ဇေယျ ဖြစ်မဖြစ်

ဒီကိစ္စက ထင်သလောက် မလွယ်ဘူး။ တစ်ယောက်သောသူ က “ခင်ဗျား ဘယ်သူလဲ” လို့ မေးရင် ~ ကျွန်တော်က “ကျွန်တော် ဇေယျ ပါ” လို့ ဖြေမယ်။ အဲ့ဒီမှာ မေးသူက မယုံရင် အခြား ပုဂ္ဂိုလ်တွေကို လိုက် မေးမယ်။ ကျွန်တော်ကို လက်ညှိုး ထိုးပြီး ပြောမယ်။ “သူ ဘယ်သူလဲ”။ သူတို့က လည်း ကျွန်တော် ဟာ “ဇေယျ ပါ” လို့ပဲ ပြောကြမှာပဲ။

အချို့က သည့်ထက် ပိုပြီး ကျွန်တော် “ဇေယျ ဟုတ်သလား” ဆိုတာကို သိချင် တော့ မှတ်ပုံတင် ကတ်ပြား တောင်းကြည့် မယ်။ မှတ်ပုံတင် ကတ်ပြား ထဲမှာ ကျွန်တော် ငယ်စဉ်က ရိုက်ထားတဲ့ ပုံ ပါတယ်။ ကျွန်တော်ဟာ “ဇေယျ” ဖြစ်တယ် လို့လည်း ဆိုမယ်။ ဒါ့ကြောင့် ကျွန်တော်ဟာ “ဇေယျ” ဖြစ်ကြောင်း အားလုံး လိုလို က လက်ခံ သွားကြ တယ်။

ကျွန်တော့် အတွက် ပြဿနာ တစ်ခု ရှင်းသွားတာပေါ့။ အဲ့ဒီလို စိတ်ပေါ့ပေါ့ ပါးပါး ဖြစ်နေတဲ့ အချိန်မှာ လူတစ်ယောက် က လာပြီး ကျွန်တော် ဟာ “ဇေယျ” မဟုတ် ပါဘူး လို့ ပြောပြန် တယ်။ ဒီတော့ ရှင်းနေ တဲ့ ပြဿနာက ပြန်ရှုပ်သွားရတယ်။ ဒါပေမယ့် ကိစ္စ မရှိဘူး။ ကျွန်တော့် ကို ထောက်ခံ မယ့် သူတွေ ကလည်း အများသား။

သူတို့ အားလုံးကပဲ စုဝေး လာကြပြီး၊ ကျွန်တော် ဟာ ဇေယျ ဖြစ်ကြောင်း ထောက်ခံ ပြောကြ တယ်။ လူ တစ်ယောက် က ဆိုရင် ကျွန်တော့် မှတ်ပုံတင် ကို ကိုင်ပြီး “ဒီလူ ဟာ ဇေယျ မဟုတ်ရင် ဘယ်သူ ဖြစ်မှာလဲ” လို့ ဒေါသ တကြီး ပြော တယ်။ တစ်ယောက် ကတော့ “မှတ်ပုံတင် မပြနဲ့။ မှတ်ပုံတင်က ရုပ်ငယ်တယ်။ အခု ရုပ်က ကြီးတယ်။ ဒါပေမယ့် အများက “ေဇယ်” ဆို “ေဇယ်” လိုက်ပေါ့” လို့ ပြောတယ်။

အဲ့အခါ ကျွန်တော့ကို ဇေယျ မဟုတ်ဘူး လို့ ပြောတဲ့သူ က မေးခွန်း တစ်ခု မေး ပါတယ်။ “ဒီရွာမှာ ပညာ အရှိဆုံးသူ က ဘယ်သူလဲ” တဲ့။ အဲ့အခါ အများက “ဒီရွာမှာ ပညာအရှိဆုံး သူဟာ ရွာ ဦးကျောင်း ဆရာတော်ကြီး ဖြစ်တယ်” လို့ ပြောကြ တယ်။

အဲ့ အခါ ကျွန်တော့ ကို ဇေယျ မဟုတ်ဘူးလို့ ပြောတဲ့ သူက – “ကျွန်တော်တို့ အားလုံး ရွာဦးကျောင်း ကို သွားပြီး ဆရာတော့် အဆုံးအဖြတ်ကို ခံယူမယ်” လို့ ပြောတယ်။

ဒီ အဆိုပြုချက် ကိုတော့ ဘယ်သူမှ မငြင်းရဲဘူး။ ဒါ့ကြောင့် ကျွန်တော်တို့ အားလုံး ရွာဦးကျောင်း ကို သွားကြတယ်။ အဲ့ဒီလို သွားတတယ် ဆိုပေတဲ့- ကျွန်တော်တို့ အားလုံး ရိုးရိုး တန်းတန်း သွား တာတော့ မဟုတ်ဘူး။ သူတို့က ကျွန်တော့် ကို သေသေ ချာချာ ရေမိုးချိုး ပေးတယ်။ ပိုးပုဆိုး ကို ဝတ်၊ ကတ္တီပါ ဖိနပ် စီးခိုင်းတယ်။ ခေါင်းကိုလည်း ကျကျနန ဆီလိမ်း တယ်။ သပ်သပ် ရပ်ရပ် ဖြီး သင်တယ်။

အဲ့တော့ ကျွန်တော်တို့ အုပ်စု ထဲမှာ ပါတဲ့ ကောင်မလေး တစ်ယောက် က “ကိုဇေယျကြီး ဒီလို ဆို တော်တော် ချောတာ ပဲ” လို့ ပြောတယ်။ ဒီလို ပြောလိုက် လို့ – ကျနော့ကြောင့် နဲ့ပဲ – သူတို့ ရည်းစား ချင်း ရန်ဖြစ်ကြသေးတယ်။ ကောင်မလေးက – “ချောတယ် ပြောတာ က ကြိုက် တယ် ပြောတာ မှ မဟုတ်တာ။ ဒါလောက် သဘောထား မသေးနဲ့” လို့ သူ့ကောင်လေး ကို ပြော တယ်။

ကောင်လေးက “ငါကလွဲရင် မင်းအဖို့ ဘယ်ယောင်္ကျား မှ မရှိ ရဘူး။ ငါက မင်းရဲ့ တစ်ယောက် တည်း သော ယောင်္ကျားပဲ” လို့ ဆိုတယ်။ ဒါပေမယ့် ကောင်မလေး က အာဂ ကောင်မလေး။ “ရှင့် အပြင် ကျွန်မ အဖေက ယောင်္ကျား မဟုတ် ရတော့ ဘူးလား။ ကျွန်မက မိုးပေါ်က ကျလာရမှာလား” လို့ မေးတယ်။ အဲ့ဒီ မှာတင် မနေသာ တော့တဲ့ ကောင်မလေး အမေက ~ “စကားမများ ကြနဲ့။ အခုက -“ဇေယျ ဟာ ဇေယျ ဟုတ်သလား” ဆိုတဲ့ ပြဿနာ ဖြစ်နေတာ။ ငါ့သမီး အဖေ ~ ငါ့ယောင်္ကျား ဟာ “ယောင်္ကျား ဟုတ် သလား” ဆိုတဲ့ ပြဿနာ ဖြစ်နေတာ မဟုတ် ဘူး။ ငါ့သမီး အဖေ ဟာ ယောင်္ကျား ဖြစ် မဖြစ် ဆရာတော်ကြီး ကို သွား လျောက်ထား ဖို့ မလိုဘူး။ ငါ့သမီး အဖေ ဟာ ယောင်္ကျား ဆို တာ ငါ အသိဆုံး၊ ငါ့ထက် သိတဲ့သူ ဘယ်သူမှ မရှိဘူး။ ငါ့ထက် သိတဲ့ လူရှိရင် လည်း အဲ့ဒီ ကောင်မတော့ သေရော့ပဲ” လို့ ပြောတယ်။ အဲ့မှာ တင် ယောင်္ကျား မိန်းမ ပြဿနာ အဆုံးသတ် သွားတယ်။ Read more of this post

မဟောင်းတဲ့ အမြင်သစ်

ကျနော် မြတ်နိုးတဲ့ ဆရာတစ်ပါး – ဒဿနိက ဗေဒ ပါမောက္ခ ဆရာဒေါက်တာ ခင်မောင်ဝင်း ရဲ့ ဆောင်းပါး စာတိုလေး တစ်ပုဒ် ဖြစ်ပါ တယ်။ မူရင်း ဆောင်းပါး အမည် ကလည်း “မဟောင်းနိုင်သော အတွေးအမြင်သစ် တစ်ရပ်” လို့ ပေးထား တယ်။ “အနောက်တိုင်း ဒဿနဗေဒ ကို မြန်မာ့ မျက်စိဖြင့် ကြည့်ခြင်း” အတွဲ (၂) ရဲ့ အစမှာ ပါရှိပါ တယ်။

ဆရာ့ အမြင်က ရိုးတယ်။ မေးခွန်း အချက်တွေက ရှင်းတယ်။ ကျနော့ အမြင် အရ – ဆရာ့ မေးခွန်းတွေဟာ အစွမ်း သတ္တိ ရှိနေပါတယ်။ ။ အဲ့ဒီ ရိုးရှင်းတဲ့ စကား အပေါ်မှာ ထင်ဟပ်နေတဲ့ သူ့အမြင် ၊ သူ့မေးခွန်း တွေ ကို ကျနော် ကြိုက် တယ်။ ပို စိတ်ဝင် စားတာက ဆရာ မေး တဲ့ မေးခွန်း တွေ ဖြစ်ပါတယ်။ ဒီ ဆောင်းပါးရဲ့ အဆုံးသတ်နား လောက် မှာ အဲ့ မေးခွန်း တွေ ပါဝင်တယ်။ ဆရာ့စကားကို ဆက် စဉ်းစား တာ မစဉ်းစားတာ ကျနော် မပြောလိုပါဘူး။ – မြင်အောင် မကြည့်သင့်ဘူးလား လို့ အတွေး ရောက်လို့ တင်ပါတယ်။ အားလုံးကို – ကျေးဇူး တင် တယ်။

ဇေယျ

……………..

မဟောင်းနိုင်သော အတွေးအမြင်သစ် – ဒေါက်တာ ခင်မောင်ဝင်း (ဒဿန)

ဥရောပ တိုက်မှာ စက်မှုတော်လှန်ရေး ဖြစ်တယ်။ လူတွေက လူသုံးကုန် ပစ္စည်းတွေ တော်တော်များများ ထုတ်လုပ် လာနိုင်တယ်။ အဲ့အခါ လူတွေ ရဲ့ မျှော်လင့်ချက်လည်း မြင့်မား လာတယ်။ စက်မှု တော်လှန်ရေး ခေတ် မတိုင်မီက လူတွေ ထင်ကြတာက လူတွေ အချင်းချင်း စစ်ဖြစ်ကြတာဟာ လူသုံးကုန် ပစ္စည်း ဖူဖူ လုံလုံ မရှိလို့ဘဲ လို့ ထင်ကြတယ်။

အခု စက်မှု တော်လှန်ရေး ဖြစ်ပြီးပြီ။ လူသုံးကုန် ပစ္စည်းတွေလည်း ဖူဖူလုံလုံ ထုတ်လာပြီ။ ဖြစ်လာတဲ့ ပြဿနာတွေက ပစ္စည်း မဖူလုံ တဲ့ ပြဿနာ မဟုတ်တော့ဘူး။ ပစ္စည်းတွေကို လိုတာထက် ပိုထုတ်နိုင်တဲ့ နိုင်ငံတွေက သူတို့ရဲ့ ပိုလျှံတဲ့ ပစ္စည်းတွေ အတွက် ဈေးကွက် ရှာကြ တဲ့ ပြဿနာ ဖြစ်လာတယ်။ ဒီ ဈေးကွက် ရှာတဲ့ ပြဿနာက ပစ္စည်း ဖူလုံမှု မရှိတဲ့ ပြဿနာထက် ပိုကြီးမား လာတာ ကို တွေ့ရ တယ် ။ ဒီတော့ ဘာဖြစ်လာသလဲ။ ပိုလျံနေတဲ့ ပစ္စည်း အများကို ပိုင်ကြတဲ့ နိုင်ငံ အချင်းချင်း ရန်ဖြစ်ကြတယ်။ ဒါနဲ့ပဲ “ပထမ ကမ္ဘာ စစ်ကြီး” ဆို တဲ့ စစ်ကြီး ဖြစ်လာပါတယ်။ ဒီ “ပထမ ကမ္ဘာစစ်ကြီး” ကို “ကမ္ဘာစစ်ကြီး” ဆိုပေမယ့်လည်း တကယ်ကတော့ “ကမ္ဘာ စစ်ကြီး” မဟုတ်သေး ပါဘူး။ ဥပမာ – ကျွန်တော်တို့ မြန်မာနိုင်ငံဟာ ပထမကမ္ဘာစစ်ကြီး တုန်းက စစ်ဒဏ်ကို မခံခဲ့ရဘူး။

ဒုတိယကမ္ဘာစစ်ကြီး ကမှ ပိုမို ကျယ်ပြန့်တဲ့ စစ်ကြီး ဖြစ်ပါတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံ လည်း ပါလာတယ်။ စစ်တလင်း ဖြစ်ခဲ့ ရတယ်။ နိုင်ငံကြီး တွေဟာ တစ်ဖက်နဲ့ တစ်ဖက် မျက်နှာ ချိုသွေးတယ်။ ဝါဒ ဖြန့်ခဲ့ကြတယ် ။ ဒါပေမယ့် သူတို့ရဲ့ အရင်းခံ ရည်မှန်းချက် ကတော့ မိမိ တို့ရဲ့ ဈေးကွက်ကို ပိုမို တိုးချဲ့ရေး ပဲ ဖြစ်တယ်။ Read more of this post

အပျင်းပြေ တူးဆွ ကြည့်ခြင်း

သူ လျောက်သော လမ်း သည် ဘယ်အချိန် ဘယ်အခါ၌ ဘယ်ကို ဦးတည် ရောက်မည် မှန်း မသိသော လမ်း ဖြစ်၏။

ယင်း အကြောင်းအရာ မှန်မမှန်ကို ဟိုတစ်နေ့က ထွက်ရှိသော သတင်းစာ တစ်စောင် တွင် အသင် စာရှုသူတို့လည်း ရှုကြည့် နိုင်သည်။ အသင်တို့ မျှော်လင့် ထားသော အရာများ အချို့ အဝက် ရေစီး မျောပါသွား ကြောင်း တွေ့ရမည် ။ ယင်း အကြောင်းအရာကို သူ ကိုယ်တိုင် ဖတ်ရှု လိုက်ရချိန် က သိပ် ရင်မခုန်ခဲ့ ။ ထူးဆန်း နေသော အရာ တစ်ခု ဖြစ်မနေ။ အစ ကတည်းက သူ ယုံကြည်ခဲ့သော အရာ မဟုတ်။

စင်စစ် ကိုယ် မယုံကြည် နိုင်သော အရာကို ကြိတ်မှိတ် ယုံကြည် နေရသော ဒုက္ခလောက် မည်သည့် ဒုက္ခ မျှ ပို၍ ကြီးမည် မဟုတ်။ ၎င်းကို သူသိသည်။

လူတိုင်း လမ်းလျောက် ကြပါသည်။ ဒီ ကနေ့မှ ထူး၍ လမ်းလျောက် ကြသည် မဟုတ်။ ဟိုနေ့ တွေကတည်းက လျောက်သည်။ ဘယ်သူ ရောက် သွား ပါသနည်း။ သူလည်း လျောက်ခဲ့ ပါသည်။ လမ်းကို ကြည့်၍ တွယ်တွယ်မက်မက် လျောက် ခဲ့သော ကြောင့် လမ်း ၏ အဆုံး ကို မကြာခဏ မျှော် ကြည့် ခဲ့ရဖူး ၏။ တွေးတော ငေးမော ခဲ့ရဖူးသည်။ ~ လမ်း၏ အဆုံးတွင် ဘာရှိမည်နည်း။ လမ်းသည် ဘယ်မှာ ဆုံးမည်နည်း။ လမ်းသည် တစ်စုံတစ်ရာ အဆုံးသတ် ရှိသည်ဟု ပြညွှန်းပါသလော ~ စသဖြင့်။

စင်စစ် လမ်း၏ အဆုံးသတ်တွင် လမ်းသာ ရှိသည်ဟု ဆရာ မြင့်သန်းက ဆိုခဲ့ဖူးပါသည်။ သို့ဆိုလျှင် လမ်း ဟူသည် ဘယ်သော အခါမျှ ပြီးဆုံး သွားမည် မဟုတ် သော အရာတစ်ခု သာ ဖြစ်၏ ဟု ယူရတော့မည် ကဲ့သို့ ရှိ၏ ။ ဖြစ်ကောင်း ဖြစ်နိုင်သည်။ လမ်းသည် လျောက်လိုသူ အတွက် သာ ဖောက်လုပ်ထားခြင်း လည်း ဖြစ်နိုင်သည်။ ရောက်ချင်လည်း ရောက် သွားမည်။ ရောက်သွား လျင်ကော ဘာ ဆက် လုပ်ရပါမည်နည်း။

စင်စစ် သူ သည် လမ်းမလျောက်ချင်သော သူသာ ဖြစ်သည်။ သူ့ရည်ရွယ် ချက်က “ရောက်” လိုခြင်း သာ ဖြစ်သည်။ လျောက် လိုခြင်း မဟုတ်။ ထို့ကြောင့် လမ်းသည် သူ့အတွက် အသုံးမဝင် ဟု ယုတ္တိ ကျကျ ( ခပ်ပျင်းပျင်း) တွေးခေါ် ထားလိုက် သည်။ သူ့အသိမိတ်ဆွေ အပေါင်းက မူ လမ်းလျောက်သွားရခြင်းကို နှစ်သက် ဟန် တူသည်။ ထိုသူတို့ကို သူ မေးကြည့်ခဲ့ဖူးသည်။

Read more of this post

နွယ်

ရှင်းသန့်သော စိတ်သည် မာန်မာနမရှိ။

ဒီ စကား ဟာ လေးနက်တဲ့ စကား ဖြစ်ပါတယ်။ ကျနော်တို့ရဲ့ စိတ်ပိုင်းဆိုင်ရာ အမှီအခို ၊ မှီတွယ်မှု စရိုက် ( Psychological Dependence ) ပြဿနာ အတွင်းပိုင်းထိ နက်နက်ရှိုင်းရှိုင်း ဝင်ရောက် ထားတယ်။ ခင်ဗျား ရဲ့ စိတ်ကို ငုံလျှိုး တိုးဝင်ကြည့်ရင် တွေ့ရမှာက – ကျနော်တို့ အားလုံး နီးပါးဟာ ကြောက်လန့် စရာ ကောင်းလောက်အောင် တစ်ကိုယ်တည်း အထီးတည်း တွေ့ရမယ်။ ဟုတ်တယ်ဟုတ် ? တကယ်လည်း ကျနော်တို့ အများစုဟာ အတွင်းပိုင်း ဗလာ၊ အနှစ်သား မရှိ ဖြစ်နေတယ်။ စိတ်အစဉ် သက်သက် က ပြတ်တောက် နေပါတယ်။

ချစ်ခြင်း မေတ္တာ ကို တကယ် စင်စစ် နားလည် တဲ့သူ ရှား တယ်။ မိမိ အဇ္ဈတ္တ မှာ အထီးကျန် ဖြစ်နေတယ် ဆိုတဲ့ အသိ၊ မိမိ တစ်ကိုယ်တည်း မလုံလောက်၊ မပြည့်စုံဘူးလို့ နားလည်မိတဲ့ အသိ၊ ဘဝရဲ့ အရင်းခံမှာ တွယ်ရာမဲ့နေတယ် ဆိုတဲ့ အသိတွေကြောင့် ကျနော်တို့ ရရာတစ်စုံတစ်ခုကို ဆွဲငင်တယ်။ တွယ်ချိတ်တယ်။ တွယ်တာတယ်။ ဒါဟာ မိသားစု တစ်စုရဲ့ ဘဝကို သာယာအောင် ပုံဖော်တဲ့ နောက်ကွယ် အကြောင်း တစ်ရပ် ဖြစ်ပါတယ်။ မိသားစု သိုက်မြုံကို ကျနော်တို့ မှီခိုတယ်။ စင်စစ် ဇနီးမယား (ဝါ) လင်ယောင်္ကျား ဆိုတဲ့ အဖြစ်ဟာ ကျနော်တို့ဘဝ အရင်းခံကို အဝေးပို့ပစ်ပါတယ်။

အိမ်ထောင်ရဲ့ အရင်းခံပြဿနာ ဟာ ဣဿာ၊ မစ္ဆရိယ လို့ ခေါ်ရမယ်။ စင်စစ် သိမ်းပိုက်မှု ဆိုတာဟာ အခြားသူတစ်ဦး ဆီများ ခွဲထွက် ပိုင်ဆိုင် သွားလေ မလား ဆိုတဲ့ အဲ့ဒီ ဣဿာ၊ မစ္ဆရိယ စိတ်ရဲ့ သရုပ်သကန် မဟုတ်လား။ ဒါ့ကြောင့် ဒီအရာဟာ ချစ်ခြင်း မေတ္တာ မဟုတ်ဘူး။ လူ့အသိုင်းအဝိုင်း က သိမှတ်ပြုထားတဲ့ မိသားစုတစ်စုရဲ့ မေတ္တာ ရပ်ဝန်း ဟာ လေးစားစရာ ကောင်းတယ် မဟုတ်လား။ – ဟုတ်ပါတယ်။ လေးစား မြတ်နိုးဖွယ် ရှိရခြင်းကြောင့် လည်း ဒီကနေ့ လူသားတွေ ထွန်းကား လာခဲ့တာ ဖြစ်ပါတယ်။ ဒါပေတဲ့ တစ်ဖက်မှာ ဆင်ခြင်စရာ တွေ ရှိနေတယ်။ အိမ်ထောင်မှု ပြုခြင်း ရဲ့ တစ်ဘက်ခြမ်း မှာ လွတ်မြောက် ချမ်းမြေ့ခြင်း ကို ပုံဖော်ပေး တယ် ဆိုပေတဲ့ ၊ အခြား တစ်ဘက်ခြမ်းမှာ တုပ်နှောင်မှု၊ တွယ်တာမှု က ရှိ နေပြန်တယ်။ စင်စစ် နှောင်တွယ် တယ် ဆိုတာဟာ တကယ် ဖြစ်ရှိနေတဲ့ အထီးတည်း ဖြစ်နေရခြင်း၊ မိမိ ရင်တွင်း မိမိ ပြန်မကြည့်လိုခြင်း၊ အကြောက်အကန် ငြင်းဆန်ခြင်း သရုပ်ပဲ လို့ ကျနော် ဆိုချင်ပါတယ်။ အဲ့ဒီ အဖြစ်တွေ ကို မိမိ သန္တာန်မှာ လက်မခံ နိုင်တာ တစ်မျိုး လို့လည်း ဆိုနိုင်တယ် ။ ဒီအကြောင်းကြောင့် ~ တကယ် စင်စစ် ရောက်ရှိလာတဲ့ “မိမိ အဖြစ်” ကို လက်မခံနိုင်ခြင်း ပုံစံ – ဘယ်ပုံစံ မဆို – မှီတွယ်နေခြင်း၊ မှီခိုလိုခြင်း ( Dependence ) အဖြစ်ကို အထောက်အပံ့ အားပြုပါတယ်။ ဒီလိုပဲ ပြောရမယ် ။ ဟုတ်တယ်ဟုတ် ? ။ အဲ့ဒါနဲ့ တစ်ပြိုင်နက်တည်း – “မှီတွယ်တဲ့ စိတ်ဟာ ဘယ်လိုမှ မလွတ်မြောက်နိုင်ဘူး” ဆိုတာကိုလည်း နားလည်သွား နိုင်ပါလိမ့်မယ်။

လွတ်မြောက်တဲ့ စိတ် ဟာ မာန်မာန မရှိကြောင်း သိဖို့ ဆိုရင် ခင်ဗျား ရဲ့ စိတ် ကလည်း လွတ်လပ် နေဖို့ လိုပါတယ်။ ဒီလွတ်လပ် တဲ့ စိတ်၊ ဒီလို မာန်မာန ကင်းဆိတ်တဲ့ သန္တာန်ကသာ အခုအခံ ကင်းမဲ့ခြင်း အဖြစ် ကို ကောင်းကောင်း သိနိုင်တယ်။ အခုအခံ ကင်းဆိတ်နေမှ လည်း – အရာရာကို သင်ယူနိုင်တယ်။

Read more of this post

နှလုံး ဝတ်လွှာချပ်လေးများ

လူသားတိုင်း အတွက် နှလုံးအိမ်ဟာ အချို့အတွက် သိသိသာသာ အာရုံခံနိုင်တာ ရှိပေမယ့် အချို့အတွက် အာရုံခံနိုင်စွမ်း ရှိချင်မှ ရှိတယ်။ ဘာလို့ဆို တစ်ချို့က အိပ်ပျော်နေပြီး၊ တစ်ချို့ အတွက်သာ နိုးကြားနေလို့ ဖြစ်ပါတယ်။ စိတ်ပိုင်းဆိုင်ရာ ကျန်းမာနေတဲ့သူ ၊ စိတ်ပိုင်း ဆိုင်ရာ ချို့တဲ့ နေသူတွေကလည်း မျက်မြင်လောကမှာ ရောပြွန်းနေတယ်။

ဒါ့ကြောင့် – လူတစ်ဦးအတွက် မိမိ ရဲ့ အာရုံဖွံ့ဖြိုးမှု အား အစွမ်းဟာ မိမိရဲ့ အသိအမြင် ကြည်လင်မှု ပေါ်မှာသာ မူတည်နေတယ်။ အဲ့ဒီ အကျင့်အကြံ ၊ သိမြင်မှု အားအစွမ်း အတိုင်းသာ – ၎င်းရဲ့ နှလုံးအိမ်ဟာ ဖွံ့ဖြိုး မှု ရှိတယ်။ ပန်းလေး တစ်ပွင့်နဲ့ တူတယ်။ ရေခံ မြေခံ၊ သဘာဝ အား အဖြည့်ခံတွေ တောင့်တင်း ကြည်လင်နေနိုင် မှသာ အသာယာ ဆုံး ပွင့်လန်း နိုင်တယ်။ လေဒဏ် နေဒဏ်တွေကြောင့် ထိုက်သင့် သလောက် ဖူးပွင့်ခွင့် မရဘဲ ကြွေလွင့် သွားတဲ့သူတွေ ဒုနဲ့ဒေး ရှိကြပါတယ်။

ဒါပေတဲ့ အားလုံးမှာ တူညီနေတာ ရှိတယ်။ အဲ့ဒါကတော့ ဘဝရဲ့ ဖွင့်ဆိုရှင်းပြနေတဲ့ အသံ ပဲ ဖြစ်ပါတယ်။ ဘဝဟာ ကျနော်တို့ အားလုံး အပေါ် ညီတူညီမျှ ဖွင့်ဆို ပြထားတယ်။ ကျနော်တို့ ရဲ့ ခဏတိုင်းမှာ အညီအမျှ စီးဆင်းပေးနေတယ်။ သူ့ရဲ့ စီးဆင်းဖြတ်သန်း သွား တဲ့ နှုန်းဟာ အတူတူပဲ။ ကျနော်တို့ တွေမှာ မတူညီကြရခြင်းဟာ အဲ့ဒီ ဘဝအပေါ် သိမြင်မှု ရှိခြင်း၊ မရှိခြင်း အပေါ်မှာသာ မှီတည်နေ ပါတယ်။

ကောင်းကင်ယံမှာ သာနေတဲ့ လကလေး နဲ့ တူပါတယ်။ လသော်တာ ဟာ တစ်ခါတစ်ရံ မှာ တခြမ်းပဲ့လေး လည်း ဖြစ်နိုင် ပါတယ်။ ပြည့်ချင် လည်း ပြည့် နေနိုင်တယ်။ တစ်ခါတစ်ရံ လုံးဝ ပျောက်ကွယ် နေတာလည်း ဖြစ်နိုင် တယ်။ ကျနော်တို့ ရဲ့ အမြင်မှာ လလေးက ပိန်လိုက် ဖောင်းလိုက်၊ ပျောက်ကွယ် သွားလိုက် ဖြစ်နေ ပေမယ့် – လရဲ့ ပင်ကိုယ် သဘာဝလေး မှာတော့ နကိုကတည်း က ပြည့်တင်း ပြီးသားပဲ။ တစ်နေရာ၊ တပါဒ မှ လျော့ပါး မသွားဘူးရယ်။ လူတွေ ရဲ့ အမြင်အာရုံ မမှီနိုင်တဲ့ အချိန်မှာ လည်း ပြည့်တင်းမြဲ ပြည့် တင်း တည်ရှိနေတယ်။ ဟုတ်တယ်ဟုတ် ? ။ ကျနော်တို့ရဲ့ ဘဝ သံစဉ်ဟာ အဲ့ဒီ လကလေးနဲ့ အပြည့်အဝ တူညီပါတယ်။ တစ်ခါတစ်ရံ ဝင်းထိန်အောင် သာနေပေမယ့် – တိမ်သလ္လာ ကွယ်လို့ မှောင်နဲ့ မည်းမည်းသာ တဝဲ လည်လည် ဖြစ်နေ ရတာမျိုး ရှိနေရတယ်။

ကျနော်တို့ ရင်ထဲက တိမ်သလ္လာတွေကို ဘယ်လိုဖယ်မလဲ။ အားလုံးမှာ ညီတူညီမျှ ဝင်းကြည်နေတဲ့ လကို ကျနော်တို့ ဘယ်လိုမြင် ရမလဲ။ ဒီ အမြင်ရရှိဖို့ တိမ်သလ္လာဖယ်ရှားတဲ့ အဖြစ်ဟာ ဆူဖီ ဆရာတွေရဲ့ လမ်းမှာ အရေးပါတဲ့ အရာတစ်ခု ဖြစ်ပါတယ်။ မိမိ အတုအယောင် ( ဝါ) မိမိရဲ့ အတ္တ ( နာ့ဖ် ) (ဝါ) false self ဟာ တိမ်သလ္လာလို့ ဆိုရင် အဲ့ဒီ တိမ်သလ္လာကို ဖယ်ရှားနိုင်ဖို့ ဟာ ဆူဖီ ဆရာများရဲ့ အကျင့်အကြံမှာ ပါဝင်ပါတယ်။ ဆရာတွေရဲ့ စိတ်နှလုံးဟာ အဲ့ဒီ အတ္တနဲ့ ပိတ်လှောင်နေရာ က ရုန်းထွက် ဖို့ အဲ့ဒီ အကျင့်အကြံတွေနဲ့ လုံးပန်း တယ်။

Read more of this post

ကြားကား ကြား၏ ~ မသိ

မိတ်ဆွေတို့ တိတ်ဆိတ်ငြိမ်သက်ပြီး နေကြည့်ဖူး ပါသလား ။ အဲ့ဒီအချိန်မှာ ဘယ်အရာပေါ်ကိုမှ အာရုံစိုက်မနေဘဲ၊ ဘယ်အရာကိုမှ စူးစိုက်မနေဘဲ၊ တိတ်ဆိတ်မှု သက်သက် နဲ့ ငြိမ်သက် တိတ်ဆိတ် နေဖူး သလား။ စင်စစ် အဲ့ဒီ အချိန်မှာ ခင်ဗျား ပတ်ပတ်လည်က အသံအားလုံးကို ကြားနေရမှာ ဖြစ်ပါတယ်။ ဟုတ်ပါတယ်။ ဟိုးအဝေးက အသံ၊ အနီးအပါးလေးက အသံ၊ နောက်ဆုံး – ခင်ဗျား ကိုယ်တွင်းက အသံ – ဒီ အသံတွေ အားလုံးကို တစ်ရံမလပ် ကြားနေရမယ်။

အဲ့ဒီ အချိန်မှာ ကျနော်တို့ စိတ်ကို တစ်နေရာ၊ တစ်စုံတစ်ခု ထဲ စူးဝင်နေတယ်၊ စူးစိုက်နေတယ်လို့ ပြောဖို့ ခက်ပါတယ်။ ခင်ဗျား သက်တောင့် သက်သာ ရှိနေတယ်။ ထူးခြား ဆန်းကြယ်တဲ့ ပြောင်းလဲမှု တစ်ခု ခင်ဗျား အတွင်းသန္တာန်မှာ အဆက်မပြတ် ဖြစ်ပေါ်နေမယ်။ ပတ်ဝန်းကျင် ဘာဖြစ်နေနေ၊ ကိုယ်တိုင်ကလည်း အနှောင့်အယှက် ကင်းကင်း တည်ရှိ နေနိုင်တယ်။ အဲ့ဒီ အချိန် အတွက် ခင်ဗျား မှာ မေးခွန်းတွေ မရှိဘူး။ တစ်ခုခုကို စူးစမ်း မေးမြန်း မနေဘူး။ ဖြစ်တည်သမျှ အပြည့်အဝ လှပနေတယ်။ နက်ရှိုင်းတဲ့ အသိတစ်ခု အတွင်းမှာ ခင်ဗျား စိတ်လိုလက်ရ နစ်မြုပ်ဝင် သွားတယ်။ ဒါဟာ အပြည့်အဝ နားထောင်တတ်တဲ့ အခါမှာ ရရှိတဲ့ အနှစ်သာရ ဖြစ်ပါတယ်။

ဒါပေတဲ့ မေးကြည့် ချင်ပါတယ်။ အခု – ကျနော်တို့ နားထောင်တယ် လို့ ဆိုတဲ့ အခါ – ဘယ်လို နားထောင်ပါသလဲ ။ တစ်ခုခုကို ကြိုတင်တွေးတော ပြီး နားထောင် သလား။ စိတ် အတွေး ထဲက သိရှိပြီး တစ်ခုခုနဲ့ ယှဉ်ထိုး ဆုံးဖြတ်ရင်း နားထောင်သလား။ ကိုယ် လိုလားရာ တစ်စုံတစ်ခု ကို ပုံဖော်ပြီး နားထောင်သလား။ ဒါမှ မဟုတ် ကြောက်ရွံ့မှု နဲ့ နားထောင် သလား။ တစ်ချို့တွေက – ကိုယ်ကြားချင်တဲ့ စကားကို မြောင်းပေးပြီး နားထောင်လေ့ ရှိတယ်။ စိတ် ကျေနပ်မှု တစ်ခုကို မျှော်လင့် ပြီး နားထောင် တာလဲ ရှိတယ်။ တစ်စုံတစ်ခု ကျေးဇူးပြုဖို့၊ သက်တောင့်သက်သာ ဖြေလျော့ နိုင်ဖို့၊ စသဖြင့် ရည်ရွယ်ချက် တစ်ခုခုနဲ့ နားစိုက် ထောင်တာလည်း ရှိတယ်။ အတိုချုံးပြီး ပြောရင် – “တစ်စုံတစ်ခု” ဆိုတဲ့ လိုအင်ဆန္ဒ နဲ့ ကိန်းဝပ်ပြီး နားထောင်နေလေ့ ရှိပါတယ်။

စင်စစ် ကျနော် တို့ အတွင်းသန္တာန်မှာ ကိန်းနေတဲ့ အဲ့သလို -“လိုဘဆန္ဒ” အခံနဲ့သာ – နားထောင်နေမယ် ဆိုရင် – ကျနော်တို့ ကြားနေရတဲ့ အသံဟာ တစ်ဖက်သူ ရဲ့ အသံ မဟုတ်ပါဘူး။ ကျနော်တို့ ကိုယ်ပိုင် အသံတွေပဲ ဖြစ်ပါတယ်။ သူ့ကို နားထောင်ပေးတာ မဟုတ်ဘူး။ ကိုယ့်ဘာသာ ကိုယ် နားထောင် နေတယ်။ သူ့ကို မကြား ဘူး – ကိုယ့်ဟာ ကိုယ်ပဲ ကြားနေရတယ်။

Read more of this post

ပါဝါ အာဏာ နိုင်ငံရေး သမား ရဲ့ ဝေဒနာ

  • The political man is a sick man, psychologically sick, spiritually sick. Physically he may be perfectly okay. Usually politicians are physically okay, their whole burden falls on their psyche. You can see that. Once a politician loses his power he starts losing his physical health. Strange… when he was in power, so burdened with so many anxieties and tensions, he was physically perfect.

နိုင်ငံရေးသမား ဟာ မကျန်းမမာဖြစ်နေတဲ့သူ၊ စိတ်ပိုင်းဆိုင်ရာ မကျန်းမာတဲ့သူ၊ ဝိညာဉ်ခန္ဓာမကျန်းမာတဲ့သူ ဖြစ်ပါတယ်။ သူဟာ ရုပ်ပိုင်းဆိုင်ရာ အရ ကောင်းမွန်နေတဲ့သူ ဖြစ်နိုင်တယ်။ အများအားဖြင့်လည်း နိုင်ငံရေးသမားတွေဟာ ရုပ်ခန္ဓာကျန်းမာတယ်။ သူတို့ရဲ့ ဝန်ထုပ်ဝန်ပိုးဟာ စိတ်ပိုင်း ဆိုင်ရာပေါ် မှာသာ တည်ရှိ တယ်။ ဒါကို ခင်ဗျားလည်းတွေ့နိုင်ပါလိမ့်မယ်။ တကယ်လို့ သာ နိုင်ငံရေးသမား တစ်ယောက်ဟာ တစ်ကြိမ်တစ်ခါ အာဏာပါဝါ ဆုံးရှုံးပြီ ဆိုတာနဲ့ ရုပ်ခန္ဓာ ကျန်းမာရေး စတင် ဆုတ်ယုတ် လာတော့တာပါပဲ။ ထူးဆန်းတာက တန်ခိုးအာဏာ ရှိနေချိန် မှာတော့ ရည်ရွယ်ချက်တွေ မျှော်မှန်းချက်တွေနဲ့ ရုပ်ခန္ဓာ ဟာ တစ်နင့် တစ်ပိုး ကျန်းမာနေနိုင်တယ်။

  • The moment power is gone, all the anxieties are also gone; now, they will be somebody else’s business. His psyche is unburdened, but in that unburdening all his sickness falls on his body. The politician suffers, as far as his physiology is concerned, only when he loses power; otherwise politicians tend to live long, physically well. Strange, but the reason is that their whole sickness is taken by their psyche, and when the psyche takes on the whole sickness, then the body can live unburdened. But if the psyche releases all its sickness, where is it going to go? Lower than the psychic is your physical existence – all sickness falls on the body. Politicians out of power die very soon. Politicians in power live very long. It is a known fact, but the cause is not well known.

ဒါပေမယ့် အာဏာ ဆုံးရှုံးပြီ ဆိုရင်တော့ ရည်ရွယ်ချက် ရည်မှန်းချက်တွေ အကုန်လုံးပျက်သုန်းသွားတော့တာပဲ။ အဲဒီအချိန်မှာ ဒီလူဟာ သူတစ်ပါးရဲ့ စီးပွားရေး အသုံးချခံဖြစ်သွားတယ်။ သူ့ရဲ့စိတ်ပိုင်းဆိုင်ရာမှာ ချက်ချင်း လစ်ဟာ သွားတယ်။ အဲဒီလစ်ဟာသွားမှုကြောင့် သူ့ခန္ဓာ ဟာ စပြီး ဆုပ်ယုတ် လာတော့ တာပဲ။ သူ အာဏာ ဆုံးရှုံးတဲ့ အခါမှသာ အဲဒီဝေဒနာ ကို စတင် ခံစားလာရတယ်။ ဒီလိုမှ မဟုတ်ရင် နိုင်ငံရေးသမားတွေဟာ ရေရှည် တည်တံ့ဖို့ အမြဲမျှော်လင့် နေတတ် တယ်။ ကျန်းမာကြံ့ခိုင် နေဆဲပဲ ဖြစ်နေဦးမယ်။ ဒီအချက်ဟာ ထူးဆန်း ပါတယ်။ သူတို့ရဲ့ မကျန်းမာမှု တစ်ခုလုံး ဟာ စိတ်ပိုင်းဆိုင်ရာ ပေါ်မှာသာ တည်ရှိနေ တာ တွေ့ရတယ်။ စိတ်ပိုင်း တစ်ခုလုံးမှာ ဝန်ထုပ်ပိနေတဲ့အတွက် ခန္ဓာဟာ ကောင်းကောင်း ကျန်းမာနေတာ လည်း ဖြစ်နိုင် တယ်။ ဒါပေမယ့် စိတ်ခန္ဓာမှာ ဝန်ထုပ် မရှိတော့တဲ့နောက် ဘာဖြစ်သွားမလဲ။ စိတ်ကနေ ရုပ်ဆီကို လုံးဝ ကူးပြောင်းသွားပါတယ်။ စိတ်ရဲ့ မကျန်းမာမှုအားလုံးဟာ ရုပ်ခန္ဓာဆီ ရောက်သွားတယ်။ ဒါကြောင့် အာဏာ မဲ့သွား တဲ့ နိုင်ငံရေးသမား အများစု ဟာ သိပ်မကြာခင်မှာ ကွယ်လွန်သွား တတ်ကြတာ ဖြစ်ပါတယ်။ အာဏာ ရှိတဲ့ နိုင်ငံရေးသမားဟာ အသက်ရှည် တယ်။ ဒါဟာ မြင်သာနေတဲ့ အချက်အလက် တစ်ခုပါ။ ဒါပေမယ့် ဒီအချက်ရဲ့ အကြောင်းရင်းခံ ကိုတော့ လူအများ ကောင်းကောင်း မသိဘူး။ Read more of this post