်စုမှတ်ရာ သဘော ဆိုရင် ) လွန်ခဲ့တဲ့ နှစ် သုံးရာကျော် လောက် ကတည်းက ဖြစ်ပါတယ်။ ဒါပေမယ့် မဖျက်ဆီး နိုင်ခဲ့တာ အထင်အရှားပဲ။ အကြောင်းက တကယ့် အမှန်သဘော ကို ဖျက်ဆီးလို့ မရတဲ့ အကြောင်း ကြောင့်ပါ။

ဒါဆို သိပ္ပံက ဘာသာရေး ထက် ပိုမှန်နေတာလား လို့ မေးစရာ ရှိတယ်။ စင်စစ် သိပ္ပံဟာ ပြင်ပ ကမ္ဘာလောကဓာတ် နဲ့ သက်ဆိုင် လာရင် ဘာသာရေး တွေမှာ ဖော်ပြထားတာ ထက် အမှန်စင်စစ် ဘက်ကို ပိုမိုညွှန်းဆို လက်တွေ့ ဖော်ဆောင် ထား ပါတယ်။ ဆိုလိုတာက ဘာသာရေး ဟာ သိပ္ပံ လို ပြင်ပ ကမ္ဘာ လောကဓာတ် ကို ပြောဆို ထောက်ပြစရာ ဘာအကြောင်းမှ မရှိဘူး ရယ်။

  • သိပ္ပံဟာ ပြင်ပ အရာဝတ္ထု ( Object ) ကို ဦးတည်ထားပြီး စစ်ဆေးတယ်။ ဘာသာရေးက မိမိ အတွင်းသန္တာန်ကို သာ ဦးတည် ရှုမြင်တယ်။
  • သိပ္ပံက ခွဲခြမ်း စိတ်ဖြာတယ်။ ဘာသာရေးက တစ်စုတည်း ထဲ သိမြင် နားလည် စေတယ်။
  • သိပ္ပံက အများနားလည် ဖို့ လက်တွေ့ သက်သေ သာဓက ထောက်ပြတယ်။ ဘာသာရေးက မိမိ ကိုယ်ကိုယ် မိမိ သိမြင်မှုဆီသာ ညွှန်းဆို တယ်။
  • သိပ္ပံဟာ ရုပ်ပိုင်းဆိုင်ရာ အချက်အလက်တွေ တွေးခေါ်တယ်။ ဘာသာရေးဟာ ခင်ဗျား စိတ်ရဲ့ အေးချမ်းရာကို လမ်းညွှန်တယ်။
  • သိပ္ပံက နောက်ထပ် အချက်အလက်တွေ တင်ပြဖန်တီးမယ်။ ယုတ္တိဆင်ခြေ၊ သင်္ချာ ဖော်မြူလာတွေ အခိုင်အမာ တည်ဆောက် နိုင်မယ်။ ဘာသာရေး က
  • အတွေးစဉ်တွေ ဖယ်သတ်ပြီး ခင်ဗျား သန္တာန်ကို ရှင်းလင်း တည်ငြိမ်သွားစေတယ်။
  • သိပ္ပံဟာ Knowledge တွေကို ဦးတည် ရှာဖွေတယ်။ ဘာသာရေးက Knowing သိမှု သက်သက်ကို ချဉ်းကပ်တယ်။

ဒါကို – ကိုယ့်နေရာ ကိုယ် နားမလည်တဲ့ ဘာသာရေး သမား အုပ်စု တွေက – “ဘာသာရေးဟာ ရုပ်ကော နာမ်ရော အကုန်လုံး ခြုံငုံ မှန်ကန်တယ်၊ အဲ့အတွက် အားလုံး လက်ခံ ရမယ် လို့ တယူသန် မြင်ရင် မှားလိမ့်မယ်။ ( တစ်နည်း ) သိပ္ပံရဲ့ ရုပ်ပိုင်းအမြင် ကျယ်ပြန့်လာနိုင်မှု ကို ကြည့်ပြီး – မိမိတို့ ဘာသာရေး ထိခိုက်မှာကို စိုးရိမ် ကြောက်လန့် နေကြရင် မှားပါလိမ့်မယ်။

ဥပမာ – ခင်ဗျား နေမကောင်း ဖြစ်ရင် ဆရာဝန်ဆီ သွားမယ်။ ကဗျာသမား၊ စာသမား ဆီတော့ သွားမှာ မဟုတ်ဘူး။ ဘာလို့ဆို ကဗျာသမား ၊ စာသမားက ခင်ဗျား ရုပ်ခန္ဓာ ကျန်းမာရေးကို ကုစားပေးမှာ မဟုတ်ဘူး။ သူက ကြီးမြတ်တဲ့ ကဗျာ စာဆိုကြီး တစ်ယောက် ဖြစ်နေနိုင်တယ်။ ခင်ဗျား အတွက် စိတ်ကူး စိတ်သန်း၊ စိတ်ချမ်းသာမှု အဝဝ ပေးနိုင်ကောင်း ပေးနိုင်မယ်။ ဒါပေမယ့် ခင်ဗျား ရေချိုးခန်း ရေပိုက် ပျက်ရင် သူ့အကူအညီနဲ့ မဖြစ်ဘူး။ ရေပိုက်ပြင်တတ်တဲ့ ရေပိုက်ပြင် ဆရာ ကိုပဲ ခေါ်ရလိမ့်မယ်။ ခင်ဗျား ရေချိုးခန်းကို ပြင်ဖို့ အတွက် ရေပိုက်ပြင်ဆရာ ဟာ ကဗျာစာဆို ဖြစ်ဖို့ မလိုအပ်ဘူး။ ခင်ဗျား ရေချိုးခန်း အတွက် သူ့တာဝန်ပဲ အပြည့်အဝ ယူလိမ့်တယ်။ ဒီလိုပဲ- ခင်ဗျား အိမ်ဆောက်ဖို့ လိုရင် – အိုင်းစတိုင်းကို အကူအညီခေါ်လို့ မရနိုင်ဘူး။ အိုင်းစတိုင်း ဟာ ထိပ်သီး ရူပဗေဒ ပညာရှင် ဖြစ်နိုင်တယ်။ ဒါပေမယ့် ခင်ဗျား အိမ်ကို ရေချိန် ညီမညီ တိုင်းဖို့တောင် ဖို့ သူတတ်ချင်မှ တတ်မယ်။

ဒါကို အိုင်းစတိုင်း၊ စတီဗင်ဟောကင်းတို့က စကြာဝဠာအကြောင်း ရှင်းလင်းနိုင်ပြီး မြင်းမိုရ်တောင် မမြင်ရကောင်းလား မေးရင် ရူးလွန်း ပါတယ်။ ဆစ်ဂမန် ဖရွိုက် က စိတ်စေတသိတ် မခွဲတတ်ဘူးလား ငေါ့ပြောရင် ငေါ့ပြောတဲ့သူပဲ ပေါလွန်း သွားလိမ့်မယ်။ အလားတူ – အခု ခေတ်သိပ္ပံသမားတွေက ရတဲ့အချက်အလက်ကို အခိုင်အမာပြုပြီး – ဟိုးနှစ်ပေါင်း နှစ်ထောင်ကျော်က ကျမ်းစာတွေမှာ မပါရကောင်းလား – လှောင်ဟား မယ် ဆိုရင် – ဟားတဲ့သူပဲ မှားလိမ့်မယ်။

ဘာသာရေးနဲ့ သိပ္ပံ နယ်မှာ ဒီအချက်တွေ အရှင်းကြီး မြင်သာနေပါတယ်။

ဒါပေတဲ့ – ဘာသာရေး အုပ်စုရော၊ သိပ္ပံ အုပ်စုမှာရော အများစုက ဒီလို ခွဲခြားပြီး ရှင်းရှင်းလင်းလင်း မမြင်ဘူး။ မမြင်ရခြင်း အကြောင်းက ဆိုင်ရာ ရပ်တည်ထားတဲ့ ရည်ရွယ်ချက်တွေ မမြင်ဘဲ – “အမှန်တရား၊ ကမ္ဘာလောက၊ ရုပ်၊ နာမ်၊ စကြာဝဠာ၊ ဘုရားသခင်” ဆိုတဲ့ ဝေါဟာရတွေ နဲ့ စကားလုံးနေရာမှာတင် ရပ်တန့်ထားလို့။ နောက်ပြီး ကိုယ့်ရပ်တည်ချက်ပေါ် ကိုယ်မသိဘဲ ၊ ရှုပ်ရှုပ်ထွေးထွေး ရောထွေး တွေးခေါ် ထားလို့၊ တယူသန် ယုံကြည် လက်ခံ ထားကြလို့ပဲ ဖြစ်ပါတယ်။

ဒါ့ကြောင့် ပြင်ပ လောကဓာတ်ကို မသိရ ကောင်းလား ဆိုတဲ့ တစ်ချက်ထည်းနဲ့ ဘာသာရေးကို ပစ်ပယ်မယ် ဆိုရင် – ကျိန်းသေပါတယ် – ဘာသာရေး ဟာ အပစ်ပယ် ခံရမှာပဲ။ အကြောင်းက ဘာသာရေးဟာ ပြင်ပ လောကဓာတ်နဲ့ ဘယ်လိုမှ မသက်ဆိုင်ဘူး ရယ်။

Read more of this post

ငါ သူတို့လို ဖြစ်ရမယ် ( မိမိကိုယ်ကိုယ် ထူးခြားချင်သူ )

ဟိုနည်းနည်း ဒီနည်းနည်း သိလာပါပြီ ဆိုတဲ့ အရွယ်တွေက စလို့ လူတိုင်းနီးပါး ဟာ ကိုယ်ကိုယ်ကိုယ် ထူးခြားတဲ့သူ တစ်ယောက် ဖြစ်ချင်ကြ ပါတယ်။ မိမိကိုယ်ကိုယ် ဟိုပုဂ္ဂိုလ်လို ဖြစ်ရမယ်။ ဒီပုဂ္ဂိုလ်လို ဖြစ်ရမယ် တွေးတော ပုံဖော်ကြတယ်။ နောက်ပြီး မိဘ အသိုင်းအဝိုင်း ကလည်း မင်း ဘယ်လိုကြီး ဖြစ်ရမယ်။ ဟိုမှာကြည့်စမ်း…သူ့လို ဖြစ်ရမယ်။ အဲ့ဒီလူလို ကြိုးစားရမယ်။ ကောင်းတာတွေ အတုခိုးစမ်းပါ … ဆိုတဲ့ စကားမျိုး သင်ပေးကြပြန်တယ်။

အဲ့တော့ အခုလက်ရှိ ခင်ဗျားပဲ ရှိနေမှာမို့ ခင်ဗျားကိုပဲ မေးပါမယ်။ ခင်ဗျားကော ထူးခြား တဲ့သူ တစ်ယောက် ဖြစ်ချင် နေတာ ပါလား။ “ထူးခြားတဲ့သူ၊ အများနဲ့ မတူ တမူ ထူးတဲ့သူ ဖြစ်အောင် ကျနော် ဘာလုပ်ရမလဲ။” လို့ ခင်ဗျား မေးမလား။

နေ့လည်က ညီမလေး တစ်ယောက် လင့်ခ် တစ်ခု ပို့လာ တယ်။ အဲ့အထဲမှာ မြန်မာနိုင်ငံ က နာမည်ကြီး အဆိုတော် တစ်ယောက် အကြောင်း၊ ကော်ပီတွေ များပြီး ကိုယ်ပိုင်ဟန် ၇၀ ရာခိုင်နှုန်းလောက် ပျောက်နေတဲ့ ( မိမိအမြင်အရ သတ်မှတ်ထားမိတဲ့ ရာခိုင်နှုန်း ဖြစ်ပါတယ်။ မှားယွင်းပါက သည်းခံပါ ) လက်ရှိ မြန်မာ ဂီတအနုပညာ စီးကြောင်းမှာ ပုံတူတွေ မိတ္တူတွေ နဲ့ မာန်ဝင့် ရှင်သန်နေပုံလေးပါ။ အဲ့ဒီ အဆိုတော် ရဲ့ မိမိကိုယ်ကိုယ် နာမည်ကြီးချင်လွန်း၊ ထူးခြားချင်လွန်း နေတဲ့ သရုပ်သကန်လေး အကြောင်း ဟာသ နှောပြီး ရေးထားတယ်။ စာကတော့ သရော်စာ မျိုးပါပဲ။ အဲ့ဒါလေး ဖတ်မိရင်း လူတစ်ယောက်ဟာ မိမိကိုယ်ကိုယ် အများနဲ့မတူ တမူထူးပြီး နေချင်ရင် ဘယ်လိုနေရမလဲ။ အဲ့ဒီ နေချင်တတ်တဲ့ စိတ်ကရော တကယ်မှန်ပါရဲ့လား။ အတွေး ရောက်မိပါတယ်။

အဲ့လိုနဲ့ ဒီပို့စ်ကို တင်ပါတယ်။

ကိုရဲထက်ရဲ့ စာကို အချို့ တော်တော်များများ ပြန်ပြင်၊ ဖြည့်စွက်ပြီး ရေးပါတယ်။

………………………………………

လူတစ်ယောက်က မေးတယ်။

“ကျနော် ထူးခြား ထက်မြက်တဲ့ သူ တစ်ယောက် ဖြစ်ချင်တယ်။ ( …… ).လို ထူးခြားတဲ့သူ တစ်ယောက် ဖြစ်ဖို့ ကျနော့မှာ ဘာလိုပါသလဲ။ ကျနော် ဘာလုပ်ရမလဲ။”

အဖြေ—

Read more of this post

အမတဂုဏ်

လမ်းညွှန်သမှု၊ ( ဝါ ) ထောက်ပံ့ တွန်းအား ပြုတတ်ကြသူတွေကို ဆရာ ( ဆာရာ၊ အရိပ် ) လို့ ခေါ်ဆိုကြမြဲပဲ လို့ ဆိုရင် ကျနော် ငယ်စဉ် တန်းကျောင်း ဘဝ၊ သင်္ချာကို မြတ်နိုးစ ပြုချိန်မှာ ထောက်ပံ့အားပေးခဲ့ကြတဲ့ ဆရာ လွဏ်းမောင် ( မြားနတ်မောင် )၊ W.W.Sawyer ၊ G.H.Hardy ၊ B.Russell တို့ဟာ ကျနော့ဆရာ ( ကျနော့အေးရိပ် ) များ ဖြစ်ကြပါလိမ့်မယ်။ ( စာအုပ်စာတမ်းများမှ ဖြစ်၍ မြင်ဆရာများဟု ခေါ်မည်လား မပြောတတ် )

အထူးသဖြင့် အဆင့်မြင့်သင်္ချာတန်းကို နကန်းတစ်လုံး မသိသေးတဲ့ အဲ့အချိန်က သင်္ချာပညာရှင်များရဲ့ စိတ်ထားနဲ့ ဈာန်ဝင်စားမှု၊ စရိုက်တွေကို လေးစား အားကျလာအောင် ထောက်ပံ့ပေးသူက ဆရာလွဏ်းမောင် ဖြစ်ပါတယ်။ မြှားနတ်မောင် မဂ္ဂဇင်းကို ကိုင်တွယ်ရင်း လစဉ် လစဉ် သင်္ချာ ဗဟုသုတနဲ့ ပဟေဠိ ဝှက်စာတွေ တင်ထုတ်ပေးနေကျပါ။ လစဉ်လတိုင်း ဆရာ့ဆောင်းပါးတွေကို ကျနော်တို့ မပျက်မကွက် စောင့်ဖတ်ခဲ့ကြတယ်။ ဆရာ့စာတွေကို ဖင်တပြန် ခေါင်းတပြန် ဖွတ်ဖွတ်ညက်ညက် ကြေသည်အထိ ပဲဆိုပါတော့။ အဲ့ဒီဆောင်းပါးတွေကနေ တစ်ဆင့် သင်္ချာပညာရပ်အပေါ် တန်ဖိုးထားတဲ့ ဆရာ့စိတ်ထားကို မြင်ခဲ့ကြရတယ်။

သိပ်မကြာသေးမီမှာ ဆရာဆုံးပါးသွားခဲ့တဲ့နောက် ဆရာ နဲ့တူမယ့် နောက်တစ်ယောက် မရှိခဲ့တာ ကြောင့်လား မသိ – မြှားနတ်မောင် မဂ္ဂဇင်းရဲ့ လစဉ်သင်္ချာကဏ္ဍလေး လည်း ရပ်တန့်သွားခဲ့တယ်။ ကျနော့အနေနဲ့ ဆရာ့ကို နှမြောတသ ဦးညွှတ်ရင်း သူထားခဲ့တဲ့ လမ်းကို ဆက်လျောက်လာခဲ့တယ်။ ကနေ့ထိတိုင် လျောက်နေဆဲပါ။ တောင်ကမ်းပါးယံကို ခွေပတ် လိမ်ကောက် ဖောက်ထားတဲ့လမ်း၊ တစ်ခါတစ်ရံ လမ်းပျောက်လို့ မိမိခွန်အားနဲ့ မိမိ ထွင်းဖောက်သွားရတဲ့လမ်း။ ဒီလမ်းတွေရဲ့ အဆုံးသတ်ပန်းတိုင်ဟာ ဘာဖြစ်မလဲ ။ အဆုံးသတ် ဆိုတာကော ရှိရဲ့လား ။ အဲ့ဒါကို ကျနော် မသိပါဘူး။ ဒီပို့စ်မှာ ပြောချင်တဲ့အကြောင်းအရာလည်း မဟုတ်ဘူး။

ဒီနေရာမှာ ပြောချင်တာက – ဘယ်သူမှ မပါဘဲ ဘယ်အား ဘယ်မာန်တွေနဲ့ ဆက်လျောက်ခဲ့ ပါသလဲ ဆိုတဲ့ မေးခွန်းကို ဆင်ခြင်ကြည့်ဖို့သာ ဖြစ်ပါတယ်။ အဲ့ဒီအတွက် ဆရာရဲ့ စာပိုဒ်ငယ်လေး တစ်ခု ဖြစ်တဲ့ “အချစ်စစ် ဟူသည်” ဆိုတာကို “အမတဂုဏ်” အနေနဲ့ ကျနော် ပြန်ရေးတယ်။

………………………………….

ပလေတိုရဲ့ ကျမ်းပေါင်း သုံးဆယ်ကျော်ထဲမှာ စာပွဲသဘင် လို့ အဓိပ္ပာယ်ရတဲ့ ( SYMPOSIUM ) ကျမ်း ဆိုတာ ရှိပါတယ်။ “အချစ်၊ မေတ္တာ” ရဲ့ သဘောသဘာဝကို ယုတ္တိဗေဒ ရှုထောင်နဲ့ တင်ပြထားတယ်။ ဆရာဇော်ဂျီရေးတဲ့ “ပလေးတိုး နိဒါန်း” ထဲမှာ – အဲ့ဒီကျမ်းရဲ့ အချို့ အစိတ်အပိုင်းတွေကို ကောက်နှုတ်ပြန်ဆိုထားတာ ရှိပါတယ်။ ဆရာဇော်ဂျီရဲ့ စာအုပ်မှာတော့ “ဆော့ခရတ္တိရဲ့ မေတ္တာဘွဲ့” လို့ အမည် ပေးထားတယ်။

အဲ့ကျမ်းမှာ ဆော့ခရတ္တိက အဓိပ္ပာယ် အချို့ ဖွင့်ဆိုရာကနေ နိဒါန်းပျိုးပါတယ်။ ကျနော်တို့ အခုသာမာန် သုံးစွဲနေကြတဲ့ အတ္တနောမတိ အသိ ၊ သတ်မှတ်ချက်တွေ နဲ့တော့ ပုံစံ ကွဲပြား နေမယ်။ သူ ဖွင့်ဆိုပြခဲ့တာက –

Read more of this post

စွမ်းအင်မည်း ရှာဖွေရေး သမားများ ( သို့မဟုတ် ) နိုဘယ်လ်ဆုရှင်များ

Saul Perlmutter, Adam Riess and Brian Schmidt

၂၀၁၁ ခုနှစ် အတွက် ရူပဗေဒဆိုင်ရာ နိုဘယ်ဆုကို အမေရိကန်၊ လောရင့်စ် ဘာကလေ အမျိုးသား ဓာတ်ခွဲဌာန က သိပ္ပံပညာရှင် ဆောလ် ပါမက်တာ (Saul Permutter) ၊ ဘယ်လ်တီမိုး-ဂျွန်ဟော့ပ်ကင်း တက္ကသိုလ်က အဒမ် ရိစ် (AAdam Riess)၊ ဝက်စ်တမ် ခရိ – ဩစတြေးလျ အမျိုးသားတက္ကသိုလ်က ဘရိုင်ယန် ရှမစ်ဒ် (Brian Schmidt)တို့က ခွဲဝေ ရရှိပါတယ်။

အဝေးတစ်နေရာက နေပေါက်ကွဲမှု ဖြစ်စဉ်တွေကို လေ့လာရင်း စကြာဝဠာရဲ့ ပြန့်ကားမှု အရှိန်နှုန်းကို တွက်ချက်ဖော်ထုတ်ခဲ့တာ တွေ အတွက် ချီးမြှင့်ရခြင်း ဖြစ်တယ်လို့ ဆိုပါတယ်။ ပါမက်တာက နိုဘယ်ဆုရဲ့ ဆုကြေးဖြစ်တဲ့ SEK 10m ( စတာလင်ပေါင် 934,000 ) တစ်ဝက်ကို ရရှိတာဖြစ်ပြီး၊ ရိစ်နဲ့ ရှမစ်ဒ်တို့က အခြားတစ်ဝက်ကို ရရှိပါတယ်။

ဆွီဒင် သိပ္ပံဆိုင်ရာ တော်ဝင် အကယ်ဒမီက ပြောကြားရာမှာ “လွန်ခဲ့တဲ့ နှစ် ၁၄ ဘီလျံလောက်က စတဲ့ မဟာပေါက်ကွဲမှု ( Big Bang ) ဖြစ်စဉ် အပြီးမှာ စကြာဝဠာဟာ ပြန့်ကားထွက်လာနေတယ်လို့ ကျနော်တို့ သိခဲ့ရတာ ရာစုနှစ်တစ်ခု နီးပါး ရှိပါပြီ။ ဒါပေမယ့် ဒီပြန့်ကားနှုန်းဟာ အရှိန်မြင့်နေတယ်ဆိုတဲ့ တွေ့ရှိချက်ကတော့ အံ့အားသင့်စရာ ကောင်းတယ်။ တကယ်လို့သာ အဲ့သလို အရှိန်နဲ့ အဟုန်နဲ့ ပြန့်ကားနေမယ်ဆိုရင် ဒီစကြဝဠာဟာ အေးခဲသွားပါလိမ့်မယ်” လို့ ဖော်ပြတယ်။

၁၉၃၂ ခုနှစ်က အဲလ်ဘတ် အိုင်းစတိုင်းနဲ့ ဝီလ်လမ် ဒဲ စစ်တာ တို့နှစ်ဦး တင်ပြခဲ့တဲ့ ပုံစံငယ် တစ်ခုအရ ဒြပ်ဆွဲအားကြောင့် စကြဝဠာရဲ့ပြန့်ကားနှုန်းဟာ နှေးကွေးသွားမယ် လို့ သိပ္ပံပညာရှင်အများစုက ယုံကြည်ထားတာပါ။ ၁၉၈၀ ခုနှစ်များ လောက်မှာတော့ ဒီ ယုံကြည်ချက်ကို ထောက်ခံမယ့် ဘယ်အချက်အလက်မှ မတွေ့ရှိခဲ့ကြဘူးလို့ ဆိုတယ်။ အဲ့ဒါကြောင့်လည်း နောက်ပိုင်းမှာ အိုင်းစတိုင်းရဲ့ ယေဘုယျ နှိုင်းရသီအိုရီထဲက အိုဟောင်းနေပြီးဘေးဖယ်ထားခဲ့ရတဲ့ စကြာဝဠာ ကိန်းသေ ၊ ( Lambda λ ) ကို အချက်အလက်တွေ ဖြေရှင်းဖို့ မထည့်မဖြစ် ပြန်ထည့်ခဲ့ကြရတယ်။ Read more of this post

Theory of Everything: Book

သက်ရှိထင်ရှား ရှိနေဆဲ ဖြစ်သည့် ကမ္ဘာကျော် ရူပဗေဒပညာရှင် စတီဗင် ဟောကင်း ရေးသားသော စာအုပ်ငယ် ဖြစ်သည်။ Theory of Everything:TOE – အရာရာတိုင်း၏ သီအိုရီ ကို ပြည်သူ နားလည်အောင် ရှင်းထားသည် ဖြစ်၍ ကျနော်တို့ မြန်မာ လူငယ်များလည်း ဖတ်ရှုနိုင်ပါစေရန် တင်ရှိပါသည်။ ဘာသာပြန် ဆိုရန်လည်း စဉ်းစားပါသည်။ ဟောကင်း ကိုယ်တိုင်က ဘာသာရပ်ဆိုင်ရာ စကားလုံးများ ကို အတတ်နိုင်ဆုံး အများနားလည်အောင် ဖော်ပြထားသည် ဖြစ်၍ ကျနော် ဘာသာပြန်ဆို ရာတွင်လည်း မြန်မာနားနှင့် အတတ်နိုင်ဆုံး ဆီလျော် နားဝင်အောင် ကြိုးစားကြည့်ပါသည်။ လိုအပ် နေ ပါမည်။

ဤစာအုပ်တွင် အခန်း ခုနှစ်ခန်း ( နိဒါန်း နှင့်ပါ ဆိုလျှင် ရှစ်ခန်း ) ပါရှိသည်။ ယင်းတို့ကို အားလုံး ဘာသာပြန်ဆိုပြီးမှ တစ်စု တစ်စည်း ထည်း တင်ရှိခြင်း မပြုဘဲ၊ အလျဉ်းသင့် သလိုသာ တစ်ခန်း ချင်းစီ တင်ရှိ သွားလိုသည်။ ကျနော် ဘာသာပြန်ဆိုမှု ညံ့ဖျဉ်း၍ မူရင်းကိုသာ ဖတ်လိုသူများ၊ နောက်အခန်းများကို မမျှော်လို သူများ အတွက် မူရင်းစာအုပ် ဒေါင်းလုပ်နိုင်အောင် ကျနော် တင်ရှိ ထားသည်။ နှစ်သက်ရာ၊ အဆင်ပြေရာ လင့်ခ်မှ ဒေါင်းလုပ် ယူနိုင်ပါသည်။

TOE

DOWNLOAD LINKS

HOTFILE
MEGAUPLAOD
RAPIDSHARE

အလားတူ စာအုပ် တွင်းပါ အခန်းများနှင့် ပတ်သက်၍ ရှင်းလင်း ထားသော နိဒါန်း ပိုင်းကို အောက်တွင် ဘာသာပြန်ဆို တင်ပြပါသည်။ နောက် အခန်း များကိုလည်း အလျဉ်းသင့် သလို ရေးသွားမည်။

[ ရူပဗေဒ ဆရာ များလည်း ဖြစ်ပြီး၊ စာရေး ဆရာ များလည်း ဖြစ်ကြသော ဆရာ တက္ကသိုလ် ကြယ်ပွင့်၊ ဆရာ ဘိုးလှိုင်၊ ဆရာ စိုးစိုး ( အင်္ဂပူ ) တို့ ဤစာအုပ်ကို ဘာသာပြန် ဆိုပြီး ဖြစ်မဖြစ် ကျနော် မမှတ်မိ။ လွန်ခဲ့သော ခြောက်နှစ်ကျော်လောက်က “စူဠ စကြာဝဠာနှင့် အခြား စာတမ်းများ” ( Baby Universe and other essays by Stephen Hawking ) ကိုမူ ဆရာ တစ်ယောက် ဘာသာ ပြန်ဆို ထားဘူးသည်ကို မှတ်မှတ်ရရ ဝယ်ဖြစ် ခဲ့၍ သတိရသည်။ ယခု စာအုပ် တွင်လည်း ဆရာများ ဘာသာပြန်ဆိုပြီး ရှိပါက ၎င်းတို့ ပြန်ဆို ထားသည် များမှာ ပိုမို သင့်လျော် ကောင်းမွန်မည် ဖြစ်ကြောင်း ပြောကြား လိုသည်။ ]

ဇေယျ
……………………………………………

Read more of this post

စွမ်းအင်မည်း ( Dark Energy is real )

GALEX မှ

ဂလက်ဆီ ပေါင်း နှစ်သိန်းမက ရှိတဲ့ အစုအဝေး ကို လေ့လာကြည့်ရင် ကျနော်တို့ စကြာဝဠာ တစ်ခွင်လုံး ရဲ့ ပြန့်ကားလာမှုဟာ အလျဉ်နှုန်း ( Speed ) တဖြည်းဖြည်းတိုး တိုးလာနေတယ်လို့ ဆိုပါတယ်။ အဲ့တိုးလာတဲ့ အလျင်နှုန်းဟာ ဘာကြောင့် တိုးလာရပါသလဲ ။ အရင်းစစ်ကြည့်တော့ Dark energy ခေါ်တဲ့ မမြင်နိုင်တဲ့ စွမ်းအင်မည်း တွေရဲ့ တွန်းအားကြောင့် ပါတဲ့။ အဲ့လို အဖြေရတယ်။

ဒီရလာဒ် ဖြစ်လာပုံက စကြာဝဠာတွင်း မိသားစုဝင် ကြယ်အစုအဝေးများ ဖြစ်တဲ့ ဂလက်ဇီ တွေကို ငါးနှစ်ကြာ သုတေသန ပြုလုပ်ရာ ကနေ စပါတယ်။ နက်နဲပြီး သိရခက်ပါတယ် ဆိုတဲ့ စွမ်းအင်မည်းတွေ ဘယ်လို အလုပ်လုပ် သလဲ ဆိုတာ အတွက် သီဝရီ အသစ်တွေ ထောက်ပံ့ပေးပါတယ်။ အဲ့အထဲမှာ လက်ရှိ စကြာဝဠာ ဘယ်လို ပြန့်ကားနေသလဲ – စကြာဝဠာ ပြန့်ကားနေတဲ့ အပြင် ဒီတစ်ခွင်လုံးကို အညီအမျှ သက်ရောက်နေတဲ့ နောက်ကွယ်က ဘာရှိလဲ။ ရှိနေတာက ကိန်းသေ တွန်းအား၊ အင်အားစု ဖြစ်ပါတယ်။ ဒါတွေကို ကြံဆမိ လာကြတယ်။

တွေ့ရှိချက် အသစ် တွေက နဂိုရှိရင်း သီဝရီ တစ်ခုကိုတော့ ဆန့်ကျင်နေတယ်။ အဲ့သီဝရီ အရ ဒီလို စကြဝဠာကို ပြန့်ကားအောင်၊ ကွဲပြားအောင် တွန်းအားပေး နေတာဟာ စွမ်းအင်မည်း မဟုတ်ဘူး ၊ ဒြပ်ဆွဲအား လို့ ဆိုတယ်။ အိုင်းစတိုင်း ရဲ့ ဒြပ်ဆွဲအား သီဝရီကို စိန်ခေါ်ထားတဲ့ သီဝရီ တစ်ရပ်လို့လည်း ခေါ်နိုင်တယ်။ ဘာလို့လဲ ဆိုတော့ အိုင်းစတိုင်းရဲ့ ဒြပ်ဆွဲအား သီဝရီမှာ “အရာဝတ္ထု (ဒြပ်) တွေ တစ်ခုနဲ့ တစ်ခု ကွာဝေးလာတာနဲ့ အမျှ ဒြပ်ဆွဲအားဟာ ဆွဲငင်အား မဟုတ်တော့ဘဲ တွန်းကန်အား ဖြစ်လာမယ်” လို့ ဖော်ပြထားပါတယ်။

Read more of this post