လွမ်း
January 25, 2018 Leave a comment
အဝေးက ငှက်ငယ်လေး
အတောင်ဖျားလေး အေးလို့
ခပ်ဆွေးဆွေး ညည်းဆို
လောကဟာ အပိုပါတဲ့။
Read more of this post
Just Be. That's Enough!
January 25, 2018 Leave a comment
အဝေးက ငှက်ငယ်လေး
အတောင်ဖျားလေး အေးလို့
ခပ်ဆွေးဆွေး ညည်းဆို
လောကဟာ အပိုပါတဲ့။
Read more of this post
February 19, 2012 Leave a comment
ကဗျာ ဆရာ တစ်ယောက် က ပြောပြ ~
~ သူဟာ စွန်တစ်ကောင်
~ မှန်စာကြိုးလေး တစ်စ နဲ့ သွယ်သွယ်လေး ကနေရ သတဲ့
ဟုတ်မှာပေါ့ ~
သူဟာ စွန်ဆို ~ ကျနော်က ကြိုး
ဒါပေတဲ့ –
မချည်တဲ့ ကြိုး
မပြည်တဲ့ ကြိုး
အခြားသူကို ဖြတ်မယ့်ကြိုး
မိမိဘာသာ ပြတ်မယ့် ကြိုး
သူ ~ ဟိုး မိုး အထက်မှာ ဝဲပျံ က နေချိန်
ကျနော် က မမြင်နိုင်တဲ့ မှန်စာမျှင် တစ ~ ပါးလျလျ
ဟော တွေ့လား
ဟော ဟိုမှာလေ ~ တွေ့ရဲ့လား
သူ့ဟာသူ ကောင်းကင်မှာ
လွတ်လွတ်ရှင်းရှင်း ပျံဝဲနေလိုက်တာများ ~
February 5, 2012 Leave a comment
နားစည်ကို ရိုက်ခတ်၍ ညက်ညောစွာ ထွက်ရှိလာ၏။ “Until the Last Moment ~ နောက်ဆုံး ခဏထိတိုင်” ~ ဟု အမည်တပ်ဆိုပါမည်။ ၎င်း၏ တသွင်သွင် စီးမျောနေသည့် သန္တာန် က ညင်ညင်သာသာ ရှိ၏။ သို့သော် တစ်လုံးချင်း ပီပီသသ ။ အဓိပ္ပာယ် ရှာဖွေနေသမျှ ခေတ္တ ရပ်တန့် ၍ ရှူရှိုက်နေသော ထွက်သက် ဝင်သက်တို့ – တန်ဖိုး အနဂ္ဃ ဆောင်ကျဉ်းသွားကြသည်။ ပျော့ပျောင်း သော်လည်း ခိုင်မာသည့် ဟန် အပြည့်။
ဤအရာကို မည်သို့ ခွဲခြား၊ ညွှန်းဆို ပြရပါမည်နည်း။ သူနှင့် ကျနော် အကြား ဘာမျှ မလို။ “ဟုတ်ကဲ့ နှင့် ဟင့်အင်း” – အကြား – မည်သည့် အရာမျှ ခြားနား ထားခြင်း မရှိ။ ပြုံးရယ်သမျှ နှင့် ငိုကြွေးမြည်တမ်း သမျှ အကြား – တံတိုင်း အဆီးအတား မရှိ။ ဆန့်ကျင်ဘက် ဒွိသဘာဝများ မဟုတ်ဘဲ တစ်သားတည်း စီးဆင်း နေရာယူသည်။ သူသည် ချစ်စဖွယ်ကောင်းလှပါပကော ~ နှုတ်ခမ်း နှစ်လွှာ၏ အလှုပ်အဟ ကြားတွင် တင်းအားတို့ ပြေလျော့ ကုန်ကြသည်။
ဖြူလွင်လွင် ယိမ်းနွဲ့နေသော်လည်း – အသေအချာ ရှုကြည့်မည် ဆိုပါက – ငြိမ်ဝပ်သော သူ့သွင်ပြင်ကို သင် အတိုင်းသား မြင်နိုင် ပါလိမ့်မည်။ တလှုပ်ရွရွ ကင်းပြတ် ကုန်ဆုံး သွားကြသော အရာရာတိုင်းကို ကျေနပ်စွာ ခံယူလျက် သူ ပြုံးနေ လိမ့်မည်။ တခဏတိုင်း မပြတ် ရောက်ရှိလာသော ဧည့်သည် မိတ်သင်္ဂဟ အပေါင်းတို့ တွင် သူသည် တစ်ခါတစ်ရံ မင်္ဂလာလည်း ရှိ၏။ တစ်ခါတစ်ရံ အမင်္ဂလာလည်း ရှိ၏။ သို့သော် သူ့အတွက် မင်္ဂလာ၊ အမင်္ဂလာ တို့သည် ကိစ္စမရှိ။ နတ္ထိ ဗလာကျင်းနေသည့် သူ၏ ရင်ဘတ် အစုံ သည် ခရီးသွား ဆောင်သည် တို့ ဥဒဟို ဖြတ်သန်းသည် ဖြစ်၍ သလာယံ ဇရပ် ဖြစ်လျက် ရှိ၏ ဟု ဆိုပါမည်။
“နောက်ဆုံး” ~ “အဆုံး” ~ “အန္တိမ” စသည့် စကားဝတ်ရည်တို့ နှင့် – “အတ္ထိ” ~ “နတ္ထိ” ~ “မရဏ” စသည့် အနတဂ္ဂမ ဝေါဟာရတို့တွင် – ဘယ် စကား အစ၊ အဘယ် ဝါကျ ကိုမျှ စပ်ယူ၊ မသုံးစွဲလိုပေ။ “သူလည်း ဖြစ်၍ ကျနော်လည်း ဖြစ်သည်” ဆိုခြင်း၌ အဘယ် ဝါစင်္ဂမျှ မလိုအပ်။ သဇင် ကြွေခြင်း – ခေါင်ရမ်းပွင့်ခြင်း တို့ တစ်ပြိုင်နက် ဖြစ်တည်နေသမျှ ကျနော်တို့ အကြား – မည်သည့် အရာသည် – မည်သို့မျှ အနှောင့်အယှက် ပြုနိုင်ကြမည် မဟုတ်။ စင်စစ် ကျနော်တို့၏ ချစ်ခြင်း အတွင်း အနှစ်သာရ ၌ သဇင်လည်း ပါသည်၊ ခေါင်ရမ်းလည်း ပါသည်။ အဘိဓာန် မပြုထား မိသေးသော လူသူ မသိ ပန်းပွင့် ဝါဝါကလေး လည်း ပါဝင်မည်။
November 16, 2011 Leave a comment
ထိုင်ခုံ ဗလာ အလွတ် တစ်လုံးနဲ့
ဆိတ်ငြိမ်နေတဲ့ ခန်းဆောင်ဟာ
ဗုဒ္ဓ-အဖြစ်ကို မိတ်ဆက် ။
ထိရောက် လိုက်ပါဘိ။
ရှားပါးလိုက်ပါဘိ။AN EMPTY CHAIR
A SILENT HALL
AN INTRODUCTION TO BUDDHA —HOW ELOQUENT!
HOW RARE!
“ဗုဒ္ဓ” – ဖြူစင်မြင့်မြတ်မှု အဖြစ်ကို မြင်နိုင်ဖို့ – တိတ်ဆိတ် ငြိမ်သက်မှု ဟာ ခင်ဗျားရဲ့ သန္တာန်မှာ မဖြစ်မနေ လိုအပ်ပါတယ်။ ဗုဒ္ဓအဖြစ်ကို ဖော်ပြနိုင်ဖို့ ဘာသာစကား ဟာ “တိတ်ဆိတ်ငြိမ်သက်မှု” ဘာသာ စကား တစ်ခုထဲ ရှိတယ် ။ ကျနော်တို့ သုံးစွဲကြတဲ့ အခြား အခြား ဘာသာစကား၊ ဝေါဟာရတွေဟာ ဒီအဖြစ်ကို ဖော်ပြနိုင်ဖို့ စွမ်းရည် နည်းလွန်း နေတယ်။ အကန့်အသက် ပဲ ရှိတယ်။ သေးသိမ်လွန်း နေတယ်။ မပြည့်စုံဘူးရယ် ။ ဘာဆို ဘာမှ မရှိတဲ့ သုညတ နဲ့၊ လုံးဝ ဥဿုံ ဆိတ်ငြိမ်နေမှု ကသာ ခင်ဗျားအတွက် ဗုဒ္ဓရဲ့ အဖြစ်ကို ဖော်ပြ နိုင်တယ်။
ဂျပန်မှာ ဘုရားကျောင်းတစ်ကျောင်း ရှိတယ်။ အဲ့ဘုရားကျောင်း အတွင်းမှာ ဘာမှ မရှိဘူး။ ဘုရားကျောင်း တွေမှာ တွေ့လေ့ တွေ့ထ ရှိတဲ့ ဘုရား ရုပ်ပွားတော် လည်း မရှိဘူး။ ဒါပေမယ့် ဘုရားကျောင်း ကတော့ ဗုဒ္ဓ ကို ရည်စူး ထားတာ ဖြစ်ပါတယ်။ ဘုရားဖူးတွေ ရောက်လာတော့ မေးကြတယ်။ “ဗုဒ္ဓ ဘယ်မှာပါလဲ။ ဒီဘုရားကျောင်း က ဗုဒ္ဓကို ရည်စူး ထားတယ် မဟုတ်ဘူးလား” လို့ မေးတော့ ဘုန်းတော်ကြီးက ရယ်ရယ် ပြုံးပြုံးနဲ့ ပြန်ပြောပါတယ် ။ – “ဒီနေရာမှာ ဘာရှိသလဲ။ ဘာမှ မရှိဘူး မဟုတ်လား။ ရှင်းလင်း နေတဲ့ ဗလာနယ် သုညတ နဲ့ တိတ်ဆိတ်နေမှု သာ ရှိတယ်။ အဲ့ဒါ ဗုဒ္ဓ ပါပဲ” တဲ့။
ကျောက်သား ကျောက်ခက်နွယ် တွေဟာ ဗုဒ္ဓကို ကိုယ်စား မပြုနိုင်ဘူး။ ရုပ်ထု၊ ဆင်းထုတွေဟာ ဗုဒ္ဓကို တိတိပပ ဖော်ပြနေကြတာ မဟုတ်ဘူး။ ဗုဒ္ဓဟာ ကျောက်သား ကျောက်ခက် မဟုတ်သလို၊ ရုပ်ထု ဆင်းထုလည်း မဟုတ်ဘူး။ ဗုဒ္ဓ – ဆိုတာရဲ့ အဖြစ်ဟာ ပုံသဏ္ဍာန် သွင်ပြင် မဟုတ်ပါဘူး။ ဗုဒ္ဓဟာ ပုံသဏ္ဍာန် သွင်ပြင် ဘာမှ မရောယှက်ထားတဲ့ ဖြူစင်တဲ့ အဖြစ်သာ ဖြစ်ပါတယ်။ ခင်ဗျားနဲ့ ခင်ဗျားရဲ့ စိတ်သန္တာန် ဟာ ဆယ်ရက်လောက် ဖြစ်ဖြစ် လုံးဝ ဆိတ်ငြိမ်၊ တိတ်ဆိတ်ပြီး နေနိုင်သလား။ ဘာဆိုဘာမှ မရှိဘဲ တိတ်ဆိတ်ငြိမ်သက်ပြီး ခင်ဗျားရဲ့ အတွင်း အဇ္ဈတ္တမှာ နှစ်မြုပ်နေ ကြည့်နိုင်မယ် ဆိုရင် “ဗလာကျင်း နေတဲ့ ထိုင်ခုံတစ်လုံး” ဆိုတဲ့ စကားစုကို ခင်ဗျား အပြည့်အဝ နားလည် ပါလိမ့်မယ်။
November 15, 2011 Leave a comment
အိမ်ထောင်ရေး မှာ ပျော်ရွှင် သာယာ စွာ အဆုံးသတ် ကြလေ သတည်း ဆိုတာ တကယ် ရှိပါသလား။ ချမ်းမြေ့ သုခ ပြည့်ဝတဲ့ အိမ်ထောင်ရေး အတွက် လျို့ဝှက် ချက် ရှိသလား ။ အိမ်ထောင်ရေး အဘိဓမ္မာ ရှိသလား။
( က ) ကျနော် မသိပါဘူး။ အဲ့အဖြေကို ဘယ်သူမှလည်း မသိနိုင်ကြဘူး။ ဝါးလုံးရှည်နဲ့ သိမ်းရမ်းတာပဲ လို့ ထင်ကြ၊ ပြောကြမလား မသိ။ ထင်မယ်ဆိုလည်း ထင်ပါ။ ပြောမယ် ဆိုလဲ ပြောပါ။ စာရှုသူတို့ ဝေဖန်စကားနဲ့ အထင်အမြင် ကို စာရေးတဲ့သူ ကျနော် တားလို့ မရပါဘူး။ ကျနော် ဖြေရတဲ့ အကြောင်းတွေကိုပဲ စဉ်းစားကြည့်ပါမယ်။
ယေရှုခရစ် ဟာ ဘုရားသခင်ရဲ့ ကောင်းကင် နိုင်ငံတော် လျို့ဝှက်ချက်ကို သိတယ် လို့ ဆိုတယ်။ အဲ့လိုတောင် သိမယ်ဆိုရင် ဒီလို ကိစ္စ လျို့ဝှက်ချက် ကိုလည်း သိရလိမ့်မယ် ထင်ပါတယ်။ ဒါပေမယ့် သူ ဘာလို့ အိမ်ထောင် မပြုခဲ့သလဲ။ သူ ဘာလို့ “ဘဝဆုံးတိုင် ချမ်းမြေ့ ပျော်ရွှင်မယ့် အိမ်ထောင်ရေး လျို့ဝှက်ချက်” ကြီး ကို မသိရတာလဲ။ တကယ်ပဲ မရှိလို့ တကယ် မသိတာလား။ ယေရှုဟာ သိရက်နဲ့တော့ လျိုထားမလား။ ကျနော် သူ့အပေါ် အဲ့လို မထင်ပါဘူး။
သူတော်စင်ကြီး တစ်ပါး ဖြစ်တဲ့ သူ တင် မကဘူး။ မဟာဝီရ၊ လောက်ဇူ ၊ ချောင်ဇူး တို့လည်း အိမ်ထောင်မပြု ခဲ့ကြဘူး။ ဘာဖြစ်လို့လဲ တကယ်ပဲ အဲ့ဒီ လျို့ဝှက်ချက်ကြီးက အခြား အရာ အားလုံးထက် နက်နဲခက်ခဲ နေတာလား။ ဂမ္ဘီရ ဆန် ပြီး ရှာမရ ဖွေမရ ဖြစ်နေသလား။ ဒီပညာရှိတွေ ဟာ သူတို့ ကိုယ်စီ နက်နဲတဲ့ အဆုံးစွန် အန္တိမ တရားကို ရှာဖွေ ခဲ့ကြသူတွေ ပါ။ ဒီ ချမ်းမြေ့သုခ ပြည့်စုံတဲ့ အိမ်ထောင်ရေး လျို့ဝှက်ချက် သာ တကယ် ရှိတယ် ဆိုရင် သူတို့ တွေ့ခဲ့ဖို့ ကောင်းပါတယ်။ သူတို့ဟာ ဘုရားသခင် ကို ရှုမြင်ဖို့ အထိ ကြိုးစားကောင်း ကြိုးစား နိုင်ခဲ့မယ်။ အိမ်ထောင်ရေး ကိုတော့ ကောင်းကောင်း မရှုမြင် နိုင်ခဲ့ကြဘူးရယ်။ အံ့ဖွယ် ကောင်းလေစွ။
ဆော့ခရတ္တိ ( ဆိုကရေးတီး၊ Socrates ) ကတော့ လက်ထပ်ခဲ့တယ်။ အိမ်ထောင်ပြုခဲ့တယ်။ သူ့ဘဝ တစ်ခုလုံး လည်း ကောင်းကောင်းကြီး ခံစားခဲ့ ရတယ်။ ဒါပေမယ့် သူလည်း ပျော်ရွှင် သာယာတဲ့ အိမ်ထောင်ရေး လျို့ဝှက်ချက် ကို သိခဲ့ဟန် မတူဘူး။ သူရှာတွေ့ခဲ့တာက “လက်မထပ် တာမှ ကောင်းသေးတယ်” ဆိုတာပဲ။ တကယ်တော့ ဆိုကရေးတီးဟာ လောက်ဇူတို့၊ မဟာဝီရ တို့နဲ့ တစ်ခေတ်တည်းပါ။ အိမ်ထောင် မပြု ခဲ့ကြပါဘူး ဆိုတဲ့ သူတို့တွေနဲ့သာ ဆော့ခရတ္တိဟာ- အဲ့ဒီခေတ်အတွင်း အင်တာနက် ချိတ်ဆက်၊ နော့လစ် ရှဲရင်း – လုပ်နိုင်ခဲ့ရင် တိကျတဲ့ အဖြေတော့ ထွက်လာ နိုင် ပါလိမ့်မယ် ။
October 27, 2011 Leave a comment
ကျနော်တို့လူတွေမှာ စကားလုံး ဝေါဟာရတ္ထတွေများတယ်။ လူမျိုးတစ်မျိုးစီဟာ သူတို့ ဘာသာစကား ဝေါဟာရ ကြွယ်ဝရင် ကြွယ်ဝကြောင်း နဲ့ ဂုဏ်ယူတတ်ကြတယ်။ မဆီမဆိုင် ဥပမာပေးရင်တော့ စကားတတ်တဲ့ကလေး ပိုချစ်စရာကောင်းနေသလိုမျိုးပဲ။ စကားလုံးတွေ သိုင်းဝိုင်းပြောဆိုပြီ ၊ အချေအတင် ဆွေးနွေးရပြီ ဆိုရင် စကားအရာ ကြွယ်ဝသူက သာစမြဲပါပဲ။ ဟုတ်တယ်ဟုတ်။
အဲ့ဒါဆို ဝေါဟာရတ္ထ၊ ဝေါဟာရ၊ ဘာသာစကား ဆိုတာတွေက ဘာတွေလဲ။
တကယ်က ဝေါဟာရတွေဟာ လူတွေကို ချုပ်နှောင်ထားပါတယ်။ လူမှုလူ့ဘောင်မှာ အဖြစ်ရဆုံး ပြဿနာ အများစုဟာ ဘာသာစကား အပေါ်မှာ အခြေခံတယ်။ ဒီဘာသာစကားနဲ့ပဲ ဆက်ဆံ ဖြေရှင်းရသလို၊ ဒီဘာသာစကားနဲ့ပဲ အခက်အခဲ ပြဿနာတွေ ဖြစ်ကြရတယ်။ အချို့လူတွေက ဘာသာစကားကြောင့် မာန်တက်တယ်။ အချို့သူတွေက ဘာသာစကားနဲ့ အနှိမ်ခံရတယ်။ အချို့က ဒီဘာသာစကားကြောင့် စိတ်အေးချမ်းရပြီး၊ အချို့က ဒီဘာသာစကားကြောင့်ပဲ စစ်မက် ဖြစ်ရတယ်။ မေတ္တာဘွဲ့တေး သီနိုင်ဖို့ ဘာသာစကားကို အသုံးပြုကြသလို ရိုင်းရိုင်းမိုက်မိုက် ကျိန်ဆဲပစ်ဖို့လည်း ဘာသာစကားကို အသုံးပြုကြပြန်ပါတယ်။
ဒီဘာသာစကားကို လူတွေကပဲ ဖန်တီးခဲ့ကြတာမို့ လူတွေမှာပဲ ရှိတယ်လို့ ဆိုတတ်ကြတယ်။ နောက်ပိုင်းမှာ ဘာသာစကားဟာ လူ့ဘောင်လူ့လောကအတွက် အခြေခံ အကျဆုံး လိုအပ်ချက်တစ်ခု လိုလို ဖြစ်လာတယ်တဲ့။ အဲ့လို ဟုတ်ပါသလား။
ဘာသာစကားတွေအောက် တစ်ဆင့်နိမ့်တဲ့ နေရာမှာ တိရစ္ဆာန်လောက ရှိတယ်။ ဘာသာစကားတွေရဲ့ အလွန် ၊ မြင့်မြတ်တဲ့နေရာမှာ သူတော်စင်တွေရဲ့ စိတ်သဏ္ဍာန် တည်ရှိတယ်။ အဲ့ဒီ တိရစ္ဆာန်တွေရဲ့ လောကနဲ့ သူတော်စင်တို့ ဘုံဘဝကြားမှာ လူသားတွေ ရဲ့ ကမ္ဘာ တည်ရှိတယ်။ ဘာသာစကားတွေရဲ့ ကမ္ဘာ၊ စကားလုံး ဝေါဟာရတွေရဲ့ လောက တည်ရှိတယ်။ ဒဿန အယူအဆတွေ၊ ကဗျာလင်္ကာရဲ့ လောက၊ သီအိုရီ ဖော်မြူလာတွေနဲ့ စိတ်ကူးစံသတ်မှတ်ချက်တို့ရဲ့ လောက လို့လည်း ခေါ်ဆိုပါမယ်။
ဘာလို့ပါလဲ။ ကျနော်တို့တွေရဲ့ အတွေးစဉ်၊ စိတ်အစဉ်မှာ စကားလုံး၊ ဝေါဟာရတွေက တော်တော်များများ နေရာယူထား ပါတယ်။ ကျနော်တို့ရဲ့ အဇ္ဈတ္တ ကို ရွှေနန်းဆောင် တစ်ခုလို ပမာတင်စားမယ်ဆိုရင် စကားလုံး၊ ဝေါဟာရတွေဟာ တစ်ချပ်ချင်း၊ တစ်ရပ်ချင်း ဖွဲ့တည်ထားတဲ့ အုပ်ချပ်တွေ ဖြစ်ပါတယ်။ စကားလုံးတွေနဲ့ တည်ဆောက်တဲ့ ရာဇပလ္လင်ပေါ်မှာ ကျနော်တို့တွေ တက်ထိုင်ရင်း မာန်ယစ် နေကြတယ်။