Effortless Effort

ဘာဝနာလို့ ကျနော် မြန်မာမှု ပြုထား တာက Meditation ကို ခေါ်ဆိုတာ ဖြစ်ပါတယ်။ Meditation ဟာ ဘာသာတိုင်းမှာ ရှိ( လောက် ) ပါတယ်။ ကျနော် သိမိ သလောက် ဘာသာ တွေမှာ သူ့နည်းနဲ့ သူ ဘာဝနာ ရှိတယ်။ ဒါ့ကြောင့် “ဘာဝနာ” ဆိုတဲ့ ဝေါဟာရ ကို မြင်ပြီး၊ အိန္ဒိယက နည်းတစ်ခု လို့လဲ မမှတ်ပါနဲ့။ ဘာဝနာ က တကယ်တော့ နည်းတစ်ခု လည်း မဟုတ်ဘူး။ ပုံစံ အမျိုးမျိုး ကွဲပြား နေတဲ့ ဖွံ့ဖြိုးမှု ဖြစ်စဉ် တစ်ခုပဲ ။ ဖြစ်တည်မှု သက်သက်ပဲ။ ခင်ဗျားရဲ့ ဖြစ်တည် ရှင်သန်နေမှုကို အပြည့်အဝ ဖွံ့ဖြိုး လာစေတယ်။

ဘာဝနာ ဟာ ခင်ဗျား သန္တာန်ကို အပိုဆောင်း ထပ်ဖြည့်တဲ့ အခြား အရာတစ်ခု မဟုတ်ဘူး။ ခင်ဗျားရဲ့ အခြေခံ သန္တာန်ကို ပြောင်းလဲ ပစ်ခြင်း သက်သက်ပါ။ ပန်းပွင့် တစ်ပွင့် ပွင့်သလို ဖွံ့ဖြိုးလာမှု မျိုး၊ အပြည့်အဝ ရှင်သန်မှုကို ဖော်ကျူးပါတယ်။ ဒါ့ကြောင့် ခင်ဗျားက ဘာဝနာကို တကယ် လုပ်ပြီ ဆိုရင် ခင်ဗျား ရဲ့ ဘဝ ရှင်သန်နေမှု ဟာ ခင်ဗျား ရဲ့ အဲ့ဒီ ဘာဝနာ ရင့်သန်မှု အပေါ်မူတည်ပြီး တဖြည်းဖြည်း ပြည့်ဝလာလိမ့် မယ် ။ သူ့ရဲ့ နောက်ကျော မျက်နှာစာမှာ ရှိတဲ့ သေဆုံးမှု မရဏ ကိုလည်း ကောင်းကောင်း သိမြင်သွားမယ်။ ဆိုလိုတာက ခင်ဗျားကိုယ် ခင်ဗျား ကောင်းကောင်း သိမြင်သွားစေတယ်။

ဘာဝနာကို စတင် လုပ်နေရတဲ့ သူတစ်ယောက် အတွက်က အလုပ်တစ်ခု ကို သတ်သတ်မှတ်မှတ် လုပ်နေရ သလိုပါပဲ။ ခင်ဗျား အဲ့ဒါကို တခုတ်တရ လုပ်နေ ရတယ်။ သိမှတ်နေရတယ်။ လေ့ကျင့်ခန်း ဝင်သလို ဝင်နေရတယ်လို့ ခံစားရလိမ့်မယ်။ ဒါပေမယ့် အဲ့ဒါက အစဦးပိုင်းလေးမှာတင် ဖြစ်ပေါ်နေရတဲ့ အရာပါ။ ဘာဝနာ မှာ လေးနက်သွားပြီ ဆိုတဲ့အခါ အဲ့ဒီ အလုပ်ပါ ပျောက်ကွယ်သွားပါတယ်။ ခင်ဗျားက ဘာကိုမှ လုပ်နေတာ မဟုတ်ဘူး။ ဘာမှ မလုပ်တာကို လုပ်နေတာလည်း မဟုတ်ဘူး။ ( 😀 ရှုပ်သွားပလား မသိ။ ကျနော့် ကိုယ်တွေ့နဲ့ တိုက်ဆိုင်ပြီး ပြောရင် – ဒီလိုပဲ ရှင်းရမှာ မို့လို့ပါ )

ဥပမာ ပေးကြည့်မယ်။ – စက်ဘီးစီး သင်သလိုမျိုး။ စက်ဘီး စပြီး သင်ခါစမှာ – ဘယ်လိုနင်း၊ ခါးကို ဘယ်လိုထား၊ လက်ကိုင်ကို ဘယ်လိုကိုင် ဆိုပြီး မှတ်သား သတိပြုနေရတယ်။ မကြာခဏ ချော်လဲမယ်။ ကျင့်သား ရလာတဲ့ အခါ ဖြေးဖြေးချင်း နင်းတတ်လာမယ်။ ဟိုတိုး ဒီတိုး တိုးမိနေမယ်။ လဲကောင်း လဲနေဦးမယ်။ နောက်ဆုံး ကျွမ်းကျင်သွားပြီ ဆိုတဲ့ အခါမှာတော့ – ဘေးဘီဝဲယာ၊ စကားပြောရင်း ၊ ငေးမောရင်း နင်းလို့ နင်းမှန်းမသိ စီးဖြစ်သွားတော့တယ်။

ဒီဥပမာက အပြည့်အဝ ထပ်တူ ကျနေတာတော့ မဟုတ်ဘူး။ နီးစပ် သဘောမျိုး ပါ။ ဘာဝနာဟာ အစပျိုး အချိန်မှာ အားစိုက်ထုတ် ရသလိုလို ရှိတယ်။ ဒါပေမယ့် – တကယ်က အလိုအလျောက် ဖြစ်စဉ် တစ်ခု သာ ဖြစ်ပါတယ်။ အဲ့ဒါကို နားလည်ရင် ရပါပြီ။

Read more of this post

လက်ဘက်ရည်ပွဲ ( Tea Time )

ဇင် အတိုင်း နေထိုင်သူ အတွက် အရာ အားလုံးဟာ လေးနက် နေပါတယ်။ ဥပမာ- လက်ဘက်ရည် သောက်တာက အစပေါ့။ သူလုပ်ကိုင် သမျှဟာ မြင့်မြတ်ရာ ကျောင်း ပရဝဏ် အတွင်းထဲ အမြဲ ရောက်နေ သလို ဖြူစင် လေးနက် နေတယ်။

မောရှေနဲ့ ပတ်သက်ပြီး အကြောင်းလေး တစ်ခု ရှိခဲ့တယ်။ ပညတ်တော် ဆယ်ပါးကို နာခံ ယူဖို့ ၊ ဘုရားသခင်နဲ့ တွေ့ဖို့ ဆိုပြီး “ရှီနိုင်း” တောင်ပေါ်ကို သူ ရောက်သွားတော့ အဲ့ဒီမှာ အစိမ်းရောင် ခြုံပုတ်လေး တွေ့ရတယ်။ ပြာရောင်လွင်လွင်လေးနဲ့ အတွင်းမှာ မီးညွန့်လေးကို မြင်ရတယ်။ သူလည်း တအံ့တဩနဲ့ အနားကို တိုးသွားကြည့်တယ်။ ခြုံအတွင်းကနေ တစ်စုံတစ်ယောက်က လှမ်းအော်ပါတယ်။ “ဖိနပ်ချွတ်ခဲ့ပါ။ ဒါမြင့်မြတ်တဲ့ မြေဖြစ်ပါတယ်” တဲ့။ ဂျူးဘာသာမှာ အဲ့ဒီ ဖြစ်ရပ်ကို အဓိပ္ပာယ် ဖွင့်ဆိုထားတာက – အဲ့မီးတောက်ကလေးဟာ ဘုရားသခင် ကိုယ်တိုင် ဖြစ်ပါတယ်။ ဘုရားသခင် ကိုယ်တိုင် ဖြစ်တဲ့အတွက် အဲ့မီးတောက် ကလေးဟာ အေးမြနေတယ်။ ဒါကြောင့်ပဲ မီးတောက်ရှိနေရာ ခြုံပုတ် ကလေး မလောင်ကျွမ်း၊ ပြာမကျ သွား ရတာပဲ ဖြစ်တယ် တဲ့။ မောရှေဟာ အမှတ်မဲ့ ဒီနယ်မြေထဲ ဝင်ရောက် လာပေမယ့် ဒီမြေဟာ အမှတ်မထင်ဘဲ မြင့်မြတ် နေခဲ့တယ်။ ဖြူစင်တဲ့ ကျောင်း ပရဝဏ် ဖြစ်ခဲ့တယ်။ ရှင်သန် နေတဲ့ ဘုရားသခင် ရှိနေတယ် မဟုတ်လား။ အဲ့တော့ သူ ဖိနပ်ချွတ်ပြီးမှ ဝင်ရတော့တယ်။

ကျနော့ အနေနဲ့ ဆိုရင် ဒါဟာ သမိုင်းဖြစ်ရပ် တစ်ခု လို့ မထင်ဘူး။ ဒီထက် ပိုသာတဲ့ နိမိတ်ပုံ ဖြစ်ပါတယ်။ ဘုရားသခင် ရှိရာ ဘယ်နေရာ ဘယ်မြေပြင် ဖြစ်နေပါစေ အဲ့နေရာဟာ မြင့်မြတ် နေမှာပဲ။ ဇင် မှာ ဒီအချက်ဟာ အပြည့်အဝ ပျံ့နှံ့ စိမ့်ဝင် နေပါတယ်။ အရာအားလုံး ကို ဒီအမြင်နဲ့ ချဉ်းကပ်တယ်။ ဆိုလိုတာက – လေးနက် ဖြူစင်မှု ရှိရာ နေရာ တိုင်းမှာ ဘုရားသခင် ရှိတယ်။ မြင့်မြတ်မှု ရှိရာ နေရာတိုင်း ဟာ ဘုရားသခင်ရဲ့ နေရာ ဖြစ်တယ်။ ဇင် အတွက် ဒီသဘောဟာ အပြန်အလှန် မလိုအပ်ဘူး။ ဆိုလိုတာက – ဘုရားသခင် ရှိတဲ့ နေရာ မှာမှ မြင့်မြတ်နေတာ မဟုတ်ဘူး။ ဘုရားသခင် ရှိမှ ဖြူစင် လေးနက် မယ့် နေရာ ဖြစ်သွားတာ မဟုတ်ဘူး။ ဘုရားသခင် တည်ရှိနေမှု က အဲ့နေရာ တစ်ခုကို မြင့်မြတ်အောင် လုပ်လိုက် တာ မဟုတ်ဘူး။ ခင်ဗျားက အလေး အနက် ဖြူစင်စွာ နဲ့ ထားလိုက် တဲ့အခါ မှသာ – လေးနက် မြင့်မြတ်တဲ့ နေရာ ဖြစ်သွားတာ။ ခင်ဗျားက တည်ငြိမ် သန့်စင်သွားတဲ့ အခါမှာမှ ဘုရား တစ်ပါး တည်ရှိနေသလို ရုတ်ချည်း ခံစား လိုက်ရမှာ ဖြစ်ပါတယ်။ ဒါကြောင့် ဇင် အတိုင်း နေထိုင်သူ တွေဟာ မိမိသန္တာန်မှာ လေးနက်သန့်စင်အောင် ထားရင်း အရာအားလုံးကို ဆောင်ရွက်ပြုမူ တယ်။ အခြား ဘုရားသခင် ဝါဒတွေ မှာ အဲ့ဒါ ရှိပါသလား။

တကယ်စင်စစ် ဇင် မှာ ဘယ် ဘုရားသခင် မှ မရှိဘူး။ ဇင်မှာ တကယ် ရှိတာက ခင်ဗျားနဲ့ ခင်ဗျား ရဲ့ စိတ် ပဲ။ ခင်ဗျားရဲ့ စိတ်သာ အခုလက်ရှိ အချိန်မှာ အဖွံ့ထွားဆုံး ၊ အပွင့်လန်းဆုံး တည်ရှိနေတဲ့ ပန်းတစ်ပွင့် ဖြစ်ပါတယ်။ ဒီထက်မက မြင့်မြတ် ပွင့်လန်း သွားနိုင်တယ်။ ခင်ဗျားရဲ့ လက်ရှိ အခု ဘဝတစ်ခုလုံးကို လေးနက်အောင် ခင်ဗျား ဘာသာပဲ ဖန်ဆင်း နိုင်တယ်။

Read more of this post

ထူးမခြားနား ဇင်ပုံပြင်

ချောင်းငယ်လေး

ကိုယ်တော် နှစ်ပါးဖြစ်တဲ့ တန်စန်နဲ့ အဲခိဒို တို့ ဟာ ခရီး အတူ ထွက်လာခဲ့ကြတယ်။ လမ်းခုလတ် တစ်နေရာရောက်တော့ မိုးတွေက သည်းသည်း မည်းမည်း ရွာချလာတယ်။ အဲ့တော့ အချို့လမ်းနေရာတွေမှာ ရွှံ့တွေ ဗွက်တွေ ထကုန်တယ်။ ချောင်းငယ်လေး တစ်ခုနားကို ရောက်တော့ ကီမိုနို ပိုးစလေး ဝတ်ထားတဲ့ မိန်းမလှလေး တစ်ယောက်နဲ့ ဆုံတယ်။ အဲ့မိန်းကလေးက ဒီချောင်းလေးကို ဖြတ်ကူး ခရီးဆက်ဖို့ အခက်ကြုံနေတာ ဖြစ်ပါတယ်။

တန်စင် ကိုယ်တော်လေးက ချက်ချင်းပဲ – “လာ သူငယ်မ” ဆိုပြီး လက်မောင်းနဲ့ ပွေ့ချီ၊ အဲ့ချောင်းကို ဖြတ်ကူးပေး လိုက်တယ်။ အဲခိဒို ကိုယ်တော် ကတော့ ဘာမှမပြောဘဲ နှုတ်ဆိတ် နေတယ်။ အဲ့လိုနဲ့ ကိုယ်တော် နှစ်ပါး ခရီးဆက်လာရင်း ဘုရားကျောင်း တစ်ကျောင်းကို ရောက်တော့ မိုးလည်းချုပ်ပြီမို့ နားလိုက်ကြတယ်။ အဲ့အခါမှာ အဲခိဒို ကိုယ်တော်လေးက မနေနိုင်တော့ဘူး။ သူ့မိတ်ဆွေ တန်စင် ကိုယ်တော် လေးကို မေးတယ်။

“ကိုယ်တော် ။ ကျုပ်တို့ ဘိက္ခုတွေဟာ အမျိုးသမီးတွေနဲ့ ဝေးဝေးနေသင့်တယ် မဟုတ်လား။ အထူးသဖြင့် ငယ်ရွယ်ချောမောတဲ့ မိန်းကလေး တွေနဲ့ ဆို ပိုပြီးတောင် ဂရုပြုရသေးတယ် မဟုတ်လား။ ဒီလို အပြစ် ၊ အန္တရာယ်ကြီးလှတဲ့ ကိစ္စကို ကိုယ်တော် ဘာလို့ လုပ်ခဲ့တာလဲ”

တန်စင်ကိုယ်တော်လေးက ပြန်ဖြေတယ်။

“ကိုယ်တော်၊ ကျုပ် ဟိုမိန်းကလေးကို အဲ့မှာတင် ထားထားပြီးခဲ့ပြီ။ ကိုယ်တော်က ဘာလို့ ဒီအထိ သယ်လာရတာလဲ”

……………………………………………….

လက်ဘက်ရည်တစ်ခွက်

ဂျပန်နိုင်ငံမှာ မီဂျီခေတ် ( ၁၈၆၈ – ၁၉၁၂ ) အတွင်းက ဇင်ဆရာ တစ်ပါးရှိခဲ့တယ်။ သူ့အမည်က နန်းအင် တဲ့။ သူ့ဆီကို တက္ကသိုလ် ပါမောက္ခ တစ်ယောက်က ဇင်ဗုဒ္ဓဘာသာနဲ့ ပတ်သက်လို့ မေးမြန်းချင်ပါတယ် ဆိုပြီး လာတယ်။

ဆရာ နန်းအင်ဟာ လက်ဘက်ရည်နဲ့ တည်ခင်းဧည့်ခံတယ်။ ဧည့်သည် ပါမောက္ခ အတွက် လက်ဘက်ရည် ငှဲ့ပေးတယ်။ ငှဲ့တာမှ ပြည့်လျံနေလဲ မရပ်သေးဘဲ ဆက်ငှဲ့ နေတယ် ။ ပါမောက္ခကြီးက အဲ့ဒါကို တွေ့တော့ ပထမ ငေးကြည့်နေသေးတယ်။ ဆရာ နန်းအင် ကတော့ ဆက်ငှဲ့နေတုန်းပဲ။ နောက်တော့ ပါမောက္ခကြီးလည်း မနေနိုင်ဘဲ ပြောရတော့တယ်။

“ခွက်က ပြည့်နေပြီ မလား ဆရာသခင် ၊ ဆက်ထည့်နေရင် ဒီလိုပဲ လျံကျနေမှာပါ”

အဲ့တော့ ဆရာက-

“ဒီခွက်လိုပါပဲ။ မိတ်ဆွေကြီးဆီမှာ အသိ အကြံဥာဏ် တွေးဆချက်တွေ ပြည့်နေတယ်။ အဲ့ဒါတွေကို ခါကျင်း၊သွန် မပစ်နိုင်ဘဲ ကျုပ်က ဇင်တရားကို ဘယ်လိုပြရမလဲ”

…………………………………

နာခံတတ်မှု

ဆရာသခင် ဘန်ခဲအိ ရဲ့ တရားပွဲကို ဇင်ကိုယ်တော်တွေသာ မကဘူး၊ အလွှာ အနိမ့် အမြင့် အမျိုးမျိုးက လူပုဂ္ဂိုလ်တွေပါ တက်ရောက် နားထောင် တတ်ကြတယ်။ သူ ဟောကြားတဲ့ တရားတွေဟာ ဘယ်ကျမ်းစာ၊ ဘယ်ဋီကာထဲကမှ မဟုတ်ဘူး။ ဘယ် ဆိုစကားကိုမှ မကိုးကားဘူး။ အညွှန်း မရှိဘူး။ သူပြောတဲ့ စကားလုံးတိုင်းဟာ သူ့ရင်ထဲကပဲ တိုက်ရိုက် ထွက်ပေါ်လာတယ်။ သူ့ရင်ထဲက ထွက်ပေါ်လာတဲ့ အဲ့စကားလုံး တစ်လုံးချင်စီကို နားထောင်သူတို့ ရင်ထဲတိုက်ရိုက် ရောက်နိုင်အောင်သာ ပြောပါတယ်။

Read more of this post

စစ်တုရင်

နှင်းဆီပင်လေး တစ်ပင်ဟာ သူ့သက်တမ်း တစ်လျောက်လုံး နှင်းဆီပင် ဖြစ်ဖို့ အသဲအသန် ကြိုးစားနေမယ် ဆိုရင် အဲ့နှင်းဆီလေး ဘာဖြစ်နေတယ် လို့ ခေါ်ကြမလဲ။ ရူးနေတယ် လို့ ခေါ်ကြမယ် မဟုတ်လား။ တကယ်က သူကိုယ်တိုင်ဟာ နှင်းဆီ ဖြစ်ပြီးသားပါ။

ဇင်ကလည်း အဲ့ဒီလိုပါပဲ။

ကျနော်တို့ ဆီမှာ မမြင်နိုင်အောင် ဖုံးကွယ်နေတာတွေ ရှိတယ်။ ကျနော်တို့ဟာ ကျနော်တို့ ဘာဆိုတာကို မေ့လျော့ နေတယ်။ မမြင်နိုင်ဘဲ ဖြစ်နေကြတယ်။ အဲ့ဒီအတွက် ကျနော်တို့ အားထုတ်ရမယ့် အလုပ်က အခြား မရှိဘူး။ မြင်ဖို့ပါပဲ။ ရိုးရှင်းစွာ မြင်ဖို့ တစ်ခုတည်းပါပဲ။ ဒါကို နာန်က် ( नानक ) အရ ဆိုရင် ဿုရတီ လို့ ခေါ်တယ်။ ကဗီးရ် (कबीर) အရဆိုရင် ဆုရတီ လို့ခေါ်တယ်။ အဓိပ္ပာယ်က အမှတ်ရခြင်းပဲ ဖြစ်ပါတယ်။ ကျနော်တို့ ခင်ဗျားတို့ က ကိုယ့်ကိုယ်ကို ဘာဆိုတာ အမှတ်အသိ ရှိနေဖို့ပဲ လိုအပ်တယ်။

ဒါ့ကြောင့် ဇင်က သင်ကြားသမျှ မှာ စကားလုံး မရှိဘူး။ ဝါကျတွေနဲ့ ခင်ဗျားကို သင်ပေးမှာ မဟုတ်ဘူး။ သီအိုရီတွေ မပါဘူး။ ဒဿန တွေ မဟုတ်ဘူး။ ခင်ဗျားဆီကို တိုက်ရိုက်ပဲ ညွှန်ပြသွားတယ်။

ပုံပြင်လေး တစ်ခုရှိတယ်။

ဘဝနဲ့ ပတ်သက်ပြီး စိတ်အပျက်ကြီး ပျက်နေတဲ့ လူငယ်လေး တစ်ယောက်ဟာ အဝေးတစ်နေရာက ဘုရားကျောင်း တစ်ကျောင်းဆီ ထွက်သွား တယ်။ အဲ့ကျောင်းက ဘုန်းတော်ကြီးကို ဒီလို လျောက်ထား ညည်းတွား တယ်။

“အရှင်ဘုရား၊ တပည့်တော် ဘဝနဲ့ ပတ်သက်လို့ စိတ်အပျက်ကြီး ပျက်မိပါတယ်။ ဘဝရဲ့ ဒုက္ခတွေကနေ လွတ်မြောက်နိုင်ဖို့ အသိဥာဏ် အလင်းကို တောင့်တမိတယ်။ ဒါပေမယ့် တပည့်တော်မှာ စွမ်းရည် မဲ့နေပါတယ် ဘုရား။ နှစ်ပေါင်းများစွာ ဘာဝနာ၊ အလေ့အလာ၊ အသိအမှတ် ပြုခဲ့ပေမယ့် ဘဝရဲ့ ဒုက္ခ အထဲကိုပဲ ပြိုလဲပြီးရင်း ပြိုလဲရင်း ဖြစ်နေပါတယ်။ ဘဝ အတွင်းသာ ပြန်ပြန်ရောက်နေပြီး ဒုက္ခတွေ ခံစားနေရဆဲ ဖြစ်ပါတယ်။ တပည့်တော် လို ငတုံးငအမျိုး အခြားမှာ ရှိပါသေးရဲ့လား ဘုရား” တဲ့။

“ဒကာလေး စိတ်ပိုင်းဖြတ်ပြီးသား ဖြစ်မယ် ဆိုရင် အဖြေရှိပါလိမ့်မယ်။ ဒါနဲ့ ကျုပ်ကို ပြောစမ်းပါဦး။ ဒကာ့ ဘဝမှာ ဘာတွေ သင်ကြားခဲ့သလဲ။ ဒကာ့ဘဝမှာ အာရုံ အစူးစိုက်နိုင်ဆုံး လုပ်တတ်တာ ဘာများ ရှိခဲ့လဲ”

“ထူးထူးထွေထွေ မရှိပါဘူး ဘုရာ့း၊ တပည့်တော်တို့ မိသားစု က ချမ်းသာကြပါတယ်။ အခြား လုပ်ငန်း ကိုင်ငန်းများလည်း မလုပ်ခဲ့ရပါ။ တပည့်တော် သေသေချာချာ စိတ်ဝင်တစား လုပ်ခဲ့ဖူးတာ ဆိုရင် စစ်တုရင် ကစားတာ တစ်မျိုးတည်း ဖြစ်လိမ့်မယ် ထင်ပါတယ်။ တပည့်တော် ရဲ့ အချိန် တော်တော်များများကို အဲ့ဒါနဲ့ပဲ ကုန်လွန်ခဲ့ပါတယ်”

ဘုန်းတော်ကြီးက တစ်ခဏ ဆင်ခြင်ပြီးတဲ့ နောက် သူ့ အပါးက ကိုယ်တော် တစ်ပါးကို ပြောတယ်။ “…… အမည်ရှိတဲ့ ကိုယ်တော့်ကို သွားခေါ်ချည်ပါ။ ပြီးတော့ သူနဲ့ အတူ စစ်တုရင်ခုံနဲ့ ကစားရုပ်တွေ ပါလာပါစေ။ အခြားကိုယ်တော်တွေပါ ခေါ်ခဲ့။”

“ဆရာသခင်၊ အဲ့ကိုယ်တော်က စစ်တုရင် မကစားတတ်ပါဘူးဘုရာ့”

“မပူပါနဲ့။ ခေါ်သာ ခေါ်လိုက်ချည်ပါ။”

Read more of this post

ဘာဝနာဖြင့် ထုံမွှမ်းအပ်သော

“ဘာဝနာနှင့် ထုံမွှမ်းအပ်သည်၊ ဓမ္မဖြင့် နေထိုင်သည်” စသည့် စကား ၊ ဝေါဟာရများကို ဗုဒ္ဓဘာသာဝင် အများ ( ထေရဝါဒတွင်ရော၊ အခြား ဘာသာမျိုးကွဲ တွေမှာရော ) ကြားနာ ဖူးကြသည်။ ထိုသို့ ကြားနာ မှတ်သားရာတွင် နာယူသူ အပေါင်းတို့က မည်သို့ ဆက်လက် ကျင့်ကြံ ကြပါသနည်း။

ဘဝ တစ်လျောက်လုံး ဘာဝနာနှင့် ထုံမွှမ်းနေထိုင်အပ်သည် ဆိုသော စကားကို ကျနော် ကြိုက်ပါသည်။ သို့သော် ( ဝါးလုံးရှည်နှင့် သိမ်းရမ်းသည် ဟု ဆိုဆို ) အများအားဖြင့် တွေ့နေရသည့် – ဘုရားစင်ရှေ့ တရားထိုင်နေမှ တရားကျင့် ကြံခြင်း မဟုတ်ပေ။ တရားတိုက် ၊ တရား စခန်း ဝင်မှ တရား ကျင့်ကြံခြင်း အမှန် မဟုတ်။ ဓမ္မသည် အချိန်ပိုင်း အားဖြင့် သာ ရှိအပ်သော အရာ မဟုတ်ပေ။ ဆိုလိုသည်မှာ ဘာဝနာသည် ဘဝ၏ အစိတ်အပိုင်း တစ်ခုမျှသာ ဖြစ်သည်ဟု ထင်မြင် ကျင့်ကြံကြလျှင် မမှန်ကန်သော အကျင့်အကြံသာ ဖြစ်ပါမည်။ ဘဝ တစ်လျောက်လုံး ဟူသော စကားပုဒ်သည် ဘဝရှင်သန်နေသမျှ ကာလပတ်လုံး ဟု ဆိုလိုမည်။ ဤသည်မှာ ကျနော့ အယူသာ ဖြစ်ပါသည်။


မကြာခဏ ကြားရသည်။ “ခင်ဗျား တရား ဘယ်လောက် ကြာကြာ ထိုင်နိုင်သလဲ” ။ တင်ပလ္လင်ခွေချိတ်၊ မျက်လုံးစုံမှိတ်၊ အသက်မျှင်းမျှင်းရှူ၊ ဘယ်လက်ဖဝါးပေါ် ညာလက် ဖဝါး ထပ်တင်၊ ခါးမတ်မတ်ထား။ တစ်မိနစ်လား၊ နှစ်မိနစ်လား၊ တစ်နာရီလား။ ထိုကဲ့သို့ ငြိမ်လိုက်လျှင် တရားစ ထိုင်ခြင်း သရုပ်သကန် စတင်ပြီ ဖြစ်သည် ဆိုပါစို့။ ယင်း နောက်ကွယ်က သဘောထားများကရော…..။ တရားကို ( ဝါ ) ဓမ္မကို ထိုသို့ ထိုင်လိုက်ခြင်း နည်းအားဖြင့် ရယူနိုင်ပါသလား။ ယင်းမေးခွန်းကို တစ်ချိန်က ကျနော် မေးလျောက် ခဲ့ဖူးပါသည်။ ဆရာတော် တစ်ပါးက ဤသို့ ဖြေကြားသည်။

“ဒီလို တစ်မိနစ်ရရ၊ ငါးမိနစ်ရရ တရား ထိုင်ပြီး ရှုမှတ်ကြ၊ အားထုတ်ကြဖို့ တိုက်တွန်းရခြင်း အကြောင်းက တစ်သံသရာလုံး၊ တစ်ဘဝလုံး ကပ်ငြိလာခဲ့တဲ့ စိတ်၊ သံယောဇဉ်၊ တစ်ဘဝလုံး အထိန်းအကွပ်မဲ့ လှုပ်ရှား နောက်ကျိခဲ့တဲ့ စိတ်ရိုင်းတွေကို တည်ငြိမ်လေးနက် သွားအောင် ထိန်းကျောင်းခြင်းသာ ဖြစ်ပါတယ် ဒကာ။ ကလေးတစ်ယောက် လမ်းမလျောက်တတ်လျောက်တတ် လျောက်ခါစမှာ ခြေတစ်လှမ်း ဘယ်လို လှမ်းရမယ်လို့ တွဲခေါ် သင်ကြားပေးရတာ ရှိတယ်။ တစ်လှမ်းလှမ်းနိုင်ရင် နောက်တစ်လှမ်း၊ နောက်တစ်လှမ်း စသဖြင့် ၊ အဲ့သလို မျိုးပဲ၊ တစ်မိနစ်၊ ငါးမိနစ် အဲ့ဒီနောက် တစ်နာရီ ၊ နှစ်နာရီ စသဖြင့်။ ဒီလို သဘောပါပဲ။

ဘာဝနာကို ဘယ်လို ပွားများရမယ်လို့ စတင်သင်ကြားချိန်မှာ ဘာဝနာ ပွားများခြင်းရဲ့ အစဦး အခြေခံကို စတင် ပျိုးယူရ တယ်။ ထိုင်နေမှ မဟုတ်ပါဘူး။ ဒီအစပျိုး အခြေအနေကနေ ပွားများယူနိုင်လို့ ရှေ့ကို ဆက်လက်ပြီး ဣရိယာပုတ် လေးပါးစလုံးရော၊ မိမိတို့ ကိုယ်စီ ဘဝထဲ အရေးအရာ တွေ ရင်ဆိုင် ဖြတ်သန်းတဲ့ အခါမှာရော သတိမပြတ် ထုံမွှမ်းနေသွားရပါမယ်။ ယုတ်စွ အဆုံး အိမ်ယာ ထူထောင်ရင်း၊ သားသမီး မြေးမြစ် တစ်စုနဲ့ စီးပွားရှာဖွေရင်းလည်း ဘာဝနာ ဟာ ပွားများ နေနိုင်ပါတယ်။” Read more of this post

မိုးရွာတော့မယ့် တိမ်များ

Facebook ရဲ့ စာမျက်နှာ တစ်ခုက ကူးယူပါတယ်။ ရေးသူက ဘုန်းတော်ကြီး ဖြစ်မယ် ထင်ပါတယ်။ facebook name က မဟာ မနာပိ –။ သူ့ထံက ကျနော် ကူးယူခဲ့တာ ဒီတစ်ပုဒ် အပါအဝင် ဆိုရင် နှစ်ပုဒ် ရှိပါပြီ။ ပထမ ပို့စ်က — ကာလာမသုတ်တော်နှင့် ဝေဖန်ရေး– ပါ။ စိတ်အတွင်း တိုက်ရိုက် ဝင်ရောက်ရာမှာ အားကောင်းပြီး ရှင်းလင်းတဲ့ အမြင်တွေ ပါဝင်ပတယ်။ နောက်ပြီး ထေရဝါဒမှ ထေရဝါဒ၊ မဟာယာနမှ မဟာယာန ဆိုတဲ့ အမြင်တွေ မရှိ၊ ပုတ်ခတ်ခြင်း မရှိ၊ ရှုတ်ချခြင်း မရှိ၊ မောက်ကြွားခြင်း မရှိ၊ အမြင်ကို အမြင်အတိုင်းသာ ရှင်းလင်းထားချက်ကို ကြိုက်တယ်။
ဇေယျ။
………………………………………………….
ကုသုဒလို့ ခေါ်တဲ့ တိုကျိုက ဆေးဆရာလေးဟာ ဇင်တရားတွေ သင်ယူ နေတဲ့ ကောလိပ် ကျောင်းသားနဲ့ တွေ့တယ်။ ဆေးဆရာလေးက “ဇင်တရားဆိုတာ ဘာလဲ”လို့ မေးလိုက်တယ်။ ကောလိပ် ကျောင်းသားက “ငါ မပြောနိုင်ဘူး၊ ဒါပေမယ့် တစ်ခုတော့ ပြောနိုင်တယ်။ အဲဒါကတော့ မင်းအနေနဲ့ ဇင်တရားကို သဘောပေါက်ရင် သေရမှာ မကြောက်တော့ဘူး” လို့ ဖြေတယ်။ ဒီတော့ “အို… ဒါဆို သိပ်ကောင်းတာပေါ့” လို့ ပြောလိုက်တယ်။ “ဒီလိုဆို ငါ ဇင် တရားတွေ သင်ချင်တယ်။ ဆရာကို ဘယ်လို ရှာရမလဲ”လို့ ဆက်မေးတော့ “နန်အင်လို့ ခေါ်တဲ့ ဆရာဆီကို သွား”လို့ ပြောလိုက်တယ်။ ဆေးဆရာလေးဟာ ၉-လက်မခွဲရှိတဲ့ ဓားမြှောင်တစ်ချောင်းကို ယူသွားတယ်။ “ဒီဆရာ သေရမှာ ကြောက်သလား၊ မကြောက်ဘူးလား” ဆိုတာကို စုံစမ်းဖို့ စမ်းသပ်ဖို့ပေါ့။
နန်အင်ဆိုတဲ့ ဇင်ဆရာဟာ ကုသုဒကို တွေ့လိုက်တာနဲ့ “အိုအဆွေ… နေကောင်းလား။ ဒို့ မတွေ့တာတောင် အတော်ကြာပေါ့” လို့ နှုတ်ဆက် လိုက်တယ်။ ဆေးဆရာလေး ခေါင်းရှုပ်သွားတယ်။ ဒီတော့ “ကျုပ်တို့ တစ်ခါမှလည်း မတွေ့ဖူးဘဲနဲ့”လို့ တအံ့တသြ ပြောလိုက်တယ်။ “အင်း.. ဟုတ်တယ်၊ တစ်ခါမှ မတွေ့ဖူးပါဘူး၊ ငါ့ဆီမှာ ဇင်တရားတွေ လာသင်သွားတဲ့ ဆေးဆရာလေးတစ်ယောက်နဲ့ မှားသွားတာပါ”လို့ နန်အင်က ပြောတယ်။ ကုသုဒဟာ မမျှော်လင့်တဲ့ အဖြစ်အပျက်လေးကြောင့် ဇင်ဆရာကို စမ်းသပ်ဖို့ အစီအစဉ် ပျက်သွားပြီး ဇင်တရား သင်လို့ ရနိုင်မရနိုင် မေးလိုက်တယ်။
“အို ဇင်တရားဆိုတာ မခက်ပါဘူး၊ မင်းက ဆေးဆရာ၊ ဒီတော့ လူနာတွေကို ကြင်ကြင်နာနာနဲ့ ကုသပေးလိုက်၊ ဒါဆို မင်းဟာ ဇင်တရား ကျင့်သုံးနေတာပေါ့”လို့ ပြောလိုက်တယ်။ ကုသုဒဟာ နန်အင်ဆီကို သုံးကြိမ်တိုင်တိုင် သွားလည်တယ်။ ရောက်လာတိုင်း နန်အင်က ပြောလွှတ်တယ်။ “ဆေးဆရာလေး မင်းလို လူမျိုးက ဒီလိုနေရာမျိုးမှာ အချိန်မဖြုန်းသင့်ဘူး၊ လူနာအိမ်တွေကို သွားပါ၊ လူနာတွေကို ဂရုစိုက်ပါ”လို့ချည်း ပြောလွှတ်တယ်။

ဆရာတော်များထံသို့ ဗိုလ်ချုပ်၏ လျောက်ထားချက်

သည်ကနေ့ အွန်လိုင်း တနေရာမှ စာအုပ်တစ်အုပ် ဒေါင်းလုပ်ရရှိပါသည်။ ကျနော် မကြာခဏ တင်ရှိနေကျ ဖြစ်သော ဗိုလ်ချုပ်နှင့်ပတ်သက်သည့် ဆောင်းပါးများ အတွက် တစ်ထောင့် တစ်နေရာမှ အကျိုးပြုပေးနိုင်မည် ဖြစ်သည့် အပြင် လိုလားသူများ အတွက်လည်း အကျိုးများ နိုင်မည် ဖြစ်သောကြောင့် ပြန်လည် ရှယ် -ပါသည်။

DOWNLOAD

MEDIAFIRE

( Credit: အထက်ပါ ဒေါင်းလုပ်လင့်ခ်ကို http://cherrymyodaw-elibrary.blogspot.com/ မှ ရရှိပါသည်။ )

ဦးပုကလေး၏ “ငါတို့ ဗိုလ်ချုပ် ဘာလုပ်ခဲ့သလဲ” စာအုပ် ဖြစ်ပါသည်။ သို့သော် ရရှိသည်မှာ ဒုတိယပိုင်း ရှေ့ခန်းများ မျှသာ ပါရှိနေသည်။ ဦးပုကလေး၏ “ငါတို့ ဗိုလ်ချုပ် ဘာလုပ်ခဲ့သလဲ” အပြည့်အစုံမှာ ပထမတွဲ၊ ဒုတိယတွဲ၊ တတိယတွဲ ဟူ၍ သုံးတွဲ ဖြစ်ပါသည်။ ယခုရရှိသည့် ဒေါင်းလုပ်လင့်ခ်မှာ ဒုတိယတွဲ သာဖြစ်သည်။ ထို့အပြင် အသစ်ပြန်လည် ပေါင်းချုပ်၍ ထုတ်သော ၂၀၁၀၊ ဒီဇင်ဘာလ ၊ ဖူဂျီယာမ စာအုပ်တိုက်မှ တတိယအကြိမ်ထုတ် စာအုပ်နှင့် တိုက်ဆိုင် ကြည့်သောအခါ ယင်းဒုတိယ တွဲတွင်ပင် မပြည့်မစုံ၊ လိုနေသည်များ ရှိနေပါသည်။

အောက်ဖော်ပြပါ ဆောင်းပါးငယ်သည် ကျနော့်ထံတွင် ရှိသည့် တတိယအကြိမ် ထုတ် စာအုပ် တွင် ယင်းဒုတိယတွဲ ၌ ဖြည့်စွက်ပါရှိသော ( စာမျက်နှာ ၂၃၅ – ၂၃၇ မှ ) ဆောင်းပါး ဖြစ်သည်။ ယင်း အပြင် ဘာသာရေးနှင့် နှီးနွယ်သော ဗိုလ်ချုပ်အောင်ဆန်း နှင့် ပတ်သက်သမျှ တို့တွင် ယခင်အချိန် က တင်ရှိခဲ့ဖူးသည့် “ဂန္တလောက” မဂ္ဂဇင်းပါ “ဗမာနှင့် ဗုဒ္ဓဘာသာ” အမည်ရှိ ဗိုလ်ချုပ်ဆောင်းပါး သာ ကျနော် သိခဲ့သည်။ နယ်ချဲ့၊ ဖက်ဆစ်တော်လှန်ရေး၊ နိုင်ငံလွတ်လပ်ရေး၊ နိုင်ငံ ထူထောင်ရေး နှင့် နိုင်ငံရေး နယ်ပယ် တွင်သာ လူသိများပြီး ဘာသာရေး တွင် လူသိနည်းလှသော ရှားရှားပါးပါး ဆောင်းပါး လည်း ဖြစ်သည်။

Read more of this post