ထွက်ခဲ့ရုံ

ရှေ့မှာ အဖြူရောင် ကင်းဗတ်စ တစ်စ ထောင်ထား တယ်။ ဖြူဝင်း နေတဲ့ ပန်းချီကား ဖြစ်နေ သလား၊ မဆွဲ ရသေးတဲ့ အရိုင်းထည် သက်သက် လား ဘယ်သူ မှ ခွဲမသိဘူး။ ဒါ့ကြောင့်လည်း ခန့်မှန်း ရ မလွယ်ကူ တဲ့ သူ့အသွင် က အခြား စုတ်ချက် တစ်ခုကို လက်ယပ် ခေါ်နေပါတယ်။

ခရှစ်ရှနရဲ့ သွန်သင်ချက် ကြောင့် အရိုင်းထည် ဖြစ်သွား တဲ့ အချိန်က – အာဇုန ဟာ ကြေးမုံပြင် တစ်ချပ် ပဲ။ သူ့ သန္တာန်မှာ ဘယ် အရိပ် ထင်လို သလဲ။ သူ့ သန္တာန် မှာ ဘယ် စုတ်ချက် တင်ချင်သလဲ။ အဆင်သင့် စောင့်ဆိုင်း နေ တယ်။ အပြုအမူ တိုင်း မှာ ကံ၊ ကံရဲ့ အကြောင်း အကျိုး ဆက်တွေ ကွင်းဆက် ပြတ်တောက် တယ် လို့ စာစကားမှာ ဆိုတတ်တယ်။ လိုရင်းက အတွင်း အညစ် အကြေးတွေ ရှင်းလင်း ကြည်လင် လာတာ ကို ဆိုလိုပါတယ်။ အတ္တ ဥခွံဟာ အဲ့အချိန် မှာ စတင် ပြိုကွဲတယ်။

အတွင်း ကြည်လင် လာရင် အပြင် ကလည်း ကြည်လင် ရှင်းလင်း လာမှာပဲ မဟုတ်လား။

မျက်မမြင် ဆူဖီ ဆရာတစ်ယောက် ရှိတယ်။ သူက သူ နေတဲ့ ရွာလေးမှာ ပစ္စည်း အတိုအထွာလေး တွေ ရောင်းချ နေထိုင် တယ်။ ရွာက လူတွေက ဒီ ဆူဖီကြီး မျက်စိ မမြင် ဘူး ဆိုတာ သိတယ်။ သူ့ဆီက ပစ္စည်း အချို့ကို တိတ်တိတ်လေး ခိုး ယူတတ်ကြ တယ်။ ဒါကို ဆူဖီကြီး က သိပေမယ့် ဘာမှ မပြောဘူး။ လက်ခံတယ်။

အချို့တွေ က ငွေအကြွေ အတုတွေနဲ့ လာဝယ် ကြတယ်။ ဒါဆိုရင် လည်း သူက လက်ခံ တာပဲ။ “ဒီအကြွေတွေက အတုတွေ၊ ဟိုဟာကမှ အစစ်” စသဖြင့် ဘယ်တော့ မှ မပြောဘူး။ အလားတူ အချို့က သူ့ဆီက ပစ္စည်း ယူပြီး၊ “ကျုပ်တို့ အဖိုးအခ ပေးပြီးပြီနော်” လို့ ပေါ်တင် လိမ်တယ်။ သူက “ခင်ဗျားတို့ မပေးရ သေးပါဘူး” လို့လည်း မငြင်းဘူး။ “ကောင်းပါပြီ” တစ်ခွန်းပဲ ပြောတယ်။ သူတို့ကို ကျေးဇူးတင် လိုက်သေးတယ်။

သူ့ အတွက် အရာရာကို လက်ခံရုံမှ တစ်ပါး အခြား မလိုဘူး။ သူ သေဆုံးခါနီး တဲ့ အခါ – နောက်ဆုံး စကား ဆိုခဲ့တယ်။ “အရှင်ဘုရား။ ကျုပ်ဟာ ငွေအကြွေ အတု တစ်ချပ် သာ ဖြစ်ပါတယ်။ အရှင့် သားတွေကို ကျုပ် မဝေဖန် မငြင်းပယ် ခဲ့သလို၊ အရှင့် နိုင်ငံတော် ကို ရောက်တဲ့ အခါ၊ ကျုပ်ကို လည်း ငြင်းပယ်တော် မမူ ပါနဲ့ အရှင်”

Read more of this post