နိစ္စဓူဝ သေဆုံးနေရခြင်းများ အကြောင်း

Quest: နိစ္စဓူဝ သေဆုံးနေကြတယ် ( Dying Daily ) ဆိုတဲ့ စကားကို ခင်ဗျား ပြောခဲ့ဖူးတယ်။ အဲ့ဒါ ဘာကို ဆိုလိုတာလဲဗျ။

Ans: သေတာကို ကျနော်တို့ ဘာလို့ ကြောက်ကြသလဲ လို့ အရင် စမေးကြည့်ကြပါမယ်။ – သေခြင်းတရားကို ကြောက်လန့်ကြရခြင်း အကြောင်းက သေခြင်း တရားကို မကြုံဖူး၊ မသိဖူးလို့ပါ။ ရှင်းရှင်းပြောရင် မသေဖူးလို့ ဖြစ်ပါတယ်။ ကျနော်တို့ နောက်နေ့၊ မနက်ဖြန် ဘာဖြစ်မယ် ဆိုတာ မသိဘူး။ မနက်ဖြန် အတွက်၊ အနာဂတ် အတွက်၊ တကယ့် တကယ်တမ်း အလုပ်လုပ် နေကြပေမယ့် ကျနော်တို့ အသေအချာ မသိဘူး။ ဒါ့ကြောင့် ကျနော်တို့ စိတ်သန္တာန်မှာ မနက်ဖြန် ကို ကြောက်ရွံ့တဲ့ စိတ် အမြဲ ရှိနေတတ် ပါတယ်။

ဒါ့ကြောင့် ကျနော်တို့ အလုပ်လုပ် နေရခြင်း ရဲ့ နောက်ကွယ်က တွန်းအား ဟာ – မိမိ မသိတဲ့ အရာတစ်ခု ကို ဒိဋ္ဌ ကြုံတွေ့ရမှာ လက်မခံနိုင်စွမ်း ( တစ်နည်း ) ကြောက်ရွံ့မှုသာ ဖြစ်ပါတယ်။ ဒီအကြောင်းကြောင့် ကျနော်တို့ဟာ ဒီကနေ့ ကို မနက်ဖြန် အတွက် ပြင်ဆင်ဖို့ အသုံးချတယ်။ ပြုပြင် ဖန်တီး အရန်သင့် ဖြစ်ဖို့ ကြိုးပမ်းတယ်။ ကျနော်တို့ နေ့စဉ် လုပ်နေတဲ့ အလုပ်တွေက ဒါတွေပဲ မဟုတ်လား။ မနေ့ အချိန်တုန်းကလည်း မနက်ဖြန် အတွက် လုပ်ခဲ့တယ်။ ဒီကနေ့ ဆိုပြန်တော့လဲ မနက်ဖြန် အတွက် လုပ်ကြပြန်တယ်။ ကျနော်တို့ အားလုံး မနက်ဖြန် အတွက် စဉ်ကာ ဆက်ကာ အလုပ်လုပ်နေကြ တယ်။ အဲ့ဒီ “စဉ်ကာ ဆက်ကာ – အဆက်မပြတ်ရေး” ကို ကျနော်တို့ရဲ့ မနာလို ဝန်တိုမှု၊ ကျနော်တို့ရဲ့ ရူးသွပ်မှု၊ ကျနော်တို့ မှတ်ဥာဏ်တွေမှာ ထည့်သွင်း အရည်ဖျော်ပစ်တယ်။ ပုံပြောင်းပစ် တယ်။ ကျနော်တို့ ဘယ်နေရာ ရောက်နေနေ- အဲ့ဒီ အရာတွေကို ကျနော်တို့နဲ့ တစ်ပါ တည်း ယူဆောင်လာခဲ့ကြပါတယ်။

မယူဆောင်လာ ခဲ့ဘူးလို့ရော ထင်ပါသလား။ အဲ့သလို အဆက်မပြတ်ရေး ကို ထပ်ဖန် တလဲလဲ မှတ်ယူခဲ့လို့ သာ- ကျနော်တို့ မသေသေးဘူး ဆိုတဲ့ အသိ ဖြစ်လာ ခဲ့ပါတယ်။ မနေ့က အဖြစ်အပျက် တွေ ရှိခဲ့တယ်။ ဒီနေ့ အဖြစ်အပျက် အချို့ ကြုံဆုံရပြန်တယ်။ ဒါဆို – နောက်တစ်နေ့ ရှိဦးမယ်။ ဒီအချက်တွေကြောင့် – ကျနော်တို့ အတွက် ကျနော်တို့ စဉ်ဆက် မပြတ် – ဖြစ်တည်နေဖို့ ခိုင်မာနေ သလိုလို မှတ်ယူနေတယ်။ ကျနော်တို့ မှတ်ဥာဏ်နဲ့၊ စိတ်ကူး ခံစားချက်၊ မျှော်လင့်ချက်တွေက ကျနော်တို့ ဆက်လက် ဖြစ်တည် နေမယ် လို့ အမြင် ရောက် သွားစေတယ်။ ဒီလို “ဆက်လက် ဖြစ်တည်မှု” ဆိုတဲ့ အချက်ဟာ – “အသစ်” မဟုတ်ဘူး ဆိုတဲ့ အချက်နဲ့ အတူတူ ပါ။

ဆိုလိုတာက – ဥပမာ- ခင်ဗျား မှာ အတွေးတစ်ခု ရှိမယ်။ မနေ့က ခင်ဗျား တွေ့ကြုံခဲ့ရတဲ့ အတွေ့အကြုံ အတိုင်း- မနက်ဖြန် မှာ နောက် တစ်ကြိမ် ထပ်ဖြစ်စေဖို့ ဆန္ဒ ရှိမယ် ဆိုပါတော့။ အဲ့ဒါဆိုရင် ခင်ဗျားဟာ သစ်လွင်မနေဘူး လို့ ဆိုလိုတယ်။ ဒါဟာ ကျနော်တို့ အများစု လိုချင်တဲ့ ပုံစံပဲ ဖြစ်ပါတယ်။ ကျနော်တို့ ဒီအတိုင်း ဆက်သွားချင်တယ်။

“ဒီအတိုင်း” ကျနော်တို့ ဘယ်လို ဆက်သွားချင်နေတာပါလဲ – ထပ်မေးရင်။ ကျနော်တို့ စိုးရိမ်ခဲ့သမျှတွေ အတိုင်း၊ ကျနော်တို့ ပျော်ရွှင်သမျှတွေ အတိုင်း၊ ကျနော်တို့ စိတ်ကူး စဉ်းစားထားပြီးသား တွေ အတိုင်း ဆက်သွားချင်တယ်။ အဲ့အတွက် ကျနော်တို့ အများစု ကြားမှာ ဖောက်ထွက်နိုင်စွမ်း မရှိဘူး။ ဖန်တီးနိုင်စွမ်း မရှိဘူး။ အသစ် အသစ် ဖြစ်မလာဘူး။ လူ့အဖွဲ့အစည်း၊ ဘာသာအယူဝါဒ အဟောင်းအဟောင်းတွေထဲမှာ – ပြုပြင်ဖို့ ပြောင်းလဲ နိုင်ဖို့ အသစ် အသစ် ဖြစ်ဖို့ ဆိုတာ ခက်ခဲနေရတယ်။

တကယ်က ကျနော်တို့တွေ နေ့စဉ် ရှင်သန်နေတာ မဟုတ်ပါဘူး။ နေ့စဉ် နေ့တိုင်း အသေသား တွေ စားနေတာပါ။ ကုန်လွန်ခဲ့ ၊ သေဆုံး ခဲ့ပြီ ဖြစ်တဲ့ နေ့ရက် တွေက ခံစားချက် အဟောင်းတွေ၊ အယူအဆ အဟောင်းတွေ ကနေ့ထိ သယ်ဆောင်လာဆဲ။ ဒါတင် မကျေနပ်သေးဘူး။ နောက်နေ့ နောက်နေ့ များမှာလဲ ဒီ အယူအဆ အဟောင်းတွေ ဆက်လက် ဖြစ်တည်နေစေချင်တယ် – ဒီခံစားချက် အဟောင်းတွေ ဆက် တည်ရှိ နိုင်ပါစေလို့ ဆန္ဒရှိတယ်။ အဲ့တော့ အဲ့ဒီ ဆန္ဒတွေနဲ့ အတူ မနာလို၊ ဝန်တို၊ ဒေါသ၊ မာန ရူးသွပ်သမျှတွေပါ တစ်ပါတည်း ဆက်လက် ပါဝင်လာပါတယ်။

ခင်ဗျားလည်း တွေးကြည့်နိုင်မယ် ထင်တယ် – နေ့တစ်နေ့ တာ ကုန်ဆုံးသွားပြီး အိမ်ပြန် ဝန်ထုပ်တွေ ချ အနားယူချိန်မှာ – “ဒီကနေ့ ပြီးပြီ။ ငါ့သန္တာန် ရှိသမျှ အကုန်ထားရစ်ခဲ့မယ်။ နောက်တစ်နေ့မှာ ငါ အသစ် အသစ်နဲ့ပဲ ရင်ဆိုင်မယ်” လို့ စိတ်ကူး ရှိခဲ့ဖူးပါသလား။ ဒီကနေ့ ရဲ့ အဟောင်းတွေကို နောက်တစ်နေ့ အထိ ဘယ်တော့မှ မသယ်သွားဘူးလို့ ဆန္ဒ ရှိခဲ့ဖူးပါသလား။

ကျနော်တို့မှာ အနည်းဆုံး တွယ်ငြိတဲ့ စိတ် ကျန်ရစ်နေပါတယ်။ ကျနော်တို့ ဘာကို တွယ်တာ မိနေကြသလဲ။ အသုံးအဆောင်တွေလား၊ ဒီ တိုက်တာ အိုးအိမ်တွေ လား ။ ဟုတ်ချင်မှ ဟုတ်မယ်။ ဒါပေမယ့် တွယ်တာမိနေမယ့် ( ကျိန်းသေတဲ့ ) အရာတွေက – ကျနော်တို့ရဲ့ စိတ်ကူး တွေ၊ ကျနော်တို့ရဲ့ စကားလုံးတွေ ဖြစ်ပါတယ်။ အဲ့ဒီ စိတ်ကူးစိတ်သန်း၊ မျှော်မှန်းချက်၊ စကားလုံးတွေနဲ့ သာ ကျနော်တို့ ဆက်လက် အသက်ရှင်နေတယ်။ မြင်နိုင်ပါရဲ့လား မသိ။ Read more of this post

ငန်းဖြူ

Zen မှာ မေးတတ်တဲ့ မေးခွန်း ပဟေဠိ တစ်ခုရှိတယ်။ “ငန်း အပြင်ရောက်အောင် ဘယ်လိုထုတ်မလဲ” ဆိုတဲ့ ပြဿနာ ဖြစ်ပါတယ်။ တကယ်က ငန်းဟာ ဘယ်တုန်းကမှ အထဲမှာ မရှိခဲ့ဘူး။ သူက အမြဲတမ်း အပြင်မှာပဲ ရှိနေခဲ့တာ ဖြစ်ပါတယ်။ ဒီ ပဟေဠိပုစ္ဆာဟာ – ဇင် ကိုအန် တစ်ပုဒ် အဖြစ်နဲ့ နာမည်ကြီး ခဲ့တယ်။ ဆိုပါစို့- အဲ့ဒီအကြောင်း ကို မပြောခင် ဇင် က ဘာလဲ – ကိုအန် ပဟေဠိ ဆိုတာ ဘာလဲ အရင် နားလည်ထားရင် ပိုအဆင်ပြေပါလိမ့်မယ်။

ဇင်ကို အများစုက ဇင်ဗုဒ္ဓဘာသာလို့ ခေါ်ကြတယ်။ ဘာသာ လို့ အမည်တပ် ရုံနဲ့တင် လွဲမှား နေနိုင်ပါတယ်။ ဒါတင် မကသေးဘူး – ဇင်ဗုဒ္ဓဘာသာ ဆိုတဲ့ တံဆိပ် နဲ့ – ဇင် + ဗုဒ္ဓဘာသာ ( Zen Buddhism ) ဆိုပြီး တပ်စွဲ သမုတ် ထားပြန်သေးတယ်။ အဲ့ဒီ အတွက် အခု လက်ရှိ အမျိုးမျိုး ကွဲပြားနေတဲ့ – ဗုဒ္ဓဘာသာ ရဲ့ ဂိုဏ်းကွဲ တစ်ခု၊ ဘာသာရေး တစ်ခု လို့ အထင် ရှိနေတတ် ကြပါတယ်။ ဒါပေမယ့် အတွင်းကျကျ ဝင်ကြည့်ရင် – ဇင် ဟာ ကိုးကွယ်ရာ ဘာသာရေး တစ်ခု မဟုတ်ပါဘူး။ နည်းလမ်း တစ်ခု ၊ ပန်းတိုင်တစ်ခုထားထားတဲ့ ကျင့်စဉ် တစ်ခု လည်း မဟုတ်ဘူး။ ဇင် မှာ ဘာတောင်းဆိုမှုမှ မရှိသလို၊ ဘယ်ဆုတောင်း ဂါထာမှ မရှိဘူး။ ဘယ်အရာ ကိုမှ မညွှန်းထားဘူး။

နောက်ဆုံး – ဇင်မှာ အထွတ်အမြတ် ထားတဲ့ ဘယ်ကျမ်းဂန် စာပေရယ် မှ မရှိပါဘူး။ ဒါကိုပဲ အချို့က ဇင်ဝါဒ လို့ ခေါ်ကြ ပြန်ပါသေးတယ်။ တကယ်တမ်း ဇင်ဟာ ဝါဒ တစ်ခုလည်း မဟုတ်ဘူး။ ဒဿနိက စနစ် ၊ အယူအဆ မဟုတ်ဘူး။ ဇင်ဟာ – ခင်ဗျားအတွက် အရာ အားလုံးကို ခင်ဗျား အခု ဖြစ်ရှိနေတဲ့ အတိုင်း အပြည့်အဝ ချဉ်းကပ်စေရုံ သက်သက်သာ ရှိပါတယ်။ ဆိုလိုတာက ဇင်ဟာ – ခင်ဗျား အခု ဖြစ်ရှိ နေတဲ့ အတိုင်း ခင်ဗျား အပြည့်အဝ သိမြင်သွားစေ တယ် ။ အဲ့ဒါလေး သက်သက်ပါ။ အခု အချိန် – အခု နေရာ မှာ – ရှိနေတဲ့ ခင်ဗျား ဖြစ်တည်မှု သန္တာန်ရဲ့ ဘယ်အရာကိုမှ ခြွင်းချန် မထားခဲ့ဘူး။

ဇင် အတိုင်း နေတဲ့သူ ကို ဇင်ဝါဒီလို့ ခေါ်ကြမယ် ဆိုပါစို့။ ( ကျနော့ သဘော အနေနဲ့ဆို – အဲ့လို အမည်မတပ် လိုပါဘူး ။ ) ဇင်ဝါဒီ တစ်ယောက်ရဲ့ ပန်းတိုင်ဟာ အခြား မှာ မရှိဘူး။ အခု ဒီနေရာ မှာပဲ ရှိတယ်။ ဇင် ဝါဒီတစ်ယောက်ရဲ့ ပန်းတိုင် ရောက်ရှိရေး ဟာ နောင် တစ်ချိန်ချိန်မှာ ဖြစ်လာ ဖို့ မဟုတ်ဘူး။ အခု ဖြစ်ရှိနေတဲ့ လက်ငင်း ပစ္စုပ္ပန် အချိန်မှာသာ ဖြစ်ပါတယ်။ အဲ့အတွက် မနေ့က ဆိုတာ၊ မနက်ဖြန် ဆိုတာ မရှိ။ ဒီ အခု-ခဏ သာလျင် အစစ်အမှန် ဖြစ်ရှိ နေပါတယ်။ ဒါ့ကြောင့် ဇင်မှာ နည်းလမ်း နဲ့ ပန်းတိုင် ကွဲပြား မနေဘူး ၊ ခွဲခြား စရာ မလိုအပ်ဘူး – အခု ဒီအချိန်နဲ့ – အခု ဒီနေရာမှာ- ပန်းတိုင်ရော နည်းလမ်းပါ တစ်ပါတည်း ပေါင်းဆုံ နေပါတယ်။ သူ့ အတွက် ဘယ်ခြားနားမှု ကို မှ မလုပ်ဘူး လို့ ဆိုလိုတယ်။

ကမ္ဘာမှာ ပေါ်ပေါက်ခဲ့သမျှ ဒဿနိက စနစ်တွေ၊ ဘာသာတရား တွေမှာ – ဒွိသဘာဝတွေ ခွဲခြား ညွှန်ပြ ထားပြီး ဖြစ်ပါတယ်။ ၎င်းတို့ အသီးသီးရဲ့ နည်းနာ အတိုင်းသာ ကျင့်ကြံ နေထိုင်သွားရင် တစ်ချိန်ချိန်မှာ မကွဲမပြား တသားတည်း ငြိမ်းချမ်းမှု၊ သုခ အဖြစ်ကို ရရှိနိုင်မယ်လို့ ဟောပြော ညွှန်ကြားတယ်။ လူတွေရဲ့ သန္တာန် ကို ဒါ ကောင်းတယ်၊ ဟိုဟာ မကောင်းဘူး- ဒါက အမှန်- ဟိုဟာ က အမှား- ခွဲခြား ပိုင်းဖြတ် ပေးတယ်။ ဘုရားသခင် နဲ့ စေတန် ပိုင်းခြားပေး တယ်။ အလှအပနဲ့ အကျည်းတန်မှု ကွဲပြား ရှုမြင် စေတယ်။ ကြောင်းကျိုး ဆင်ခြင်ဥာဏ် တွေ ချပေးတယ်။ ဆင်ခြင်တုံတရား လို့ နံမည် တံဆိပ်၊ ဝေါဟာရတွေ ကြွယ်ဝ လာစေတယ်။

Read more of this post

လက်ဘက်ရည်ပွဲ ( Tea Time )

ဇင် အတိုင်း နေထိုင်သူ အတွက် အရာ အားလုံးဟာ လေးနက် နေပါတယ်။ ဥပမာ- လက်ဘက်ရည် သောက်တာက အစပေါ့။ သူလုပ်ကိုင် သမျှဟာ မြင့်မြတ်ရာ ကျောင်း ပရဝဏ် အတွင်းထဲ အမြဲ ရောက်နေ သလို ဖြူစင် လေးနက် နေတယ်။

မောရှေနဲ့ ပတ်သက်ပြီး အကြောင်းလေး တစ်ခု ရှိခဲ့တယ်။ ပညတ်တော် ဆယ်ပါးကို နာခံ ယူဖို့ ၊ ဘုရားသခင်နဲ့ တွေ့ဖို့ ဆိုပြီး “ရှီနိုင်း” တောင်ပေါ်ကို သူ ရောက်သွားတော့ အဲ့ဒီမှာ အစိမ်းရောင် ခြုံပုတ်လေး တွေ့ရတယ်။ ပြာရောင်လွင်လွင်လေးနဲ့ အတွင်းမှာ မီးညွန့်လေးကို မြင်ရတယ်။ သူလည်း တအံ့တဩနဲ့ အနားကို တိုးသွားကြည့်တယ်။ ခြုံအတွင်းကနေ တစ်စုံတစ်ယောက်က လှမ်းအော်ပါတယ်။ “ဖိနပ်ချွတ်ခဲ့ပါ။ ဒါမြင့်မြတ်တဲ့ မြေဖြစ်ပါတယ်” တဲ့။ ဂျူးဘာသာမှာ အဲ့ဒီ ဖြစ်ရပ်ကို အဓိပ္ပာယ် ဖွင့်ဆိုထားတာက – အဲ့မီးတောက်ကလေးဟာ ဘုရားသခင် ကိုယ်တိုင် ဖြစ်ပါတယ်။ ဘုရားသခင် ကိုယ်တိုင် ဖြစ်တဲ့အတွက် အဲ့မီးတောက် ကလေးဟာ အေးမြနေတယ်။ ဒါကြောင့်ပဲ မီးတောက်ရှိနေရာ ခြုံပုတ် ကလေး မလောင်ကျွမ်း၊ ပြာမကျ သွား ရတာပဲ ဖြစ်တယ် တဲ့။ မောရှေဟာ အမှတ်မဲ့ ဒီနယ်မြေထဲ ဝင်ရောက် လာပေမယ့် ဒီမြေဟာ အမှတ်မထင်ဘဲ မြင့်မြတ် နေခဲ့တယ်။ ဖြူစင်တဲ့ ကျောင်း ပရဝဏ် ဖြစ်ခဲ့တယ်။ ရှင်သန် နေတဲ့ ဘုရားသခင် ရှိနေတယ် မဟုတ်လား။ အဲ့တော့ သူ ဖိနပ်ချွတ်ပြီးမှ ဝင်ရတော့တယ်။

ကျနော့ အနေနဲ့ ဆိုရင် ဒါဟာ သမိုင်းဖြစ်ရပ် တစ်ခု လို့ မထင်ဘူး။ ဒီထက် ပိုသာတဲ့ နိမိတ်ပုံ ဖြစ်ပါတယ်။ ဘုရားသခင် ရှိရာ ဘယ်နေရာ ဘယ်မြေပြင် ဖြစ်နေပါစေ အဲ့နေရာဟာ မြင့်မြတ် နေမှာပဲ။ ဇင် မှာ ဒီအချက်ဟာ အပြည့်အဝ ပျံ့နှံ့ စိမ့်ဝင် နေပါတယ်။ အရာအားလုံး ကို ဒီအမြင်နဲ့ ချဉ်းကပ်တယ်။ ဆိုလိုတာက – လေးနက် ဖြူစင်မှု ရှိရာ နေရာ တိုင်းမှာ ဘုရားသခင် ရှိတယ်။ မြင့်မြတ်မှု ရှိရာ နေရာတိုင်း ဟာ ဘုရားသခင်ရဲ့ နေရာ ဖြစ်တယ်။ ဇင် အတွက် ဒီသဘောဟာ အပြန်အလှန် မလိုအပ်ဘူး။ ဆိုလိုတာက – ဘုရားသခင် ရှိတဲ့ နေရာ မှာမှ မြင့်မြတ်နေတာ မဟုတ်ဘူး။ ဘုရားသခင် ရှိမှ ဖြူစင် လေးနက် မယ့် နေရာ ဖြစ်သွားတာ မဟုတ်ဘူး။ ဘုရားသခင် တည်ရှိနေမှု က အဲ့နေရာ တစ်ခုကို မြင့်မြတ်အောင် လုပ်လိုက် တာ မဟုတ်ဘူး။ ခင်ဗျားက အလေး အနက် ဖြူစင်စွာ နဲ့ ထားလိုက် တဲ့အခါ မှသာ – လေးနက် မြင့်မြတ်တဲ့ နေရာ ဖြစ်သွားတာ။ ခင်ဗျားက တည်ငြိမ် သန့်စင်သွားတဲ့ အခါမှာမှ ဘုရား တစ်ပါး တည်ရှိနေသလို ရုတ်ချည်း ခံစား လိုက်ရမှာ ဖြစ်ပါတယ်။ ဒါကြောင့် ဇင် အတိုင်း နေထိုင်သူ တွေဟာ မိမိသန္တာန်မှာ လေးနက်သန့်စင်အောင် ထားရင်း အရာအားလုံးကို ဆောင်ရွက်ပြုမူ တယ်။ အခြား ဘုရားသခင် ဝါဒတွေ မှာ အဲ့ဒါ ရှိပါသလား။

တကယ်စင်စစ် ဇင် မှာ ဘယ် ဘုရားသခင် မှ မရှိဘူး။ ဇင်မှာ တကယ် ရှိတာက ခင်ဗျားနဲ့ ခင်ဗျား ရဲ့ စိတ် ပဲ။ ခင်ဗျားရဲ့ စိတ်သာ အခုလက်ရှိ အချိန်မှာ အဖွံ့ထွားဆုံး ၊ အပွင့်လန်းဆုံး တည်ရှိနေတဲ့ ပန်းတစ်ပွင့် ဖြစ်ပါတယ်။ ဒီထက်မက မြင့်မြတ် ပွင့်လန်း သွားနိုင်တယ်။ ခင်ဗျားရဲ့ လက်ရှိ အခု ဘဝတစ်ခုလုံးကို လေးနက်အောင် ခင်ဗျား ဘာသာပဲ ဖန်ဆင်း နိုင်တယ်။

Read more of this post