ဗဟိုရ်သံ ဝေးရပ်က

နက်နဲစွာ
( သို့မဟုတ် )
နက်ရှိုင်းစွာ
ကျင်လည်ခဲ့ပြီးတဲ့ ကာလဟာ
ဒီကမ္ဘာမှာ ခေါက်ချိုးပြည့်သွားပြီ အဖေ

အဖေပြောတဲ့-
“ငါ့စကားကို ဘယ်သူမှ နားမလည်ဘူး”
ကျနော် နားမလည်ခဲ့ဘူး
ကျနော်
နားလည်ပြီးပြီ အဖေ

အဖေ ပြောထားချင်ခဲ့တဲ့
မှတ်ပုံတင် စကားတွေ
စာသား အဖြစ်
ကျနော် ချရေးတယ်
တစ်နေ့တစ်ချိန်
မြင်ယောင်သာ ကြည့်လှည့်တော့။

ကျနော်နဲ့
ကျနော့စကား
အဖေသာ နားလည်လေမလား
ကျနော့ညီနဲ့ ညီမလေး
သူတို့ကော သိပါ့မလား

နက်နဲစွာ
( သို့မဟုတ် )
နက်ရှိုင်းစွာ
သူတို့ ကျင်လည်ကြဦးမှာ အဖေ
လွတ်လပ်စွာ
ကျင်လည် ကြပါစေ

အခု
သူတို့လည်း အဝေးမှာ–။

အဖေ့ရဲ့သား
ကျနော်ဟာ
အဖေ့ရဲ့ တစ်ချိန်က
မျှော်လင့်ချက် ဆိုလား အနာဂတ်ဆိုလား –
အဖေ ပြောခဲ့တဲ့ ဘာဆိုလား ကြီး ပေါ့

သဏ္ဍာန်မတူတဲ့ တစ်ခုခု
ကျနော် ဖြစ်ခဲ့ပြီးပြီ။

Read more of this post

ရင်ကိုလွမ်း၍ ညှိုးမိပါသည်

အဖေ့အသံကို မကြားရတာ ဒီကနေ့ဆို တစ်နှစ်ပြည့်ပါပြီ။ အဖေရော၊ အမေရော၊ ကျနော့ ညီမနဲ့ ညီလေးရော – ဒီလူ လေးဦးအပေါ် ကျနော် သတိတရလွမ်းဆွတ်စိတ် ရှိပါလျက်ကနဲ့ အဆက်အသွယ် မပြု ၊ထားခဲ့တာ တစ်နှစ်ဆိုတဲ့ ကာလ မြန်မြန် ဆန်ဆန် ကျော်ဖြတ်၊ ရောက်လာခဲ့ပြီ။

ပြီးခဲ့တဲ့ တစ်နှစ်၊ ဒီအချိန်မှာ ကားပေါ်တက်လို့ လက်ပြရင်း “သား ပြန်လာနော်” လို့ ပြောခဲ့တဲ့ အမေ့အသံကို ကျနော် ကြားယောင်နေဆဲ။ နောက်တစ်နေ့ ဖုန်းဆက်တော့ “မင်းဘယ်မှာလဲ ၊ အဲ့မှာပဲ နေနေ၊ အဖေတို့ လာခေါ်မယ်၊ ဘယ်မှာလဲ ပြော သား” လို့ စိုးရိမ်တကြီး မေးခဲ့တဲ့၊ တုန်ရီနေတဲ့ အဖေ့ အသံ ကျနော် ကြားယောင်နေဆဲ။

“ကိုကြီးက ဘယ်တော့မှ ပြန်လာတော့ဘူးလား” လို့ ငိုရှုံ့ရှုံ့လေး ပြောနေတဲ့ ကျနော့ညီမလေး အသံ။ “အကို နောက်နေတာကိုး” လို့ ရယ်ကျဲကျဲလေး လုပ်ပြီး စိုးရိမ်နေတဲ့ မျက်လုံးလေးနဲ့ မေးခဲ့တဲ့ ကျနော့ညီလေး။ ဒါတွေ အားလုံး၊ ဒီအသံတွေ အားလုံး ဆိတ်သုဉ်းထားခဲ့တာ ဒီကနေ့ တစ်နှစ်ပြည့်ပြီ။

တကယ်လို့များ ဒီတစ်နှစ်ကျော်တဲ့ နောက်ကာလ တစ်ချိန်ချိန် ပေါ့။ အဖေ၊ အမေတို့ကို ပြန်များ တွေ့ခဲ့ရင်- မင်းနေနိုင်ရန်ကောကွာ – လို့ ဂရုဏာဒေါသော ၊ မျက်ရည်စို့စို့နဲ့ ပြောနေမလား။ တကယ်ရော အဖေနဲ့ အမေ့ကို တွေ့ဖြစ်ပါဦးမလား။

ကျနော်ကရော ကျနော့အကျင့်တွေကို ပြင်ပြီးပြီလား။ ကျနော့်ဘာသာ မိသားစု ဆိုတဲ့ အေးမြရိပ်က ပြစ်ဒဏ်တွေနဲ့ ထွက်လာလို့၊ အခု ပြင်ပမှာ တစ်ဦးတည်း အဆက်အသွယ် မပြု၊ နေရင်း – အဖေနဲ့ အမေတို့နဲ့ ဒီဖြူစင်တဲ့ မိသားစုလေးနဲ့ ဘယ်လိုမှ မအပ်စပ် နိုင်တဲ့ အကျင့်ဆိုးတစ်ခုကို ကျနော် ကြိုးစားပြင်ဆင် နေခဲ့တာ၊ အခု တစ်နှစ်တာ အချိန်ကို ရောက်ပြီ။ ကျနော် အပြည့်အဝ ပြင်ပြီးနိုင်ခဲ့ရဲ့လား။

“ငါ့သားဆိုရင် – မှန်တာကို မှန်တဲ့အတိုင်း ရင်ဆိုင်နိုင်ရမယ်” ဆိုတဲ့ စကားတစ်ခွန်း အတွက် ကျနော့်ကိုယ်ကျနော် တစ်နှစ် ကျင့်သားရအောင် ကျင့်ခဲ့ပြီးပါပြီ။ ဒါပေတဲ့ သေချာရဲ့လား၊ သေချာပြီလား။ အမေတို့ အဖေတို့ဆီ ပြန်လျောက်လာခဲ့ရင် ကျနော့ခြေလှမ်းတွေမှာ လုံးဝ ဖြူစင်သွားပြီလား။ ရှင်းသန့်ပြီး ဖြူစင်နေတဲ့ အဖေ့ အိမ်ရိပ်ကို ကျနော် သန့်သန့်ရှင်းရှင်း ပြန်နင်းနိုင်ပြီလား။ ကျနော် ကိုယ့်ကိုယ်ကိုယ် မသေချာသေးဘူး အမေ။

ခွဲလာခါနီး မျက်ရည်တွေ စို့နေတဲ့ အမေ့မျက်နှာကြည့်ပြီး ပြောခဲ့တဲ့ ကျနော့စကား၊။ ကျနော့ကတိ။ ကျနော် ပုံဖော်နေဆဲ။ ပြည့်စုံအောင် မိမိကိုယ်ကိုယ် မွေးယူနေဆဲပါ အမေ။ အရင်က ကြောက်စိတ်တွေနဲ့ နေထိုင်ခဲ့တဲ့ ကျနော် – ဘာကိုမှ မကြောက်မရွံ့ နေထိုင်နိုင်ခဲ့ပြီ ဆိုတာတော့ ကျိန်းသေပါတယ်။ ဒါပေတဲ့ ကျနော့်အကျင့်ဆိုးတွေက ဒီတစ်ခုတည်းမှ မဟုတ်ပဲရယ်။ မရိုးဖြောင့်တတ်ခဲ့တဲ့ ကျနော့်ကို ပြင်ပ လောကဓံက ရိုးဖြောင့်သွားအောင် ထုထောင်းလိမ့်မယ်။ ဖြစ်လိုရာ ဖြစ်စေတော့ -လို့ ကိုယ့်ခန္ဓာကို ကိုယ် ပေယာလကန် ပြုရင်း “ရိုးသားမှု” ဆိုတာကို ကျနော် ရှာဖွေနေခဲ့တာ တစ်နှစ်တာ အချိန်က တော်တော်များများ ဖြည့်ဆည်းပေးခဲ့ပြီးပါပြီ။ စိတ်ချလက်ချ ဖြူစင်ပြီဆိုတဲ့ ခဏကို ဘယ်တော့များ ရောက်လာမလဲ။

အခုလောလောဆယ် ဒီနေ့အတွက်တော့ အိမ် -ဆိုတဲ့ နေရာလေးကို လွမ်းတယ်။

Read more of this post

ဦးအောင်ဆန်း ဓာတ်ပုံ ဘယ်သူ ပိုင်သလဲ ?

ဗိုလ်ချုပ် အောင်ဆန်း ဓာတ်ပုံ အပါအ၀င် သမိုင်းဝင် ဓာတ်ပုံ များကို ဖန်တီး ခဲ့သည့် ဓာတ်ပုံ ပညာရှင် အများအပြား သည် ယခုအချိန် တွင် သက်ရှိ ထင်ရှားလျက် ရှိနေသေးသူ အရေအတွက် များ မရှိ သလောက် နည်းပါး သွားခဲ့ပြီ ဖြစ်သည်။ သို့သော် သမိုင်းဝင် ဓာတ်ပုံ များသည် သမိုင်း အဆက်ဆက် တန်ဖိုး ကြီးမားစွာ ရှင်သန် နေကြဆဲ။ နောင်သမိုင်း အဆက်ဆက် အထိလည်း ရှင်သန် နေရရှာဦးမည့် သမိုင်းဝင် ဓာတ်ပုံများ ဖြစ်သည်။

သမိုင်းဝင် ဓာတ်ပုံ များကို ဖန်တီး ခဲ့သူများသည် လည်းကောင်း၊ ကျန်ရစ်သူ မိသားစု များသည် လည်းကောင်း ကာလ ရွေ့လျား လာသည်နှင့် အမျှ အကြောင်း အမျိုးမျိုး ကြောင့် မိမိတို့ ဖန်တီးခဲ့သည့် ဓာတ်ပုံများ နှင့် ပတ်သက်၍ အကျိုး ခံစားခွင့် ရရှိဖို့ မဆိုထားနှင့် မိမိတို့ ဖန်တီးခဲ့သည့် ဓာတ်ပုံ အနုပညာ လက်ရာ ဖြစ်ကြောင်း ကိုပင် ကမ္ပည်း ရေးထိုးခွင့် ပေးမည့်သူ မရှိရှာ။ ခွင့်ပြုချက် လာရောက် တောင်းခံဖို့ ဆိုသည်မှာ ဝေလာဝေး ဖြစ်သည်။

Read more of this post