သုမေဓ

သုမေဓ – ဆိုတဲ့ အဓိပ္ပာယ်က – လူရည်ချွန်၊ ပညာရှိ၊ ကောင်းသော ပညာရှိသူ လို့ အနက် အဓိပ္ပာယ် ရပါတယ်။ သုမေဓ တစ်ဦး အတွက် လိုအပ်ချက် ဟာ အတတ် သညာ၊ ဝါဒရေးရာ ဖတ်မှတ် လေ့လာ နေတာ မဟုတ်ဘူး။ သူက – အလုပ်လုပ်သူ သာ ဖြစ်တယ်။ ဘာ အလုပ်လုပ်လဲ ဆိုရင် – မိမိကိုယ်ကိုယ် သိတဲ့ အလုပ် လုပ်ပါ တယ်။ တနည်း- ဘာဝနာ အလုပ်လုပ် တယ် လို့ ခေါ်ရပါမယ်။ ဘာဝနာ အလုပ် လုပ်ပုံ ကို ရှင်း ဖို့ – မဟာစည် ဆရာတော် ရဲ့ ဝမ္မိက သုတ် ထဲ က ကောက်နှုတ် ယူ တယ်။ ဗုဒ္ဓ ဘာသာ ဝင် ဖြစ်ဖို့ မလိုပါဘူး — မသိသေး သူ – ဘယ် ဘာသာ မဆို – စမ်းကြည့်နိုင်ပြီး အလေ့ အလာ ရှိဖူး သူ တို့ အတွက် လည်း- ဆက်လက် ကျင့်ကြံ နေ ထိုင် နိုင် ဖို့ ဖြစ် ပါ တယ်။
……………..
ဘာဝနာ အလုပ်ရဲ့ – အဓိကက – “သတာရက္ခေန စေတသာ သမန္နာဂတော” ။ ဒါနဲ့ ပြည့်စုံဖို့ပဲ။ အဓိပ္ပာယ်က – သတိ အစောင့် အရှောက်လေး နဲ့ ပြည့်စုံပါစေ လို့ ဆိုလို ပါတယ်။

သတိ အစောင့်အရှောက် နဲ့ ပြည့်စုံ နေရင် အရိယာ နေအိမ်ထဲ ရောက်တယ် မည်တယ်။ စိတ်တိုင်း စိတ်တိုင်း မှာ သတိ အစောင့် အရှောက် ကလေး ပါပါစေ – စိတ်တိုင်း စိတ်တိုင်း မှာ သတိ အစောင့် အရှောက် ကလေး ပါလို့ ရှိရင် ဒါဟာ အရိယာ နေအိမ်မှာ လုံလုံ ခြုံခြုံ ကြီး နေရတာ ဖြစ်ပါတယ်။ စိတ် တစ်ခု တစ်ခု ဖြစ်ရင် တစ်ခါ တစ်ခါ မှတ် ရမယ်။ အမှတ် ရတိုင်း၊ အမှတ် ရတိုင်း အရိယာ နေ အိမ် ရောက် ပြီး၊ အပါယ်ဘေး မှ လုံခြုံ နေတယ်။ အဲ့ဒီ အစဉ် အတိုင်း တက်သွားမယ် ဆိုရင် အရိယ မဂ် တွေ ကို ရောက်ပြီး သံသရာ ဝဋ် ဆင်းရဲ ဘေး အကုန်လုံး လုံခြုံပါတယ်။ အဲ့ဒီလို အရိယမဂ် ကို မရောက် နဲ့ ဦးတော့ စိတ် ဖြစ်တိုင်း ဖြစ်တိုင်း အမှတ် ရနေတယ် ဆိုရင် ပဲ အပါယ် လေးပါး က လုံခြုံ နေတာပါပဲ။ ဒီလို အမှတ်ရ နေရင်းနဲ့ သေသွားမယ် ဆိုရင် အပါယ်လေးပါး ကို ဘယ်နည်းနဲ့မှ မကျဘူး လို့ ဆိုလို တယ်။ ဒါ့ကြောင့် ဒီလို အမှတ် ရပြီး သတိ ဖြစ်နေတာကို အရိယာဝါသ အရိယာ နေအိမ် လို့ ခေါ်ပါတယ်။

လိုရင်းက – “ဖြစ်တိုင်း မှတ်ရှု၊ သတိပြု၊ စောင့်မှု အစဉ်ထား” ။ ဒါလေးပဲ။

Read more of this post

တစ်ခုတည်းရဲ့ နှစ်ဖက် မျက်နှာစာ

အခုတလော သတင်းတွေမှာ တရုတ်တွေရဲ့ “ဘယ်သူသေသေ ငတေမာ ပြီးရော” ဇာတ်လမ်းတွေ မကြာခဏ ကြားနေ မိပါ တယ်။ မြစ်ဆုံ ဆည် ကိစ္စက စလို့ – ပတ်ဝန်းကျင် ထိန်းသိမ်းရေး ကိစ္စ အပါအဝင် တိဗက် အရေးအခင်း များ အထိ – မြင်နေ ရတယ်။ တိုးတက် လာတဲ့ သိပ္ပံ အမြင်တွေ မှာ တရုတ်ပြည်ဟာ Crisis ဖြစ်ပါတယ်။ သူတို့ လူမျိုးကို အသည်း အသန် ကာကွယ် ဖို့ အခြား လူမျိုး ကို ဂရုမစိုက်ဘူး ဆိုတဲ့ အကြောင်း အထင်သာဆုံး နဲ့ အမြင်သာဆုံး ရှိတယ်။ ဝင်ရောက် ချယ်လှယ် သမျှ ပေါ်ပေါ်ထင်ထင် မြင်ရတယ်။ သတ်ဖြတ် ဖို့ လက်မတွံ့တဲ့ စိတ် အပြည့်အဝ ရှိတယ်။ ကလိမ်ကျ သွေးစုတ် ဖို့ စိတ်ရော မာန်ပါ ရှိနေပါတယ်။ ကျနော် ပြောတာ လွန်များ လွန်နေသလား။

စင်စစ် ဒါဟာ သူတို့ လူမျိုး မှ မဟုတ်ဘူး။ အခြား လူမျိုးတွေမှာလည်း ရှိပါတယ်။ တရုတ်ပြည်ဟာ သိသိသာသာ ပေါ်လွင် နေတာ သက်သက်။ စင်စစ် ကျနော် ဒီလူမျိုးရေး အကြောင်း နိုင်ငံရေး အကြောင်း တွေ ပြောဖို့ မဟုတ်ဘူး ရယ်။ သူတို့ ဘာလို့ ဒီလို စိတ်ရော မာန်ပါ ရုပ်ပျက် ဆင်းပျက် ဖြစ်နေကြရပါသလဲ။

အဓိက အကြောင်းရင်းကို စိစစ်ရင် သူရို့ မျိုးနွယ် ပျက်ဆီးမှာ၊ သူရို့မျိုးနွယ် မတည်တံ့မှာ၊ သူတို့ စည်းစိမ် ပျက်ယွင်း မှာ ကြောက်ရွံ့ လို့ ပဲ ဖြစ်ပါ တယ်။ အဲ့ဒီ ကြောက်ရွံ့စိတ်ကပဲ သူတို့အတွက် ကိုယ်ကျင့်တရား အမြင် ပျောက်ဆုံး သွားစေပါတယ်။ ယုတ္တိဗေဒ အတွေးစဉ် ကို ကမောက်ကမ ဖြစ်အောင် လုပ်တယ်။ နိုင်ငံတကာ အသိုင်းအဝိုင်းမှာ အများပြည်သူ တို့ အမြင် ပုံဆိုး ပန်းဆိုး ဖြစ်နေ ပါလိမ့် မယ်။ အလားတူ ကျနော်တို့ နိုင်ငံ အတွင်းမှာ ဖြစ်ကြတဲ့ ပြည်တွင်း ပဋိပက္ခပေါင်းစုံနဲ့ နိုင်ငံရေး ပါတီ အချင်းချင်း မကျေလည်မှု အငြင်းပွားမှု၊ သတ်ဖြတ် အပြစ်ပုံချမှု တွေ ဟာလည်း အဲ့ဒီ ကြောက်ရွံ့မှု တွေ ကပဲ အရင်းခံ လာတာ ဖြစ်ပါတယ်။

တကယ် စင်စစ် အဲ့ ကြောက်ရွံ့မှု အားလုံးဟာ ပျက်သုဉ်ခြင်း တရား (ဝါ) သေခြင်းတရားကို အကြောက်အကန် ငြင်းဆန် လိုစိတ်မှာ အရင်းခံ နေတယ် မဟုတ်လား။ လူအရှင်လတ်လတ် သေဆုံးမှ “သေတယ်” လို့ ကျနော် မယူဆဘူး။ သေခြင်း တရား ရဲ့ အနက်ဟာ ပျက်စီးခြင်း၊ ပျက်သုဉ်းခြင်း ကိုလည်း ညွှန်းဆိုပါတယ်။ လူကိုယ်တိုင် သေချင်မှ သေသွားလိမ့်မယ်။ ပျက်ဆီး ပျက်သုဉ်း သွားတာ ကိုက သေခြင်း တရား ဖြစ်ပါတယ်။ ကျနော် ဒီသေခြင်းတရား အကြောင်း ပြောချင်လို့ ဒီနိဒါန်းကို အစပျိုးတယ်။

ဒါဆို – သေခြင်းတရား ဆိုတာ ဘာလဲ။ ဒီ မေးခွန်း ကို လူတိုင်း မေးတယ်။ လူတိုင်း အဖြေရှာ ပါတယ်။ အသိရှိတဲ့ လူတိုင်း သေခြင်း တရား အပေါ် ဆင်ခြင်မှု အပြည့် ရှိတယ်။ ကလေးက အစ သိနိုင်တဲ့ အရာက – သေခြင်းတရား ၊ မရဏ ဆိုတာ ရှောင်လွှဲ မရတဲ့ အရာ ဖြစ်တယ်။ သေခြင်းတရား ကိုယ်၌က ခင်ဗျား သန္တာန်မှာ ၊ ကျနော့ သန္တာန်မှာ ပြဋ္ဌာန်းပြီး ဖြစ်တယ်။ ဒါပေမယ့် ဘာကြောင့် ပြဋ္ဌာန်း ပြီး ဖြစ်ရ သလဲ။ သေခြင်း တရား ဟာ ကျနော် တို့ အတွက် ဘာလဲ ။ အဲ့ဒါတွေ ကို ကောင်းကောင်း အဖြေရှာနေ ကြဆဲပဲ။

အဖြေတွေ့ပါပြီ ဆိုသူ ပုဂ္ဂိုလ် အများကလည်း အဖြေကို ထုတ်ချပြသည့်တိုင် ဒီ မေးခွန်း အများက ဒီကနေ့ ထိ ရှိနေဆဲ၊ ဆင်ခြင် နေရ ဆဲ ဖြစ်ပါတယ်။ ဒါကို ဆင်ခြင်ရင်း ကနေ့ အထက်ပါ တရုတ်၊ မြန်မာ၊ အခြား နိုင်ငံတကာ၊ တစ်ကမ္ဘာလုံး အဖွဲ့အစည်း တွေရဲ့ Crisis အရင်း အမြစ် – အဲ့ဒီ သေခြင်းတရား အကြောင်း ကို ကျနော် လက်ဖျစ်တတွက် ဥာဏ်နဲ့ တွေးကြည့် မယ်။

သေခြင်းတရား ဟာ ဘာလို့ ပြဋ္ဌာန်းပြီး ဖြစ်ရသလဲ။ – သဘာဝ ဖြစ်လို့၊ ဓမ္မတာ ဖြစ်လို့ ဆိုတဲ့ အဖြေ က ရိုးရှင်းပါတယ်။ ကျနော့ အနေနဲ့ နောက် တစ်နည်း ဆိုရင် သေခြင်းတရား ကိုယ်တိုင်ဟာ ကျနော်တို့ရဲ့ မူလဌာနေ ဖြစ်ပါတယ်။

မိမိ ကိုယ်ကိုယ် ကြည့်ကြည့်ပါ။ ဘဝ တစ်ခု ဖြစ်တည်မှု အစပြု ရောက်ရှိ လာပြီ ဆိုကတည်းက ကျနော်တို့ သန္တာန်မှာ သေခြင်းတရားက ကပ်ညိ ပါဝင်လာပြီးသား ဖြစ်တယ်။ ဟုတ်တယ် မဟုတ်လား။ ယခု ရှင်သန် နေသမျှ အချိန် ဟာ အမည်မသိ ဗလာ သက်သက် နှစ်ခု ကြား ကာလလေး မျှသာ ဖြစ်ပါတယ် ။ ဒါ ကလည်း ဟိုဝါဒ ၊ ဒီဝါဒ မပါ – လူဗြိန်း အတွေးနဲ့လည်း ရှင်းနေပါတယ်။ ဟုတ်တယ်ဟုတ်။ စင်စစ် ဘဝ ဟာ တောင်ပံ တစ်ဖက်ဖျား က တစ်ဖက်ဖျားဆီ ငှက်တစ်ကောင် ပျံသန်း နေရသလိုပဲ။

သေခြင်းတရား ဟာ အားလုံး အပေါ် ဒီလို ပြဋ္ဌာန်းပြီးသား ဖြစ်နေတာကြောင့်လည်း ကမ္ဘာတစ်ဝှမ်းလုံး အဲ့အတွက် ပြင်ဆင် နေရ၊ လုံးပမ်း နေရတယ်။ သက်တောင့်သက်သာ ဘယ်လို သေဆုံး ရမလဲ – သေခြင်းတရား ကို ဘယ်လို ကြံကြံခံ ရင်ဆိုင်ရ နိုင်မလဲ – စသဖြင့် ဒီမေးခွန်းတွေ အတွက် ခင်ဗျား ရော၊ ကျနော်တို့ ရော တစ်ဘဝ စာလုံး ဖြည့်ဆည်း နေကြ ရတယ်။ ကျနော်တို့ ဘဝ ရှင်သန်နေ သမျှ အချိန် ရှိသမျှ၊ တစ်ခုလုံး ဟာ စင်စစ် “How to die” ဘယ်လို သေဆုံးရမလဲ ဆိုတာကို သင်ယူ နေတာ သာ ဖြစ်တယ် ။ ဟုတ်တယ် မဟုတ်လား။

ဘာသာရေး တွေ၊ အတွေးအခေါ် ပညာ တွေ၊ ဝါဒတွေ နဲ့ ဘယ်လိုပဲ အဖြေရှာ ကြိုးပမ်း ကြပါစေ – လူ့အဖွဲ့အစည်း အတွင်း သေခြင်း တရားနဲ့ ပတ်သက်လို့ အမြင်မှား ဖြစ်နေတာတစ်ခု ရှိနေတယ် ။ အဲ့ဒါကတော့ “သေခြင်းတရား ဟာ ရှင်သန်မှု ဘဝရဲ့ ရန်သူ ဖြစ် တယ်” ဆိုတဲ့ အမြင်ပဲ ဖြစ်ပါတယ် ။ အဲ့ဒီ အယူအဆ ကို မှားယွင်းနေတယ် လို့ မြင်မိကြ ပါသလား ။ ကျနော့် အနေနဲ့ ဒါဟာ အမြင် မှား ဖြစ်တယ် လို့ ဆိုချင်ပါတယ် ။ ဒီ အမြင် အမှား ကြောင့် နောက်ဆက်တွဲ အတွေး အမြင်၊ ကြံရွယ် လုပ်ကိုင်ချက် အားလုံး ဟာလည်း လိုက်လံ မှားယွင်း နေပါလိမ့်မယ်။ ဒီ အမြင်မှား ကြောင့် ငြိမ်းအေးမှု ဓမ္မ အကြောင်း ကို သိမြင်ဖို့ ရာ ခက်ခဲနေဦးမှာပဲ။ ဟုတ်တယ် မဟုတ် လား။

ခင်ဗျား ဆိုပါတော့ – သေခြင်းတရား ဟာ ခင်ဗျား ဘဝရှင်သန်မှုကို ဖျက်ဆီးပစ်တယ် – သေခြင်းတရားဟာ ခင်ဗျား ဘဝ ရှင်သန်မှု ရဲ့ ဆန့်ကျင်ဘက် ဖြစ်တယ်လို့ မြင်တဲ့ အခါ ခင်ဗျားလည်း သေခြင်းတရားကို ရန်သူ အဖြစ် သတ်မှတ် လိုက်မှာပဲ။ ဒီ သတ်မှတ် ချက် ကြောင့် သေခြင်း တရား ကို ခင်ဗျား ရင်ဆိုင်မယ် – တိုက်ခိုက် ယှဉ်ပြိုင်ဖို့ ပြင်ဆင် ပါတော့တယ်။

ဒါပေမယ့် ကြည့်ကြည့် ပါ။ သေခြင်း တရားဟာ ကျနော်တို့ နဲ့ မလွဲမသွေ တွေ့ရတဲ့ အရာ၊ ကျနော် တို့ရဲ့ မူလ ဌာနေသာ ဖြစ်ပါတယ်။ ဟုတ်တယ်ဟုတ်။ ခင်ဗျား တကယ် မနိုင်တဲ့သူ၊ ခင်ဗျား တကယ် ဖြစ်ပျက်ရမယ့် သူ ကို ခင်ဗျား အမြဲ တိုက်ခိုက် ငြင်းဆန်ဖို့ ကြိုးစား နေပါသလား ။ ဘယ်လောက်ပဲ ယှဉ်ပြိုင် တိုက်ခိုက်ပြီး ငြင်းဆန် နေပါစေ – ခင်ဗျား သေမှာက သေမှာပဲ မဟုတ်လား။ ဒါ့ကြောင့် သေခြင်း တရား အပေါ် အကြောက်အကန် ငြင်းဆန် တိုက်ခိုက်မှု ဟာ အချည်းနှီး သာ ဖြစ်နေပါတော့တယ်။ ဘာလို့ ဆို သေခြင်းတရားကို ခင်ဗျား ရှောင်လွဲ လို့ မရ နိုင်ဘူးရယ်။

ခင်ဗျားရဲ့ ပြင်ပမှာ အရာတစ်ခု ရှိမယ် ဆိုပါတော့- ဒါဆိုရင် အဲ့အရာကို ခင်ဗျား ရှောင်လွှဲသွား လို့ ရပါတယ်။ ဒါပေမယ့် သေခြင်းတရား ကတော့ ခင်ဗျား သန္တာန် အတွင်းမှာ ခင်ဗျားနဲ့ ထပ်ကြပ် ရှိနေတယ်။ ခင်ဗျား ဘယ်လို ရှောင်လွှဲ မလဲ။ ကျနော်တို့ မွေးဖွား လာတဲ့ မဆွကတည်းက သူက ကပ်ညိ ပါလာပြီးသား ဖြစ်ပါတယ် ။ ခင်ဗျား စစချင်း ဖြစ်တည် ရှင်သန် လာကာစ အသက်ငွေ့ငွေ့ စရှူချိန်ကတည်းက သေဖို့ အကြောင်း – သေခြင်းတရား ဟာ အရိပ်လို တွဲကပ် ပါရှိပြီးသား ဖြစ်တယ်။ ဟုတ်တယ် မဟုတ်လား။

ဒါ့ကြောင့် သေခြင်းတရားလို့ ကျနော် သုံးစွဲ တဲ့အခါ စင်စစ် “ဒီခန္ဓာ ချုပ်ပျက်၊ တကယ် သေဆုံး သွားတဲ့ နေ့ မှ သေတာ ဖြစ် တယ်၊ သေခြင်းတရား ဖြစ်တယ်” လို့ ကျနော် မဆိုလိုဘူး။ ခင်ဗျား ဟိုးအစကတည်းက သေခြင်း တရား နဲ့ အတူတူ ရှိနေပြီးသားပဲ ။ သေခြင်း တရား ဟာ ခင်ဗျား ဘဝ ရဲ့ တစိတ် တစ်ပိုင်း ပဲ ။ တနည်း – ခင်ဗျားရဲ့ အတွင်း အနှစ်သန္တာန် ပဲ ဖြစ်ပါတယ်။ ဟုတ်တယ် ဟုတ်။ ခင်ဗျား ရှင်သန် ကြီးထွား လာ သလို သူလည်း ကြီးထွား လာတယ်။ ခင်ဗျား သွားရာ တကောက်ကောက် အစဉ်တစိုက် လိုက်ပါ လာနေ တယ်။ သူဟာ တစ်နေ့ တစ်ချိန်မှာ အပြည့်အဝ ဖူးပွင့် သွားပါ လိမ့်မယ်။

ဒါ့ကြောင့် တကယ် သေတဲ့ နေ့မှ – သေခြင်းတရား က ရောက်လာတာ မဟုတ်ဘူး လို့ ကျနော် ဆိုပါတယ် ။ တကယ်သေ တဲ့ နေ့ ဟာ သေခြင်း တရား စွင့်ကား ဖူးပွင့်သွားချိန်သာ ဖြစ်တယ်။ Read more of this post

မဖန်တီး ခဲ့၍ ဖျက်မရခြင်း အကြောင်း

A: စိတ်ကူး အတွေးတွေက တစ်ရံမလပ် တရစပ် ထွက်တယ်။ ဒါက မြင်သာ ထင်ရှားပါတယ်။ အဲ့ဒါကို ကျနော်တို့ ဘယ်လို ရပ်တန့် ပစ်ရမလဲ။

B: အဲ့ဒီ “စိတ်” ဆိုတဲ့ အရာကြီးကို ခင်ဗျား ကိုယ်တိုင် စတင် ဖန်တီး ခဲ့တာ မဟုတ် ပါဘဲနဲ့- ခင်ဗျား ဘယ်လို ရပ်တန့် မလဲ။ ရပ်တန့်ဖို့ အားစိုက် မကြိုးစားပါနဲ့လို့ ကျနော် ပြောလို ပါတယ်။ အကြောင်း က – အချိန်ကုန်၊ လူပန်း ရုံသာ ရှိတယ် ~ ခင်ဗျား စိတ်ကူး အတွေးတွေ ကို ရပ်လို့ မရ ဘူး။ ဘာလို့ဆို ~ သူ တို့ကို ခင်ဗျား စတင် ခဲ့တာ၊ ဖန်တီး ခဲ့တာ မဟုတ်ဘူး။ လုပ်ရမှာက ~ သူတို့ကို ရိုးရိုးရှင်းရှင်း “စောင့်ကြည့်နေ ဖို့” သာ ဖြစ်ပါတယ်။ ဆက်ကာ ဆက်ကာ သတိ မပြတ် စောင့်ကြည့်ရုံလေး ပဲ။ အဲ့ဒီ အခါ အဲ့ဒီ စိတ်အတွေးတွေ ဟာ သူရို့ဘာသာ သူတို့ ရပ်တန့် သွားကြ တယ်။

ဒါကို ခင်ဗျားက ဇွတ်အတင်းအကျပ် ဖမ်းယူ ရပ်တန့် မယ် ဆိုပါတော့။ ဒါဆိုရင်တော့ သူတို့က ပိုတောင် ဆိုးသွားဦးမယ်။ မြန်သည် ထက် မြန်မြန် ပြေးနေ တော့မယ်။ ခင်ဗျား ရပ်ဖို့ ကြိုးစားလေ ~ သူတို့နဲ့ ခင်ဗျား အတိုက်အခံ ဖြစ်ရလေပဲ။ ခင်ဗျား အတွက် ပြဿနာပေါင်း များစွာ အသစ် ထပ်လောင်း ပေးသွားရုံ က လွဲလို့ ဘာမှ ဖြစ်မလာ နိုင်ဘူးပဲ။ ဒါ့ကြောင့် ရပ်တန့်ပစ်ဖို့ ဘယ်တော့ မှ ဇွတ် အတင်း မကြိုးစားပါနဲ့ လို့ ကျနော် ပြောရပါလိမ့်မယ်။

တစ်ခု မေးကြည့်ချင် ပါတယ် ~ ဒီစိတ် ဆိုတဲ့ အရာ ကို ခင်ဗျား စတင် ဖန်တီး ခဲ့တာ ဟုတ်ပါ သလား။ ဒါဟာ ရိုးရှင်းတဲ့ မေးခွန်း မဟုတ်လား။ အဖြေ အတွက်က – ခင်ဗျား ခေါင်းခါ ဖို့သာ ရှိတယ် မဟုတ်လား။ ဒါဆို – ဒီ စိတ်ကို အခု ခင်ဗျားသဘော နဲ့ ခင်ဗျား ရပ်တန့်ပါမယ် လို့ ဘာလို့ ဆန္ဒ ရှိရတာလဲ။ ဒီလို ရပ်တန့်ရအောင် – ကျနော်တို့ ခင်ဗျားတို့ ကရော ~ သူ့ကို ဘယ်လောက် နိုင်နင်း နေ သလဲ။

စင်စစ် – မိမိ သဘောနဲ့ မိမိ လုပ်ကိုင် လိုတဲ့ ဆန္ဒတွေ ဟာ – တကယ်စင်စစ် ခင်ဗျား ရပ်တန့် ပစ်ချင်နေတဲ့ အဲ့ဒီ စိတ် အတွေးအကြံ တွေရဲ့ တစိတ်တပိုင်း သာ ဖြစ်ပါတယ်။ ခင်ဗျား သန္တာန် ကို စောင့်ကြည့် မသိနိုင်ရင် ~ သူတို့ကို မရပ်နိုင်ဘူး ရယ်။ ဒါ့ကြောင့် ဒီ စိတ်အတွေးတွေကို ရပ်တန့် ပစ်ချင်တဲ့ စိတ်ကူး ကိုယ်တိုင် ဟာ ခင်ဗျား အတွက် ဝန်ထုပ်ဝန်ပိုး ဖြစ်လာ ပါတယ်။

အဲ့ဒီတော့ ခင်ဗျား ပြန်ပြောမယ် ~ “ကောင်းပြီလေ – ကျုပ် သူတို့ကို ရပ်နိုင်အောင် – ခင်ဗျား ပြောတဲ့ အတိုင်း – စောင့်ကြည့် ဆိုတော့လဲ စောင့်ကြည့် ရတာပေါ့” အဲ့လို ဆိုရင်လည်း ခင်ဗျား ထပ်လွဲ ပါဦးမယ်။

အဲ့အချိန် – ခင်ဗျား မျှော်လင့်တကြီး နဲ့ – စောင့်ကြည့်မှု သတိ (အပ္ပမာဒ) ကို လုပ်ယူ ဖန်တီးကြည့် မယ် ဆိုပါစို့။ အဲ့ဒါဟာ အပြည့်အဝ အကူအညီ မရဘူးရယ်။ ( အကျိုး မဖြစ်ထွန်းဘူး လို့ မဆိုလို ပါဘူး ~ မထိရောက် နိုင်သေးဘူး လို့သာ ဆိုလို ပါတယ်) အကြောင်းက – “အတင်းရပ်တန့် ချင်နေတဲ့” ပထမ စိတ်ကူး နဲ့ ထူးမခြားနား ရည်ရွယ်ချက် – ခင်ဗျား သန္တာန်မှာ နောက်ခံ ရှိနေသေး လို့ ဖြစ်ပါတယ်။ အဲ့လို မျိုး အခံ နဲ့ ခင်ဗျား စောင့်ကြည့် တဲ့ အခါ – နှစ်၊လ၊ ရက်ရှည် ကြာမြင့် သည့်တိုင် ခင်ဗျား ဖြစ်ချင် တဲ့ ဆန္ဒ ပြည့်ဝမှာ မဟုတ်ဘူး။ “ရပ်တန့်ချင်တဲ့ စိတ် အတွေးအကြံ” တွေ က တကယ် ရပ်တန့် သွားဦးမှာ မဟုတ်ဘူး။

Read more of this post

“ယခု” တွင် အပြစ်မရှိ

“စောင့်ကြည့်မှု၊ သတိ” ရှိနေတဲ့ အချိန်မှာ “Sin” အပြစ်လို့ ဆိုစရာ ဘာတစ်ခုမှ ရှိမနေပါဘူး။

ဟိရာကလစ်တပ်စ် ပြောခဲ့တဲ့ စကား တစ်ခွန်း ရှိတယ်။
“Man are fast asleep while awake.” “လူဟာ နိုးနေချိန်မှာတောင် အိပ်ပျော်နေတတ်တယ်။”

သူ့စကားဟာ လူတို့ရဲ့ အနက်ရှိုင်းဆုံး ပြဿနာကို ဖွင့်ဟ နိုင်စွမ်း ရှိတယ်။ ခင်ဗျား အိပ်ပျော်နေ ချိန်မှာ – အိပ်ပျော်နေတယ် – ဒါမဆန်းဘူး။ ဒါပေမယ့် ခင်ဗျား နိုးနေချိန် မှာလည်း အိပ်ပျော်နေ ပါတယ်။ ဒီစကားဟာ ဗုဒ္ဓ အကြိမ်ကြိမ် သတိပေးတဲ့ စကား ဖြစ်သလို၊ ယေရှု၊ မိုဟာမက် နဲ့ လောက်ဇူ တို့ ပြောကြားတဲ့ စကားရဲ့ အတွင်းပိုင်း အနက်အဓိပ္ပာယ်လည်း ဖြစ်တယ်လို့ ကျနော် ဆိုချင်ပါတယ်။ ခင်ဗျား အခု နိုးကြားနေတယ် လို့ ပြောမယ် ~ ဒါဟာ အပေါ်ယံ အခွံပဲရယ်။ အတွင်းပိုင်းကို နက်နက်နဲနဲ ဝင်ကြည့်ပါ။ စိတ်ကူးအတွေး၊ မျှော်လင့်ချက်တွေ ဖုံးလွှမ်းနေတဲ့ ခင်ဗျား အိပ်မက်တွေ ကို မြင်ရပါလိမ့်မယ်။ ဒါဆို ခင်ဗျား နိုးနေတာ မဟုတ်- အိပ်ပျော် နေ တာသာ ဖြစ်ပါတယ်။

တစ်ထောင့် တစ်ည အိပ်မက်ကို ခင်ဗျား အခုဖတ်နေချိန်မှာလည်း မက်နေနိုင် သေးတယ်။ အခု ဒီစာ ဖတ်နေရင်း ခင်ဗျား စိတ်သန္တာန်ကို မပြတ် စောင့်ကြည့် နိုင်ပါသလား။ တစ်ရံ မလပ် သတိမူရင်း အသိရှိ နေနိုင်ပါသလား။ အခု ခင်ဗျား လုပ်သမျှ တစ်ခဏချင်း ကို မသိရင် – ခင်ဗျား အိပ်ပျော်နေတယ် လို့ ပြောတာ မမှားဘူး မဟုတ်လား။

ဒါ့ကြောင့် စောင့်ကြည့်မှု၊ သတိ “Awareness” ဆိုတာ တခဏချင်း အပေါ် အသိ၊သတိ အပြည့်အဝ ရှိနေတာကို ဆိုလိုပါတယ်။ ခင်ဗျား အခု ဒီမှာ ရှိနေတယ် ~ ယခု တည့်တည့်မှာ စိတ်သန္တာန်၊ ရုပ်သန္တာန် လှုပ်ရှား လုပ်ကိုင်နေတယ်။ ဒါကို တခဏ မလပ် သတိမပြတ်ရင် ~ အဲ့ဒါဟာ ဘာဝနာ ဖြစ်ပါတယ်။ ယနေ့ သင်္ကြန်ကာလမှာ တရား စခန်း စသည် သွားရောက်ကြသူ များဟာလည်း ဒီအမှုကို အလေ့အထုံ ရှိကြဖို့ ဦးတည်တယ်။ ခင်ဗျား အခု ခဏ ရှိနေတဲ့ အတိုင်း သတိမပြတ် ရှိနေကြည့်ပါ။ “ဒေါသ” ဖြစ်စရာ အကြောင်းကိစ္စ ဆိုတာ ဖြစ် မလာနိုင်ကြောင်း တွေ့ ရပါလိမ့်မယ်။

Read more of this post

အဆုံးသတ် ခဏတိုင်

နားစည်ကို ရိုက်ခတ်၍ ညက်ညောစွာ ထွက်ရှိလာ၏။ “Until the Last Moment ~ နောက်ဆုံး ခဏထိတိုင်” ~ ဟု အမည်တပ်ဆိုပါမည်။ ၎င်း၏ တသွင်သွင် စီးမျောနေသည့် သန္တာန် က ညင်ညင်သာသာ ရှိ၏။ သို့သော် တစ်လုံးချင်း ပီပီသသ ။ အဓိပ္ပာယ် ရှာဖွေနေသမျှ ခေတ္တ ရပ်တန့် ၍ ရှူရှိုက်နေသော ထွက်သက် ဝင်သက်တို့ – တန်ဖိုး အနဂ္ဃ ဆောင်ကျဉ်းသွားကြသည်။ ပျော့ပျောင်း သော်လည်း ခိုင်မာသည့် ဟန် အပြည့်။

ဤအရာကို မည်သို့ ခွဲခြား၊ ညွှန်းဆို ပြရပါမည်နည်း။ သူနှင့် ကျနော် အကြား ဘာမျှ မလို။ “ဟုတ်ကဲ့ နှင့် ဟင့်အင်း” – အကြား – မည်သည့် အရာမျှ ခြားနား ထားခြင်း မရှိ။ ပြုံးရယ်သမျှ နှင့် ငိုကြွေးမြည်တမ်း သမျှ အကြား – တံတိုင်း အဆီးအတား မရှိ။ ဆန့်ကျင်ဘက် ဒွိသဘာဝများ မဟုတ်ဘဲ တစ်သားတည်း စီးဆင်း နေရာယူသည်။ သူသည် ချစ်စဖွယ်ကောင်းလှပါပကော ~ နှုတ်ခမ်း နှစ်လွှာ၏ အလှုပ်အဟ ကြားတွင် တင်းအားတို့ ပြေလျော့ ကုန်ကြသည်။

ဖြူလွင်လွင် ယိမ်းနွဲ့နေသော်လည်း – အသေအချာ ရှုကြည့်မည် ဆိုပါက – ငြိမ်ဝပ်သော သူ့သွင်ပြင်ကို သင် အတိုင်းသား မြင်နိုင် ပါလိမ့်မည်။ တလှုပ်ရွရွ ကင်းပြတ် ကုန်ဆုံး သွားကြသော အရာရာတိုင်းကို ကျေနပ်စွာ ခံယူလျက် သူ ပြုံးနေ လိမ့်မည်။ တခဏတိုင်း မပြတ် ရောက်ရှိလာသော ဧည့်သည် မိတ်သင်္ဂဟ အပေါင်းတို့ တွင် သူသည် တစ်ခါတစ်ရံ မင်္ဂလာလည်း ရှိ၏။ တစ်ခါတစ်ရံ အမင်္ဂလာလည်း ရှိ၏။ သို့သော် သူ့အတွက် မင်္ဂလာ၊ အမင်္ဂလာ တို့သည် ကိစ္စမရှိ။ နတ္ထိ ဗလာကျင်းနေသည့် သူ၏ ရင်ဘတ် အစုံ သည် ခရီးသွား ဆောင်သည် တို့ ဥဒဟို ဖြတ်သန်းသည် ဖြစ်၍ သလာယံ ဇရပ် ဖြစ်လျက် ရှိ၏ ဟု ဆိုပါမည်။

“နောက်ဆုံး” ~ “အဆုံး” ~ “အန္တိမ” စသည့် စကားဝတ်ရည်တို့ နှင့် – “အတ္ထိ” ~ “နတ္ထိ” ~ “မရဏ” စသည့် အနတဂ္ဂမ ဝေါဟာရတို့တွင် – ဘယ် စကား အစ၊ အဘယ် ဝါကျ ကိုမျှ စပ်ယူ၊ မသုံးစွဲလိုပေ။ “သူလည်း ဖြစ်၍ ကျနော်လည်း ဖြစ်သည်” ဆိုခြင်း၌ အဘယ် ဝါစင်္ဂမျှ မလိုအပ်။ သဇင် ကြွေခြင်း – ခေါင်ရမ်းပွင့်ခြင်း တို့ တစ်ပြိုင်နက် ဖြစ်တည်နေသမျှ ကျနော်တို့ အကြား – မည်သည့် အရာသည် – မည်သို့မျှ အနှောင့်အယှက် ပြုနိုင်ကြမည် မဟုတ်။ စင်စစ် ကျနော်တို့၏ ချစ်ခြင်း အတွင်း အနှစ်သာရ ၌ သဇင်လည်း ပါသည်၊ ခေါင်ရမ်းလည်း ပါသည်။ အဘိဓာန် မပြုထား မိသေးသော လူသူ မသိ ပန်းပွင့် ဝါဝါကလေး လည်း ပါဝင်မည်။

Read more of this post

Effortless Effort

ဘာဝနာလို့ ကျနော် မြန်မာမှု ပြုထား တာက Meditation ကို ခေါ်ဆိုတာ ဖြစ်ပါတယ်။ Meditation ဟာ ဘာသာတိုင်းမှာ ရှိ( လောက် ) ပါတယ်။ ကျနော် သိမိ သလောက် ဘာသာ တွေမှာ သူ့နည်းနဲ့ သူ ဘာဝနာ ရှိတယ်။ ဒါ့ကြောင့် “ဘာဝနာ” ဆိုတဲ့ ဝေါဟာရ ကို မြင်ပြီး၊ အိန္ဒိယက နည်းတစ်ခု လို့လဲ မမှတ်ပါနဲ့။ ဘာဝနာ က တကယ်တော့ နည်းတစ်ခု လည်း မဟုတ်ဘူး။ ပုံစံ အမျိုးမျိုး ကွဲပြား နေတဲ့ ဖွံ့ဖြိုးမှု ဖြစ်စဉ် တစ်ခုပဲ ။ ဖြစ်တည်မှု သက်သက်ပဲ။ ခင်ဗျားရဲ့ ဖြစ်တည် ရှင်သန်နေမှုကို အပြည့်အဝ ဖွံ့ဖြိုး လာစေတယ်။

ဘာဝနာ ဟာ ခင်ဗျား သန္တာန်ကို အပိုဆောင်း ထပ်ဖြည့်တဲ့ အခြား အရာတစ်ခု မဟုတ်ဘူး။ ခင်ဗျားရဲ့ အခြေခံ သန္တာန်ကို ပြောင်းလဲ ပစ်ခြင်း သက်သက်ပါ။ ပန်းပွင့် တစ်ပွင့် ပွင့်သလို ဖွံ့ဖြိုးလာမှု မျိုး၊ အပြည့်အဝ ရှင်သန်မှုကို ဖော်ကျူးပါတယ်။ ဒါ့ကြောင့် ခင်ဗျားက ဘာဝနာကို တကယ် လုပ်ပြီ ဆိုရင် ခင်ဗျား ရဲ့ ဘဝ ရှင်သန်နေမှု ဟာ ခင်ဗျား ရဲ့ အဲ့ဒီ ဘာဝနာ ရင့်သန်မှု အပေါ်မူတည်ပြီး တဖြည်းဖြည်း ပြည့်ဝလာလိမ့် မယ် ။ သူ့ရဲ့ နောက်ကျော မျက်နှာစာမှာ ရှိတဲ့ သေဆုံးမှု မရဏ ကိုလည်း ကောင်းကောင်း သိမြင်သွားမယ်။ ဆိုလိုတာက ခင်ဗျားကိုယ် ခင်ဗျား ကောင်းကောင်း သိမြင်သွားစေတယ်။

ဘာဝနာကို စတင် လုပ်နေရတဲ့ သူတစ်ယောက် အတွက်က အလုပ်တစ်ခု ကို သတ်သတ်မှတ်မှတ် လုပ်နေရ သလိုပါပဲ။ ခင်ဗျား အဲ့ဒါကို တခုတ်တရ လုပ်နေ ရတယ်။ သိမှတ်နေရတယ်။ လေ့ကျင့်ခန်း ဝင်သလို ဝင်နေရတယ်လို့ ခံစားရလိမ့်မယ်။ ဒါပေမယ့် အဲ့ဒါက အစဦးပိုင်းလေးမှာတင် ဖြစ်ပေါ်နေရတဲ့ အရာပါ။ ဘာဝနာ မှာ လေးနက်သွားပြီ ဆိုတဲ့အခါ အဲ့ဒီ အလုပ်ပါ ပျောက်ကွယ်သွားပါတယ်။ ခင်ဗျားက ဘာကိုမှ လုပ်နေတာ မဟုတ်ဘူး။ ဘာမှ မလုပ်တာကို လုပ်နေတာလည်း မဟုတ်ဘူး။ ( 😀 ရှုပ်သွားပလား မသိ။ ကျနော့် ကိုယ်တွေ့နဲ့ တိုက်ဆိုင်ပြီး ပြောရင် – ဒီလိုပဲ ရှင်းရမှာ မို့လို့ပါ )

ဥပမာ ပေးကြည့်မယ်။ – စက်ဘီးစီး သင်သလိုမျိုး။ စက်ဘီး စပြီး သင်ခါစမှာ – ဘယ်လိုနင်း၊ ခါးကို ဘယ်လိုထား၊ လက်ကိုင်ကို ဘယ်လိုကိုင် ဆိုပြီး မှတ်သား သတိပြုနေရတယ်။ မကြာခဏ ချော်လဲမယ်။ ကျင့်သား ရလာတဲ့ အခါ ဖြေးဖြေးချင်း နင်းတတ်လာမယ်။ ဟိုတိုး ဒီတိုး တိုးမိနေမယ်။ လဲကောင်း လဲနေဦးမယ်။ နောက်ဆုံး ကျွမ်းကျင်သွားပြီ ဆိုတဲ့ အခါမှာတော့ – ဘေးဘီဝဲယာ၊ စကားပြောရင်း ၊ ငေးမောရင်း နင်းလို့ နင်းမှန်းမသိ စီးဖြစ်သွားတော့တယ်။

ဒီဥပမာက အပြည့်အဝ ထပ်တူ ကျနေတာတော့ မဟုတ်ဘူး။ နီးစပ် သဘောမျိုး ပါ။ ဘာဝနာဟာ အစပျိုး အချိန်မှာ အားစိုက်ထုတ် ရသလိုလို ရှိတယ်။ ဒါပေမယ့် – တကယ်က အလိုအလျောက် ဖြစ်စဉ် တစ်ခု သာ ဖြစ်ပါတယ်။ အဲ့ဒါကို နားလည်ရင် ရပါပြီ။

Read more of this post

“လိုလို” တွေ ကြား- ဗျာမများ ကြ စေဖို့

ဂေါဓမမြတ်စွာဘုရား သက်တော် ထင်ရှားရှိစဉ်အခါက ဘုရားရှင်သည် ကေသမုတ္တိ အရပ်သို့ရောက်ရှိခိုက် ထိုအရပ်ရှိ ကာလာမ ပုဏ္ဏား တို့က မေးမြန်း လျောက်ထားကြ ကုန်၏- ” အရှင်ဘုရား … အချို့ သောသာမဏ၊ ဗြဟ္မဏ တို့သည်ဤအရပ်သို့ ရောက်ရှိလာ ကြပြီး မိမိတို့၏ အယူဝါဒ များကို ပြဆိုကြ ပါသည်။ ထွန်းလင်းတောက်ပ စေကြပါသည်။ အ ခြား တပါးသော သူတို့၏ အယူဝါဒတို့ကိုကား ထိပါးကြပါသည်။ မထေမဲ့မြင်ပြု ရှုတ်ချကြ ပါသည်။ ပျောက်ပျက်အောင် ဖျောက်ဖျက်ကြပါသည်။ အရှင်ဘုရား … အချို့ သော အခြား ရဟန်း ၊ ပုဏ္ဏား တို့သည်လည်း ဤ အရပ်သို့ ရောက်ရှိလာကြပြီး မိမိတို့ ၏ အယူဝါဒများ ကို ပြဆိုကြပါသည် ။ ထွန်းလင်းတောက်ပ စေ ကြပါသည်။ အခြား တပါးသော သူတို့၏ အယူဝါဒ တို့ကိုကား ထိပါးကြပါသည်။ မထေမဲ့မြင် ပြု ရှုတ်ချ ကြ ပါသည်။  ပျောက်ပျက် အောင် ဖျောက်ဖျက် ကြ ပါသည်။

အရှင်ဘုရား … ဤသာမဏ၊ ဗြဟ္မဏ မည်သော ရဟန်းပုဏ္ဏားတို့တွင် မည်သူက မှန်သောစကားကို ဆိုကြသည် ၊ မည်သူက မှန်သောအကျင့်ကို ကျင့်ကြံကြသည်ကို တပည့်တော်တို့ အနေဖြင့် ယုံမှားသံသယဖြစ်ကာ ဆုံးဖြတ်ရန် ခက်ခဲလှပါသည် ။ အမှန်ကို ညွှန်ပြတော်မူပါဘုရား … ။ ” ထိုအခါ မြတ်စွာ ဘုရားရှင်က ကာလာမပုဏ္ဏားတို့ သင်တို့ သံသယဖြစ်မည်ဆိုလျှင် လည်း ဖြစ်ထိုက်ပေသည် ။ သို့သော် အကြင်သူသည် အယူဝါဒ အကြောင်းအချက် တစ်ရပ်ကို မှန်သည်ဟူ၍ လက်ခံဆုံးဖြတ်လိုသော် အောက်ပါ အကြောင်းအချက် ဆယ်ချက် အပေါ်တွင် ချိန်ထိုးသုံးသပ်ပြီးမှ ဆုံးဖြတ် သင့်ကြကြောင်း ဟောကြားတော်မူခဲ့လေသည်။

( ၁ ) တစ်ဆင့်စကား တစ်ဆင့်ကြားရသည်တို့ အပေါ်၌လည်း ဟုတ်သည်၊ မှန်သည် ဟူ ၍ တထစ်ချ ယုံကြည်ခြင်း မရှိကြပါနှင့်။

( ၂ ) သင်တို့၏ အထက်မှ ဘိုးဘေးဘီဘင်တို့၏ အစဉ်အလာ၊ ဓလေ့၊ ထုံးတမ်း များကို လည်း အားကိုးသင့်ပြီဟူ၍ အဟုတ်မှတ်ပြီး လက်ခံမကျင့်သုံးကြလေနှင့်။

( ၃ ) အခြေအမြစ်မပါသည့် သူပြော ငါပြော ကောလဟာလစကားတို့ကိုလည်း လက်ခံ မမှားကြကုန်နှင့်။

Read more of this post