ကြီးကျယ်ခမ်းနားသော အရေးအသားများ ပြီးဆုံးသွားရသည့်အကြောင်း
May 18, 2011 Leave a comment
ဆရာမြင့်သန်း ရေးပါသည်။
ရေးနေတဲ့ဝတ္ထုနဲ့ ပတ်သက်လို့ ပြောချင်တာလေးတွေ ရှိလာတာနဲ့ ဘမြင့်ဆီ ထွက်လာခဲ့တယ်။ ဘမြင့်က လူတော်။ ဘယ်သူကမှ ပြောတာတော့ မဟုတ်ဘူး။ ကျွန်တော့်အမြင်အရ ပြောတာ။ ကျွန်တော့်အထင်အရ ကျွန်တော် လက်ခံထားတာ။ ဒီတော့လည်း ကျွန်တော့်ကိုယ်ပိုင် အမှန်တရားပဲလို့ ပြောချင်ရင် ပြောကြ။ ကိုယ်ပိုင် အမှန်တရား ဆိုတာကိုလာပြီး အကြောက်အကန် ငြင်းနေလို့ကဖြင့် နှစ်တစ်လက်မ ကောင်းကောင်းတစ်ချောင်းကိုင်ပြီး လက်တွေ့ နည်းလမ်း တကျ အမှန်တရား ဆိုတာကို ရှင်းပြလိုက်ရုံပဲ။
ဒီတော့ ခုကတည်းက ဘမြင့်ကို ဘာကြောင့် လူတော်ရယ်လို့ ကျွန်တော်က လက်ခံ ထားတယ် ဆိုတာကို ရှင်းပြ ထားချင်တယ်။ တကယ်တမ်း မှာတော့ ဘမြင့်ဟာ သူများတကာ ထက် ထူးခြားပြီး တော်တယ် လို့ ပြောလို့ ရလောက်တဲ့ အကြောင်း တစ်ခုမှ မရှိဘူး။ ကျွန်တော် လက်ခံထားတဲ့ သဘော တစ်ခုကို ပြောရရင် သူများ တကာ ထက် ထူးထူးခြားခြား ပိုပြီး မတော်လှဘူး ဆိုတဲ့ လူတိုင်းဟာ လူတော်ပဲ လို့ လက်ခံ ထားတာပဲ။ ဒီလို လက်မခံ လို့ကလည်း မဖြစ်ဘူး။ ကိုယ်လည်း လူတော် စာရင်းထဲတော့ ပါချင်သေး တာကိုး။
တကယ်တမ်းတော်မှ လူတော်လို့ သတ်မှတ်မယ် ဆိုရင်ဖြင့် လူတော် ဆိုတာတွေ သိပ်နည်း သွားလိမ့်မယ်။ လူတော် နည်းသွား တာက အကြောင်း မဟုတ်ဘူး။ လူတော် နည်းတဲ့ လူ့အဖွဲ့အစည်း ဟာ ခပ်ညံ့ညံ့ လူ့အဖွဲ့အစည်းပဲ လို့ လက်ခံ ထားကြလေတော့ ကိုယ် ပါဝင် ပတ်သက်နေရတဲ့ လူ့ အဖွဲ့အစည်းကြီး ကိုတော့ ခပ်ညံ့ညံ့ စာရင်းဝင် ဖြစ်မသွားစေချင်ဘူး။ ဒီတော့လည်း လူတော်တွေ ပေါများစေချင်တဲ့ စေတနာနဲ့လို့ ပြောရမှာပဲ။ လူ့ အဖွဲ့အစည်းကြီးကို ကောင်းစေချင်တာကိုး။
တချို့ ကတော့ လူ့ အဖွဲ့အစည်းကြီး ကောင်းအောင် သစ်ပင်စိုက်တာတို့ ကြွပ်ကြွပ်အိတ် မသုံးဖို့တို့ လုပ်ကြတယ်။ ကမ္ဘာကြီးကောင်းလာအောင် ဂေဟစနစ်ဆိုလား၊ လုပ်ကြရမယ်လို့ ကြွေးကြော် ကြသေးတယ်။ တော်ပါသေးရဲ့ ဗာလစနစ်တို့ ဘာတို့ မထူထောင် ကြပေလို့ပဲ။ ဘာလစနစ်တို့ ဘာတို့သာ ရှိခဲ့ရင် ကျွန်တော့်လို အကောင်မျိုးတွေ အလုပ် အမှုဆောင် အဖွဲ့ဝင်တွေ ဘာတွေဖြစ်ပြီး အလုပ်များနေလို့ စာတောင် ကောင်းကောင်းရေးရမယ်တောင် မထင်တော့ဘူး။ ဒါပေတဲ့လည်း ကျွန်တော်ကတော့ အဲဒီလောက် အထိ မတွေးတတ်ဘူး။ နားလည်း မလည်ဘူး။ လူတော်တွေ များတဲ့ လူ့အဖွဲ့အစည်း ထဲက လူတော် ဆိုတော့လည်း အဲဒီလို အသေးအမွှားတွေ အထိ လိုက်သိနေဖို့ လည်း မလိုတော့ဘူး လို့ ထင်တယ်။
ကျွန်တော်က ဘမြင့်ကို သဘောကျတဲ့ အထဲမှာ အဲဒီ အချက်လည်း ပါတယ်။ သူကလည်း အဲဒါတွေကို စိတ်မ၀င်စားဘူး။ မြောက်ဝင်ရိုးစွန်းက ရေခဲတုံးတွေ အရည်ပျော် လာလို့ ကမ္ဘာကြီး ပိုမို ပူနွေးလာတယ်လို့ သူ့ရှေ့မှာ ပြောကြရင် ဒီလိုဖြင့် လာမယ့်ဆောင်းမှာ စောင်ထပ် ၀ယ်စရာ မလိုဘူးပေါ့ လို့ပဲ သူက ပြောလေ့ရှိတယ်။ နောက်တစ်ချက် သူ့ကို သဘောကျတာရှိသေးတယ်။ ဒီကောင်က စာအတော်ဖတ်တယ်။ တည့်တည့်ပြောရရင်တော့ အားရင် စာပဲဖတ်တယ်။ အားရင်ဆိုတဲ့ စကားလုံး ထည့်ပြော ရတာကတော့ ပြောရိုးပြောစဉ် ဖြစ်နေလို့ပါ။ ဒီကောင့်မှာက မအားစရာအကြောင်းမှ မရှိဘဲ။ ဘာအလုပ်မှ ရှိတာမှ မဟုတ်ဘဲ။ ဒီကောင်က မအားဘူးလို့ ပြောရင်တော့ စာဖတ်နေလို့ပဲ။
ကျွန်တော်တို့ ငယ်ငယ် ကျောင်းသား ဘ၀ကတည်းက သူက စာ အတော် ဖတ်တယ်။ သူ့ညီ ဘတင့် ကျတော့ သူ့လို မဟုတ်ဘူး။ သူတို့ နှစ်ယောက် က နှစ်နာရီ လောက်ပဲ ခြားတယ်။ အမွှာ။ သူ့ ကျတော့ ဘာ စာမှကို မဖတ် ချင်ဘူး။ ဖတ် လည်း မဖတ်ဘူး။ အ လိမ္မာ စာမှာ ရှိတယ် ဆိုတဲ့ စကားသာ မှန်ခဲ့ရင် ဘတင့် နဲ့ အလိမ္မာ ဆိုတာ ကြီးက အတော် ဝေးနေကြမှာ။ ဒါပေတဲ့ လည်း စီးပွားရေး သမား မဟုတ်လို့ ရှာရဖွေရကျပ်တဲ့ ကာလကြီးမှာ သင်းတို့က မကြောင့်မကြ နေနိုင်တယ်။ ဒါကတော့လည်း သင်းတို့တော်လို့ မဟုတ်ဘူး။ သင်းတို့ အဖေ သွားလေသူ ဦးဘ တော်ခဲ့ပေလို့ပဲ။