~ ဘယ ကင်းမှ ဘဝ သည် သက်ဝင် ၏ ~


ဘဝ ကို ပြည့်ဝစွာ ရှင်သန်နေထိုင်လိုသူ တို့တွင် – စွန့်လွှတ် စွန့်စားခြင်းသည် မရှိမဖြစ် ပါဝင်သော အရည်အသွေး တစ်ခု ဖြစ် သည်။ ဘဝကို ပြည့်ဝစွာ ရှင်သန်ခြင်း ဟူသည် အဘယ်နည်း ဟု မေးရပါလိမ့်မည် ။ စင်စစ် ၎င်း ပြည့်ဝ ရှင်သန်နေခြင်း ဟူ သည် – ဘာသာ တရား နှင့် ထုံမွှမ်းနေခြင်း သာ ဖြစ်၍ သစ္စာ လည်း မည်သည်။ မြင့်မြတ်မှု လည်း မည်သည်။

လက်ရှိ ဘဝကို စေ့စပ် သုံးသပ်ကြည့်လျှင် ဤဘဝ ခဏ သည်ပင် ကြီးမားသော စွန့်လွှတ် စွန့်စားမှု ဖြစ် ၏။ ဤသည် ကို နားလည် ရန် လိုပါသည်။

လူအများ သည် မိမိတို့ မှီတွယ်ရာ ကျဘမ်းအာရုံတို့ ၏ အဖြစ် ကို စွဲလမ်းသည်။ တွယ်ငြိသည်။ သို့ဖြစ် ၍ ကြောက်ရွံ့မှု ရှိ သည်။ ယုတ္တိ ဆင်ခြေ အများ ရှိသည်။ ပြုပြင် ဖာထေးမှု ဖြင့် မျက်ကွယ်ပြု နေသည်များ ရှိသည်။ ယင်းတို့၏ အလွန် – ဟိုမှာ ဘက်ခြမ်း ကို အနည်းငယ် မျှ ကျော်ကြည့် ရန်၊ မျှော်ကြည့်ရန် မဝံ့ရဲ။ စိတ်ကူး အတွေး တို့၏ အလွန် ကို၊ ယုတ္တိ ဆင်ခြေ ဆင်လက် တို့၏ အလွန်ကို အနည်းငယ်မျှ ကန့်လန့်ကာ လှပ် မကြည့်ရဲ။ မိမိ စိတ်အတွင်းမှာ တင် နေ၍၊ မိမိ စိတ်အတွင်းမှာ တင် ပျော်မွေ့ တတ်၏။ မိမိ စိတ်၏ အချယ်လှယ် ကို ခံ၍၊ မိမိ စိတ်သန္တာန် သည် သာ မိမိကိုယ်တိုင်၏ သင်္ချိုင်းဂူ ဖြစ်ရ သည်။ ကြောက်ရွံ့မှု သည်သာ မိမိ ၏ နေရာဌာန အိမ် ဖြစ်ရ သည်။

ယင်း သင်္ချိုင်းဂူ ၊ ဌာနအိမ် မှ ထွင်းဖောက် ထွက်လာ ခဲ့ရန် လိုပါသည်။ မိမိ စိတ်သန္တာန် ၏ အနက်ရှိုင်း ဆုံး ဆီသို့ တိုးဝင်ခြင်းဖြင့် – ယင်း ဌာနေ အိမ်ကို ဖြိုဖျက် ပစ်နိုင် သည်။ ထိုအခါ မိမိ အလို ကို လည်းကောင်း၊ ရမ္မက် အာသာ တို့ကို လည်းကောင်း ထွင်းဖောက် လာ သည့်နောက် တွင် – မိမိ ကြောက်ရွံ့မှု၊ အကြောက် တရား နေအိမ် သည် တစ်စစီ ပြိုကွဲ ထွက်လာရတော့သည်။ စင်စစ် ကြောက်ရွံ့မှု နှင့် အလို ရမ္မက် တို့သည် စက္ကူတစ်ရွက်၏ ကျောချင်းကပ် မျက်နှာစာ များသာ ဖြစ် ၍ တစ်ခု ပြိုပျက် လျှင် တစ်ခုလည်း ပျက်သုဉ်း ပြီး ဖြစ်၏။

ကြောက်ရွံ့မှု ပြေပျောက် သည့် အခါ – ဘဝ၏ လှပသော ရှင်သန်မှု သရုပ်သည် စတင် အသက်ဝင်ပါ၏။ ဤသည်ကို ဆရာ တို့က – “Life begins where fear ends” – “ကြောက်ရွံ့မှု ကင်းသည့် အခါမှ – ရှင်သန်မှု စင်စစ် စတင်၏” ဟု မိန့်ဆိုကြ ၏။ Read more of this post

မျှော်လင့်ချက် (ဝါ) ပန်းတိုင် သည် ရှင်သန်ရန် အကြောင်း မဟုတ်

ဘဝ (ဝါ) ရှင်သန်နေမှု ဟူသည် မည်သည့် ပန်းတိုင်သို့မျှ ဦးတည် သွားနေခြင်း မဟုတ်။ မည်သည့် ပန်းတိုင် ကမျှ ဘဝ ကို ရှေ့ဆောင် မောင်းနှင် ထားသည် မဟုတ်ပေ။

ဤသည်ကို သိရှိ နားလည် ပါလျှင် ဘဝ ကျရာ ခြေလှမ်း တိုင်းကို “ကြောက်ရွံ့မှု၊ စိုးထိတ်မှု” ကင်းစွာ လျောက် လှမ်းနိုင် ကြောင်း မြင် သိရမည် ဖြစ်သည်။

စင်စစ် “ဘဝတွင် ကျရှုံးမှုများ ချည်းသာ” ဟု ထင်မြင်၍ စိတ်နှလုံး ညှိုးငယ်နေသူ သည် ဘဝ၌ ပန်းတိုင် တစ်ခု ထားရှိ၍ ဦးတည် သွားခဲ့ ဖူးသူ၊ သွားနေသူ သာ ဖြစ်သည်။ သို့သော် – ဘဝ သည် အောင်မြင်မှု လည်း မဟုတ်၊ ရှုံးနိမ့်မှုလည်း မဟုတ် ကြောင်း သိရန် လိုပါသည်။ ဘဝ သည် “ရှင်သန်မှု၊ အပြည့် အဝ နေထိုင် ကြည်လင်နေမှု” သာ ဖြစ်သည်။

ထိုအခါ – မိမိ ရရှိသည့် ယခုခဏ သည် – “ယခု ခဏ” အတွက် သာ ဖြစ်သည်။ မည်သည့် အနာဂတ် တစ်နေရာကိုမျှ ဦးတည် မနေပေ။ ဆန္ဒ ရှိသော ပန်းတိုင် တိုင်းသည် အနာဂတ် အချိန်ကို လိုအပ်သည်။ စင်စစ် မိမိတို့ ရရှိနေသည်မှာ – ယခု ခဏ – သာ ဖြစ် ပါသည်။ လက်ဝယ် ရရှိထား သည့် “ယခုခဏ” ကို မရောက် လာသေးသည့် နောက် “တခဏ” အတွက် မစတေး၊ မချေဖျက်၊ မဖယ်ရှား သင့်။

Read more of this post

တစ်ခုတည်းရဲ့ နှစ်ဖက် မျက်နှာစာ

အခုတလော သတင်းတွေမှာ တရုတ်တွေရဲ့ “ဘယ်သူသေသေ ငတေမာ ပြီးရော” ဇာတ်လမ်းတွေ မကြာခဏ ကြားနေ မိပါ တယ်။ မြစ်ဆုံ ဆည် ကိစ္စက စလို့ – ပတ်ဝန်းကျင် ထိန်းသိမ်းရေး ကိစ္စ အပါအဝင် တိဗက် အရေးအခင်း များ အထိ – မြင်နေ ရတယ်။ တိုးတက် လာတဲ့ သိပ္ပံ အမြင်တွေ မှာ တရုတ်ပြည်ဟာ Crisis ဖြစ်ပါတယ်။ သူတို့ လူမျိုးကို အသည်း အသန် ကာကွယ် ဖို့ အခြား လူမျိုး ကို ဂရုမစိုက်ဘူး ဆိုတဲ့ အကြောင်း အထင်သာဆုံး နဲ့ အမြင်သာဆုံး ရှိတယ်။ ဝင်ရောက် ချယ်လှယ် သမျှ ပေါ်ပေါ်ထင်ထင် မြင်ရတယ်။ သတ်ဖြတ် ဖို့ လက်မတွံ့တဲ့ စိတ် အပြည့်အဝ ရှိတယ်။ ကလိမ်ကျ သွေးစုတ် ဖို့ စိတ်ရော မာန်ပါ ရှိနေပါတယ်။ ကျနော် ပြောတာ လွန်များ လွန်နေသလား။

စင်စစ် ဒါဟာ သူတို့ လူမျိုး မှ မဟုတ်ဘူး။ အခြား လူမျိုးတွေမှာလည်း ရှိပါတယ်။ တရုတ်ပြည်ဟာ သိသိသာသာ ပေါ်လွင် နေတာ သက်သက်။ စင်စစ် ကျနော် ဒီလူမျိုးရေး အကြောင်း နိုင်ငံရေး အကြောင်း တွေ ပြောဖို့ မဟုတ်ဘူး ရယ်။ သူတို့ ဘာလို့ ဒီလို စိတ်ရော မာန်ပါ ရုပ်ပျက် ဆင်းပျက် ဖြစ်နေကြရပါသလဲ။

အဓိက အကြောင်းရင်းကို စိစစ်ရင် သူရို့ မျိုးနွယ် ပျက်ဆီးမှာ၊ သူရို့မျိုးနွယ် မတည်တံ့မှာ၊ သူတို့ စည်းစိမ် ပျက်ယွင်း မှာ ကြောက်ရွံ့ လို့ ပဲ ဖြစ်ပါ တယ်။ အဲ့ဒီ ကြောက်ရွံ့စိတ်ကပဲ သူတို့အတွက် ကိုယ်ကျင့်တရား အမြင် ပျောက်ဆုံး သွားစေပါတယ်။ ယုတ္တိဗေဒ အတွေးစဉ် ကို ကမောက်ကမ ဖြစ်အောင် လုပ်တယ်။ နိုင်ငံတကာ အသိုင်းအဝိုင်းမှာ အများပြည်သူ တို့ အမြင် ပုံဆိုး ပန်းဆိုး ဖြစ်နေ ပါလိမ့် မယ်။ အလားတူ ကျနော်တို့ နိုင်ငံ အတွင်းမှာ ဖြစ်ကြတဲ့ ပြည်တွင်း ပဋိပက္ခပေါင်းစုံနဲ့ နိုင်ငံရေး ပါတီ အချင်းချင်း မကျေလည်မှု အငြင်းပွားမှု၊ သတ်ဖြတ် အပြစ်ပုံချမှု တွေ ဟာလည်း အဲ့ဒီ ကြောက်ရွံ့မှု တွေ ကပဲ အရင်းခံ လာတာ ဖြစ်ပါတယ်။

တကယ် စင်စစ် အဲ့ ကြောက်ရွံ့မှု အားလုံးဟာ ပျက်သုဉ်ခြင်း တရား (ဝါ) သေခြင်းတရားကို အကြောက်အကန် ငြင်းဆန် လိုစိတ်မှာ အရင်းခံ နေတယ် မဟုတ်လား။ လူအရှင်လတ်လတ် သေဆုံးမှ “သေတယ်” လို့ ကျနော် မယူဆဘူး။ သေခြင်း တရား ရဲ့ အနက်ဟာ ပျက်စီးခြင်း၊ ပျက်သုဉ်းခြင်း ကိုလည်း ညွှန်းဆိုပါတယ်။ လူကိုယ်တိုင် သေချင်မှ သေသွားလိမ့်မယ်။ ပျက်ဆီး ပျက်သုဉ်း သွားတာ ကိုက သေခြင်း တရား ဖြစ်ပါတယ်။ ကျနော် ဒီသေခြင်းတရား အကြောင်း ပြောချင်လို့ ဒီနိဒါန်းကို အစပျိုးတယ်။

ဒါဆို – သေခြင်းတရား ဆိုတာ ဘာလဲ။ ဒီ မေးခွန်း ကို လူတိုင်း မေးတယ်။ လူတိုင်း အဖြေရှာ ပါတယ်။ အသိရှိတဲ့ လူတိုင်း သေခြင်း တရား အပေါ် ဆင်ခြင်မှု အပြည့် ရှိတယ်။ ကလေးက အစ သိနိုင်တဲ့ အရာက – သေခြင်းတရား ၊ မရဏ ဆိုတာ ရှောင်လွှဲ မရတဲ့ အရာ ဖြစ်တယ်။ သေခြင်းတရား ကိုယ်၌က ခင်ဗျား သန္တာန်မှာ ၊ ကျနော့ သန္တာန်မှာ ပြဋ္ဌာန်းပြီး ဖြစ်တယ်။ ဒါပေမယ့် ဘာကြောင့် ပြဋ္ဌာန်း ပြီး ဖြစ်ရ သလဲ။ သေခြင်း တရား ဟာ ကျနော် တို့ အတွက် ဘာလဲ ။ အဲ့ဒါတွေ ကို ကောင်းကောင်း အဖြေရှာနေ ကြဆဲပဲ။

အဖြေတွေ့ပါပြီ ဆိုသူ ပုဂ္ဂိုလ် အများကလည်း အဖြေကို ထုတ်ချပြသည့်တိုင် ဒီ မေးခွန်း အများက ဒီကနေ့ ထိ ရှိနေဆဲ၊ ဆင်ခြင် နေရ ဆဲ ဖြစ်ပါတယ်။ ဒါကို ဆင်ခြင်ရင်း ကနေ့ အထက်ပါ တရုတ်၊ မြန်မာ၊ အခြား နိုင်ငံတကာ၊ တစ်ကမ္ဘာလုံး အဖွဲ့အစည်း တွေရဲ့ Crisis အရင်း အမြစ် – အဲ့ဒီ သေခြင်းတရား အကြောင်း ကို ကျနော် လက်ဖျစ်တတွက် ဥာဏ်နဲ့ တွေးကြည့် မယ်။

သေခြင်းတရား ဟာ ဘာလို့ ပြဋ္ဌာန်းပြီး ဖြစ်ရသလဲ။ – သဘာဝ ဖြစ်လို့၊ ဓမ္မတာ ဖြစ်လို့ ဆိုတဲ့ အဖြေ က ရိုးရှင်းပါတယ်။ ကျနော့ အနေနဲ့ နောက် တစ်နည်း ဆိုရင် သေခြင်းတရား ကိုယ်တိုင်ဟာ ကျနော်တို့ရဲ့ မူလဌာနေ ဖြစ်ပါတယ်။

မိမိ ကိုယ်ကိုယ် ကြည့်ကြည့်ပါ။ ဘဝ တစ်ခု ဖြစ်တည်မှု အစပြု ရောက်ရှိ လာပြီ ဆိုကတည်းက ကျနော်တို့ သန္တာန်မှာ သေခြင်းတရားက ကပ်ညိ ပါဝင်လာပြီးသား ဖြစ်တယ်။ ဟုတ်တယ် မဟုတ်လား။ ယခု ရှင်သန် နေသမျှ အချိန် ဟာ အမည်မသိ ဗလာ သက်သက် နှစ်ခု ကြား ကာလလေး မျှသာ ဖြစ်ပါတယ် ။ ဒါ ကလည်း ဟိုဝါဒ ၊ ဒီဝါဒ မပါ – လူဗြိန်း အတွေးနဲ့လည်း ရှင်းနေပါတယ်။ ဟုတ်တယ်ဟုတ်။ စင်စစ် ဘဝ ဟာ တောင်ပံ တစ်ဖက်ဖျား က တစ်ဖက်ဖျားဆီ ငှက်တစ်ကောင် ပျံသန်း နေရသလိုပဲ။

သေခြင်းတရား ဟာ အားလုံး အပေါ် ဒီလို ပြဋ္ဌာန်းပြီးသား ဖြစ်နေတာကြောင့်လည်း ကမ္ဘာတစ်ဝှမ်းလုံး အဲ့အတွက် ပြင်ဆင် နေရ၊ လုံးပမ်း နေရတယ်။ သက်တောင့်သက်သာ ဘယ်လို သေဆုံး ရမလဲ – သေခြင်းတရား ကို ဘယ်လို ကြံကြံခံ ရင်ဆိုင်ရ နိုင်မလဲ – စသဖြင့် ဒီမေးခွန်းတွေ အတွက် ခင်ဗျား ရော၊ ကျနော်တို့ ရော တစ်ဘဝ စာလုံး ဖြည့်ဆည်း နေကြ ရတယ်။ ကျနော်တို့ ဘဝ ရှင်သန်နေ သမျှ အချိန် ရှိသမျှ၊ တစ်ခုလုံး ဟာ စင်စစ် “How to die” ဘယ်လို သေဆုံးရမလဲ ဆိုတာကို သင်ယူ နေတာ သာ ဖြစ်တယ် ။ ဟုတ်တယ် မဟုတ်လား။

ဘာသာရေး တွေ၊ အတွေးအခေါ် ပညာ တွေ၊ ဝါဒတွေ နဲ့ ဘယ်လိုပဲ အဖြေရှာ ကြိုးပမ်း ကြပါစေ – လူ့အဖွဲ့အစည်း အတွင်း သေခြင်း တရားနဲ့ ပတ်သက်လို့ အမြင်မှား ဖြစ်နေတာတစ်ခု ရှိနေတယ် ။ အဲ့ဒါကတော့ “သေခြင်းတရား ဟာ ရှင်သန်မှု ဘဝရဲ့ ရန်သူ ဖြစ် တယ်” ဆိုတဲ့ အမြင်ပဲ ဖြစ်ပါတယ် ။ အဲ့ဒီ အယူအဆ ကို မှားယွင်းနေတယ် လို့ မြင်မိကြ ပါသလား ။ ကျနော့် အနေနဲ့ ဒါဟာ အမြင် မှား ဖြစ်တယ် လို့ ဆိုချင်ပါတယ် ။ ဒီ အမြင် အမှား ကြောင့် နောက်ဆက်တွဲ အတွေး အမြင်၊ ကြံရွယ် လုပ်ကိုင်ချက် အားလုံး ဟာလည်း လိုက်လံ မှားယွင်း နေပါလိမ့်မယ်။ ဒီ အမြင်မှား ကြောင့် ငြိမ်းအေးမှု ဓမ္မ အကြောင်း ကို သိမြင်ဖို့ ရာ ခက်ခဲနေဦးမှာပဲ။ ဟုတ်တယ် မဟုတ် လား။

ခင်ဗျား ဆိုပါတော့ – သေခြင်းတရား ဟာ ခင်ဗျား ဘဝရှင်သန်မှုကို ဖျက်ဆီးပစ်တယ် – သေခြင်းတရားဟာ ခင်ဗျား ဘဝ ရှင်သန်မှု ရဲ့ ဆန့်ကျင်ဘက် ဖြစ်တယ်လို့ မြင်တဲ့ အခါ ခင်ဗျားလည်း သေခြင်းတရားကို ရန်သူ အဖြစ် သတ်မှတ် လိုက်မှာပဲ။ ဒီ သတ်မှတ် ချက် ကြောင့် သေခြင်း တရား ကို ခင်ဗျား ရင်ဆိုင်မယ် – တိုက်ခိုက် ယှဉ်ပြိုင်ဖို့ ပြင်ဆင် ပါတော့တယ်။

ဒါပေမယ့် ကြည့်ကြည့် ပါ။ သေခြင်း တရားဟာ ကျနော်တို့ နဲ့ မလွဲမသွေ တွေ့ရတဲ့ အရာ၊ ကျနော် တို့ရဲ့ မူလ ဌာနေသာ ဖြစ်ပါတယ်။ ဟုတ်တယ်ဟုတ်။ ခင်ဗျား တကယ် မနိုင်တဲ့သူ၊ ခင်ဗျား တကယ် ဖြစ်ပျက်ရမယ့် သူ ကို ခင်ဗျား အမြဲ တိုက်ခိုက် ငြင်းဆန်ဖို့ ကြိုးစား နေပါသလား ။ ဘယ်လောက်ပဲ ယှဉ်ပြိုင် တိုက်ခိုက်ပြီး ငြင်းဆန် နေပါစေ – ခင်ဗျား သေမှာက သေမှာပဲ မဟုတ်လား။ ဒါ့ကြောင့် သေခြင်း တရား အပေါ် အကြောက်အကန် ငြင်းဆန် တိုက်ခိုက်မှု ဟာ အချည်းနှီး သာ ဖြစ်နေပါတော့တယ်။ ဘာလို့ ဆို သေခြင်းတရားကို ခင်ဗျား ရှောင်လွဲ လို့ မရ နိုင်ဘူးရယ်။

ခင်ဗျားရဲ့ ပြင်ပမှာ အရာတစ်ခု ရှိမယ် ဆိုပါတော့- ဒါဆိုရင် အဲ့အရာကို ခင်ဗျား ရှောင်လွှဲသွား လို့ ရပါတယ်။ ဒါပေမယ့် သေခြင်းတရား ကတော့ ခင်ဗျား သန္တာန် အတွင်းမှာ ခင်ဗျားနဲ့ ထပ်ကြပ် ရှိနေတယ်။ ခင်ဗျား ဘယ်လို ရှောင်လွှဲ မလဲ။ ကျနော်တို့ မွေးဖွား လာတဲ့ မဆွကတည်းက သူက ကပ်ညိ ပါလာပြီးသား ဖြစ်ပါတယ် ။ ခင်ဗျား စစချင်း ဖြစ်တည် ရှင်သန် လာကာစ အသက်ငွေ့ငွေ့ စရှူချိန်ကတည်းက သေဖို့ အကြောင်း – သေခြင်းတရား ဟာ အရိပ်လို တွဲကပ် ပါရှိပြီးသား ဖြစ်တယ်။ ဟုတ်တယ် မဟုတ်လား။

ဒါ့ကြောင့် သေခြင်းတရားလို့ ကျနော် သုံးစွဲ တဲ့အခါ စင်စစ် “ဒီခန္ဓာ ချုပ်ပျက်၊ တကယ် သေဆုံး သွားတဲ့ နေ့ မှ သေတာ ဖြစ် တယ်၊ သေခြင်းတရား ဖြစ်တယ်” လို့ ကျနော် မဆိုလိုဘူး။ ခင်ဗျား ဟိုးအစကတည်းက သေခြင်း တရား နဲ့ အတူတူ ရှိနေပြီးသားပဲ ။ သေခြင်း တရား ဟာ ခင်ဗျား ဘဝ ရဲ့ တစိတ် တစ်ပိုင်း ပဲ ။ တနည်း – ခင်ဗျားရဲ့ အတွင်း အနှစ်သန္တာန် ပဲ ဖြစ်ပါတယ်။ ဟုတ်တယ် ဟုတ်။ ခင်ဗျား ရှင်သန် ကြီးထွား လာ သလို သူလည်း ကြီးထွား လာတယ်။ ခင်ဗျား သွားရာ တကောက်ကောက် အစဉ်တစိုက် လိုက်ပါ လာနေ တယ်။ သူဟာ တစ်နေ့ တစ်ချိန်မှာ အပြည့်အဝ ဖူးပွင့် သွားပါ လိမ့်မယ်။

ဒါ့ကြောင့် တကယ် သေတဲ့ နေ့မှ – သေခြင်းတရား က ရောက်လာတာ မဟုတ်ဘူး လို့ ကျနော် ဆိုပါတယ် ။ တကယ်သေ တဲ့ နေ့ ဟာ သေခြင်း တရား စွင့်ကား ဖူးပွင့်သွားချိန်သာ ဖြစ်တယ်။ Read more of this post

“ယခု” တွင် အပြစ်မရှိ

“စောင့်ကြည့်မှု၊ သတိ” ရှိနေတဲ့ အချိန်မှာ “Sin” အပြစ်လို့ ဆိုစရာ ဘာတစ်ခုမှ ရှိမနေပါဘူး။

ဟိရာကလစ်တပ်စ် ပြောခဲ့တဲ့ စကား တစ်ခွန်း ရှိတယ်။
“Man are fast asleep while awake.” “လူဟာ နိုးနေချိန်မှာတောင် အိပ်ပျော်နေတတ်တယ်။”

သူ့စကားဟာ လူတို့ရဲ့ အနက်ရှိုင်းဆုံး ပြဿနာကို ဖွင့်ဟ နိုင်စွမ်း ရှိတယ်။ ခင်ဗျား အိပ်ပျော်နေ ချိန်မှာ – အိပ်ပျော်နေတယ် – ဒါမဆန်းဘူး။ ဒါပေမယ့် ခင်ဗျား နိုးနေချိန် မှာလည်း အိပ်ပျော်နေ ပါတယ်။ ဒီစကားဟာ ဗုဒ္ဓ အကြိမ်ကြိမ် သတိပေးတဲ့ စကား ဖြစ်သလို၊ ယေရှု၊ မိုဟာမက် နဲ့ လောက်ဇူ တို့ ပြောကြားတဲ့ စကားရဲ့ အတွင်းပိုင်း အနက်အဓိပ္ပာယ်လည်း ဖြစ်တယ်လို့ ကျနော် ဆိုချင်ပါတယ်။ ခင်ဗျား အခု နိုးကြားနေတယ် လို့ ပြောမယ် ~ ဒါဟာ အပေါ်ယံ အခွံပဲရယ်။ အတွင်းပိုင်းကို နက်နက်နဲနဲ ဝင်ကြည့်ပါ။ စိတ်ကူးအတွေး၊ မျှော်လင့်ချက်တွေ ဖုံးလွှမ်းနေတဲ့ ခင်ဗျား အိပ်မက်တွေ ကို မြင်ရပါလိမ့်မယ်။ ဒါဆို ခင်ဗျား နိုးနေတာ မဟုတ်- အိပ်ပျော် နေ တာသာ ဖြစ်ပါတယ်။

တစ်ထောင့် တစ်ည အိပ်မက်ကို ခင်ဗျား အခုဖတ်နေချိန်မှာလည်း မက်နေနိုင် သေးတယ်။ အခု ဒီစာ ဖတ်နေရင်း ခင်ဗျား စိတ်သန္တာန်ကို မပြတ် စောင့်ကြည့် နိုင်ပါသလား။ တစ်ရံ မလပ် သတိမူရင်း အသိရှိ နေနိုင်ပါသလား။ အခု ခင်ဗျား လုပ်သမျှ တစ်ခဏချင်း ကို မသိရင် – ခင်ဗျား အိပ်ပျော်နေတယ် လို့ ပြောတာ မမှားဘူး မဟုတ်လား။

ဒါ့ကြောင့် စောင့်ကြည့်မှု၊ သတိ “Awareness” ဆိုတာ တခဏချင်း အပေါ် အသိ၊သတိ အပြည့်အဝ ရှိနေတာကို ဆိုလိုပါတယ်။ ခင်ဗျား အခု ဒီမှာ ရှိနေတယ် ~ ယခု တည့်တည့်မှာ စိတ်သန္တာန်၊ ရုပ်သန္တာန် လှုပ်ရှား လုပ်ကိုင်နေတယ်။ ဒါကို တခဏ မလပ် သတိမပြတ်ရင် ~ အဲ့ဒါဟာ ဘာဝနာ ဖြစ်ပါတယ်။ ယနေ့ သင်္ကြန်ကာလမှာ တရား စခန်း စသည် သွားရောက်ကြသူ များဟာလည်း ဒီအမှုကို အလေ့အထုံ ရှိကြဖို့ ဦးတည်တယ်။ ခင်ဗျား အခု ခဏ ရှိနေတဲ့ အတိုင်း သတိမပြတ် ရှိနေကြည့်ပါ။ “ဒေါသ” ဖြစ်စရာ အကြောင်းကိစ္စ ဆိုတာ ဖြစ် မလာနိုင်ကြောင်း တွေ့ ရပါလိမ့်မယ်။

Read more of this post

လေး၍ နက်သောကြောင့် ;)

Quest: အစလည်းမထင်၊ အဆုံးလည်း မရှိတဲ့ ဒီ “ဘဝ” ဟာ ဘာလို့ ဒီလောက် လေးနက်နေရသလဲ။

Osho: အခု ကျနော် အဓိပ္ပာယ်မရှိတဲ့ အဖြေမျိုးကို မပေးချင်ပါဘူး။ ဒါပေမယ့် ခင်ဗျား က အဓိပ္ပာယ်မရှိတဲ့ မေးခွန်းကို စ မေးနေပါတယ်။ ဒီဘဝဟာ ဘာလို့ လေးနက် နေရသလဲ? တဲ့။ ဟုတ်တယ်ဟုတ်?။ ကျနော် ဘယ်လိုလုပ် သိမလဲ။ အဟက် 🙂 ။ ဘဝဟာ လေးနက်လို့ လေးနက်နေပါတယ်။ ဒါဟာ ရိုးရှင်းတဲ့ အချက် တစ်ခုပဲရယ်။

နားလည်ထားဖို့ လိုအပ်တာက – ဘဝဟာ ဖော်မြူလာ၊ သီဝရီ တစ်ခု မဟုတ်ဘူး။ ဘဝရဲ့ လေးနက်ရခြင်း အကြောင်းရင်းကို သီဝရီ ပုံစံ ထုတ်ချပြီး ကျနော် ပြောမှာ မဟုတ်ဘူး။ “ဘာလို့” ဆိုတဲ့ မေးခွန်း သုံးပြီး အကြောင်းရင်းကို မေးမြန်းတဲ့ အခါ – ( သဘာဝအလှ ခံစားလိုသူ တစ်ယောက်က ) – စိမ်းမြတဲ့ သစ်ပင်တွေ ဘာလို့ စိမ်းနေရသလဲ၊ ကောင်းကင် ဘာကြောင့် ပြာနေရသလဲ – မေးသလိုမျိုးနဲ့ တူတယ်။ သူက အသိကို မတောင်းဘူး – အချက်အလက်ကို တောင်းဆို နေတယ်။ အဲ့ဒီ အချက်အလက်ပေါင်း မြောက်များစွာ ဟာ စာအုပ်တွေ ထဲမှာသာ ရှိကြပါလိမ့်မယ်။ ဒါပေမယ့် အချက်အလက် တွေဟာ အသိ မဟုတ်ဘူး။ အသိ ရှိဖို့က မျက်မြင်ဒိဋ္ဌ ကြည့်ဖို့ပဲ လိုပါတယ်။ ဒါ့ကြောင့် ဘဝကို သိလိုသူ အတွက် – ဘဝရဲ့ လေးနက်မှု“ဘာလို့” ဆိုတဲ့ မေးခွန်း မေးမြန်းဖို့ အချိန် မရှိဘူးရယ်။

ခင်ဗျား မေးခွန်းမှာ “ အစလည်းမထင်၊ အဆုံးလည်း မရှိတဲ့ ဒီ “ဘဝ” ” ။ လို့ ပြောထားတယ်။

ဟုတ်တယ်။ ကျနော် ခင်ဗျားနဲ့ ထပ်တူ သဘောတူပါတယ်။ ဘဝဟာ အစလည်း မရှိ-အဆုံးလည်း မရှိဘူး ဆိုတာ ဖြစ်သင့်တယ်။ ဒါပေမယ့် အဲ့ဒီ အစ-အဆုံး မရှိတာ ကိုရော – ကျနော် ဘာလုပ်ပေးရမလဲ။ 🙂

မုလ္လာ နဆရုဒင် ဆိုတဲ့ လူ ပြောတဲ့စကား ကို ကျနော် ကြားခဲ့ရဖူးတယ်။ သူက သူ့တပည့်တွေကို ဘဝ နဲ့ ပတ်သက်လို့ ပြောပြနေတယ်။ -ဘဝဆိုတာ မိန်းမတစ်ယောက် နဲ့ တူသတဲ့။ ကျနော်လည်း အံ့အားသင့်ပြီး သူ ဘာကို ဆိုလိုတာလဲ နားထောင်မိတယ်။ သူက ဆက်ပြောတယ်။

“ငါတို့ ယောင်္ကျားတွေထဲမှာ –

  • မိန်းမအကြောင်း နောကျေတယ်လို့ ပြောတဲ့သူက ကြွားဝါတဲ့သူ။
  • မိန်းမအကြောင်း နောကျေတယ်လို့ ထင်တဲ့သူက ကိုယ့်ကိုယ်ကိုယ် ဘဝင်မြောက်နေတဲ့သူ။
  • မိန်းမအကြောင်း နောကျေတယ်လို့ ဟန်ဆောင်တဲ့သူက ဒွိဟများတဲ့သူ။
  • မိန်းမအကြောင်း နောကျေချင်သူက ဒုက္ခများတဲ့သူ ပဲ ဖြစ်တယ်။

ဒီလိုမှ မဟုတ်ဘဲ-

  • မိန်းမအကြောင်း နားလည်တယ်လို့ မပြောဆိုတဲ့သူ၊
  • နားလည်တယ်လို့လည်း မထင်တဲ့သူ၊
  • နားလည်ဟန်လည်း မဆောင်တဲ့သူ-

အဲ့ဒီလူဟာ မိန်းမအကြောင်း တကယ် နားမလည်ချင်သော်လည်းပဲ
နားလည်နေသူ ဖြစ်သွားတယ်” တဲ့။

မုလ္လာနဆရုဒင်ကို ကျနော် အပြည့်အဝ ထောက်ခံတယ်။ ဘဝဟာ အဲ့သလိုပဲ ဖြစ်ပါတယ်။ ကျနော်တို့ ယောင်္ကျားတွေ အတွက် – ဘဝဟာ မိန်းမ တစ်ယောက်နဲ့ ထပ်တူထပ်မျှ တူညီတယ် ။ ဘဝကို နားလည်ဖို့ သီဝရီတွေ၊ ဖော်မြူလာတွေနဲ့ ခင်ဗျား ကြိုးစားကြည့်ပါ။ စာအုပ်တွေ အထပ်လိုက်နဲ့ ရူးသွားဖို့၊ သွက်သွက်ခါ သွားဖို့ပဲ ရှိတယ်။ အဲ့ဒီ စိတ်ကူး၊ စဉ်းစားရုံမျှ နားလည်မှုမျိုးကို စွန့်ဖယ် ပစ်စေချင်ပါတယ် ။ အဖြေကို သိချင်ရင် အဖြေရှိရာ ဘဝထဲမှာသာ ခင်ဗျား အပြည့်အဝ ရှင်သန် ဖို့လိုတယ်။ ဒါဆို ခင်ဗျား နားလည်သွား မှာပဲ။

Read more of this post

ဘဝ ဆိုတာ

Osho မကွယ်လွန်ခင် နီးပါးက ရိုက်ယူထားတဲ့ Youtube ဖိုင်ဖြစ်မယ် ထင်တယ် ။ ဒီ ဖိုင်ရဲ့ အဆက်ကိုရော၊ သက်ဆိုင်တဲ့စာကိုရော ရှာမတွေ့ပါ။ ဒီအတိုင်း ဆီလျော်သလို ပြန်ဆို ပါတယ်။

………………………………


What is Life?
ဘဝ၊ ရှင်သန်မှု ဆိုတာ ဘာလဲ။

ဒါမေးခွန်း မဟုတ်ဘူး။
“နှင်းဆီသည် နှင်းဆီ ဖြစ်သည်။ ထို့ကြောင့် ၎င်းသည် နှင်းဆီ ဖြစ်သည်။”
ကဲ.. ဘာလဲ ..နှင်းဆီဆိုတာက —

ခင်ဗျား အခု အသက်ရှင်နေတယ်။ ဒါတောင် မေးခွန်းထပ်မေးတယ်။ ရှင်သန်မှု ဆိုတာ ဘာလဲ။

ခင်ဗျား ရှင်နေသလား၊ သေပြီလား။

တကယ်လို့သာ ကျနော် အုတ်ဂူထဲမှာ ၊ သင်္ချိုင်းမှာ ဆိုပါတော့ ။အခြားသူတွေလည်း သင်္ချိုင်းက ထွက်လာပြီး မေးမယ် ဆိုပါတော့။- “ရှင်သန်မှု ဆိုတာ ဘာလဲ” ။ ဒါဆို အဲ့မေးခွန်း က သင့်လျော်ပါလိမ့်မယ်။

အခု ခင်ဗျား သင်္ချိုင်း ပြင်ပမှာ ရှိနေတယ်။ ဆိုလိုတာက ခင်ဗျား အခု အသက်ရှင်နေတယ်။ ဒါပေမယ့် ခင်ဗျား တစ်ခါမှ ခင်ဗျား သိစိတ် အတွင်းပိုင်းထဲ ဝင်မကြည့်မိဘူး ထင်တယ်။ အဲ့ဒီ ဝင်ကြည့်ပြီး သိမြင်မှု သက်သက်ကနေ သာ ရှင်သန်နေမှု ဖြစ်ပေါ် ပါတယ်။

ခင်ဗျား အထဲဝင်သွားရုံလေးပါ။ ပြင်ပသဏ္ဍာန်တွေ အားလုံး အရှင်းသား ရှိနေပါတယ်။ တခဏတာလေး ဖြစ်ဖြစ် ဝင်ကြည့်ပါ။ ခင်ဗျား တစ်ကိုယ်တည်း ၊ အထီးတည်း တည်ရှိနေတယ်။ အခု၊ အခုခဏလေး အတွင်းထဲ ရယ်။ အခု ရှိနေတဲ့ တိတ်ဆိတ်ငြိမ်သက်နေမှု သက်သက် ဖြစ်ပါတယ်။ အဲ့အခါ ဘဝဆိုတာ ဘာလဲ ခင်ဗျား သိပါလိမ့်မယ်။

ဘဝဆိုတာ ဘယ်လိုပါ ညာလိုပါ ဆိုပြီး ခင်ဗျား အခြားတစ်ယောက်ယောက် ကို ဘယ်လိုမှ အတိအကျ ရှင်းပြ မပေးနိုင်ဘူး။ အကြောင်းက ဘဝရှင်သန်မှုဟာ နက်နဲနေလို့။ ထိတွေ့မှ သိရှိမယ့်အရာမို့လို့။ စကားလုံးတွေ စီကာပတ်ကုံး ရှင်းပြမပေးနိုင်တဲ့ အရာမို့လို့ ဖြစ်ပါတယ်။ “နှင်းဆီသည် နှင်းဆီ ဖြစ်သည်။ ထို့ကြောင့် ၎င်းသည် နှင်းဆီ ဖြစ်သည်။” လို့ပဲ ကျနော် ပြောနိုင်တာဟာလည်း ဒါ့ကြောင့်ပဲ ဖြစ်ပါတယ်။ ဒါ ဘာကိုမှ ရှင်းပြနေတာ မဟုတ်ဘူး ရယ် ။ ဒီနေရာမှာ ဘာမှ ရှင်းပြစရာ မရှိဘူး။ နို့ပေမယ့် ခင်ဗျား တွေ့ထိ သိရှိသွားနိုင်တယ်။ အဲ့ဒါပဲ ရှိတယ်။

Read more of this post

ပန်းတိုင်

ဘဝမှာ ဘာရည်ရွယ်ချက် ရှိသင့်သလဲ။ ဘဝရဲ့ ရည်ရွယ်ချက်က ဘာလဲ။

Answer: ဘဝမှာ – ဘဝ ကိုယ်တိုင်စစ်စစ်ကလွဲလို့ ဘာ ရည်ရွယ်ချက် မှ ရှိမနေဘူးဗျ ။ ဘာလို့ဆို – ဘဝဟာ ခင်ဗျားတို့ အခု ပြောပြောနေတဲ့ ဘုရားသခင် ဆိုတဲ့ ဝေါဟာရရဲ့ အခြား နာမည် တစ်မျိုး မို့လို့ပဲ။ လောကမှာ အခြားရှိသမျှ အရာတွေ အားလုံး ရည်ရွယ်ချက် ကိုယ်စီ ရှိနိုင်တယ်။ အဲ့ဒီ ရည်ရွယ်ချက်ကို သွားမယ့် လမ်းကြောင်းတွေလည်း ရှိနေနိုင်တယ်။ ဒါပေမယ့် နောက်ဆုံး အဆုံးသတ်မှာ သူတို့ အားလုံး ဘယ်ရောက်သွားမလဲ။ အဆုံးသတ် တစ်နေရာမှာ လုံးဝ ပျောက်ကွယ်သွားမှု စင်စစ် က စောင့်နေပါတယ်။ အဲ့ဒီကို သွားနေတဲ့ ဖြစ်စဉ် တွေချည်း သက်သက်ဟာ ဘဝ ဖြစ်ပါတယ်။

ခင်ဗျား အဲ့ဒါကို ဖြစ်တည်မှု ( Existence ) လို့ ခေါ်နိုင်တယ်။ ( God ) လို့လည်း ခေါ်နိုင်တယ်။ ဘဝ ( Life ) လို့လည်း ခေါ်နိုင်တယ်။ ကျနော့ အတွက်တော့ ဒီအမည်တွေဟာ ဖြစ်စဉ်တစ်ခု တည်းအပေါ် စကားအမျိုးမျိုး ပေးထားတာ လို့ မြင်တယ်။

ဘာသာရေး အယူအဆ ရေးရာ သမားတွေက ဘဝ ကို “ဘုရားသခင်” လို့ အမည် တပ် ခေါ်တယ်။ အဲ့ဒါဟာ အန္တရာယ် ကြီးတယ်။ အကြောင်းက – ဘုရားသခင် ဆိုတဲ့ စကားလုံးဟာ ငြင်းပယ်လို့ ရနေလို့ပဲ ဖြစ်ပါတယ် ။ ခင်ဗျား ဘုရားသခင် အကြောင်း ကို ငြင်းခုံနိုင်တယ်။ ဒါပေမယ့် ဘဝကို တော့ ငြင်းလို့ မရဘူး။ ဘုရားသခင် ရှိမယ် မရှိဘူး ပြောနိုင်တယ်။ ကမ္ဘာရဲ့ သက်တမ်း တစ်ဝက်နီးပါးဟာ ဘုရားသခင်ကို ယုံတယ်၊ မယုံဘူးနဲ့ အငြင်းပွားခဲ့ကြတယ်။ ဒါပေမယ့် ဘဝ ရှိတယ် မရှိဘူး ဘယ်တုန်းက အငြင်းပွားခဲ့သလဲ။ ကမ္ဘာရဲ့ လူဦးရေတစ်ဝက် လောက်ဟာ ဘုရားသခင်ကို မယုံကြည်တဲ့သူ တွေ ဖြစ်နေနိုင်တယ်။ ကွန်မြူနစ်၊ ဆိုရှယ်လစ် တွေ၊ ဗုဒ္ဓဝါဒီ၊ ဂျိန်းဝါဒီတွေ၊ Free thinkers – လွတ်လွတ်လပ်လပ် တွေးခေါ်လိုသူတွေ၊ Atheists လို့ အမည်တပ်လေ့ ရှိတဲ့ ဘုရားမဲ့တွေ။ စသဖြင့် — သူတို့ အားလုံးဟာ ဘုရားသခင် ဆိုတဲ့ ဝေါဟာရ အပေါ် ငြင်းပယ် နိုင်တယ်။ ဒါပေမယ့် ဘဝကို တော့ လုံးဝ မငြင်းပယ် နိုင်ဘူးရယ်။

တကယ်တမ်း ထိုးနှက်လာတဲ့ အခါမှာလည်း ဘုရားသခင် ဆိုတဲ့ စကားလုံးဟာ ကာကွယ်ရ ခက်ခဲ နေတတ်ပါတယ်။ အကြောင်းက – ဘုရားသခင် ဆိုတဲ့ အဲ့ဒီ ဝေါဟာရဟာ လူတွေ ဖန်တီးတာ သက်သက် ဖြစ်နေလို့။ အထင်အရှား မရှိလို့။ သက်သေ သာဓက မရှိလို့။ သိသာမြင်သာ ရှိမနေလို့။ သက်သေမရှိ၊ အယူအဆ အခြေခံ မရှိလို့ပဲ ဖြစ်ပါတယ်။ အဲ့လိုနဲ့ ဒီ God ဆိုတဲ့ စကားလုံးဟာ တဖြေးဖြေး အခြေအမြစ်မဲ့၊ အနှစ်မဲ့လာတယ်။ ပျက်လုံး တစ်ခု ဖြစ်လာတယ်။ ခင်ဗျား ဘာဖြစ်နေနေ ပြောချင်သလို ပြောလို့ရနေတဲ့ ထည်လဲသုံး ဝေါဟာရ တစ်မျိုး ဖြစ်သွားတယ်။ ယုံကြည်မှုသာ ရှိမနေဘူး ဆိုရင် အဲ့ဒီ လူအတွက် ဘုရားသခင်ဟာ ဟာသ စကားလုံး သက်သက်ပဲ။

ဒါ့ကြောင့် “ဘုရားသခင်” ဆိုတဲ့ စကားလုံး အစား “ဖြစ်တည်မှု” လို့ သုံးစွဲတာက ပိုပြီး သင့်တော် ပါတယ်။ ဒီ ရာစုနှစ်ရဲ့ အတွေးအခေါ် သမား အများစုဟာ လည်း ဖြစ်တည်မှု ပဓာန ဝါဒီ တွေ ချည်း ဖြစ်နေ တာ တွေ့ရတယ်။ သူတို့ထဲက တော်တော်များများ လည်း – ဘုရားသခင် ဆိုတဲ့ စကားကို မကြိုက်ဘူး။ ဖြုတ်ချ ပစ်တယ်။ ဖျက်ပစ်တယ်။ ဖြစ်တည်နေမှု သက်သက်သာလျင် – သူတို့ အတွက် လုံလောက်တယ် လို့ တွေးခေါ်ထားသူ တွေ ရှိတယ်။

Read more of this post