ဣဿရ ထံပါးသို့ တစ်ခေါက်တစ်လေ

ကျွန်ုပ် သည် ဘဝပေါင်း များစွာ၊ ခန္ဓာပေါင်း များစွာ ဣဿရ အရှင် ကို ရှာဖွေ ခဲ့သူ ဖြစ်သည်။ သူ ရှိသည် ဟု သတင်း ကြား စဉ် ကပင် အမြတ် တနိုး ရှာဖွေ ခဲ့မိ သူ ဖြစ်သည်။ မျက်လုံး စုံမှိတ် ရှာဖွေ ခဲ့သည့် အကြိမ် ပေါင်းလည်း မနည်း လှ သကဲ့သို့ နည်းနာ နိဿယ အစုံဖြင့် ဖွေရှာ ခဲ့သည့် ဘဝပေါင်း လည်း မနည်းလှ။

နောက်ပိုင်း — မလှမ်း မကမ်း က ကြယ်တစ်ပွင့် အနီး အပါး တွင် သူ့ ကို ရံဖန် ရံခါ သဘောမျိုး မြင်တွေ့ လိုက်ရသည်။ ကျွန်ုပ် ပီတိ ဖြစ်မိ ၏။ ကြယ် ဟူသည် ကျွန်ုပ် နှင့် မည်မျှ ကွာဝေး နေသည် ဆိုဦး – သူ့ကို မြင်တွေ့ ရသည် မှာ ကျွန်ုပ် အတွက် အရေး ပါသည်။ ကျွန်ုပ် ၏ ရှာဖွေမှု သည် စင်စစ် အကျိုး မယုတ် ကြောင်း အာမခံ ချက် ဖြစ် သည်။ ကျွန်ုပ် ဘုရား သခင် ကို ရှာဖွေ နေ သည် ဆိုခြင်းမှာ အလဟဿ မဟုတ်ကြောင်း – (သူ့ထံ ရောက်ရှိရန် မည်မျှ ကွာဝေး သည် ဖြစ်ပါစေ) သူ့ကို အမှတ်မဲ့ မြင်လိုက် ရသည် ဆိုခြင်း ကပင် တနေ့နေ့ သူ့ဆီ ဆိုက်ဆိုက် မြိုက်မြိုက် ရောက် မည် ဖြစ်ကြောင်း ညွှန်းပြ လျက် ရှိသည်။

တစ်ချိန် တွင်မူ – ယင်း ကြယ်စင် အနား သို့ ကျွန်ုပ် ရောက် ခဲ့၏။ သို့သော် ၎င်း ဌာနေ တွင် ဣဿရ အရှင် မရှိ။ ကျွန်ုပ် ရောက် မဆိုက် တွင်ပင် သူ သည် အခြား တစ်နေရာ သို့ ပြောင်းရွှေ့ သွားခဲ့ ပြီ။ မည်သို့ ပြုရ မည် နည်း- ကိစ္စတော့ သိပ် မရှိ။ ကျွန်ုပ်သည် ရှာဖွေ သူ ဖြစ် ၍ မရောက် မချင်း၊ ရအောင် – ရှာဖွေ နေဦးမည်။ သူ့ကို မြင်နိုင် နေရ သည် ကပင် ကျွန်ုပ် ၏ အား ဖြစ်သည်။ သူ အဘယ် သို့ ရောက် နေ မည် ကို ကျွန်ုပ် မျက်ရမ်း မှန်းဆ၊ ကြည့်၍ ရသည်။ ကျွန်ုပ်၌ ဤခြေ၊ ဤ လက်၊ ဤနှလုံး အိမ် ရှိသည်။ သူ့ ခြေရာ လက်ရာ များ ကို ကျွန်ုပ် ရှာကြံ နေဦးမည်။ သူ မည်သည့် နေရာ သို့ ရောက်နေကြောင်း – တွေးဆ နေ ဦး မည်။ အဝေးကွာ ဆုံးတွင် တည်ရှိ နေပါ သည် ဆိုစေ သူသည် ကျွန်ုပ် ကို လက်ယပ် ခေါ်လျက် ရှိသည်။ – ကျွန်ုပ် အတွက် မျှော်လင့်ချက် များ ထုံမွှမ်း ပေးထားနေဆဲ ဖြစ်သည်။

Read more of this post

လောကတွင်းမှ နေ၍သာ : On sufism

ဆူဖီ သည် ရှောင်ခွာပြေးတတ်သူ မဟုတ်။ ရှောင်ခွာ ထွက်ပြေးခြင်း သည် ဆူဖီတို့၏ အစဉ်အလာ မဟုတ်ပေ။ ဆူဖီသည် ယင်း သို့ ရှောင်ခွာပြေး သည့် ဝါဒကို အပြည့်အဝ ဆန့်ကျင်သည်။ လောက တွင် ချမ်းမြေ့ ကြည်ရွှင် စွာ နေထိုင်ခြင်း၊ ဖြစ်တည်သည် ကို ဖြစ်တည် သည့် အတိုင်း ကြည်နူးနှစ်သိမ့်ခြင်း၊ ဘဝ၌ မွေ့ပျော်ခြင်း သည် ဆူဖီတို့၏ အခြေခံကျသော အမူ အကျင့် ဖြစ် သည်။ လောက ၌ ဖန်ဆင်းရှင် ဆီသို့ ဆိုက်ရောက် ရန် အကြောင်းသည် ဖန်ဆင်းထားရှိသည့် အရာတို့၌ အပြည့်အဝ နေထိုင်ခြင်းမှ တစ်ပါး အခြား မရှိကြောင်း ဆူဖီတို့ လက်ခံ သည်။ ဘုရား သခင် ဖန်ဆင်း ထားရှိပြီးသော အဘယ်အရာ ကမှ သင်သည် စွန့်ခွာပြေးခဲ့ရန် မ လိုအပ်ပေ။ ဖြစ်ရှိနေ သည့် လောက ကို စွန့်ခွာပြေးခြင်း ဟူသည် ဘုရားသခင် ကို စွန့်ခွာပြေးခြင်းသာ ဖြစ်သည်။ တစ်နည်းအားဖြင့် ဘုရား သခင် ဖန်ဆင်းထားပြီး သည်တို့ကို ရှောင်ခွာ ပစ်ခြင်း သည် ဘုရားသခင် ကို သွယ်ဝိုက်သော နည်း အားဖြင့် ဆန့်ကျင်ခြင်း ဖြစ် ပါ၏။

သို့သော် Renunciation တောထွက်ခြင်း၊ ကြဉ်ရှောင်ခြင်း အကျင့် ဟူသည် မရှိ မဟုတ်၊ ရှိ၏။ ယင်း၏ အဓိပ္ပာယ်မှာ ဆူဖီတို့ သည် လောက ကို ကြဉ်ရှောင်ခြင်း မဟုတ်၊ ဘုရားသခင် ထံသို့ ချဉ်းကပ်သွား ခြင်း သာ ဖြစ်သည်။ ဘုရားသခင် ထံ ဆိုက်ရောက်သည့် ခဏ ၌ လောက သည် မြူတစ်စနှယ် ပပျောက်ပြီး ဖြစ်သည်။ ဆိုလိုသည်မှာ — ဤလောက၌ ဘုရားသခင်ထံ ဆိုက်ရောက်သည် ၏ အဖြစ်နောက် ၌ အဘယ် အရာ ကိုရော စွန့်ခွာ ခဲ့ရဦး မည်နည်း – စင်စစ် ဘုရားသခင်မှ တစ်ပါး အခြား မရှိပေ။

ဆူဖီ တို့ သည် လောက ကို အရင်းအတိုင်း ချဉ်းကပ်သည်။ ဤသို့ဖြင့်သာ ဘုရားသခင် ထံသို့ ဆိုက်ရောက် ၏။ ယင်း၏ ဟိုမှာဘက်တွင် ဘာမျှ ရှိမနေ တော့ ပေ။ လောက သည် လည်းကောင်း၊ မိမိ၏ အထင်အမြင်မှား အတ္တမ သည်လည်းကောင်း – ယင်းအခါ၌ စိမ့်ဝင် ပပျောက်ပြီး ဖြစ်သည်။ ဤကမ္ဘာ – အခြားကမ္ဘာ၊ ဤလောက – အခြားလောက ကွဲပြားဖြစ်တည် မနေပေ။ အားလုံးသည် တစိတ် တပေါင်း တည်း ဘုရား သခင် အဖြစ် ဖြစ်တည်လျက် ရှိသည် ဖြစ်၍ ၎င်းတို့အတွက် “စွန့်ခွာရန်” ဟူသည့် ဝေါဟာရ မှာ စင်စစ် အဓိပ္ပာယ် မရှိတော့ပေ။

ထို့ကြောင့် ဆူဖီ တို့က –

“God is available, it is already available. All that you need is an uncomplicated mind, all that you need is a state of no-motivation. All that you need is to fall into the silence of this moment, no trying to achieve something tomorrow”

“ဘုရား သခင် သည် အလှမ်းကွာဝေး နေသည်မဟုတ်။ ယခု ပင်လျှင် တည်နေပြီး၊ ရှိနေပြီး ဖြစ်သည်။ အဆင်သင့် ရှိပြီး ဖြစ်သည်။ သင် အားထုတ် ရန် လိုသည့်အရာမှာ – ရှုပ်ထွေး နောက်ကျိ မနေသော (ဝါ) ကြည်လင်သော သင်၏ စိတ်သာ ဖြစ်သည်။ သင့် အတွက် ယခု တခဏ ဆိတ်ငြိမ်နေ သည့် အဖြစ်သာ လိုအပ်သည်။ နက်ဖြန်၊ နောက် တစ်ခဏ၊ အနာဂတ် တို့ အတွက် ကြိုးပမ်း ရယူနေစရာ တစုံတရာ ဘာမျှ မရှိ။” ဟူ၏။

Read more of this post

သို့ဖြင့် ~

ကျွန်ုပ် သည် လူရူး ဖြစ် ၏။ ဤအဆို သည် မြေကြီး လက်ခတ် မလွဲ မှန်ပါ၏။ အဘယ် ကဲ့သို့ လူရူး ဖြစ်လာ ပါသနည်း ဆိုသည်ကိုမူ သင် သိလို လိမ့်မည် ထင်ပါသည်။ ရှင်းပါမည်။ ဖြစ်ပုံက ဤသို့ –

နတ်ဘုရား အမြောက် အများ၊ ပေါချင်း သောချင်း – ထွက် မလာကြခင် တစ်နေ့ က အစပြုသည်။ အတန်ကြာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော် နေ ပြီး နောက် ကျွန်ုပ် နိုးထ လာ သည်။ ချက်ချင်း သိလိုက် မိသည် က – ကျွန်ုပ်၏ မျက်နှာဖုံးများ အားလုံး မရှိ တော့ ခြင်း ဖြစ် သည်။ ။ အဘယ် မှာမှ ရှာမရ။ အတန်ကြာ – အိပ်မှုန် စုံမွှားဖြင့်- အထိတ် တလန့် ဖြစ် နေမိသေး၏။ ပြီးမှ သူရို့- အခိုးခံ လိုက်ရ ခြင်း ဖြစ်ကြောင်း ဆင်ခြင် ၍ သိလိုက် သည်။

စင်စစ် ကျွန်ုပ် မျက်နှာဖုံး များ ကို ကျွန်ုပ် မြတ်နိုး ခဲ့ပါသည်။ သူတို့ အားလုံး ကို လည်း – ကိုယ်တိုင် ဒီဇိုင်း ဆွဲ- စိတ်တိုင်းကျ ဖန်တီး ထား ခဲ့ခြင်း ဖြစ် သည်။ နှစ်သက် စွာ လည်း ဝတ်ဆင် လာ ခဲ့ သည် မှာ ကြာပြီ။ အခု မရှိတော့ပြီ။ – လာခိုး သွား ကြသည်တဲ့ – ကျိန်ဆဲချင် စရာ ကောင်း လိုက် ပါဘိ။

စိုးရိမ် တကြီးဖြင့် အိမ်ပြင် ထွက်သည်။ လမ်းလယ်ခေါင် ရောက်သွား သည်။ – မျက်နှာဖုံး မပါသောကြောင့် မိမိ မျက်နှာက ပြောင်ပြောင် တင်းတင်း ။ သို့သော် ယင်း အဖြစ်ကို သတိမထားမိ။ –

“သူခိုးဗျို့ – သူခိုး – သူခိုး ! – အေပေး သူခိုးတွေ – ကျုပ် မျက်နှာဖုံးတွေ အကုန် ခိုးသွား သဗျို့” – စိတ်လိုလက်ရ ကုန်း အော်ပစ်လိုက်သည်။

လမ်းသွား လမ်းလာ ကျား၊ မ အများစု (ဝါ) အားလုံး က ကျွန်ုပ် ကို စိမ်းစိမ်း ကြည့် သည်။ စေ့စေ့ ကြည့် သည်။ ခိုးခိုးခစ်ခစ် ရယ်ကြသည်။ အချို့ဆိုလျှင် ကျွန်ုပ်၏ မျက်နှာ ကို ကြည့်၍ ကြောက်လန့် သွားကြ ဟန် တူ၏။ သူရို့ အိမ်ခန်း များ ထဲသို့ ပြေးဝင် ကုန်ကြ၏။ ကျွန်ုပ် လည်း ယင်း အချိန်က ပစ္စည်း မွှန် မွှန်နေ ပါသည်- အမှု မထား ခဲ့မိ။

Read more of this post

နှလုံး ဝတ်လွှာချပ်လေးများ

လူသားတိုင်း အတွက် နှလုံးအိမ်ဟာ အချို့အတွက် သိသိသာသာ အာရုံခံနိုင်တာ ရှိပေမယ့် အချို့အတွက် အာရုံခံနိုင်စွမ်း ရှိချင်မှ ရှိတယ်။ ဘာလို့ဆို တစ်ချို့က အိပ်ပျော်နေပြီး၊ တစ်ချို့ အတွက်သာ နိုးကြားနေလို့ ဖြစ်ပါတယ်။ စိတ်ပိုင်းဆိုင်ရာ ကျန်းမာနေတဲ့သူ ၊ စိတ်ပိုင်း ဆိုင်ရာ ချို့တဲ့ နေသူတွေကလည်း မျက်မြင်လောကမှာ ရောပြွန်းနေတယ်။

ဒါ့ကြောင့် – လူတစ်ဦးအတွက် မိမိ ရဲ့ အာရုံဖွံ့ဖြိုးမှု အား အစွမ်းဟာ မိမိရဲ့ အသိအမြင် ကြည်လင်မှု ပေါ်မှာသာ မူတည်နေတယ်။ အဲ့ဒီ အကျင့်အကြံ ၊ သိမြင်မှု အားအစွမ်း အတိုင်းသာ – ၎င်းရဲ့ နှလုံးအိမ်ဟာ ဖွံ့ဖြိုး မှု ရှိတယ်။ ပန်းလေး တစ်ပွင့်နဲ့ တူတယ်။ ရေခံ မြေခံ၊ သဘာဝ အား အဖြည့်ခံတွေ တောင့်တင်း ကြည်လင်နေနိုင် မှသာ အသာယာ ဆုံး ပွင့်လန်း နိုင်တယ်။ လေဒဏ် နေဒဏ်တွေကြောင့် ထိုက်သင့် သလောက် ဖူးပွင့်ခွင့် မရဘဲ ကြွေလွင့် သွားတဲ့သူတွေ ဒုနဲ့ဒေး ရှိကြပါတယ်။

ဒါပေတဲ့ အားလုံးမှာ တူညီနေတာ ရှိတယ်။ အဲ့ဒါကတော့ ဘဝရဲ့ ဖွင့်ဆိုရှင်းပြနေတဲ့ အသံ ပဲ ဖြစ်ပါတယ်။ ဘဝဟာ ကျနော်တို့ အားလုံး အပေါ် ညီတူညီမျှ ဖွင့်ဆို ပြထားတယ်။ ကျနော်တို့ ရဲ့ ခဏတိုင်းမှာ အညီအမျှ စီးဆင်းပေးနေတယ်။ သူ့ရဲ့ စီးဆင်းဖြတ်သန်း သွား တဲ့ နှုန်းဟာ အတူတူပဲ။ ကျနော်တို့ တွေမှာ မတူညီကြရခြင်းဟာ အဲ့ဒီ ဘဝအပေါ် သိမြင်မှု ရှိခြင်း၊ မရှိခြင်း အပေါ်မှာသာ မှီတည်နေ ပါတယ်။

ကောင်းကင်ယံမှာ သာနေတဲ့ လကလေး နဲ့ တူပါတယ်။ လသော်တာ ဟာ တစ်ခါတစ်ရံ မှာ တခြမ်းပဲ့လေး လည်း ဖြစ်နိုင် ပါတယ်။ ပြည့်ချင် လည်း ပြည့် နေနိုင်တယ်။ တစ်ခါတစ်ရံ လုံးဝ ပျောက်ကွယ် နေတာလည်း ဖြစ်နိုင် တယ်။ ကျနော်တို့ ရဲ့ အမြင်မှာ လလေးက ပိန်လိုက် ဖောင်းလိုက်၊ ပျောက်ကွယ် သွားလိုက် ဖြစ်နေ ပေမယ့် – လရဲ့ ပင်ကိုယ် သဘာဝလေး မှာတော့ နကိုကတည်း က ပြည့်တင်း ပြီးသားပဲ။ တစ်နေရာ၊ တပါဒ မှ လျော့ပါး မသွားဘူးရယ်။ လူတွေ ရဲ့ အမြင်အာရုံ မမှီနိုင်တဲ့ အချိန်မှာ လည်း ပြည့်တင်းမြဲ ပြည့် တင်း တည်ရှိနေတယ်။ ဟုတ်တယ်ဟုတ် ? ။ ကျနော်တို့ရဲ့ ဘဝ သံစဉ်ဟာ အဲ့ဒီ လကလေးနဲ့ အပြည့်အဝ တူညီပါတယ်။ တစ်ခါတစ်ရံ ဝင်းထိန်အောင် သာနေပေမယ့် – တိမ်သလ္လာ ကွယ်လို့ မှောင်နဲ့ မည်းမည်းသာ တဝဲ လည်လည် ဖြစ်နေ ရတာမျိုး ရှိနေရတယ်။

ကျနော်တို့ ရင်ထဲက တိမ်သလ္လာတွေကို ဘယ်လိုဖယ်မလဲ။ အားလုံးမှာ ညီတူညီမျှ ဝင်းကြည်နေတဲ့ လကို ကျနော်တို့ ဘယ်လိုမြင် ရမလဲ။ ဒီ အမြင်ရရှိဖို့ တိမ်သလ္လာဖယ်ရှားတဲ့ အဖြစ်ဟာ ဆူဖီ ဆရာတွေရဲ့ လမ်းမှာ အရေးပါတဲ့ အရာတစ်ခု ဖြစ်ပါတယ်။ မိမိ အတုအယောင် ( ဝါ) မိမိရဲ့ အတ္တ ( နာ့ဖ် ) (ဝါ) false self ဟာ တိမ်သလ္လာလို့ ဆိုရင် အဲ့ဒီ တိမ်သလ္လာကို ဖယ်ရှားနိုင်ဖို့ ဟာ ဆူဖီ ဆရာများရဲ့ အကျင့်အကြံမှာ ပါဝင်ပါတယ်။ ဆရာတွေရဲ့ စိတ်နှလုံးဟာ အဲ့ဒီ အတ္တနဲ့ ပိတ်လှောင်နေရာ က ရုန်းထွက် ဖို့ အဲ့ဒီ အကျင့်အကြံတွေနဲ့ လုံးပန်း တယ်။

Read more of this post

Oh! God.

ဘုရားသခင် သည် နေ့လည်း ဖြစ်သည်။ ညလည်း ဖြစ်သည်။
ဆောင်းလည်း ဖြစ်သည်။ နွေလည်း ဖြစ်သည်။
စစ်မက် လည်း ဖြစ်သည်။ ငြိမ်းချမ်းရေးလည်း ဖြစ်သည်။
ခြိုးခြံခြင်း လည်း ဖြစ်သည်။ အလိုရမ္မက် ရှိခြင်းလည်း ဖြစ်သည်။

ပင်လယ်ရေသည် တစ်ချိန်တည်း တွင်ပင် ကြည်လင်လျက် နှင့် နောက်ကျိ၏။
ငါး သတ္တဝါတို့ အတွက် သောက်သုံး စေနိုင်၍ ကျန်းမာအောင် စောင့်ရှောက် နိုင်သကဲ့သို့
လူတို့ အတွက် သောက်သုံး မရနိုင်အောင်ပြု၍ မရဏကို ဖန်တီးပေးတတ်၏။

နေ့နှင့်ည၏ သဘာဝကား ဧက၊ တစ်ခုတည်းသာ တည်း။
အထက်တက်ခြင်း၊ အောက်နိမ့်ခြင်းတို့သည်လည်း တစ်မျိုး၊ တစ်ခုတည်းသာတည်း။

အိပ်ပျော်သူများ သည် ( တစ်နည်းအားဖြင့် ) နိုးကြား နေကြသူများပင် ဖြစ်၍
လောကဓာတ် အတွင်း ကြိုးပမ်းဆောင်ရွက်နေကြသူများ ဖြစ်၏။

စက်ဝိုင်းတစ်ခု ကဲ့သို့ပင်
အစ နှင့် အဆုံးသည် ထပ်တူညီ နေကြရ၏။

Heraclitus
The Hidden Harmony


Then God said, “Let us make man in our image, in our likeness, and let them rule over the fish of the sea and the birds of the air, over the livestock, over all the earth, and over all the creatures that move along the ground.” So God created man in his own image, in the image of God he created him; male and female he created them.

ဘုရားသခင် ( God ) ဆိုတာ ပုဂ္ဂိုလ် တစ်ဦး တစ်ယောက် မဟုတ်ပါဘူး။ ဘုရားသခင် ကို ပုဂ္ဂိုလ် တစ်စုံတစ်ဦး အဖြစ်နဲ့ ကျနော်တို့ လူတွေ အမြဲတစေ ယူဆ တတ်ကြလွန်းလို့ – ကမ္ဘာမှာ ပြဿနာပေါင်း သောင်းခြောက်ထောင် ကြုံနေရတယ်။ ဘုရားသခင် အခြေပြု -ဘာသာ တရား လေ့လာတဲ့ Theology ဘာသာရပ် ကနေ– ခွဲခြမ်း စိတ်ဖြာ ထုတ်ပေးလိုက်သမျှ မေးခွန်းပုစ္ဆာ ပြဿနာတွေ အားလုံးဟာ– အဲ့ဒီ အသုံးမကျတဲ့ သင်ခန်းစာ တွေ ချည်းပဲ ဖြစ်ပါတယ်။ သူတို့ရဲ့ အရင်းအမြစ်က – ဘုရားသခင်ကို ပုဂ္ဂိုလ်တစ်ဦး အဖြစ် မှတ်ယူ နေလို့ပဲ။

ဘုရားသခင်ဟာ ပုဂ္ဂိုလ် တစ်ဦး မဟုတ်ဘူး။ ဖြစ်လည်း မဖြစ် နိုင်ဘူး။ – ဒီအချက်ကို နက်နက်ရှိုင်းရှိုင်း မြင်သာ နိုင်ဖို့ လိုလိမ့်မယ်။ ဥပမာ ပြောကြည့် မယ်။ ဂျူး၊ ခရစ်ယာန်၊ မိုဟာမက်ဒင် စတဲ့ ဘာသာဝင် တွေ အဖြစ် ကြီးပြင်း လာသူ တော်တော် များများဟာ ဘုရားသခင် ကို ပုဂ္ဂိုလ်တစ်ဦး အဖြစ် ခံယူ ထားတတ် ကြတယ်။ ခံယူ ထားတတ်ကြတာ များတယ်။ ဘုရားသခင် ဆိုတာ ပုဂ္ဂိုလ် မဟုတ်ဘူး ဆိုတဲ့ အကြောင်း လက်ခံနိုင်ဖို့ တော်တော် ခဲယဉ်းတယ်။ လူပုံစံ အဖြစ်၊ ပုဂ္ဂိုလ် အဖြစ် ဘုရားသခင်ကို တွေးထင် ကြမယ့် အမြင်ဟာ တကယ်က – အတ္တ ဗဟိုပြုတဲ့ အမြင်၊ လူသား ဗဟိုပြုတဲ့ အမြင် သာ ဖြစ်ပါတယ်။ သမ္မာကျမ်းစာ မှာ -“ဘုရားသခင်ဟာ သူနဲ့ ပုံစံတူ အဖြစ် လူသားကို ဖန်ဆင်းတယ်” လို့ ဖော်ပြထားတာ ရှိတယ်။ နို့ပေမယ့် တကယ့် လက်တွေ့မှာ ပြောင်းပြန်ပဲ ဖြစ်နေပါတယ်။ လူတွေ ကသာ သူတို့နဲ့ ပုံစံတူ အဖြစ် ဘုရားသခင် ကို ဖန်တီး နေကြတယ်။ လူတွေ ဆိုတာ ကလည်း အမျိုးမျိုး ကွဲပြား နေတယ် ။ ဒါ့ကြောင့် ကမ္ဘာမှာ ဘုရားသခင် အမျိုးမျိုး -အမြောက် အမြား ပေါ်ပေါက် လာရတော့တယ်။

Read more of this post

မုဒုစ

မုဒု – ဆိုတာဟာ နူးညံ့ပျော့ပျောင်းခြင်း၊ ကြည်လင်ခြင်း၊ ရှင်းလင်း နေခြင်း ဖြစ်ပါတယ်။ မေတ္တာတရား ကို အမှန်စင်စစ် ပွားများနိုင်ဖို့ လိုအပ်တဲ့ အရည်အချင်း တစ်ရပ် ပါ။ ဒါပေမယ့် မုဒု – ကို နာခံလွယ်ခြင်း လို့လည်း ခေါ်ဆို နားလည် ကြတယ်။ တကယ်တော့ အတူတူ ပါပဲ။

မုဒု ဆိုတာကို ဒီထက် ပို ရှင်းအောင် ပြောရင် – စိတ်ကူး၊ အတွေး ဘာမှ မရှိတဲ့ ဖြစ်ရပ် အခြေအနေ ပါ။ ခင်ဗျားရဲ့ သန္တာန်မှာ အတွေးတွေ၊ ခံစားချက် တွေ အကုန်အစင် ဖယ်ရှား ထားပြီးပြီ ဆိုတဲ့အခါ ၊ သိစိတ် အစဉ် တစ်ခုလုံး ရှင်းသန့်သွားတဲ့ အခါ အဲ့ဒီ အခြေအနေ ကို မုဒု လို့ ခေါ်ပါတယ်။ စင်စစ် မုဒု ဟာ မြင့်မြတ်ရာကို ဝင်ရောက်နိုင်တဲ့ တံခါး ပေါက် ဖြစ်ပါတယ် ။ စိတ်အစဉ် အသွင် သဏ္ဍာန် တွေကို ဖြုတ်ချပြီး ဖြစ်တည် ရုံမျှ ဖြစ်တည်နေပါစေ — မုဒု ကို ခင်ဗျား သိရှိရ ပါလိမ့်မယ်။

ဆင်ခြင် အတွေးတွေ ၊ ခံစားချက်တွေ နဲ့ ရှိနေစဉ်မှာ ခင်ဗျားဟာ လက်ရှိ ပိုင်ဆိုင်ထားတဲ့ ခင်ဗျား အဖြစ်ကနေ အဝေးကြီးကို ရောက်နေတယ်။ ခင်ဗျား ပိုပြီး တွေးခေါ် စဉ်းစားလေ ၊ ခင်ဗျား ဖြစ်တည်ချက် ကနေ ပိုပိုပြီး ဝေးသွားလေပဲ။ ခင်ဗျား အတွေးစဉ်ကို တစ်ခုချင်း ဖယ်ဖျက်ချ ကြည့်ပါ၊ ခံစားချက်တွေကို ဖြေလျော့ ကြည့်လိုက်ပါ၊ အခုလက်ရှိ ဖြစ်တည်နေတဲ့ ဖြစ်စဉ်လေး ကိုသာ ခင်ဗျား ကိုယ်တိုင် တည်တည်ငြိမ်ငြိမ် တွေ့ရပါ လိမ့်မယ်။ အဲ့ဒီ အချိန်မှာ ခင်ဗျား ဘာကိုမှ တွေးခေါ် မနေတော့ဘူး၊ ခင်ဗျား စိတ်မှာ ဘယ် စကားလုံး၊ ဘယ် ပုံရိပ်မှ ရှိမနေဘူး။ ခင်ဗျားဟာ ခင်ဗျား အဖြစ်သာ အထီးတည်း ကြွင်းကျန်ရစ် နေပါတယ်။

ဒါ့ကြောင့် – ခင်ဗျား ဦးနှောက် အတွင်း သယ်ဆောင် နေသမျှ ဝန်ထုပ် အားလုံး ဖြုတ်ချသွားတာကို မုဒု လို့ ရိုးရိုးရှင်းရှင်း သတ်မှတ်နိုင်တယ်။ ဝန်ထုပ်တွေ ခင်ဗျားမှာ ရှိနေတယ်။ အဲ့ဒီ ဝန်ထုပ်တွေဟာ ခင်ဗျား အတွက် တကယ်တော့ အကျိုးမဲ့တွေချည်း ဖြစ်ပါတယ်။ ခင်ဗျား အတွေးစဉ် တွေက အတိတ်တွေကို ပြန်ခေါ်ယူနေမယ် ဆိုပါစို့။ အတိတ် အကြောင်းတွေ၊ အတိတ် ပုံရိပ်တွေ၊ ပြီးခဲ့တဲ့ မနေ့က၊ မနက်က၊ မနှစ်က၊ ဟိုး လွန်လေပြီးသော အခါက- စသဖြင့် – ခင်ဗျား အာရုံကျရာ ပုံရိပ်တွေဟာ ခင်ဗျား အခု ဒီစာ ဖတ်နေစဉ်မှာပဲ ခင်ဗျားခေါင်းထဲ၊ ခင်ဗျားရဲ့ အတွေးစဉ် ထဲကို တစ်ဝဲလည်လည် ဝင်ရောက်လာကြမယ်။

အဲ့ဒီ အတိတ်ဆိုတာဟာ စင်စစ် ဘာမှ အသုံးမဝင်တော့တဲ့ ဖြစ်စဉ်တစ်ခုပဲ ။ အဲ့ဒီ ဖြစ်စဉ်က ဖြစ်ပျက် ပြီးနေပြီးသားပဲ ။ အသစ် တစ်ကြိမ် ထပ်တူ ကျအောင် ဘယ်လိုမှ မဖြစ်နိုင်တော့တဲ့ သဘောတစ်ခု သက်သက်ပဲ ဖြစ်ပါတယ် ။ အခု ကျနော် ပြောတာကို ခင်ဗျား အလွယ်တကူ ခေါင်းညိမ့် နိုင်ပါလိမ့်မယ် ။ ဘာလို့ ဆို ခင်ဗျား ဒီလို စကားလုံးမျိုး အထပ်ထပ် ကြားဖူးခဲ့လို့ပါ။ ကျနော် ဆိုလိုတာက – တကယ် အသုံးမကျတာကို သိရင် – အဲ့ဒီ အတွေးတွေ ခင်ဗျား တကယ်စွန့်ပစ်နိုင်လား ။ စင်စစ် ခင်ဗျား မစွန့်လွှတ် နိုင်ဘူးရယ်။ အတွေး ပုံရိပ်တွေ၊ ခံစား ခဲ့သမျှတွေကို ခင်ဗျား တဝဲလည်လည် သိမ်းပိုက် ယူနေဦးမယ်။ ခင်ဗျား အဲ့ဒီ အပေါ် သာယာ နေဆဲ ဖြစ်ပါတယ်။ တကယ်လည်း ပြန်မရနိုင်တော့ဘူး ဆိုတာ သိရက်နဲ့ ခင်ဗျား ဆွဲခေါ် ထားနေတုန်းပဲ။ ခင်ဗျား ထင်မြင် ယူဆထား တဲ့ “မှတ်ဥာဏ်” ဆိုတာကြီး အထဲမှာ ခင်ဗျား အထပ်ထပ် ရိုက်ထည့် သိမ်းဆည်း ထားနေတုန်းပဲ။

ဘာဝနာကို ထုံမွှမ်းထားကြည့်ရင် မြင်နိုင်တာက – စိတ်ဆိုတာ ဟာ တစ်ကြိမ်မှာ တစ်ခုပဲ လုပ်နိုင် ပါတယ်။ အဲ့ဒါဟာ ဘယ် သတ္တဝါ မဆို အတွက် မှန်ကန်နေတဲ့ သဘော တစ်ရပ် ဖြစ်ပါတယ်။ ဒါပေမယ့် စိတ်ရဲ့ ဖြစ်ပျက်နိုင်စွမ်းဟာ လိုက်မမှီ လောက်အောင် လျင်မြန်တယ်။ အဲ့ဒါကြောင့် ခင်ဗျားဟာ တစ်ကြိမ်တည်းမှာ အများကြီး အာရုံ ခံစား နိုင်တယ် လို့ ထင်နေတယ်။

Read more of this post

ဆုတောင်း ဘာဝနာ

Question: ကျနော် ဘုရားသခင်ဆီမှာ ဆုတောင်းချင်တယ်။ ဘယ်လို ဆုတောင်းရမလဲ ပြောပြနိုင်မလား။

Answer : ဘုရားသခင် က သူ့ပြဿနာ နဲ့ သူ ရှုပ်နေမှာပါဗျ။ ကျနော့ အနေနဲ့ ပြောရရင် တော့ – ခင်ဗျား သူ့ကို သွား မနှောင့်ယှက် လိုက်ပါနဲ့ ။ သူ ဖန်ဆင်း ခဲ့တဲ့ သူတွေ တစ်ဖြုတ်ဖြုတ် သေနေ ကြတာ ခင်ဗျား မြင်တွေ့ နေရတယ် မဟုတ်လား။ အဲ့တော့ ခင်ဗျား ပြဿနာကို ခင်ဗျား ပဲ ဖြေရှင်းတာ အကောင်းဆုံးပါ။ ဘာလို့ သူ့ဆီမှာ သွားပြီး ဆုတောင်း နေမလဲ။ ဘုရားသခင်က ခင်ဗျား ဆုတောင်းတွေ ကို မလိုအပ်ဘူးရယ်။ တကယ်တမ်း အဲ့ ဆုတောင်းတွေ ကို လိုလား နေတာက – ခင်ဗျား ပါ။ ခင်ဗျား က ခင်ဗျားရဲ့ ဆန္ဒတွေကို အသံနဲ့ ထုတ်ဖော် ပြောပစ် လိုက်ချင်တာ။ ခင်ဗျားရဲ့ လိုအပ်ချက်တွေ၊ ခင်ဗျားရဲ့ မကျေနပ်ချက် တွေ ၊ ခင်ဗျားရဲ့ ကွန်ပလိန်းတွေ ( Complains ) – အဲ့ဒါတွေကို စကားလုံး စီပြီး ဖွင့်ထုတ် ပစ်လိုက် ချင်တာ။ ဒါဟာ လူတွေက “ဆုတောင်း” ဆိုပြီး အမည် ပေးထားတဲ့ အရာတွေပဲ ဖြစ်ပါတယ်။ “ဒီလို ကိစ္စ ကတော့ ဖြင့် ဒီလို မဖြစ်သင့် ပါဘူးဗျာ” ဆိုတဲ့ ကွန်ပလိန်းတွေ တစ်ခုပြီး တစ်ခု၊ တစ်ခုပြီး တစ်ခု၊ ခင်ဗျား ရွတ်မယ်။ ခင်ဗျား ရွတ်တဲ့ အဲ့ဒီ စကား တွေ က ဆုတောင်း တွေ နဲ့ အတူတူ ပါပဲ။ ဒီလိုမှ မဟုတ်ဘဲ ခင်ဗျားက ဘုရားသခင်ကို ကူညီချင်တာ သက်သက်ပါ ဆိုရင်တော့ ဒီထက် လိမ္မာ ပါးနပ်တဲ့ နည်းကို သုံးရပါ လိမ့်မယ်။

ဆုတောင်း ဆိုတဲ့ စာသား စကားတွေ ဖယ်ပစ်လိုက်ပါ။ အဲ့ဒါတွေက မလိုအပ်ဘူး။ တကယ် လိုအပ်တာက ဘုရားသခင်နဲ့ ဘယ်လိုမှ မသက်ဆိုင်တဲ့ ဘာဝနာ ပဲ ဖြစ်ပါတယ်။ ဘာဝနာ ကသာ ခင်ဗျားကို ပုံပြောင်း ယူတယ်။ သူ့မှာ ဘုရားသခင် ဆိုတဲ့ နာမည် မပါဘူး။ နောက်ပြီး ဒီနေရာမှာ ကြုံတုန်း ပြောရရင် – ဘုရားသခင် လို့ သုံးစွဲနေတဲ့ ခင်ဗျား ကိုယ်တိုင် ဘုရားသခင် ကို မသိပါဘူး။ “ဘုရားသခင်” ဆိုတဲ့ ဝေါဟာရ မသုံးဘဲ မသိကိန်း X, Y, Z စသဖြင့် တစ်ခုခု သုံးမယ် ဆိုပါတော့ ။ ဘယ်လိုပဲ ပြောင်းသုံးသုံး – အဲ့ဒီ မသိတဲ့ တစ်ခုခု ကို ခင်ဗျား ဘယ်လို သွားပြီး ဆုတောင်းမလဲ။ ခင်ဗျား ဘုရားသခင် ကို ဆုတောင်း တဲ့အခါ ဘယ် ဘာသာစကားကို သုံးပါသလဲ။ God လား၊ ဘုရားသခင်လား၊ အခြား တစ်ခုခု လား။ ဘယ်လို သုံးသုံး- ခင်ဗျား ဘုရားသခင်ကို မသိဘူး။ ပြောတတ်ကြတဲ့သူ အချို့ ရှိတယ်။ “ဘုရားသခင် ကို ဆုတောင်းနေခြင်း အားဖြင့် သင်တို့သည် ဘုရားသခင်ကို တဖြည်းဖြည်း သိမြင် လာကြပါမည်” ဆိုတဲ့ စကား ရှိတယ်။ ဒါပေမယ့် “ဆုတောင်း” ဆိုတဲ့ စကား အတိုင်း – ခင်ဗျား တကယ် သိမှသာ တောင်းလို့ ရမှာ ဖြစ်ပါတယ်။ ခင်ဗျား တစ်ခုခုကို အရင်သိပြီးမှ အဲ့တစ်ခုခု ဆီက ခင်ဗျား လိုချင်တာ တောင်းနိုင်မယ်။ ဥပမာ – ခင်ဗျား မမြင်ဖူး မသိဖူး တဲ့ သူတစ်ယောက်ကို ခင်ဗျား ချစ်ဖူး သလား။ – မချစ်ဖူးပါဘူး။ ခင်ဗျား တကယ် မြင်တွေ့ဖူး၊ သိဖူးမှ ချစ်လို့ ရပါတယ်။ အဲ့ဒီလိုပဲ ကျနော် တို့ မမြင် မသိရတဲ့ ဘုရားသခင် ကို ကျနော်တို့ ဘယ်လို ကြိုပြီး ချစ်နေ နိုင်မလဲ။ ဘယ်လို သွားပြီး ဆုတောင်း နေမလဲ။ စင်စစ်တော့ ကျနော်တို့ စိတ်ထဲ တင်းကျပ် နေတာကို စကားလုံးတွေ သုံးပြီး ဖွင့်ထုတ် ပစ်ဖို့ပဲ မဟုတ်လား။

ဘာဝနာ ကတော့ ရှုထောင့် အမြင် လုံးဝ ကွဲပြား သွားပါတယ်။ ကဗီရ် ကလည်း ဘာဝနာကို ပဲ လမ်းညွှန်ပြလိမ့်မယ်။ Read more of this post