သူက သူ့ကို ဘယ်လို သတ်မှာလဲ

How to stop thinking?
အတွေးစဉ်ကို ဘယ်လိုရပ်ရမလဲ။

ရှေ့တစ်ပုဒ်မှာ ကျနော် ဖြေထားခဲ့ပြီးပါပြီ။ ဒါပေမယ့် ထပ်မေး လာတာမို့ ထပ်ဖြေကြည့် ပါမယ်။

အတွေးစဉ်ကို ရပ်လို့ မရပါဘူး။ ရပ်လည်း မရပ်နိုင်ပါဘူး။ ရပ်ဖို့ မကြိုးစားသင့်ဘူး။ ဘာလို့ဆို အတွေးဟာ သူ့အလိုအလျောက်သာ ရပ်သွား နိုင်မယ်။ မိမိကိုယ်၌က အတင်းအကျပ် ရပ်ဖို့ ကြိုးစားရင် မှားပါလိမ့်မယ်။ ဒီအချက်ကို အရေးတကြီး နားလည် မှတ်သား ထားနိုင်ဖို့ လိုပါတယ်။ အတင်းရပ်ဖို့ ကြိုးစားရင် ရူးသွပ် သွားတာသာ အဖတ်တင် ကျန် နေရစ် ပါလိမ့်မယ်။

ဘယ်တွေးခေါ်မှု ဘယ်စဉ်းစားမှုမှ မရှိတော့တဲ့ အခြေအနေကို ဇင်မှာ “no-mind” စိတ်အတွေးစဉ် မရှိတော့ခြင်း။ ကုန်ဆုံးသွားခြင်း လို့ ခေါ်ပါမယ်။ no-mind ဆိုတဲ့ စိတ် အတွေးစဉ် ကုန်ဆုံးသွားတာဟာ ရပ်တန့်ထားတာ မဟုတ်ပါဘူး။ ဒါဟာ လုပ်ယူပြီး ရပ်တန့်ပစ်ရတဲ့ အရာ မဟုတ်ဘူး။ ရပ်တန့်ဖို့ ကြိုးစား အားထုတ် နေသမျှဟာ စိတ်ဇောကိုသာ ဖြစ်သွားစေလိမ့်မယ်။ ခင်ဗျား စိတ်အတွင်းမှာ အချင်းချင်း ပဋိပက္ခ တွေသာ ဖြစ်ပေါ်အောင် ဖန်တီး နေလိမ့်မယ်။ ခင်ဗျား စိတ် အစဉ် ဖရိုဖရဲ ဖြစ်သွားမယ်။ နောက်ဆုံး စိတ် ကစဥ့်ကလျားနဲ့ ရူးသွပ် သွားပါလိမ့်မယ်။ အတွေးစဉ်ကို ရပ်တန့်ဖို့ ကြိုးစားခြင်းဟာ ရူးသွပ်သွား ဖို့က လွဲရင် ဘာမှ မကူညီ နိုင်ဘူး လို့ ကျနော် ဆိုလိုပါတယ်။

ဒါပေတဲ့ အချို့ရှိတာက – ( အများအားဖြင့် ) အတင်း လုပ်ယူတယ်။ အဲ့ဒီ အခါ- ခင်ဗျား ကြိုးစား အားထုတ်နေတဲ့ အချိန် ခဏတာလေး အတွင်း အောင်အောင်မြင်မြင် ရပ်တန့် သွားကောင်း ရပ်တန့် သွားမယ်။ ဥပမာ – ငါ ဘာမှ မတွေးတော့ ဘူးကွာ လို့ အတင်း အကျပ် – စိတ်ကို စိုက်ကြည့် ဖယ်ရှားနေ တာမျိုး ။ အဲ့ဒါဟာ အဲ့ဒီ ခဏတာ အတွက် ဖြစ်ပါတယ်။ အောင်အောင်မြင်မြင် ငြိမ်ကျသွားမယ်။ အဲ့ခဏတာ လေး အတွင်း ခင်ဗျား စိတ်အတွေးစဉ် ကို ဖယ်ချ ထားနိုင်မယ်။ အမှောင်ချည်း သက်သက်၊ ဗလာချည်း သက်သက် ငြိမ်သွားနိုင်တယ်။ ဒါပေမယ့် အဲ့ဒါဟာ ငြိမ်သွားတာ သက်သက်ပါပဲ ။ စင်စစ် ဘာဝနာရဲ့ တကယ့် အဖြစ် No-mind ( စိတ်အတွေးစဉ် ကုန်ဆုံးမှု ၊ တိတ်ဆိတ်မှု ) ဆီကို ရောက်ရှိ တာ မဟုတ်ဘူး။ စိတ် အတွေးတွေဟာ ခဏ ရပ်တန့်ထားတာ သက်သက်။ အားစိုက် ထုတ်ထားတဲ့ ရပ်တန့် နေမှု သက်သက်။ သူ့ရဲ့ အောက် – ခင်ဗျားရဲ့ အတွင်းစိတ် ၊( ဆစ်ဂမန်ဖရွိုက်ရဲ့ စကားနဲ့ ဆိုရင်- မသိစိတ် ) မှာ ဖိစီး ထားခံ လိုက်ရတဲ့ အတွေးစိတ် ခံစားချက်တွေ ငုပ်လျိုး ကျန်နေရစ်တယ်။ အဲ့ဒီ အငုံ့စိတ်တွေဟာ ခင်ဗျား ပုံမှန် ပြန်ဖြစ်တာနဲ့ ( ဘာဝနာကနေ ကင်းလွတ်လိုက်တဲ့ ခဏမှာ ) ဒုက္ခ ပေးတော့တာပဲ။

Read more of this post

စိတ် ကောင်းကင် ဝေယံ က

မိုးကြိုးသွားတစ်ချက်
စိတ်တံခါးကို နှက်တော့
အလို – ကြည့်စမ်း
အိုမင်းမစွမ်းတစ်ဦး
တစ်ကိုယ်တည်း ပျော်မြူးလို့

ဒီကဗျာမှာ ပါတဲ့ အိုမင်းမစွမ်းတစ်ဦး ( The Old man ) ဟာ ဇင် သမားတွေ အတွက် ဘုရားသခင်ရဲ့ ပုံရိပ်လိုမျိုးပါ။ God နဲ့ အလားသဏ္ဍာန် တူပါတယ်။ ဒါပေမယ့် – အခု အများ ယူဆသလို ဖန်ဆင်းရှင် ဘုရားသခင် ကို ဆိုလိုတာ မဟုတ်ဘူး။ ရှေးကျတဲ့ သဘာဝ ကိုပဲ ဆိုလိုတာ ဖြစ်ပါတယ်။ အဲ့ဒီ သဘာဝဟာ ခင်ဗျားရဲ့ သဘာဝလည်း ဖြစ်တယ်။ တကယ် လည်း အဖိုးအိုပါပဲ။

စိတ်သမ္ပဇဉ်ကို ပစ်ချ
အတွေးအခေါ်တွေ ရပ်တန့်
သက်ဝင်နိုးကြား ကြည့်ရအောင်။

တောတောင်နဲ့ ကျေးငှက်သာရကာမှာ
ကန့်လန့်ကာ ခြားဆက် မရှိ
ပကတိ အကြည်သားနဲ့ ဝင်းပလို့။

ကြားဆက်မရှိ
ဆုံကြည့်ရအောင်။

သစ္စာ ဆိုတာ
အခု ဒီနေရာမှာ
လက်ငင်း ဝင်းပ။

ရှာဖွေလို့ မရ
ရှုမြင်လို့သာ ရတဲ့ အရာ
သစ္စာတဲ့ – ဒီနေရာမှာ။

နိုးထကြစမ်းပါ့
အခါခါ လှုပ်နှိုး
ထစမ်းပါ့ ကိုယ့်လူ။

နားလည်တဲ့ တွေးခေါ်စိတ်တွေ
အဝေး မသွား၊ အနီးအပါးတင် ထားခဲ့။
အသိသညာဟာ ပညာကို ဖုံးကွယ် –
အဲ့ အဖုံးအကာတွေ ထားရစ်ခဲ့။

Osho: Clash of Thunder

………………………………..
A : ဒီကဗျာကို မြင်တော့ – ပထမဆုံး မေးခွန်း ပေါ်လာပါတယ်။
How to stop Thinking?
ကျနော်တို့ အတွေးစဉ်ကို ဘယ်လိုရပ်ရမှာလဲ။

ဖြေကြည့်မယ်။

ကျနော်တို့ စိတ်ရဲ့ အတွေးစဉ်ကို ရပ်ပစ်လို့ မရပါဘူး။ အတွေးကို ရပ်တန့်ပစ်ဖို့ မကြိုးစား စေချင်ဘူး။ အကြောင်းက အတွေးဟာ သူ့ အလိုအလျောက်သာ ရပ်တန့်သွား နိုင်တယ်။ ကိုယ်က ပြုပြင်အားစိုက်လို့ မရဘူး။ ဒါကို – အတင်းအကျပ် ပြုပြင်အားစိုက်ပြီး လုပ်ယူရင် ရူးသွားဖို့သာ ရှိပါတယ်။ အဲ့ဒါကို ဂရုပြုစေချင်ပါတယ်။

ဇင် မှာ ပြောလေ့ပြောထ ရှိတဲ့ No-mind အတွေးစိတ် မရှိတော့တဲ့ အခြေအနေ ဆိုတာ အတွေးတွေ ရပ်သွားတဲ့ အခြေအနေကို ဆိုလိုတာ မဟုတ်ဘူး။ အတွေးစဉ် ဆက်လက်ပြီး မရှိတော့တာ ကိုသာ ဆိုလိုတာ ဖြစ်ပါတယ်။ ရှုပ်သွားလား မသိ။ တစ်နည်း ပြန်ပြောပါမယ်။

စိတ်အတွေးစဉ်ကို ရပ်တန့်ဖို့ အားစိုက် ထုတ်ကြည့်ရင် ပိုပြီး အာရုံ ရှုတ်ထွေး လာတာကို တွေ့ရမယ်။ ဒါမှမဟုတ် သိစိတ်အစဉ်က ဝေဝါး သွားတယ်။ အတွေး အချင်းချင်း ပဋိပက္ခ ဖြစ်ကုန်တယ်။ ဒီထက် လွန်ကဲလာရင် ခင်ဗျား သတိလစ် သွားမယ်။ အဲ့ဒီ အခြေအနေမှာ ခင်ဗျား တော်တော် ကြာကြာ ရပ်တည်ကောင်း ရပ်တည် နေနိုင်ပါတယ်။ ဒါပေမယ့် ကျနော် ဆိုလိုတဲ့ နေရာကိုတော့ ရောက်မှာ မဟုတ်ဘူးရယ်။

တစ်ခါတစ်လေမှာ အချိန် အတိုင်းအတာ တစ်ခု အထိ စိတ်အတွေးတွေ ငြိမ်သက်ကျ သွားနိုင်တယ်။ အဲ့အခြေအနေကို လူတိုင်း နီးပါး လုပ်နိုင်ပါတယ်။ ဒါပေတဲ့ အဲ့ဒါဟာ ဇင်မှာ ပြောလေ့ရှိတဲ့ No-mind နေရာ မဟုတ်ဘူး။ အဲ့ဒီ အခြေအနေဟာ အဲ့ဒီ ခဏတာ အတွင်းပဲ ရပ်တန့်သွားတာ သက်သက် ဖြစ်ပါတယ်။ သူတို့ကို ပြန်လှုပ်နှိုးရင် ခင်ဗျား နကို အခြေအနေကိုပဲ ပြန်ရောက် လာတယ်။

Read more of this post

“စောင့်ကြည့်မှု” ကို “တွေးကြည့်” သည့် အခါ

Question: စောင့်ကြည့်မှု ( Witnessing ) ကို – ဘာဝနာ လို့ ခင်ဗျား မကြာခဏ ပြောပြောနေတယ်။ ကျနော့ ကိုယ်၊ စိတ်၊ အတွေးတွေ ကို ကျနော့ ဘာသာ တကယ် စောင့်ကြည့် နေပါတယ်လို့ ကျနော် ဘယ်လိုနည်း နဲ့ သိနိုင်မလဲ။ ကျနော့်ဘာသာ ကျနော် စောင့်ကြည့် နေပါတယ် လို့ ဟန်ဆောင် နေလိုက် လို့ ကော မဖြစ်နိုင်ဘူးလား ။

Answer: အခု မေးခွန်းက တွေးတောပြီး မေးတဲ့ မေးခွန်း ဖြစ်ပါတယ်။ ဘာလို့ဆို – တကယ်တမ်း ခင်ဗျား ကိုယ် ခင်ဗျား ဟန်ဆောင် လို့ မရလို့ပါ။ စပြီး စောင့်ကြည့်မှု လုပ်ပြီ ဆိုတာနဲ့ ဒါဟာ ဟန်ဆောင်လို့ မရမှန်း ခင်ဗျား သိနိုင် ပါတယ်။ ဟန်ဆောင် နေမယ် လို့ ထင်တာက စိတ်ကူး အတွေး တစ်ခုပဲ။ အဲ့ဒီ ဟန်ဆောင် စောင့်ကြည့် နေမယ် ဆိုတဲ့ စိတ်ကူး အတွေး ကို ဘယ်သူ တွေးလဲ။ ဆိုလိုတာက အဲ့ဒီ အတွေး နောက်ကွယ်မှာ ဘာရှိသလဲ။ တစ်ခုခု ရှိနေတယ်။ အဲ့ဒါက အဲ့အတွေးကို သိနေတဲ့ စောင့်ကြည့်မှုပဲ။

ဒါ့ကြောင့်မို့ အဲ့ဒါနဲ့ ပတ်သက်လို့ တော့ ခင်ဗျား တကယ့်လက်တွေ့မှာ ရှုပ်ထွေးမသွား ဘူး။ ဘာလို့ဆို စောင့်ကြည့်မှု သိမှုရဲ့ နောက်မှာ ဘာမှ မရှိဘူး ။ ခင်ဗျား စောင့်ကြည့်တာကို ပြန်စောင့်ကြည့် မနေနိုင်ဘူး။ ဆိုလိုတာက စောင့်ကြည့်မှု သဘော သက်သက်ဟာ အတွေး၊ စိတ်ကူး ကနေ သီးခြား ကင်းလွတ် နေပါတယ် ။ ဒါ့ကြောင့် ခင်ဗျား ဟန်ဆောင် စောင့်ကြည့် နေပါတယ် – ဆိုပါစို့။ အဲ့ဒီ ဟန်ဆောင် စောင့်ကြည့် နေတယ် ဆိုတာ ကိုပါ စောင့်ကြည့် သိနိုင်နေတယ်။ အဲ့ဒီ ဟန်ဆောင် နေတဲ့ အဖြစ် က သိသိသာသာ ပေါ်လွင် နေပါတယ်။

Read more of this post

Effortless Effort

ဘာဝနာလို့ ကျနော် မြန်မာမှု ပြုထား တာက Meditation ကို ခေါ်ဆိုတာ ဖြစ်ပါတယ်။ Meditation ဟာ ဘာသာတိုင်းမှာ ရှိ( လောက် ) ပါတယ်။ ကျနော် သိမိ သလောက် ဘာသာ တွေမှာ သူ့နည်းနဲ့ သူ ဘာဝနာ ရှိတယ်။ ဒါ့ကြောင့် “ဘာဝနာ” ဆိုတဲ့ ဝေါဟာရ ကို မြင်ပြီး၊ အိန္ဒိယက နည်းတစ်ခု လို့လဲ မမှတ်ပါနဲ့။ ဘာဝနာ က တကယ်တော့ နည်းတစ်ခု လည်း မဟုတ်ဘူး။ ပုံစံ အမျိုးမျိုး ကွဲပြား နေတဲ့ ဖွံ့ဖြိုးမှု ဖြစ်စဉ် တစ်ခုပဲ ။ ဖြစ်တည်မှု သက်သက်ပဲ။ ခင်ဗျားရဲ့ ဖြစ်တည် ရှင်သန်နေမှုကို အပြည့်အဝ ဖွံ့ဖြိုး လာစေတယ်။

ဘာဝနာ ဟာ ခင်ဗျား သန္တာန်ကို အပိုဆောင်း ထပ်ဖြည့်တဲ့ အခြား အရာတစ်ခု မဟုတ်ဘူး။ ခင်ဗျားရဲ့ အခြေခံ သန္တာန်ကို ပြောင်းလဲ ပစ်ခြင်း သက်သက်ပါ။ ပန်းပွင့် တစ်ပွင့် ပွင့်သလို ဖွံ့ဖြိုးလာမှု မျိုး၊ အပြည့်အဝ ရှင်သန်မှုကို ဖော်ကျူးပါတယ်။ ဒါ့ကြောင့် ခင်ဗျားက ဘာဝနာကို တကယ် လုပ်ပြီ ဆိုရင် ခင်ဗျား ရဲ့ ဘဝ ရှင်သန်နေမှု ဟာ ခင်ဗျား ရဲ့ အဲ့ဒီ ဘာဝနာ ရင့်သန်မှု အပေါ်မူတည်ပြီး တဖြည်းဖြည်း ပြည့်ဝလာလိမ့် မယ် ။ သူ့ရဲ့ နောက်ကျော မျက်နှာစာမှာ ရှိတဲ့ သေဆုံးမှု မရဏ ကိုလည်း ကောင်းကောင်း သိမြင်သွားမယ်။ ဆိုလိုတာက ခင်ဗျားကိုယ် ခင်ဗျား ကောင်းကောင်း သိမြင်သွားစေတယ်။

ဘာဝနာကို စတင် လုပ်နေရတဲ့ သူတစ်ယောက် အတွက်က အလုပ်တစ်ခု ကို သတ်သတ်မှတ်မှတ် လုပ်နေရ သလိုပါပဲ။ ခင်ဗျား အဲ့ဒါကို တခုတ်တရ လုပ်နေ ရတယ်။ သိမှတ်နေရတယ်။ လေ့ကျင့်ခန်း ဝင်သလို ဝင်နေရတယ်လို့ ခံစားရလိမ့်မယ်။ ဒါပေမယ့် အဲ့ဒါက အစဦးပိုင်းလေးမှာတင် ဖြစ်ပေါ်နေရတဲ့ အရာပါ။ ဘာဝနာ မှာ လေးနက်သွားပြီ ဆိုတဲ့အခါ အဲ့ဒီ အလုပ်ပါ ပျောက်ကွယ်သွားပါတယ်။ ခင်ဗျားက ဘာကိုမှ လုပ်နေတာ မဟုတ်ဘူး။ ဘာမှ မလုပ်တာကို လုပ်နေတာလည်း မဟုတ်ဘူး။ ( 😀 ရှုပ်သွားပလား မသိ။ ကျနော့် ကိုယ်တွေ့နဲ့ တိုက်ဆိုင်ပြီး ပြောရင် – ဒီလိုပဲ ရှင်းရမှာ မို့လို့ပါ )

ဥပမာ ပေးကြည့်မယ်။ – စက်ဘီးစီး သင်သလိုမျိုး။ စက်ဘီး စပြီး သင်ခါစမှာ – ဘယ်လိုနင်း၊ ခါးကို ဘယ်လိုထား၊ လက်ကိုင်ကို ဘယ်လိုကိုင် ဆိုပြီး မှတ်သား သတိပြုနေရတယ်။ မကြာခဏ ချော်လဲမယ်။ ကျင့်သား ရလာတဲ့ အခါ ဖြေးဖြေးချင်း နင်းတတ်လာမယ်။ ဟိုတိုး ဒီတိုး တိုးမိနေမယ်။ လဲကောင်း လဲနေဦးမယ်။ နောက်ဆုံး ကျွမ်းကျင်သွားပြီ ဆိုတဲ့ အခါမှာတော့ – ဘေးဘီဝဲယာ၊ စကားပြောရင်း ၊ ငေးမောရင်း နင်းလို့ နင်းမှန်းမသိ စီးဖြစ်သွားတော့တယ်။

ဒီဥပမာက အပြည့်အဝ ထပ်တူ ကျနေတာတော့ မဟုတ်ဘူး။ နီးစပ် သဘောမျိုး ပါ။ ဘာဝနာဟာ အစပျိုး အချိန်မှာ အားစိုက်ထုတ် ရသလိုလို ရှိတယ်။ ဒါပေမယ့် – တကယ်က အလိုအလျောက် ဖြစ်စဉ် တစ်ခု သာ ဖြစ်ပါတယ်။ အဲ့ဒါကို နားလည်ရင် ရပါပြီ။

Read more of this post

အိုရှိုး – ခရှိဝဟာရ အမေး အဖြေ ( ၂ )

၁၉၈၅ ဇူလိုင်လ ၁၇ ရက် မှာ Good Morning America ရဲ့ တာဝန်ရှိသူ Ken Kashiwahara နဲ့ အိုရှိုး တို့ ရဲ့ အမေးအဖြေ စကား ဖြစ်ပါတယ်။ ယခင် ( ၁ ) ရဲ့ အဆက်ပါ။ အချို့တွေကို ကျော် ထားခဲ့တယ်။
……………………………………..

17 July 1985 om in Jesus Grove
Questioner – Ken Kashiwahara , Good Morning America, ABC Network, USA
Answerer – Osho_Bhagwan

Q: အိုရှိုး – ခင်ဗျားက ကိုယ့်ကိုယ်ကိုယ် ဘုရားသခင်လို့ ယူဆထားပါသလား

A: ( ရယ်မောလျက် ) အိုး – ဘုရားသခင် !!! 🙂 – “ဘုရားသခင်” ဆိုတာ မရှိဘူးဗျ။ အဲ့အတွက် ကျနော့ကိုယ် ကျနော် ဘုရားသခင်လို့ ဘယ်လို စဉ်းစားပေး ရမလဲ။ တကယ်စင်စစ် – ဘုရားသခင် ဆိုတာ လူတွေ ဖန်တီးထားတဲ့ အကြီးကျယ်ဆုံး လိမ်စဉ်ကြီးပါ။

Q: ဘာလို့လဲ။

A: ဘာဖြစ်လို့လဲ ဆိုတော့ – လူတွေဟာ အားကိုးရာ မဲ့နေတယ်။ သေခြင်းတရားကို ကြောက်လန့် နေမယ် ။ ဘဝ ပြဿနာတွေ တပုံတခေါင်း နဲ့ ဝန်ပိ နေကြတယ်။ သူ့ရဲ့ အတိတ်မှာ ( ဒါမှမဟုတ် ) သူ့ရဲ့ အမြင်မှာ – အဖေဖြစ်သူ၊ အမေဖြစ်သူ တွေရဲ့ စောင့်ရှောက်မှု ကို မက်မောတယ်။ ပြန်တမ်းတတယ်။ ဘာတာဝန် မှ ယူစရာ မလို၊ ဘာမှ စိုးရိမ် ကြောင့်ကြ နေစရာ မလိုတဲ့ လှတပတ နေ့ရက်လေးတွေကို မျှော်လင့်တယ်။ သူ့ကို ကြည့်ရှု စောင့်ရှောက်မယ့်သူ တစ်စုံတစ်ယောက် ရှိနေပါစေ လို့ သူ့မှာ ဆန္ဒရှိနေပါတယ်။ ဒါဟာ ကလေးသူငယ် ဆိုင်ရာ စိတ်ပညာပါ။

ဒီ စိတ်စရိုက် သန္တာန်ဟာ ဘာသာရေးလို့ ခေါ်တဲ့ Religion ဘာသာတရားတွေ အားလုံးအပေါ် အရိပ်ထိုး နေပါတယ်။ ဥပမာ – ဘုရားသခင် ကို အဖ ဘုရားသခင် လို့ ဆိုတာမျိုး ရှိတယ် ။ ဘုရားသခင် ကို မိခင် အဖြစ် သတ်မှတ်တဲ့ ဘာသာတွေလည်း ရှိတယ်။ ဒါဟာ အခြေခံ အနေနဲ့ ကလေး သူငယ် တစ်ယောက် ရဲ့ ရိုးရိုးရှင်းရှင်း စိတ်စရိုက် ပါ။ တကယ့် အစစ်အမှန် သဘောမှာ – ဒါဟာ အခြေအမြစ် မရှိဘူး။ ခင်ဗျား ကြောက်လန့် နေရတဲ့ အခါတိုင်း၊ ခင်ဗျား ပြဿနာ အကျဉ်းအကျပ်ထဲ ရောက်ရတဲ့ အခါတိုင်း ခင်ဗျား အကူအညီ လိုနေတယ်။ အကူအညီ ရှာတယ်။ ဒါပေမယ့် အကူအညီ ဆိုတာ ဘယ်တော့ မှ ရောက်မလာ ခဲ့ဘူး။

လက်ဝါးကပ်တိုင် ပေါ်က ယေရှု ခရစ်တော်ဟာ လည်းပဲ အကူအညီ မျှော်လင့် စောင့်စား ခဲ့သေးတာပဲ မဟုတ်လား။ နောက်ဆုံးမှာ စိတ်ပျက် သွားတယ်။ ညည်းတွား ရေရွတ်တယ်။ “အဖ ဘုရားသခင်၊ အရှင် အကျွန်ုပ်ကို လျစ်လျူရှု နေပါသလား” လို့ သူပြောခဲ့တယ်။ ဒီမေးခွန်း ပေါ်လာတာ ဟာ သူ့ အတွေးမှာ အကြီးမားဆုံး သံသယ ပေါ်လာခဲ့ လို့ပဲ။ တကယ့် လက်တွေ့ မှာ ဘာမှ ဖြစ်မလာခဲ့ဘူး။ သူ ဘုရားသခင်ကို နှစ်ပေါင်း များစွာ ယုံကြည်လာခဲ့တယ် – ဘုရားသခင်က သူ့ကို ကယ်တင်လိမ့်မယ်လို့ သူ ထင် ထားခဲ့တယ်- ဘာလို့ဆို သူဟာ ဘုရားသခင် ရဲ့ တစ်ဦးတည်းသော သားတော်လို့ သူလက်ခံထားလို့ပဲ ။ ဒါပေမယ့် ဘယ်သူမှ ရောက်မလာခဲ့ဘူး။

Read more of this post

Oh! God.

ဘုရားသခင် သည် နေ့လည်း ဖြစ်သည်။ ညလည်း ဖြစ်သည်။
ဆောင်းလည်း ဖြစ်သည်။ နွေလည်း ဖြစ်သည်။
စစ်မက် လည်း ဖြစ်သည်။ ငြိမ်းချမ်းရေးလည်း ဖြစ်သည်။
ခြိုးခြံခြင်း လည်း ဖြစ်သည်။ အလိုရမ္မက် ရှိခြင်းလည်း ဖြစ်သည်။

ပင်လယ်ရေသည် တစ်ချိန်တည်း တွင်ပင် ကြည်လင်လျက် နှင့် နောက်ကျိ၏။
ငါး သတ္တဝါတို့ အတွက် သောက်သုံး စေနိုင်၍ ကျန်းမာအောင် စောင့်ရှောက် နိုင်သကဲ့သို့
လူတို့ အတွက် သောက်သုံး မရနိုင်အောင်ပြု၍ မရဏကို ဖန်တီးပေးတတ်၏။

နေ့နှင့်ည၏ သဘာဝကား ဧက၊ တစ်ခုတည်းသာ တည်း။
အထက်တက်ခြင်း၊ အောက်နိမ့်ခြင်းတို့သည်လည်း တစ်မျိုး၊ တစ်ခုတည်းသာတည်း။

အိပ်ပျော်သူများ သည် ( တစ်နည်းအားဖြင့် ) နိုးကြား နေကြသူများပင် ဖြစ်၍
လောကဓာတ် အတွင်း ကြိုးပမ်းဆောင်ရွက်နေကြသူများ ဖြစ်၏။

စက်ဝိုင်းတစ်ခု ကဲ့သို့ပင်
အစ နှင့် အဆုံးသည် ထပ်တူညီ နေကြရ၏။

Heraclitus
The Hidden Harmony


Then God said, “Let us make man in our image, in our likeness, and let them rule over the fish of the sea and the birds of the air, over the livestock, over all the earth, and over all the creatures that move along the ground.” So God created man in his own image, in the image of God he created him; male and female he created them.

ဘုရားသခင် ( God ) ဆိုတာ ပုဂ္ဂိုလ် တစ်ဦး တစ်ယောက် မဟုတ်ပါဘူး။ ဘုရားသခင် ကို ပုဂ္ဂိုလ် တစ်စုံတစ်ဦး အဖြစ်နဲ့ ကျနော်တို့ လူတွေ အမြဲတစေ ယူဆ တတ်ကြလွန်းလို့ – ကမ္ဘာမှာ ပြဿနာပေါင်း သောင်းခြောက်ထောင် ကြုံနေရတယ်။ ဘုရားသခင် အခြေပြု -ဘာသာ တရား လေ့လာတဲ့ Theology ဘာသာရပ် ကနေ– ခွဲခြမ်း စိတ်ဖြာ ထုတ်ပေးလိုက်သမျှ မေးခွန်းပုစ္ဆာ ပြဿနာတွေ အားလုံးဟာ– အဲ့ဒီ အသုံးမကျတဲ့ သင်ခန်းစာ တွေ ချည်းပဲ ဖြစ်ပါတယ်။ သူတို့ရဲ့ အရင်းအမြစ်က – ဘုရားသခင်ကို ပုဂ္ဂိုလ်တစ်ဦး အဖြစ် မှတ်ယူ နေလို့ပဲ။

ဘုရားသခင်ဟာ ပုဂ္ဂိုလ် တစ်ဦး မဟုတ်ဘူး။ ဖြစ်လည်း မဖြစ် နိုင်ဘူး။ – ဒီအချက်ကို နက်နက်ရှိုင်းရှိုင်း မြင်သာ နိုင်ဖို့ လိုလိမ့်မယ်။ ဥပမာ ပြောကြည့် မယ်။ ဂျူး၊ ခရစ်ယာန်၊ မိုဟာမက်ဒင် စတဲ့ ဘာသာဝင် တွေ အဖြစ် ကြီးပြင်း လာသူ တော်တော် များများဟာ ဘုရားသခင် ကို ပုဂ္ဂိုလ်တစ်ဦး အဖြစ် ခံယူ ထားတတ် ကြတယ်။ ခံယူ ထားတတ်ကြတာ များတယ်။ ဘုရားသခင် ဆိုတာ ပုဂ္ဂိုလ် မဟုတ်ဘူး ဆိုတဲ့ အကြောင်း လက်ခံနိုင်ဖို့ တော်တော် ခဲယဉ်းတယ်။ လူပုံစံ အဖြစ်၊ ပုဂ္ဂိုလ် အဖြစ် ဘုရားသခင်ကို တွေးထင် ကြမယ့် အမြင်ဟာ တကယ်က – အတ္တ ဗဟိုပြုတဲ့ အမြင်၊ လူသား ဗဟိုပြုတဲ့ အမြင် သာ ဖြစ်ပါတယ်။ သမ္မာကျမ်းစာ မှာ -“ဘုရားသခင်ဟာ သူနဲ့ ပုံစံတူ အဖြစ် လူသားကို ဖန်ဆင်းတယ်” လို့ ဖော်ပြထားတာ ရှိတယ်။ နို့ပေမယ့် တကယ့် လက်တွေ့မှာ ပြောင်းပြန်ပဲ ဖြစ်နေပါတယ်။ လူတွေ ကသာ သူတို့နဲ့ ပုံစံတူ အဖြစ် ဘုရားသခင် ကို ဖန်တီး နေကြတယ်။ လူတွေ ဆိုတာ ကလည်း အမျိုးမျိုး ကွဲပြား နေတယ် ။ ဒါ့ကြောင့် ကမ္ဘာမှာ ဘုရားသခင် အမျိုးမျိုး -အမြောက် အမြား ပေါ်ပေါက် လာရတော့တယ်။

Read more of this post

အိုရှိုး – ခရှိဝဟာရ အမေး အဖြေ ( ၁ )

လုပ်ကြံမှု တစ်ခုကြောင့် ကျန်းမာရေး ထိခိုက် လာခဲ့ပြီး မကြာခင်မှာ အိုရှိုး ဟာ တရား ဟောပြောမှု မလုပ်ဘဲ နေဖြစ်သွားခဲ့တယ်။ သူ ဘာမှ မပြောဘဲ နေ သွားခဲ့ တာဟာ နှစ် အတန်ကြာ ပါတယ်။ ယင်းနောက်မှ တရား ဟောပြော မှု ပြန်လည် စတင်လာခဲ့ တယ်။ အဲ့ဒီလို ပြန်လည် ပြောဆို လာတဲ့ နောက် – အမေရိကန် ABC Network , Good Morning America က တာဝန်ရှိသူ တစ်ယောက် – မေးခွန်း အချို့နဲ့ အတူ ရောက် လာပါတယ်။

အောက်ဖော်ပြပါ စာဟာ ၁၉၈၅ ဇူလိုင်လ ၁၇ ရက် မှာ အဲ့ဒီ Good Morning America ရဲ့ တာဝန်ရှိသူ Ken Kashiwahara နဲ့ အိုရှိုး တို့ ရဲ့ အမေးအဖြေ စကား ဖြစ်ပါတယ်။ ကျနော့ အမြင်လေး နည်းနည်း ပြောချင်ပါတယ်။ ဒီ မေးမြန်းခန်းမှာ ဂျာနယ်လစ် ခါရှီဝါဟရာ ဟာ ပါးနပ်လိမ္မာတဲ့ သတင်းစာ ဆရာတစ်ယောက်၊ အင်တာဗျူး သမား တစ်ယောက် ပါ။ အိုရှိုးကို မေးတဲ့ အချို့မေးခွန်း တွေဟာ ကြောက်ခမန်း လိလိ – ချောင်ပိတ် မေးခွန်း၊ လမ်းကြောင်းပေး မေးခွန်းတွေ ဖြစ်ပါတယ်။ ဒီ မေးခွန်းတွေ အပေါ်မှာ အိုရှိုး ဖြေကြားသွားပုံ ကလည်း ရှင်းလင်း နေတယ် လို့ မြင်မိတယ်။ သူတို့ နှစ်ယောက်ရဲ့ အမေးအဖြေ အချို့ Youtube မှာလည်း ရှိပါတယ်။ ကျနော် အောက်ဆုံးမှာ ရသလောက် လင့်ခ် ပေးထားပါမယ်။ အိုရှိုးရဲ့ ဟန်အမူအရာ၊ မျက်လုံး ကစဥ့်ကလျား ဖြစ်မှု မဖြစ်မှု၊ စကား လစ်ကွက်၊ ဟာကွက် ရှိမရှိ စသဖြင့် ကျနော် စေ့စေ့ စပ်စပ် လိုက်ကြည့် ခဲ့ဖူးတယ်။ ကျနော် ရှာမတွေ့ခဲ့ပါဘူး။ အိုရှိုးရဲ့ အေးဆေး တည်ငြိမ်တဲ့ အသွင်၊ ဟန်ပန်၊ လေသံ၊ စကားတွေပဲ ကျနော် မြင်ခဲ့ရတယ်။

ဆရာနှစ်ပါးရဲ့ အမေးအဖြေခန်း တွေက များပြားတယ်။ ကျနော် အတတ်နိုင်ဆုံး ခွဲပြီး ရေးသွားပါမယ်။ အချို့ မလွှဲသာ တဲ့ အချက်အလက် တွေ ဖယ်ချန် ထားရတာမို့ ကျနော် အပြည့်အဝ ပြန်ဆို ထားတာ မဟုတ်ကြောင်း နားလည်ပေး စေချင်တယ်။

………………………………………..

17 July 1985 om in Jesus Grove
Questioner – Ken Kashiwahara , Good Morning America, ABC Network, USA
Answerer – Osho_Bhagwan

Q: ဆရာအိုရှိုး။ ပြီးခဲ့တဲ့ နှစ် အနည်းငယ် လောက်က ခင်ဗျား ဘာမှ မပြော ၊ ဘာမှ မဟောကြားတော့ဘဲ နေသွားခဲ့တယ်။ အခု မကြာသေးမီ ကမှ တရား ဟောပြောမှု ပြန်စလာတာ တွေ့ရပါတယ်။ ခင်ဗျားရဲ့ တပည့်တပန်းတွေနဲ့ ကျနော်တို့ အပါအဝင် အားလုံးကို ဒီကနေ့ ခင်ဗျား စကား ပြန်လည် ပြောဆိုနေပြီ ဖြစ်ပါတယ်။ စကားပြန်ပြောဖို့ ၊ တရားပြန်ဟောဖို့ ဘယ်အကြောင်းကြောင့် ဆုံးဖြတ် ဖြစ်သွားတာလဲ။

Read more of this post

ခဝါသည်

တစ်ရက်က – ရှေ့ပို့စ် စာအချို့ကို ကြည့်ပြီး မိတ်ဆွေ တစ်ယောက်က အောက်ပါအတိုင်း မေးပါတယ်။ ကျနော် အတတ်နိုင်ဆုံး ကြိုးစား ဖြေကြည့် ပါမယ်။

အမေး

“အခု” အချိန်မှာ “အခု” ဖြစ်ရှိတဲ့ အတိုင်း ရှင်သန် နေထိုင်ခြင်း ကို ဘာဝနာလို့ – ဆိုလို ပါတယ်။ “ဘာ လုပ်သင့်ပါတယ်” “ဘယ်လို လေးတော့ ဖြစ်သင့်ပါတယ်” စသဖြင့် အဲ့တာ တွေ မပါဝင်ဘူး။

အဲ့ဒီ စာကို – စာတစ်ပုဒ် မှာ ရေးထားတာ တွေ့ပါတယ်။ အဲသလို နေတာက နေချင် သလို နေလိုက်တာမျိုး ကို ဆိုလိုတာလား။ ဘယ်လို ကိစ္စ ကို မဆို စဉ်းစား ဆင်ခြင် ပြီးမှ မလုပ်ရ ဘူးလား။ အကောင်း အဆိုး၊ အကြောင်း အကျိုး ကို မတွေးပဲ၊ တခြား တစ်ဖက်သား ကို ထည့် မစဉ်းစားပဲ ကိုယ့် စိတ် အတိုင်း လွင့်မျော ပေးလိုက်ခြင်း ကို ဆိုလိုတာလား။

ကျနော် ကောင်းကောင်း မလုပ်တတ် သေးပါဘူး။ လုပ်ဖို့ ကြိုးစား ကြည့်တိုင်း- ခေါင်းကပဲ မူးလာသလို၊ ရုတ်တရက် ပစ်လဲ လိုက်တော့ မလို ။ ပြီးတော့ ကြောက်လာတယ်..၊ ဘာကို ကြောက်လာမှန်းမသိ။ ပြီးတော့ မပြီးသေးပါလားလို့ စိတ်က ကြောင့်ကြလာတယ်။ အဲဒါ တရားစခန်း မှာ ဖြစ်ခဲ့ရတဲ့ အဖြစ်ပဲ။ ပြီးတော့ ထွက်ပြေးချင်လာတယ်။ အရာရာက ထိန်းချုပ်ထား သလိုပဲ။ နေရတာ မပျော် တော့ဘူး…။

အဖြေ

ဒီ အမေးစကား ကို ရှင်းမယ် ဆိုရင် – “ဘာဝနာ” ဆိုတဲ့ အပေါ် နားလည်အောင် ကြည့်ပေးဖို့ တစ်ခုသာ ကျနော် တိုက်တွန်းချင်ပါတယ်။ ဒါ့ကြောင့် ဒီ အဖြေ တစ်ခု လုံးမှာ ကျနော် ဘာဝနာ အကြောင်းကိုပဲ ပြောပါမယ်။

ဘာဝနာ ဆိုတာ – အလွယ်ပြောရင် – ခင်ဗျားရဲ့ အတွေးစဉ်တွေ၊ ခံစားချက်တွေကို သတ်ပစ်တတ်တဲ့ သတ္တိ ရှိပါတယ် ။ ခင်ဗျား ရဲ့ အတိတ်ကို ပြန်လည် အောက်မေ့ နေတတ် သမျှ၊ ခင်ဗျားရဲ့ အနာဂတ်ကို မျှော်လင့် နေတတ် သမျှ အားလုံး ကို ရပ်ဆိုင်းသွား စေတတ်တယ် ။ ဆိုလိုတာက ဘာဝနာ- ဟာ အဲ့ဒီ အတိတ်နဲ့ အနာဂတ်နှစ်ခုအကြား – ခင်ဗျား အခု ရရှိပိုင်ဆိုင် နေတဲ့ “အခု၊အချိန်၊ – အခု အဖြစ်” ကိုသာ သိရှိ ဖြစ်တည်ခွင့် ပေးပါ တယ်။ ဒါဟာ ဘာဝနာရဲ့ ဂုဏ်သတ္တိတွေပါပဲ ။

Read more of this post

ဖလော်ဆိုဖီ ပရိုင်းမိတ်

၁။ ဒဿနိကဗေဒ ဆိုတာ ကိုယ်မသိတဲ့အရာကို – တကယ်လည်း မသိဘဲ – “အဲ့ဒီ အရာ” ရဲ့ “အကြောင်း” တွေကိုသာ သိနေတဲ့ ပညာရပ် ဖြစ်ပါတယ်။ သူ့မှာ ကြိုတင် တွေးဆချက်၊ ထင်မြင်ယူဆချက် တွေပဲ ရှိတယ်။ “အဲ့ဒီ အရာ” တော့ မရှိဘူး။ လူသားတွေ ဖန်တီး တည်ဆောက် တဲ့ စိတ်ကူးစံသတ်မှတ်ချက်၊ ပြယုဂ် တွေကလွဲရင် ကျန်တာ ဘာမှ မရှိပါဘူး။

၂။ ဒဿနိကဗေဒ ဟာ အရာရာကို ဖွင့်ဆို ရှင်းပြ နိုင်ဖို့ ကြိုးစားတယ်။ ဒါပေမယ့် ဘယ်တော့မှ မအောင်မြင် ဘူး။ အလွန်ဆုံး သူ လုပ်နိုင်ခဲ့ တာဟာ အရာရာကို ရှင်းပြမယ့် “နည်းနာတွေ” မှာသာ အောင်အောင်မြင်မြင် ဖော်ထုတ်နိုင်ခဲ့မယ် ။ “ အဲ့ဒီ အရာ”တွေ ကို ဘယ်လို သိနိုင်မလဲ ဆိုတဲ့ နည်းစနစ်၊ လမ်းကြောင်း အမျိုးမျိုး ကို ခင်းပြနိုင်ပါလိမ့်မယ်။ ဒါပေမယ့် “အဲ့ဒီ အရာ” ဟာ ဘာလဲလို့ ရှင်းပြရာ မှာတော့ မအောင်မြင်ဘူး။ ဒီလိုနဲ့ ဒဿနိက ဆိုတာ ဘဝကို နေထိုင်ရခက်ခဲ အောင် ဖန်တီးပေးတဲ့ ဘာသာရပ် သက်သက် ဖြစ်လာခဲ့တယ်။

၃။ ဒဿနိကဗေဒ ဟာ ဘာသာတရား ကို အစားထိုး ထားတဲ့ အခြားနာမည် တစ်ခု ဖြစ်ပါတယ်။ အဲ့ဒါကြောင့် ဒဿနိက လိုက်စားသူ တွေမှာ ဘာသာတရား ပျောက်သွား တတ်ကြတယ်။ အလားတူ ပဲ အပြန်အလှန်။ – ဘာသာတရား နောက် လိုက်စားသူ တွေ ဟာလည်း တွေးခေါ်မှု ဒဿန အားလုံး စွန့်ပယ် ထားခဲ့တတ် ကြတယ်။

၎။ ဒဿနိက ဗေဒ ဟာ စိတ်ကူးဥာဏ်စွမ်းတွေ အပြည့် ပုံဖော်ထားတဲ့ ပန်းချီကား တစ်ချပ်နဲ့ တူပါတယ်။ ဒါပေမယ့် ပုံရိပ်ဟာ ပုံရိပ်ပဲ။ တကယ့် အစစ်အမှန်တော့ မဟုတ်ဘူး။ သူက ခင်ဗျားကို စကားတွေ ပြောမယ်။ ခင်ဗျားနဲ့ ဆွေးနွေးမယ်။ ခင်ဗျား အတွက် အလှပဆုံး ပုံရိပ်တွေ ဖန်တီးပေးမယ်။ စိတ်ကူးထည် စနစ်တွေကို ခိုင်ခိုင်မာမာ တည်ဆောက် ပေးလိမ့်မယ်။ ဒါပေမယ့် အဲ့ဒီနည်းတွေနဲ့ ခင်ဗျားဟာ ခင်ဗျား အစစ်အမှန် ကို သိလိုက်ရမှာ မဟုတ်ပါဘူး။ သူ ဖန်တီး ပေးခဲ့တဲ့ အဲ့ဒီ စိတ်ကူးထည်၊ စကားလုံးတွေ နဲ့ ခင်ဗျား ဘာသာ ခင်ဗျား ရှုပ်ထွေး နောက်ကျိပြီး ကျန်ရစ်ခဲ့မယ်။

၅။ တကယ်တော့ ဒဿနိက မှာ အခြေခံ ၊ အခြေအမြစ် ဆိုတာ မရှိဘူး။ လေထဲ တိုက်အိမ် ဆောက်နေတာ သက်သက်ရယ်။ ဒဿနိကက ပေးတဲ့ စိတ်ကူးတွေဟာ စိတ်ကူးတွေ သက်သက် ပဲ ဖြစ်ပါတယ်။ ခင်ဗျား က အဲ့ဒီ စိတ်ကူးတွေကို ပုံဖော်ဖို့ ကြိုးစားရင် ဘဝကို စက်ယန္တရား ဖြစ်အောင် တည်ဆောက် သလို ဖြစ်သွားတတ်တယ်။ ခင်ဗျား မှာ တကယ် စင်စစ် လှပတဲ့ ဘဝ ပျောက်ဆုံး သွားပါတယ်။ ခံစားမှု မဲ့ရင် မဲ့သွား၊ ဒီလိုမှ မဟုတ်ရင် ခင်ဗျားဟာ ဖန်တီးမှု မဲ့သွားရတယ်။ ခင်ဗျား ဘဝဟာ ဒဿနိက နယ်ပယ် ထဲမှာ လောင်စာထိုးပြီး လည်ပတ်နေတဲ့ အကြောင်းအကျိုးဆက် ယန္တရား အဖြစ် သက်သက်သာ ကျန်ရစ်ခဲ့တော့တယ်။ Read more of this post