ဇစ်မြစ်
August 30, 2012 Leave a comment
ပြဿနာ မရှိ ပြဿနာ ရှာနေတဲ့ သူတစ်ပါး ရဲ့ အဖြစ်က စင်စစ် မိမိ အတွက် ပြဿနာ မဟုတ် ဘူး။ ပြဿနာ မရှိ ပြဿနာ ရှာနေတယ် လို့ မြင်နေ၊ ရှုနေ၊ ဆုံးဖြတ်နေ တဲ့ မိမိ အဖြစ် ကသာ – မိမိ အတွက် ပြဿနာ ဖြစ် တယ်။ မေးခွန်း ပုစ္ဆာပဲ ဖြစ်ဖြစ်၊ ရုန်းရင်းဆန်ခတ် အမူအရာ နဲ့ ပဲ ဖြစ်ဖြစ် – ကြုံဆုံမိလာမယ့် ဘယ် ပြဿနာ မဆို၊ ဖြစ်ရပ်တိုင်း ကို – တစ်ပါး သူ က ဘယ်တော့ မှ မဖန်တီး ဘူး။ သူတို့ ဖန်တီး တာ က – သူတို့ ပြဿနာ ဖြစ်ပြီး၊ သူတို့ ကြား မိမိ ဝင်လိုက်ချိန်မှာ – မိမိ အတွက် ပြဿနာ ဖြစ်သွားရတယ်။ ဆိုလိုတာက – မိမိ အဖြစ်ကသာ မိမိရဲ့ ပြဿနာ စင်စစ် ဖြစ် ပါတယ်။ ပြဿနာ အရှုပ်အထွေးဟာ မိမိ မပါဘဲ ဘယ်တော့ မှ ဖြစ်လေ့ မရှိဘူး။
ဒါ့ကြောင့် မို့လည်း – “စိတ္တေန နိယတိ လောကော” လို့ ဆိုဆို၊ ဆော့ခရတ္တိရဲ့ “Know Thyself” လို့ ဆိုဆို။ ဒီအဆိုတွေဟာ – ပြဿနာရဲ့ တံခါးပေါက် ကို ညွှန်ပြနေကြတာ ဖြစ် ပါတယ်။ မိမိ ရဲ့ လောက ကို မိမိ ကပဲ ဦးဆောင် ခေါ်ယူ တယ်။ မိမိ လောကကို မိမိ စိတ်ကသာ ဦးဆောင် ဆွဲ ခေါ်သွား တယ်။
အဖေ့ လက်ကို ကိုင်၊ အမေ့ လက်ကို ကိုင်ထားတဲ့ ခလေး ငယ်ရဲ့ လောကမှာလည်း အဲ့ခလေး ငယ် ရဲ့ စိတ်သန္တာန် သာလျှင် အခရာ ဖြစ် တယ်။ ကားကြီး တစ် စီးလုံး – အမျိုးအစား၊ လက္ခဏာ၊ မော်ဒယ်လ် နံပါတ်တွေ ဘယ်လို ကောင်းနေနေ၊ အင်ဂျင် မကောင်း၊ မောင်း တဲ့ အပေါ်၊ အထူး မှီခိုနေသေးတယ်။ ဒီလိုမှ မဟုတ်ရင် – ဒါကို ကား – လို့ ဘယ်သူမှ ခေါ်မယ် မဟုတ်ဘူး။ နွား တစ်ကောင် ကတဲ့ နွားလှည်း မှာ – နွား မလှုပ်ရင် -လှည်း မလှုပ်ဘူး။ လှည်း ပေါ် မှာ တဂျုံးဂျုံး တအုံးအုံး – ဘယ်လို ဖြစ်နေပါစေ – နွားမှ မရှိရင် ၊ ရှေ့ဦးဆောင် ဆွဲမယ့် သူ မရှိရင် – လှည်း ဟာ လှည်း နေရာမှာပဲ တဂျုံးဂျုံး ရပ်တန့် နေမှာပဲ။ ရှေ့ကို တစ်ချက်မှ ရွေ့မှာ မဟုတ်ဘူး။