မနေ့၊ မနက်၊ မနက်ဖြန် တို့၏ ပစ္စုပ္ပန်

အချိန်နဲ့ ပတ်သက်ပြီး တိတိပပ ရေးခဲ့လေ့ မရှိပေမယ့် – ရေးမိခဲ့သမျှ ရှေ့အပုဒ် ပို့စ် တော်တော်များများ ဟာ အချိန် နဲ့ တိုက်ရိုက် (သို့မဟုတ်) သွယ်ဝိုက် သက်ဆိုင် ပါ တယ်။ ဒီနေရာမှာ – ဒါနဲ့ ပတ်သက်လို့ – ဟိုတစ်နေ့က အကို တစ်ယောက် ရဲ့ အမေးစကား ရှိတယ်။ သူက ဘာဝနာ နဲ့ ဆက်နွယ်ပြီး မေးခွန်းပြုတဲ့ စကား ဖြစ်နေတဲ့ အတွက် – ကျနော်လည်း ပြန်ဖြေခဲ့တယ်။ အဲ့ အမေး၊ အဖြေ နှစ်ခုစလုံး ကို ဒီမှာ ပူးတွဲ တင်ရှိ ပါတယ်။ အဲ့ဒါ အပြင် – ဖြည့်စွက် အနေနဲ့ – နောက်ဆက် ထပ်ရေးတယ်။

(ေဇယ်)

…………….

Question: ပစ္စုပ္ပန် ရဲ့ အချိန် အပိုင်းအခြား က ဘယ်လောက် ရှိသလဲ မသိဘူးဗျ။ နောက်ပြီး – အနာဂတ် အကြောင်း (သိပ်) မစဉ်းစား ပဲ လုံးလုံး – ပစ္စုပ္ပန် တည့်တည့် မှာ နေတယ် ဆိုတာကော ဖြစ်နိုင် ပါ့ မလား ဗျာ။ သိချင်လို့ပါ။

Answer: ‎(ကျနော့ကို by name တပ် ထားတဲ့ အတွက်- ကျနော့ အနေနဲ့ ပြောရင်) ပစ္စုပ္ပန် တည့်တည့် ဟာ အချိန် မဟုတ်ဘူး အကို။ ဒါ့ကြောင့် အချိန် အပိုင်းအခြား လို့ ပြော စရာ ကို ရှိမနေပါဘူး။

ဘာလို့ ဆိုတဲ့ အကြောင်း ကို ကြည့်ကြည့်ပါမယ် ။ ကျနော်တို့ အချိန်လို့ ပြောတဲ့ အရာတွေ ( ပစ္စုပ္ပန် ဖယ်ပြီး အတိတ်နဲ့ အနာဂတ် – အချိန်ဆိုတာတွေဟာ ) ကျနော်တို့ စိတ်ကူး ထည်တွေ၊ အချက်အလက် တွေသာ ဖြစ်နေ တာ တွေ့ရပါ လိမ့်မယ်။

ဆိုပါစို့ – အတိတ် ။ ဒီ အတိတ် ဆိုတာ- ကျနော်တို့ အခုအချိန် မှာ ယခင်ဖြစ်ပြီးသားကို ပြန်လှန် တွေးတဲ့ စိတ်ကူး ထည် (ဒါမှမဟုတ်) စာအုပ် တွင်း ပါ၊ ဖြစ်ရပ် မှတ်သားချက် ၊ အချက်အလက်တွေသာ ဖြစ်ပါတယ်။

အလားတူ – အနာဂတ် ။ သူကလည်း – ကျနော်တို့ အခု အချိန်မှာ – မျှော်တွေးတဲ့ စိတ်ကူး ထည်၊ အလို ဆန္ဒ၊ (ဝါ) အနုမာန၊ စီမံ ချက်၊ မှန်းဆ ချက် တွေ သာ ဖြစ် ပါ တယ်။

ပစ္စုပ္ပန် တည့်တည့် မှာ နေလို့ ဖြစ်နိုင်ပါ့မလား ဆိုရင် — နေကြည့်ပါလို့ပဲ ကျနော် ပြောရ ပါလိမ့်မယ် အကို။ ဘာလို့ဆို – တွေးကြည့်လို့ မရဘဲ- နေကြည့်လို့ သာ – ရနေ လို့ ဖြစ်ပါတယ်။

ကျနော် တို့ စိတ်နဲ့ တွေးကြည့်ရင်သာ — မနေနိုင်ဘူး လို့ ထင်မြင်ရတယ်။– ဒါပေတဲ့ – ကျနော် တို့ (စိတ်၊နာမ် မဟုတ်တဲ့) ရုပ်ခန္ဓာ နဲ့ သဘာဝ အားလုံး ဟာ ပစ္စုပ္ပန် တည့်တည့် မှာ သာ တကယ် ရှိနေ တာ ဖြစ်ပါတယ်။

ကျနော် တစ်နေရာမှာ ပြောခဲ့ သလို၊ ပစ္စုပ္ပန်မှာ နေကြည့်ဖို့ – တွေးမယ် ဆိုရင် — ဘယ်လိုမှ မဖြစ်နိုင် ပါဘူး အကို။ ပစ္စုပ္ပန်မှာ နေကြည့်ဖို့ က –တကယ် သတိနဲ့ “နေကြည့် ဖို့” တစ်ခု တည်း သာ ဖြစ် ပါတယ်။ အဲ့အချိန်မှာ – အတွေး မဝင်နိုင်ကြောင်း ကောင်းကောင်း တွေ့နိုင် ပါတယ်။

အဲ့ဒါကို အကို သိနိုင်ဖို့ က – အချိန် လည်း သိပ်ကြာကြာ မလိုပါ ဘူး။ အခု ဒီစာဖတ်နေရင်း တစ်ခဏ ဒီ စာလုံးတွေ အပေါ်၊ ဒါမှ မဟုတ် အကို့သန္တာန် အခု – ထင်ရှားရာ အပေါ် သတိပြု ကြည့်ရင် — အကိုတွေးလို့ မရတော့ကြောင်း – အခု တွေ့ရပါလိမ့်မယ်။ Read more of this post

မျှော်လင့်ချက် တကယ် မဲ့ သလား

A: ကျုပ် နှစ်နဲ့ ချီပြီး ကြိုးစားခဲ့ ~ အားထုတ်ခဲ့ ~ လုံးပန်း ခဲ့တယ်။ အခုထိ အရာ မထင် ဖြစ်နေ တာတွေ ချည်းပဲ။ ဒါကို ကြည့်ပြီး ရှက်တယ်။ ရှေ့လျောက်ပြီး လည်း ဘာမှ မဖြစ်နိုင်တော့ ဘူးလို့ မြင်နေပါတယ်။ အခု ကျနော့ဘဝ ကြီး ဟာ မျှော်လင့် ချက် မဲ့နေ တယ်ဗျာ ။ ဘာလုပ်သင့် သလဲ။

B: ကျနော် နှစ်သိမ့်ပြီး ဖြေပြော မယ် ထင်ရင် အကို လူမှားပြီး လာမေး တာ ဖြစ်ပါ တယ်။ အခု အွန်လိုင်း မှာ ရှိတဲ့ နူးနူး ညံ့ညံ့ နှစ်သိမ့် တတ်ကြသူ ဆရာ့ ဆရာ များဆီ သွားမေးတာ ပိုကောင်း လိမ့် မယ်။ အကို မေးတဲ့ “ကျနော့ဘဝ ကြီးဟာ မျှော်လင့် ချက် မဲ့နေ တယ်ဗျာ” ဆိုတာ ကို – ကျနော့ အနေနဲ့ ပြောရင် – ခင်ဗျား ကောင်းကောင်း – မျှော်လင့်ချက် မ “မဲ့”သေးလို့ ဖြစ်ပါတယ်။ အခု မျှော်လင့် ချက် မဲ့ တာ နည်းနေ ပါသေးတယ်။ အပြည့်အဝ မျှော်လင့်ချက် မဲ့ သွား ဖို့ လိုပါတယ်။ အခု ရှိနေတာ ထက် ပိုပြီး မျှော်လင့်ချက် မဲ့ သွားအောင် လုပ်လိုက် ပါ လို့ ကျနော် တိုက်တွန်း လို ပါတယ်။ နောက်ဆုံးမှာ ဘာကိုမှ “ဘာမှ” မမျှော်လင့် တော့၊ မတွေးတော့တဲ့ အထိ ~ မိမိသန္တာန် ကို မိမိ ကြည့်ကြည့် စေချင် တယ်။

အခု ပြောနေ တဲ့ “မျော်လင့်ချက် မဲ့နေ တယ်ဗျာ” ဆိုတဲ့ စကားဟာ အတွင်းကို နှိုက် ကြည့်ရင် “ဆက်မျှော်လင့်” နေသေး တယ် လို့ ဆိုလို ကြောင်း မြင်ရပါလိမ့်မယ်။ အဲ့ဒီ မျှော်လင့်ချက် မဲ့မှု ကို ကဗျာ ဆန်ဆန်၊ စာဆန်ဆန် နဲ့ အကို့ဘဝကို အဓိပ္ပာယ် မဲ့တယ် လို့ ဘာလို့ သတ်မှတ် ပစ်ရတာလဲ။ ဖတ်ဖူး မှတ်ဖူး သမျှ ကဗျာဂျိုး စာဂျိုး တွေ နဲ့ ကိုယ့်ကိုယ် ကိုယ် မလှည့်ပတ် ပါနဲ့။ ခင်ဗျား မျှော်လင့် ချက် မဲ့နေတာ မဟုတ်ပါဘူး။ အခုဖြစ်လာ သမျှ လက်မခံချင် တဲ့ စိတ် အကို့ဆီမှာ ရှိနေတယ်။ အဲ့ဒါကို က မျှော်လင့်နေ ပါသေး တယ်။ ဒါပေမယ့် ဒါကို မမြင်ရင်- “ကျွန်တော် – မျှော်လင့်ချက် မဲ့နေတယ်ဗျာ” ဆိုတာရဲ့ အခြားတစ်ဘက်မှာ – ကိုယ့်ကိုယ်ကိုယ် သတ်သေ သွားနိုင်ပါ တယ်။ အဲ့ဒါကလည်း အကို့ရဲ့ မပျောက်ပျက်တဲ့ မျှော်လင့်စိတ် ကြောင့် ပဲ။

ဘာလို့ ဆို – “ဒီနေရာကနေ ထွက်ခွာ သွား ရင် အရာ အားလုံး ပြေလည် သွားမှာပဲ ~ ဒီနေရာ မှာ ငါ ရှိနေဖို့ မလိုအပ်ဘူး ~ ငါနေလို့ မရဘူး ~ ဒီနေရာက လွဲလို့ အခြား ဘယ်နေရာ ရောက်ရောက် ငါ့ အတွက် အိုကေ တယ်~ ဒီလောကကြီးမှာ ဘယ်မှာမှ ငါနဲ့ အံမဝင်ဘူး~ ငါ ဖြတ်ခနဲ ပျောက် သွားရင် ဘယ်လောက် ကောင်းမလဲ” ~ စသဖြင့် အဲ့ဒါတွေ ဟာလည်း ခင်ဗျား ရဲ့ မျှော်လင့်ချက်တွေ သာ ဖြစ် ပါတယ်။ “မျှော်လင့်ချက်” ဆိုတာ – ခင်ဗျားရဲ့ ဆန္ဒ၊ တမ်းတချက်၊ ရည်ရွယ်ချက် တွေ အားလုံးကို အမည်ပြောင်း ထားတဲ့ အမည် သက်သက် ပါ။

ခင်ဗျားရဲ့ ဆန္ဒ တွေ ဖြစ်မလာတော့ဘူး ဆိုတဲ့ အခါ၊
ခင်ဗျား တမ်းတချက်တွေ တကယ် မဖြစ်လာတဲ့ အခါ၊
ခင်ဗျား ရည်ရွယ်ချက်တွေ ပျက်သုဉ်း သွားတဲ့ အခါ – ခင်ဗျား သန္တာန် မှာ မျှော်လင့်ချက် မဲ့တယ်~ ဘဝကြီးကို အဓိပ္ပာယ် မဲ့သွားပြီ လို့ သတ်မှတ် လိုက်တယ်။

ဒါပေမယ့် – အကို့ အခု ဘဝ ကို ~ “အခုတည့်တည့်”- ကြည့်ကြည့်။ ~ နိုင်ငံရေး သမားတွေ ပြောပြောနေ တဲ့ ~ “ရှေ့ကို ကျနော်တို့/ ကျမတို့ ကြိုးပမ်း နေတယ်၊ ကျနော်တို့/ ကျမ တို့ မျှော်မှန်းတဲ့ ပန်းတိုင် အတွက် ရှေ့ ဆက်ကြမယ်” ဆိုတဲ့ စကားတွေ ကို ဖယ်ပါ။

အကို့ဘဝဟာ အခု ကြည့်- အခု ရှင်သန်နေတာ ဖြစ်ပါတယ်။ အကို သေသွားရင်တော့ လည်း ဒါတွေ ကျနော် ပြောစရာ မလိုဘူးပဲ။ ဒါ့ကြောင့် အဝေးကို ၊ အနီးဆုံး ရှေ့ တစ်နာရီ ကိုတောင် မကျိန်းသေ မရေရာ၊ ကြုံရာတွေ ပြည့်နှက်နေတဲ့ – ကျနော် တို့ ဘဝ မှာ – ရှင်သန်နေ တဲ့ ပန်းတိုင် တိုင်း ဟာ အခြား မဟုတ်ဘူး ။ “အခုတည့်တည့်” သာ ဖြစ်ပါတယ် ~ အခု ကြည့်ကြည့် ရင် သိတယ်။ ပြီးခဲ့တဲ့ အချိန်က ချမှတ် ထားခဲ့တဲ့ လိုချင်ခဲ့တဲ့ ဆန္ဒ တွေ မရှိတဲ့ အခါ၊ မျှော်လင့် ချက် တွေ မရှိ၊ ရည်ရွယ် ချက်တွေ ရှိ မနေ တဲ့ အခါမှာ လည်း – အကို့ဘဝ ဘယ်ရောက် သွားလို့ လဲ။ Read more of this post

ပန်းတိုင်

ဘဝမှာ ဘာရည်ရွယ်ချက် ရှိသင့်သလဲ။ ဘဝရဲ့ ရည်ရွယ်ချက်က ဘာလဲ။

Answer: ဘဝမှာ – ဘဝ ကိုယ်တိုင်စစ်စစ်ကလွဲလို့ ဘာ ရည်ရွယ်ချက် မှ ရှိမနေဘူးဗျ ။ ဘာလို့ဆို – ဘဝဟာ ခင်ဗျားတို့ အခု ပြောပြောနေတဲ့ ဘုရားသခင် ဆိုတဲ့ ဝေါဟာရရဲ့ အခြား နာမည် တစ်မျိုး မို့လို့ပဲ။ လောကမှာ အခြားရှိသမျှ အရာတွေ အားလုံး ရည်ရွယ်ချက် ကိုယ်စီ ရှိနိုင်တယ်။ အဲ့ဒီ ရည်ရွယ်ချက်ကို သွားမယ့် လမ်းကြောင်းတွေလည်း ရှိနေနိုင်တယ်။ ဒါပေမယ့် နောက်ဆုံး အဆုံးသတ်မှာ သူတို့ အားလုံး ဘယ်ရောက်သွားမလဲ။ အဆုံးသတ် တစ်နေရာမှာ လုံးဝ ပျောက်ကွယ်သွားမှု စင်စစ် က စောင့်နေပါတယ်။ အဲ့ဒီကို သွားနေတဲ့ ဖြစ်စဉ် တွေချည်း သက်သက်ဟာ ဘဝ ဖြစ်ပါတယ်။

ခင်ဗျား အဲ့ဒါကို ဖြစ်တည်မှု ( Existence ) လို့ ခေါ်နိုင်တယ်။ ( God ) လို့လည်း ခေါ်နိုင်တယ်။ ဘဝ ( Life ) လို့လည်း ခေါ်နိုင်တယ်။ ကျနော့ အတွက်တော့ ဒီအမည်တွေဟာ ဖြစ်စဉ်တစ်ခု တည်းအပေါ် စကားအမျိုးမျိုး ပေးထားတာ လို့ မြင်တယ်။

ဘာသာရေး အယူအဆ ရေးရာ သမားတွေက ဘဝ ကို “ဘုရားသခင်” လို့ အမည် တပ် ခေါ်တယ်။ အဲ့ဒါဟာ အန္တရာယ် ကြီးတယ်။ အကြောင်းက – ဘုရားသခင် ဆိုတဲ့ စကားလုံးဟာ ငြင်းပယ်လို့ ရနေလို့ပဲ ဖြစ်ပါတယ် ။ ခင်ဗျား ဘုရားသခင် အကြောင်း ကို ငြင်းခုံနိုင်တယ်။ ဒါပေမယ့် ဘဝကို တော့ ငြင်းလို့ မရဘူး။ ဘုရားသခင် ရှိမယ် မရှိဘူး ပြောနိုင်တယ်။ ကမ္ဘာရဲ့ သက်တမ်း တစ်ဝက်နီးပါးဟာ ဘုရားသခင်ကို ယုံတယ်၊ မယုံဘူးနဲ့ အငြင်းပွားခဲ့ကြတယ်။ ဒါပေမယ့် ဘဝ ရှိတယ် မရှိဘူး ဘယ်တုန်းက အငြင်းပွားခဲ့သလဲ။ ကမ္ဘာရဲ့ လူဦးရေတစ်ဝက် လောက်ဟာ ဘုရားသခင်ကို မယုံကြည်တဲ့သူ တွေ ဖြစ်နေနိုင်တယ်။ ကွန်မြူနစ်၊ ဆိုရှယ်လစ် တွေ၊ ဗုဒ္ဓဝါဒီ၊ ဂျိန်းဝါဒီတွေ၊ Free thinkers – လွတ်လွတ်လပ်လပ် တွေးခေါ်လိုသူတွေ၊ Atheists လို့ အမည်တပ်လေ့ ရှိတဲ့ ဘုရားမဲ့တွေ။ စသဖြင့် — သူတို့ အားလုံးဟာ ဘုရားသခင် ဆိုတဲ့ ဝေါဟာရ အပေါ် ငြင်းပယ် နိုင်တယ်။ ဒါပေမယ့် ဘဝကို တော့ လုံးဝ မငြင်းပယ် နိုင်ဘူးရယ်။

တကယ်တမ်း ထိုးနှက်လာတဲ့ အခါမှာလည်း ဘုရားသခင် ဆိုတဲ့ စကားလုံးဟာ ကာကွယ်ရ ခက်ခဲ နေတတ်ပါတယ်။ အကြောင်းက – ဘုရားသခင် ဆိုတဲ့ အဲ့ဒီ ဝေါဟာရဟာ လူတွေ ဖန်တီးတာ သက်သက် ဖြစ်နေလို့။ အထင်အရှား မရှိလို့။ သက်သေ သာဓက မရှိလို့။ သိသာမြင်သာ ရှိမနေလို့။ သက်သေမရှိ၊ အယူအဆ အခြေခံ မရှိလို့ပဲ ဖြစ်ပါတယ်။ အဲ့လိုနဲ့ ဒီ God ဆိုတဲ့ စကားလုံးဟာ တဖြေးဖြေး အခြေအမြစ်မဲ့၊ အနှစ်မဲ့လာတယ်။ ပျက်လုံး တစ်ခု ဖြစ်လာတယ်။ ခင်ဗျား ဘာဖြစ်နေနေ ပြောချင်သလို ပြောလို့ရနေတဲ့ ထည်လဲသုံး ဝေါဟာရ တစ်မျိုး ဖြစ်သွားတယ်။ ယုံကြည်မှုသာ ရှိမနေဘူး ဆိုရင် အဲ့ဒီ လူအတွက် ဘုရားသခင်ဟာ ဟာသ စကားလုံး သက်သက်ပဲ။

ဒါ့ကြောင့် “ဘုရားသခင်” ဆိုတဲ့ စကားလုံး အစား “ဖြစ်တည်မှု” လို့ သုံးစွဲတာက ပိုပြီး သင့်တော် ပါတယ်။ ဒီ ရာစုနှစ်ရဲ့ အတွေးအခေါ် သမား အများစုဟာ လည်း ဖြစ်တည်မှု ပဓာန ဝါဒီ တွေ ချည်း ဖြစ်နေ တာ တွေ့ရတယ်။ သူတို့ထဲက တော်တော်များများ လည်း – ဘုရားသခင် ဆိုတဲ့ စကားကို မကြိုက်ဘူး။ ဖြုတ်ချ ပစ်တယ်။ ဖျက်ပစ်တယ်။ ဖြစ်တည်နေမှု သက်သက်သာလျင် – သူတို့ အတွက် လုံလောက်တယ် လို့ တွေးခေါ်ထားသူ တွေ ရှိတယ်။

Read more of this post

ဗရှိုး နဲ့ တောငန်း

ဇင်ဆရာ ဗရှိုးနဲ့ သူ့ရောင်းရင်း – ဟခုဂျို တို့ လမ်းလျောက် လာကြတဲ့ အခိုက် တောငန်း တစ်ကောင်က ဖြတ်ပျံ သွားတယ်။

ဗရှိုး – “အဲ့ဒါ ဘာလဲ”
ဟခုဂျို – “တောငန်းပါ”
ဗရှိုး – “ဘယ်မှာလဲ”
ဟခုဂျို- “ပျံသွားပြီလေ”

ဗရှိုးက ဟခုဂျိုရဲ့ နှာခေါင်းကို ရုတ်တရက် ဖြတ်ထိုး လိုက်တယ်။ ဟခုဂျိုခမျာ နာတော့ ထအော်ရော – ။
ဒါပေမယ့် ဗရှိုး ဆက်မေးတယ် – “အဲ့တော့ – ဘယ်လိုပျံသွားတာလဲ”

ဇင်ဆရာတွေ ထဲမှာ ဗရှိုးကို ကျနော် စိတ်ထဲ နှလုံး ထဲက မြတ်မြတ်နိုးနိုး ရှိတယ်။ သူက ဇင်ဆရာ တင် မကဘူး။ ကဗျာဆရာ လည်း ဖြစ်တယ်။ ပန်းချီဆရာ လည်း ဖြစ်တယ်။ ပန်းပုဆရာ လည်း ဖြစ်သေးတယ်။ သူ့ ဖြစ်စဉ် ကိုယ်နှိုက်က ဖန်တီးမှု အား အပြည့် ရှိတယ်။ ကျနော် သိမိ ထားသမျှမှာ သူ့ကို ဘယ်သူနဲ့ မှ ယှဉ်မထားမိဘူး – အကြောင်းက – သူဟာ အညွှန်းဘောင် အမျိုးမျိုးနဲ့ တွဲဆက်နေ တဲ့ သူ ဖြစ်နေလို့ပဲ။

ဇင် စတင်ခဲ့ရာ အဦးအစ ဟာ ရှင်ဗောဓိဓမ္မ ဖြစ်ပါတယ်။ သူ လည်း ကြီးမြတ်တဲ့ သူ အဖြစ် ကျနော် လေးစားသမှု ရှိတယ်။ ဒါပေမယ့် သူ့မှာ အညွှန်းဘောင် တစ်ခုတည်း ပဲ။ — ရဟန်းတစ်ပါး ဖြစ်တယ်။ တနည်း – ဇင်ဆရာ တစ်ဦး ဖြစ်တယ် ။ ကြီးမြတ်မှု ရှိတယ်။ ဗရှိုးနဲ့တော့ မတူဘူး – ကွဲပြားတယ်။

ဗရှိုး က ဗောဓိဓမ္မ လို ကြီးမြတ် နေတာ မဟုတ်ဘူး ။ သူ့ရဲ့ မြင့်မြတ်မှု က ပုံစံ တစ်မျိုး ။ သူ့ ဖြစ်တည်မှု အားလုံးဟာ အညွှန်းဘောင် အမျိုးမျိုး အောက်မှာ ရှိတယ်။ အသွင်သဏ္ဍာန် အမျိုးမျိုးနဲ့ ရှင်သန်နေတယ်။ ကျနော့ အနေနဲ့ – ရှင်ဗောဓိဓမ္မ ကို ဘယ်သူနဲ့မှ နှိုင်းယှဉ် မရသလို၊ ဗရှိုး ကိုလည်း ဘယ်သူနဲ့မှ နှိုင်းယှဉ်လို့ မရဘူး။ သူ ကိုယ်တိုင်ရဲ့ အဖြစ် ဟာ ဇင်ရဲ့ အနှစ်သာရ အပြည့်အဝ ဖြစ်ပါတယ်။

ကျနော် လက်မခံ ပေမယ့် အများစု သမုတ်ထားကြတာက – ရှင်ဗောဓိဓမ္မ ဟာ ဇင်ကို တည်ထောင်သူ ( Founder ) ဖြစ်တယ်တဲ့ – ရှိစေ။

ရှင်ဗောဓိဓမ္မဟာ ဇင်ကို ပြုစုပျိုးထောင် ပေးသူ ဆိုရင် – ဗရှိုးဟာ ဇင်ရဲ့ ပန်းတစ်ပွင့် ဖြစ်ပါတယ်။ အလားတူ အဲ့ဒီ ပန်းက ထွက်ပေါ် လာတဲ့ မွှေးရနံ့ လည်း ဖြစ်နေသေးတယ်။ အဲ့ဒီ မွှေးရနံ့ဟာ သူ့ရဲ့ ကဗျာ၊ သူရဲ့ ဖော်ပြချက်၊ သူ့ ပန်းချီကား တွေမှာ အထင်အရှား ရှိနေတယ်။ နောက်ဆုံး – အခု အထက် က ဖြစ်စဉ်မှာ ပါတဲ့ ဗရှိုးရဲ့ သာမာန် အပြောအဆို မှာတင် ထူးခြား ကွဲပြားနေတယ်။

တောငန်း တစ်ကောင်က ဖြတ်ပျံ သွားတယ်။
ဗရှိုးက မေးတယ်။ “အဲ့ဒါ ဘာလဲ”

Read more of this post

ဖြူစင်သော စိတ်

ဖြူစင်တဲ့ စိတ် ဆိုတာ ဘာကို ဆိုလိုတာလဲ ။ ရိုးစင်းတဲ့ ဘဝ အတွက် စိတ်ထား ဖြူစင်မှုဟာ မရှိမဖြစ် လိုအပ်တယ်။ ဒါဆို ဖြူစင်တဲ့ စိတ်ဆိုတာ ဘာလဲ။

တောင့်တ၊ တမ်းတတဲ့ အာရုံခံစားချက် မရှိတဲ့ ကြည်လင်နေတဲ့ စိတ် အသွင်အပြင်မျိုးလို့ အကြမ်းမျဉ်း ခေါ်ဆိုလိုပါတယ်။ တစ်နည်းပြော ရင် လောဘ စိတ် ပျောက်ပြယ် နေတဲ့ အခြေအနေရဲ့ နာမည် တစ်မျိုးလို့ ဆိုနိုင်ပါတယ်။ အဲ့အခြေအနေမျိုးဟာ ခင်ဗျား တွန်းတိုး ခုခံ လုပ်ကိုင်နေရတဲ့ အရေးအ ရာ ကိစ္စတွေ အကြား ခင်ဗျား လက်လွှတ် အလျော့ပေးလိုက်ချိန် မှာ အသိသာဆုံး ပေါ်ပေါက် တတ်တယ်။ ခင်ဗျား ပတ်ဝန်းကျင် လောက ဟာ သူ့သဘောနဲ့သူ စီးမျော သွားတယ်။ ခင်ဗျား စိတ် က အဲ့ဒါတွေကို အရှင်းသား ရှုမြင် ထားလို့ ရတဲ့ အခြေအနေ ဖြစ်လာတယ်။ ဒါဟာ တိကျတဲ့ အဓိပ္ပာယ် ဖွင့်ဆိုနည်းမျိုးတော့ မဟုတ်သေးဘူး။

ကျနော်တို့ အတွေးအခေါ်တွေ၊ စဉ်းစားဥာဏ်၊ စိတ်ကူး ၊ ကြောင်းကျိုး ဆင်ခြင်ဥာဏ် ယုတ္တိ တွေဟာ ဦးနှောက်က လာပါတယ်။ ဒါ့ကြောင့် ဦးနှောက်က စဉ်းလဲ တယ်။ ခင်ဗျားကို ငယ်စဉ်က ခုချိန်ထိ အတွေးအခေါ် ဘောင် ၊ ကလနားတွေနဲ့ ထိန်းကွပ်မယ်။ ခင်ဗျား သန္တာန်မှာ အတ္တပုံရိပ်ကို အစွဲအမြဲ ထင်ဟပ် စေမယ်။ ဒါဟာ ဦးနှောက် ရဲ့ အလုပ် ဖြစ်ပါတယ်။ ဒါ့ကြောင့်ပဲ ဦးနှောက်ဟာ အတ္တနဲ့ အတူတူ ရှင်သန် တယ်။ အတ္တမရှိရင် ၊ အတ္တလျော့နည်းသွားရင် လူဟာ ဦးနှောက်နဲ့ အသက် မရှင်တော့ ဘူး။ ဆိုလိုတာက အတွေးအခေါ်တွေ၊ စိတ်ကူး ၊ ဆင်ခြင်ဥာဏ်တွေ၊ လိုချင်လောဘတွေနဲ့ အသက် မရှင်တော့ဘူး။ သူ့ဆီမှာ ကျန်ရစ်ခဲ့တာက ဖြူစင်တဲ့ စိတ် သာ ဖြစ်ပါတယ်။

ဖြူစင်စိတ် ရှိသူဟာ ဦးနှောက်သမားလို မဟုတ်ဘူး။ ဦးနှောက်သမားက တွန်းထိုး တိုက်ခိုက် ငြင်းခုံတယ်။ ဖြူစင်စိတ် ရှိသူက တိုက်ခိုက် ငြင်းခုံရသမျှ အပြီးအပိုင် စွန့်လွှတ် ထားပြီး ဖြစ်ပါတယ်။ တနည်းပြောရင် အတ္တကို ဖယ်ရှား ထားနိုင်တယ်။

  • ဦးနှောက်နဲ့ နေထိုင်သူက ငါဘယ်လိုနေရမလဲ – ငါဘယ်လိုရှင်သန်အောင် လုပ်ရမလဲ တွေးတယ်။
  • ဖြူစင်စိတ် ရှိသူက မိမိ ရှင်သန်မှု သက်သက်ကို သိရှိရုံမျှ နေထိုင်တယ်။
  • ဦးနှောက်နဲ့ နေထိုင်သူဟာ သူလိုချင်တာတွေကို တွေးခေါ်ယူတယ်။
  • ဖြူစင်စိတ် ရှိသူက လိုအပ်ချက်ကိုသာ သိမှတ်နားလည်တယ်။
  • ဦးနှောက်နဲ့ နေထိုင်သူဟာ အတိတ်ကို လွမ်းတယ်၊ အနာဂတ်ကို မျှော်မှန်းတမ်းတတယ်။
  • ဖြူစင်စိတ် ရှိသူက မိမိမျက်စိအောက် တဒင်္ဂခဏ အတွင်းသာ ရောင်ပြန်ဟပ် သိမြင်နေထိုင်တယ်။

ဒ့ါကြောင့် ဖြူစင်တဲ့သူ တွေဟာ ရိုးသားမှု အပြည့်အဝ ရှိနေပါတယ်။ ဒီနေရာမှာ တစ်ခု နားလည်စေချင်တာက – ရိုးသားမှု ရှိတိုင်း ဖြူစင်တာ မဟုတ်ဘူး။ ရိုးသားမှုကို အတင်းလုပ်ယူပြီး ဖြူစင်ပြလို့ မရဘူး။ ဖြူစင်တဲ့ စိတ်သန္တာန် ရှိသူ အတွက် ရိုးသားမှုက အလိုအလျောက် တွဲကပ် ပါလာပြီးသား အရိပ်တစ်ခုပဲ။ ဒါ့ကြောင့် “ရိုးရိုးသားသား နေထိုင်ကြပါ” ဆိုတဲ့ ဆုံးမ ဩဝါဒတွေကြောင့် ခင်ဗျား အတင်းအကျပ် လုပ်ယူတဲ့ အခါ – ရလာတဲ့ ရိုးသားမှု တွေဟာ အတု အယောင် ရိုးသားမှုတွေ ဖြစ်နေတတ်တယ်။ စင်စစ် ရိုးသားမှုဟာ သီးသန့် အတင်းအကျပ် ကြိုးပမ်း လုပ်ယူ နေဖို့ မဟုတ်ဘူး။ ခင်ဗျား ကြိုးစားပြီး အတင်း ရိုးသားရင် ခင်ဗျား သန္တာန်မှာ ရှိနေပြီးသား ရိုးသားမှု လေးတောင် ပျက်စီးကောင်း ပျက်စီးသွားနိုင်သေးတယ်။ ဆိုလိုတာက လုပ်ယူတဲ့ ရိုးသားမှုဟာ ပေါ့ပျက်ပျက် နိုင်တယ်။ ရိုးသားမှု စင်စစ် ရှိဖို့ အတွက် ခင်ဗျား သန္တာန်မှာ ဖြူစင်သွားဖို့ပဲ လိုအပ်တယ်။ ဖြူစင်စိတ် ရှိလာရင် ခင်ဗျား နောက်ပြန် လှည့်ကြည့် စရာ မလိုအပ်ဘူး။ ရိုးသားမှုဟာ အရိပ်လို တွဲကပ် ပါလာပြီးသားပဲ။ Read more of this post

နိစ္စဓူဝ သေဆုံးနေရခြင်းများ အကြောင်း

Quest: နိစ္စဓူဝ သေဆုံးနေကြတယ် ( Dying Daily ) ဆိုတဲ့ စကားကို ခင်ဗျား ပြောခဲ့ဖူးတယ်။ အဲ့ဒါ ဘာကို ဆိုလိုတာလဲဗျ။

Ans: သေတာကို ကျနော်တို့ ဘာလို့ ကြောက်ကြသလဲ လို့ အရင် စမေးကြည့်ကြပါမယ်။ – သေခြင်းတရားကို ကြောက်လန့်ကြရခြင်း အကြောင်းက သေခြင်း တရားကို မကြုံဖူး၊ မသိဖူးလို့ပါ။ ရှင်းရှင်းပြောရင် မသေဖူးလို့ ဖြစ်ပါတယ်။ ကျနော်တို့ နောက်နေ့၊ မနက်ဖြန် ဘာဖြစ်မယ် ဆိုတာ မသိဘူး။ မနက်ဖြန် အတွက်၊ အနာဂတ် အတွက်၊ တကယ့် တကယ်တမ်း အလုပ်လုပ် နေကြပေမယ့် ကျနော်တို့ အသေအချာ မသိဘူး။ ဒါ့ကြောင့် ကျနော်တို့ စိတ်သန္တာန်မှာ မနက်ဖြန် ကို ကြောက်ရွံ့တဲ့ စိတ် အမြဲ ရှိနေတတ် ပါတယ်။

ဒါ့ကြောင့် ကျနော်တို့ အလုပ်လုပ် နေရခြင်း ရဲ့ နောက်ကွယ်က တွန်းအား ဟာ – မိမိ မသိတဲ့ အရာတစ်ခု ကို ဒိဋ္ဌ ကြုံတွေ့ရမှာ လက်မခံနိုင်စွမ်း ( တစ်နည်း ) ကြောက်ရွံ့မှုသာ ဖြစ်ပါတယ်။ ဒီအကြောင်းကြောင့် ကျနော်တို့ဟာ ဒီကနေ့ ကို မနက်ဖြန် အတွက် ပြင်ဆင်ဖို့ အသုံးချတယ်။ ပြုပြင် ဖန်တီး အရန်သင့် ဖြစ်ဖို့ ကြိုးပမ်းတယ်။ ကျနော်တို့ နေ့စဉ် လုပ်နေတဲ့ အလုပ်တွေက ဒါတွေပဲ မဟုတ်လား။ မနေ့ အချိန်တုန်းကလည်း မနက်ဖြန် အတွက် လုပ်ခဲ့တယ်။ ဒီကနေ့ ဆိုပြန်တော့လဲ မနက်ဖြန် အတွက် လုပ်ကြပြန်တယ်။ ကျနော်တို့ အားလုံး မနက်ဖြန် အတွက် စဉ်ကာ ဆက်ကာ အလုပ်လုပ်နေကြ တယ်။ အဲ့ဒီ “စဉ်ကာ ဆက်ကာ – အဆက်မပြတ်ရေး” ကို ကျနော်တို့ရဲ့ မနာလို ဝန်တိုမှု၊ ကျနော်တို့ရဲ့ ရူးသွပ်မှု၊ ကျနော်တို့ မှတ်ဥာဏ်တွေမှာ ထည့်သွင်း အရည်ဖျော်ပစ်တယ်။ ပုံပြောင်းပစ် တယ်။ ကျနော်တို့ ဘယ်နေရာ ရောက်နေနေ- အဲ့ဒီ အရာတွေကို ကျနော်တို့နဲ့ တစ်ပါ တည်း ယူဆောင်လာခဲ့ကြပါတယ်။

မယူဆောင်လာ ခဲ့ဘူးလို့ရော ထင်ပါသလား။ အဲ့သလို အဆက်မပြတ်ရေး ကို ထပ်ဖန် တလဲလဲ မှတ်ယူခဲ့လို့ သာ- ကျနော်တို့ မသေသေးဘူး ဆိုတဲ့ အသိ ဖြစ်လာ ခဲ့ပါတယ်။ မနေ့က အဖြစ်အပျက် တွေ ရှိခဲ့တယ်။ ဒီနေ့ အဖြစ်အပျက် အချို့ ကြုံဆုံရပြန်တယ်။ ဒါဆို – နောက်တစ်နေ့ ရှိဦးမယ်။ ဒီအချက်တွေကြောင့် – ကျနော်တို့ အတွက် ကျနော်တို့ စဉ်ဆက် မပြတ် – ဖြစ်တည်နေဖို့ ခိုင်မာနေ သလိုလို မှတ်ယူနေတယ်။ ကျနော်တို့ မှတ်ဥာဏ်နဲ့၊ စိတ်ကူး ခံစားချက်၊ မျှော်လင့်ချက်တွေက ကျနော်တို့ ဆက်လက် ဖြစ်တည် နေမယ် လို့ အမြင် ရောက် သွားစေတယ်။ ဒီလို “ဆက်လက် ဖြစ်တည်မှု” ဆိုတဲ့ အချက်ဟာ – “အသစ်” မဟုတ်ဘူး ဆိုတဲ့ အချက်နဲ့ အတူတူ ပါ။

ဆိုလိုတာက – ဥပမာ- ခင်ဗျား မှာ အတွေးတစ်ခု ရှိမယ်။ မနေ့က ခင်ဗျား တွေ့ကြုံခဲ့ရတဲ့ အတွေ့အကြုံ အတိုင်း- မနက်ဖြန် မှာ နောက် တစ်ကြိမ် ထပ်ဖြစ်စေဖို့ ဆန္ဒ ရှိမယ် ဆိုပါတော့။ အဲ့ဒါဆိုရင် ခင်ဗျားဟာ သစ်လွင်မနေဘူး လို့ ဆိုလိုတယ်။ ဒါဟာ ကျနော်တို့ အများစု လိုချင်တဲ့ ပုံစံပဲ ဖြစ်ပါတယ်။ ကျနော်တို့ ဒီအတိုင်း ဆက်သွားချင်တယ်။

“ဒီအတိုင်း” ကျနော်တို့ ဘယ်လို ဆက်သွားချင်နေတာပါလဲ – ထပ်မေးရင်။ ကျနော်တို့ စိုးရိမ်ခဲ့သမျှတွေ အတိုင်း၊ ကျနော်တို့ ပျော်ရွှင်သမျှတွေ အတိုင်း၊ ကျနော်တို့ စိတ်ကူး စဉ်းစားထားပြီးသား တွေ အတိုင်း ဆက်သွားချင်တယ်။ အဲ့အတွက် ကျနော်တို့ အများစု ကြားမှာ ဖောက်ထွက်နိုင်စွမ်း မရှိဘူး။ ဖန်တီးနိုင်စွမ်း မရှိဘူး။ အသစ် အသစ် ဖြစ်မလာဘူး။ လူ့အဖွဲ့အစည်း၊ ဘာသာအယူဝါဒ အဟောင်းအဟောင်းတွေထဲမှာ – ပြုပြင်ဖို့ ပြောင်းလဲ နိုင်ဖို့ အသစ် အသစ် ဖြစ်ဖို့ ဆိုတာ ခက်ခဲနေရတယ်။

တကယ်က ကျနော်တို့တွေ နေ့စဉ် ရှင်သန်နေတာ မဟုတ်ပါဘူး။ နေ့စဉ် နေ့တိုင်း အသေသား တွေ စားနေတာပါ။ ကုန်လွန်ခဲ့ ၊ သေဆုံး ခဲ့ပြီ ဖြစ်တဲ့ နေ့ရက် တွေက ခံစားချက် အဟောင်းတွေ၊ အယူအဆ အဟောင်းတွေ ကနေ့ထိ သယ်ဆောင်လာဆဲ။ ဒါတင် မကျေနပ်သေးဘူး။ နောက်နေ့ နောက်နေ့ များမှာလဲ ဒီ အယူအဆ အဟောင်းတွေ ဆက်လက် ဖြစ်တည်နေစေချင်တယ် – ဒီခံစားချက် အဟောင်းတွေ ဆက် တည်ရှိ နိုင်ပါစေလို့ ဆန္ဒရှိတယ်။ အဲ့တော့ အဲ့ဒီ ဆန္ဒတွေနဲ့ အတူ မနာလို၊ ဝန်တို၊ ဒေါသ၊ မာန ရူးသွပ်သမျှတွေပါ တစ်ပါတည်း ဆက်လက် ပါဝင်လာပါတယ်။

ခင်ဗျားလည်း တွေးကြည့်နိုင်မယ် ထင်တယ် – နေ့တစ်နေ့ တာ ကုန်ဆုံးသွားပြီး အိမ်ပြန် ဝန်ထုပ်တွေ ချ အနားယူချိန်မှာ – “ဒီကနေ့ ပြီးပြီ။ ငါ့သန္တာန် ရှိသမျှ အကုန်ထားရစ်ခဲ့မယ်။ နောက်တစ်နေ့မှာ ငါ အသစ် အသစ်နဲ့ပဲ ရင်ဆိုင်မယ်” လို့ စိတ်ကူး ရှိခဲ့ဖူးပါသလား။ ဒီကနေ့ ရဲ့ အဟောင်းတွေကို နောက်တစ်နေ့ အထိ ဘယ်တော့မှ မသယ်သွားဘူးလို့ ဆန္ဒ ရှိခဲ့ဖူးပါသလား။

ကျနော်တို့မှာ အနည်းဆုံး တွယ်ငြိတဲ့ စိတ် ကျန်ရစ်နေပါတယ်။ ကျနော်တို့ ဘာကို တွယ်တာ မိနေကြသလဲ။ အသုံးအဆောင်တွေလား၊ ဒီ တိုက်တာ အိုးအိမ်တွေ လား ။ ဟုတ်ချင်မှ ဟုတ်မယ်။ ဒါပေမယ့် တွယ်တာမိနေမယ့် ( ကျိန်းသေတဲ့ ) အရာတွေက – ကျနော်တို့ရဲ့ စိတ်ကူး တွေ၊ ကျနော်တို့ရဲ့ စကားလုံးတွေ ဖြစ်ပါတယ်။ အဲ့ဒီ စိတ်ကူးစိတ်သန်း၊ မျှော်မှန်းချက်၊ စကားလုံးတွေနဲ့ သာ ကျနော်တို့ ဆက်လက် အသက်ရှင်နေတယ်။ မြင်နိုင်ပါရဲ့လား မသိ။ Read more of this post

ဘုရားသခင် သည် ဖြေရှင်းချက် မဟုတ်၊ တကယ့် ပြဿနာ !

ဘုရားသခင် ဆိုတာ မရှိဘူးလို့ ခင်ဗျား တကယ် ယုံကြည်ပါသလား။


Osho: ဘုရားသခင် မရှိဘူးလို့ ကျနော် ယုံကြည်နေတာ မဟုတ်ပါဘူး။ ဘုရားသခင် ဆိုတာ မရှိဘူးလို့ ကျနော် ကျိန်းသေ သိတာ ဖြစ်ပါတယ်။ ဘုရားသခင် ဆိုတာ မရှိတဲ့ အတွက်လည်း ကျနော် ဘုရားသခင်ကို ကျေးဇူး တင်ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ ဘုရားသခင် ရှိနေရင် – သူ တည်ရှိနေပါတယ် ဆိုတဲ့ အချက် က ပြဿနာတွေ အများကြီး ဖန်တီးပေးနေလို့ပဲ။ သူ ရှိနေတယ်လို့ ယူဆ နေကြ တဲ့ အတွက် အခက်အခဲတွေ အများကြီး ကြုံကြရတယ်။ အထူးသဖြင့် – ဘုရားသခင် ရှိနေရင် ကျနော်တို့ ဘဝ – ဖြစ်မလာနိုင်ဘူး ဆိုတာ မြင်ဖို့ လိုပါတယ်။

ဒီရှုထောင့် ကို ခင်ဗျား လည်း တွေးထား ချင်မှ တွေးထားမယ်။ ဘုရားသခင် တည်ရှိနေတယ်လို့ ယုံကြည်ကြသူ တိုင်း ဒီရှုထောင့်ကို မတွေးခဲ့ ကြဖူးဘူး ထင်ပါတယ်။

ဘုရားသခင်ဟာ ကမ္ဘာကို ဖန်ဆင်းခဲ့တယ် လို့ ခရစ်ယာန်တွေ ပြောကြတယ်။ တကယ်က – ဖန်ဆင်းဖို့ လိုအပ်နေတယ် ဆိုတဲ့ အကြောင်း သက်သက်နဲ့ ဘုရားသခင် ဆိုတဲ့ အယူအဆ ဝင်လာရတာပဲ ဖြစ်ပါတယ်။ ကမ္ဘာက ဒီမှာ တကယ် ရှိနေတယ်။ တွေ့နေရတယ်။ ဒါကို တစ်ယောက်ယောက် က ဖန်ဆင်း တာပဲ ဖြစ်ရ မယ် ။ ဒီ ကမ္ဘာကို ဘယ်သူ ဖန်ဆင်းတယ် လို့ ပြောပြော – အဲ့ ဖန်ဆင်းရှင်ကို ဘုရားသခင် လို့ ခေါ်မယ်။ ဟုတ်တယ်ဟုတ် ။ ဒါပေမယ့် – တကယ်တမ်း သာ အဲ့လို ဖန်ဆင်း ခံရတာပါ ဆိုရင် – ဘာတွေ ဖြစ်လာမလဲ ခင်ဗျား သိပါသလား။

Read more of this post

ကာလမှ လွန်မြောက်သော

အမတ အဖြစ် ကို နားလည် သိမြင်ပြီးသူ အတွက် ကာလနှင့် ဒေသ သဘောတို့သည် သီးခြား ဖြစ်စဉ် တစ်ခု အနေဖြင့် တည်ရှိ မနေ။

ကာလနှင့် ဒေသ ဟူသည် မပြည့်ဝ မသိမြင် သေးသော သူ အတွက်သာ အစစ်အမှန် တည်ရှိ နေရသည်။ အကြင်သူ အတွက် ဒေသ ( Space ) သည် အညွှန်းဘောင် အမျိုးမျိုး ကွဲပြား ဖြစ်တည်လျက် ရှိသည်။ ကာလ ( time ) သည်လည်း အတိတ် ၊ ပစ္စုပ္ပန်၊ အနာဂတ် ဟူ၍ ကွဲပြား ဖြစ်တည် လျက် ရှိသည်။ ၎င်းသည် ဘဝ ဖြစ်တည်မှု အတွင်း အနောက်သို့၊ အတိတ်သို့- ပြန်မျှော်ကြည့်သည်။ ၎င်း မွေးဖွားခဲ့ရာကို၊ ၎င်း၏ ဇာတိကို ပြန်ဆင်ခြင် ကြည့်သည်။ ၎င်း ရည်ရွယ်ခဲ့ရာ၊ ၎င်း၏ ခြေရာ အလီလီ တို့ကို ပြန်မြင်ကြည့် သည်။ စင်စစ် ထိုအရာ အားလုံးကို သူထားရစ်ခဲ့ရပြီး ဖြစ်ပါသည်။

အတိတ် ဟူသည် ထပ်ကျော့ ဖြစ်တည်လာသော အနာဂတ်ပေါင်း များစွာ ပေါင်းထည့် ကျန်ရစ်သွားခဲ့ခြင်းသာ ဖြစ်သည်။ ထိုနည်း အားဖြင့် အကြင်သူ၏ သန္တာန်တွင် ပုံရိပ် ထင်ကာ ကုန်ဆုံးသွားခဲ့ပြီး ဖြစ်သည်။ အနာဂတ်ကို မျှော်ကြည့်နေခြင်း ပေါင်း များစွာ စုစည်း၍ အတိတ် ဖြစ်သွားကြသည်။ အကြင်လူသည် အဘယ်အကြောင်းကြောင့် အတိတ်ကို ပြန်မြင် ကြည့်ပါသနည်း။ အဘယ်ကြောင့် မကြာခဏ အတိတ်ကို တမ်းတ မျှော်ခေါ် နေမိတတ်ပါသနည်း။ စင်စစ် အနာဂတ် တွင် ဖြစ်ပေါ်လိုသော မိမိ အကျိုး ၊ လိုလားသော မိမိ အစွဲအလမ်း အတွက် အလို့ငှာ အတိတ် ကို မျှော်ကြည့်ခြင်း သာ ဖြစ်ပါသည်။ ထိုသည်ကိုပင် အတိတ်မှ “သင်ခန်းစာ” ယူခြင်း ဖြစ်သည်ဟု စကားလှလှ ကင်ပွန်း တပ်လေ့ ရှိသည်။

သို့သော် လူသည် ယင်းသို့ အတိတ်ကို ပြန်မျှော်ကြည့်ရုံ သက်သက် ရှိမနေပေ။ အတိတ်ကို ကြည့်ရင်းမှ အာရုံကို ပြန်လည် လွှဲယူ လိုက်သည်။ ထို့နောက် – ၎င်း၏ ဥာဏ်အမြင်၊ လိုဘဆန္ဒတို့ သည် အနာဂတ်သို့ မျှော်ကြည့်၍ ထကြွလာ မိပြန်သည်။ စိတ်ကူး ပုံဖော် သည်။ အနာဂတ်တွင် တစ်ခုခု ပြီးစီးအောင်မြင် နိုးနိုး၊ စီမံချက် မျှော်မှန်း ချမှတ်သည်။ ကောက်ကြောင်း ရေးဆွဲ တေးမှတ်သည်။ စင်စစ် ယင်း အနာဂတ် သည်လည်း ၎င်း အတွက် တည်ရှိနေသော အရာ မဟုတ်။ “အနာဂတ်” သည် မည်သူ တစ်ဦးတစ်ယောက် အတွက်မှ စင်စစ် ရှိမနေပေ။ ယင်း “အနာဂတ်”ဟူသော ဝေါဟာရသည် “သေမင်း” တည်း ဟူသော မြင်နိုင်ခက်၊ သိနိုင်ခက်သည့် အမှောင်ထု စင်စစ် – ဖုံးလွှမ်းနေသော အရာ ကို စကားဖလှယ်၍ သုံးစွဲ ထားခြင်းသာ ဖြစ်သည်။

အတိတ် နှင့် အနာဂတ်တို့ အပေါ် စေ့ဆော်သော အာရုံကြောင့် လူသည် မိမိ အဖြစ်မှ ကင်းကွာ သွားသည်။ အနာဂတ်၏ သိရခက် နက်နဲမှု သက်သက်က ၎င်းကို လိုဘအာသာ ရမ္မက်များဖြင့် ဖြားယောင်း သွေးဆောင်သည်။ ယင်းသို့ဖြင့် ၎င်းသည် အတိတ်ကို နမူနာ အခြေခံ ထား၍ အနာဂတ်ကို မျှော်မှန်း ဆက်လျောက်သည်။ စင်စစ် အနာဂတ်သည် မည်သည့်အခါမှ မရှိသည့် ဖြစ်စဉ် တစ်ခုသာ ဖြစ်သည်။ သို့သော် ၎င်းက စိတ်ကူး အိပ်မက် ဖန်တီး၍ မိုးကုတ်စက်ဝိုင်း အပြင်ဘက်ကို ပျံသန်းသွားမည် ဟု မျှော်မှန်းထားသည်။ ယင်း မိုးကုတ်စက်ဝိုင်း၏ ဟိုမှာဘက်တွင် ပျော်ရွှင်ခြင်း တည်ရှိသည်ဟု ယုံကြည် လိုက်သည်။ ယင်းမှ ရှာဖွေရေး ခရီးစဉ် ဆက် တော့သည်။ Read more of this post

ငန်းဖြူ

Zen မှာ မေးတတ်တဲ့ မေးခွန်း ပဟေဠိ တစ်ခုရှိတယ်။ “ငန်း အပြင်ရောက်အောင် ဘယ်လိုထုတ်မလဲ” ဆိုတဲ့ ပြဿနာ ဖြစ်ပါတယ်။ တကယ်က ငန်းဟာ ဘယ်တုန်းကမှ အထဲမှာ မရှိခဲ့ဘူး။ သူက အမြဲတမ်း အပြင်မှာပဲ ရှိနေခဲ့တာ ဖြစ်ပါတယ်။ ဒီ ပဟေဠိပုစ္ဆာဟာ – ဇင် ကိုအန် တစ်ပုဒ် အဖြစ်နဲ့ နာမည်ကြီး ခဲ့တယ်။ ဆိုပါစို့- အဲ့ဒီအကြောင်း ကို မပြောခင် ဇင် က ဘာလဲ – ကိုအန် ပဟေဠိ ဆိုတာ ဘာလဲ အရင် နားလည်ထားရင် ပိုအဆင်ပြေပါလိမ့်မယ်။

ဇင်ကို အများစုက ဇင်ဗုဒ္ဓဘာသာလို့ ခေါ်ကြတယ်။ ဘာသာ လို့ အမည်တပ် ရုံနဲ့တင် လွဲမှား နေနိုင်ပါတယ်။ ဒါတင် မကသေးဘူး – ဇင်ဗုဒ္ဓဘာသာ ဆိုတဲ့ တံဆိပ် နဲ့ – ဇင် + ဗုဒ္ဓဘာသာ ( Zen Buddhism ) ဆိုပြီး တပ်စွဲ သမုတ် ထားပြန်သေးတယ်။ အဲ့ဒီ အတွက် အခု လက်ရှိ အမျိုးမျိုး ကွဲပြားနေတဲ့ – ဗုဒ္ဓဘာသာ ရဲ့ ဂိုဏ်းကွဲ တစ်ခု၊ ဘာသာရေး တစ်ခု လို့ အထင် ရှိနေတတ် ကြပါတယ်။ ဒါပေမယ့် အတွင်းကျကျ ဝင်ကြည့်ရင် – ဇင် ဟာ ကိုးကွယ်ရာ ဘာသာရေး တစ်ခု မဟုတ်ပါဘူး။ နည်းလမ်း တစ်ခု ၊ ပန်းတိုင်တစ်ခုထားထားတဲ့ ကျင့်စဉ် တစ်ခု လည်း မဟုတ်ဘူး။ ဇင် မှာ ဘာတောင်းဆိုမှုမှ မရှိသလို၊ ဘယ်ဆုတောင်း ဂါထာမှ မရှိဘူး။ ဘယ်အရာ ကိုမှ မညွှန်းထားဘူး။

နောက်ဆုံး – ဇင်မှာ အထွတ်အမြတ် ထားတဲ့ ဘယ်ကျမ်းဂန် စာပေရယ် မှ မရှိပါဘူး။ ဒါကိုပဲ အချို့က ဇင်ဝါဒ လို့ ခေါ်ကြ ပြန်ပါသေးတယ်။ တကယ်တမ်း ဇင်ဟာ ဝါဒ တစ်ခုလည်း မဟုတ်ဘူး။ ဒဿနိက စနစ် ၊ အယူအဆ မဟုတ်ဘူး။ ဇင်ဟာ – ခင်ဗျားအတွက် အရာ အားလုံးကို ခင်ဗျား အခု ဖြစ်ရှိနေတဲ့ အတိုင်း အပြည့်အဝ ချဉ်းကပ်စေရုံ သက်သက်သာ ရှိပါတယ်။ ဆိုလိုတာက ဇင်ဟာ – ခင်ဗျား အခု ဖြစ်ရှိ နေတဲ့ အတိုင်း ခင်ဗျား အပြည့်အဝ သိမြင်သွားစေ တယ် ။ အဲ့ဒါလေး သက်သက်ပါ။ အခု အချိန် – အခု နေရာ မှာ – ရှိနေတဲ့ ခင်ဗျား ဖြစ်တည်မှု သန္တာန်ရဲ့ ဘယ်အရာကိုမှ ခြွင်းချန် မထားခဲ့ဘူး။

ဇင် အတိုင်း နေတဲ့သူ ကို ဇင်ဝါဒီလို့ ခေါ်ကြမယ် ဆိုပါစို့။ ( ကျနော့ သဘော အနေနဲ့ဆို – အဲ့လို အမည်မတပ် လိုပါဘူး ။ ) ဇင်ဝါဒီ တစ်ယောက်ရဲ့ ပန်းတိုင်ဟာ အခြား မှာ မရှိဘူး။ အခု ဒီနေရာ မှာပဲ ရှိတယ်။ ဇင် ဝါဒီတစ်ယောက်ရဲ့ ပန်းတိုင် ရောက်ရှိရေး ဟာ နောင် တစ်ချိန်ချိန်မှာ ဖြစ်လာ ဖို့ မဟုတ်ဘူး။ အခု ဖြစ်ရှိနေတဲ့ လက်ငင်း ပစ္စုပ္ပန် အချိန်မှာသာ ဖြစ်ပါတယ်။ အဲ့အတွက် မနေ့က ဆိုတာ၊ မနက်ဖြန် ဆိုတာ မရှိ။ ဒီ အခု-ခဏ သာလျင် အစစ်အမှန် ဖြစ်ရှိ နေပါတယ်။ ဒါ့ကြောင့် ဇင်မှာ နည်းလမ်း နဲ့ ပန်းတိုင် ကွဲပြား မနေဘူး ၊ ခွဲခြား စရာ မလိုအပ်ဘူး – အခု ဒီအချိန်နဲ့ – အခု ဒီနေရာမှာ- ပန်းတိုင်ရော နည်းလမ်းပါ တစ်ပါတည်း ပေါင်းဆုံ နေပါတယ်။ သူ့ အတွက် ဘယ်ခြားနားမှု ကို မှ မလုပ်ဘူး လို့ ဆိုလိုတယ်။

ကမ္ဘာမှာ ပေါ်ပေါက်ခဲ့သမျှ ဒဿနိက စနစ်တွေ၊ ဘာသာတရား တွေမှာ – ဒွိသဘာဝတွေ ခွဲခြား ညွှန်ပြ ထားပြီး ဖြစ်ပါတယ်။ ၎င်းတို့ အသီးသီးရဲ့ နည်းနာ အတိုင်းသာ ကျင့်ကြံ နေထိုင်သွားရင် တစ်ချိန်ချိန်မှာ မကွဲမပြား တသားတည်း ငြိမ်းချမ်းမှု၊ သုခ အဖြစ်ကို ရရှိနိုင်မယ်လို့ ဟောပြော ညွှန်ကြားတယ်။ လူတွေရဲ့ သန္တာန် ကို ဒါ ကောင်းတယ်၊ ဟိုဟာ မကောင်းဘူး- ဒါက အမှန်- ဟိုဟာ က အမှား- ခွဲခြား ပိုင်းဖြတ် ပေးတယ်။ ဘုရားသခင် နဲ့ စေတန် ပိုင်းခြားပေး တယ်။ အလှအပနဲ့ အကျည်းတန်မှု ကွဲပြား ရှုမြင် စေတယ်။ ကြောင်းကျိုး ဆင်ခြင်ဥာဏ် တွေ ချပေးတယ်။ ဆင်ခြင်တုံတရား လို့ နံမည် တံဆိပ်၊ ဝေါဟာရတွေ ကြွယ်ဝ လာစေတယ်။

Read more of this post