မနေ့၊ မနက်၊ မနက်ဖြန် တို့၏ ပစ္စုပ္ပန်

အချိန်နဲ့ ပတ်သက်ပြီး တိတိပပ ရေးခဲ့လေ့ မရှိပေမယ့် – ရေးမိခဲ့သမျှ ရှေ့အပုဒ် ပို့စ် တော်တော်များများ ဟာ အချိန် နဲ့ တိုက်ရိုက် (သို့မဟုတ်) သွယ်ဝိုက် သက်ဆိုင် ပါ တယ်။ ဒီနေရာမှာ – ဒါနဲ့ ပတ်သက်လို့ – ဟိုတစ်နေ့က အကို တစ်ယောက် ရဲ့ အမေးစကား ရှိတယ်။ သူက ဘာဝနာ နဲ့ ဆက်နွယ်ပြီး မေးခွန်းပြုတဲ့ စကား ဖြစ်နေတဲ့ အတွက် – ကျနော်လည်း ပြန်ဖြေခဲ့တယ်။ အဲ့ အမေး၊ အဖြေ နှစ်ခုစလုံး ကို ဒီမှာ ပူးတွဲ တင်ရှိ ပါတယ်။ အဲ့ဒါ အပြင် – ဖြည့်စွက် အနေနဲ့ – နောက်ဆက် ထပ်ရေးတယ်။

(ေဇယ်)

…………….

Question: ပစ္စုပ္ပန် ရဲ့ အချိန် အပိုင်းအခြား က ဘယ်လောက် ရှိသလဲ မသိဘူးဗျ။ နောက်ပြီး – အနာဂတ် အကြောင်း (သိပ်) မစဉ်းစား ပဲ လုံးလုံး – ပစ္စုပ္ပန် တည့်တည့် မှာ နေတယ် ဆိုတာကော ဖြစ်နိုင် ပါ့ မလား ဗျာ။ သိချင်လို့ပါ။

Answer: ‎(ကျနော့ကို by name တပ် ထားတဲ့ အတွက်- ကျနော့ အနေနဲ့ ပြောရင်) ပစ္စုပ္ပန် တည့်တည့် ဟာ အချိန် မဟုတ်ဘူး အကို။ ဒါ့ကြောင့် အချိန် အပိုင်းအခြား လို့ ပြော စရာ ကို ရှိမနေပါဘူး။

ဘာလို့ ဆိုတဲ့ အကြောင်း ကို ကြည့်ကြည့်ပါမယ် ။ ကျနော်တို့ အချိန်လို့ ပြောတဲ့ အရာတွေ ( ပစ္စုပ္ပန် ဖယ်ပြီး အတိတ်နဲ့ အနာဂတ် – အချိန်ဆိုတာတွေဟာ ) ကျနော်တို့ စိတ်ကူး ထည်တွေ၊ အချက်အလက် တွေသာ ဖြစ်နေ တာ တွေ့ရပါ လိမ့်မယ်။

ဆိုပါစို့ – အတိတ် ။ ဒီ အတိတ် ဆိုတာ- ကျနော်တို့ အခုအချိန် မှာ ယခင်ဖြစ်ပြီးသားကို ပြန်လှန် တွေးတဲ့ စိတ်ကူး ထည် (ဒါမှမဟုတ်) စာအုပ် တွင်း ပါ၊ ဖြစ်ရပ် မှတ်သားချက် ၊ အချက်အလက်တွေသာ ဖြစ်ပါတယ်။

အလားတူ – အနာဂတ် ။ သူကလည်း – ကျနော်တို့ အခု အချိန်မှာ – မျှော်တွေးတဲ့ စိတ်ကူး ထည်၊ အလို ဆန္ဒ၊ (ဝါ) အနုမာန၊ စီမံ ချက်၊ မှန်းဆ ချက် တွေ သာ ဖြစ် ပါ တယ်။

ပစ္စုပ္ပန် တည့်တည့် မှာ နေလို့ ဖြစ်နိုင်ပါ့မလား ဆိုရင် — နေကြည့်ပါလို့ပဲ ကျနော် ပြောရ ပါလိမ့်မယ် အကို။ ဘာလို့ဆို – တွေးကြည့်လို့ မရဘဲ- နေကြည့်လို့ သာ – ရနေ လို့ ဖြစ်ပါတယ်။

ကျနော် တို့ စိတ်နဲ့ တွေးကြည့်ရင်သာ — မနေနိုင်ဘူး လို့ ထင်မြင်ရတယ်။– ဒါပေတဲ့ – ကျနော် တို့ (စိတ်၊နာမ် မဟုတ်တဲ့) ရုပ်ခန္ဓာ နဲ့ သဘာဝ အားလုံး ဟာ ပစ္စုပ္ပန် တည့်တည့် မှာ သာ တကယ် ရှိနေ တာ ဖြစ်ပါတယ်။

ကျနော် တစ်နေရာမှာ ပြောခဲ့ သလို၊ ပစ္စုပ္ပန်မှာ နေကြည့်ဖို့ – တွေးမယ် ဆိုရင် — ဘယ်လိုမှ မဖြစ်နိုင် ပါဘူး အကို။ ပစ္စုပ္ပန်မှာ နေကြည့်ဖို့ က –တကယ် သတိနဲ့ “နေကြည့် ဖို့” တစ်ခု တည်း သာ ဖြစ် ပါတယ်။ အဲ့အချိန်မှာ – အတွေး မဝင်နိုင်ကြောင်း ကောင်းကောင်း တွေ့နိုင် ပါတယ်။

အဲ့ဒါကို အကို သိနိုင်ဖို့ က – အချိန် လည်း သိပ်ကြာကြာ မလိုပါ ဘူး။ အခု ဒီစာဖတ်နေရင်း တစ်ခဏ ဒီ စာလုံးတွေ အပေါ်၊ ဒါမှ မဟုတ် အကို့သန္တာန် အခု – ထင်ရှားရာ အပေါ် သတိပြု ကြည့်ရင် — အကိုတွေးလို့ မရတော့ကြောင်း – အခု တွေ့ရပါလိမ့်မယ်။ Read more of this post

မေးခွန်း

ဤကမ္ဘာသား တို့သည် အလှအပ ကို အလှအပဟု သိလာကြ သောအခါ
အကျည်းတန်ခြင်း သည် ပေါ်ပေါက်လာရသည်။
ဤကမ္ဘာသားတို့သည် ကောင်းမြတ်ခြင်းကို ကောင်းမြတ်ခြင်းဟု သိလာကြ သောအခါ
ဆိုးယုတ်ခြင်း ပေါ်ပေါက်လာရသည်။

လောက်ဇူ ဟာ စင်စစ် ပြည့်ဝတဲ့ မင်းမဲ့ဝါဒီ တစ်ယောက် လို့ ပြောရမလားပဲ။ ဒီနေရာ မှာ မင်းမဲ့ဝါဒီ ဆိုတာဟာ – Anarchist ကို သုံးထားတာ ဖြစ်ပါတယ်။ မင်းမဲ့ စရိုက် လို့ ဆိုရင် ဆိုးသွမ်းတဲ့ အပြုအမူ၊ စည်းမရှိ ကလနား မရှိ လုပ်ချင်ရာ လုပ်တဲ့သူတွေလို့ အမြင် ရှိတတ်ကြတယ်။ စင်စစ် Anarchist ဆိုတာ အဲ့ဒီ ဆိုးသွမ်းမှုကို ဆိုလိုတာ မဟုတ် ဘူး။ အကြမ်းဖျဉ်း ပြောရင် – မင်းအစိုးရ တည်ရှိနေမှု ကို ဆန့်ကျင်တာ သက်သက် ဖြစ်ပါတယ်။ Anarchist ဆိုသူတွေ ရဲ့ အတွင်းမှာတင် အမျိုးမျိုးအစားစား ကွဲပြားနေ ပါသေးတယ်။ Anarchist တွေရဲ့ မူရင်းသရုပ် က အအုပ်ချုပ်ခံနဲ့ အုပ်ချုပ်သူ ရယ်လို့ ခွဲခြားနေမှု ကို ဖယ်ရှား ထားခြင်း သက်သက်၊ တစ်ဦးပုဂ္ဂလ ကြိုးပမ်းအားထုတ်မှု ကို ရည်ညွှန်းခြင်း သက်သက် လို့ – ဒီနေရာမှာ အကြမ်းဖျဉ်း ပြောနိုင်မယ်။ ဒါ့ကြောင့် Aarchist တွေကို လွတ်လပ်တဲ့ တစ်ဦးတည်း သီးခြား ပုဂ္ဂလိက ဝါဒီတွေလို့ ဒဿန ဆရာတွေ နဲ့ နိုင်ငံရေး သမား အုပ်စုတွေက ခေါ်ဆိုတတ်ကြပါတယ်။ Aarchist အကြောင်းကို ဒီနေရာမှာ ပြောရင် မပြည့်စုံဘူး။ အလျဉ်းသင့်ရင် နောက်မှ နည်းနည်း ရေးကြည့်ပါမယ်။ လိုရင်းကို ပြန်ဆက်မယ်။

လောက်ဇူဟာ ပြည့်ဝတဲ့ Anarchist တစ်ယောက်ပဲ။ သူ့မှာ မင်းအစိုးရ မရှိဘူး။ သူနေထိုင်တာဟာ သဘာဝ အတိုင်းပဲ။ သူ့အတွက် နိုင်ငံ ဆိုတာ၊ လူ့အသိုင်းအဝိုင်း တစ်အုပ်စု၊ တစ်ဘာသာ ဆိုတာ မရှိဘူး။ သူဟာ “သူ” သက်သက်ပဲ။ ဒီကမ္ဘာလောက တစ်ခုလုံးမှာ သူ ရပ်တည်နေတဲ့ ဒီ ခဏတာမှာ လွတ်လပ်စွာ ရှင်သန်တယ်။ အဲ့ဒါပဲ ရှိတယ်။ သူက ဘယ်သူ့ကို မှ မအုပ်ချုပ်နေသလို၊ ဘယ်သူကမှလည်း သူ့ကို အအုပ်ချုပ် မခံဘူး။ သူ့မြေ ၊ သူ့နိုင်ငံ၊ သူဘာလူမျိုးဆိုတဲ့ အစွဲမျိုးလည်း မရှိဘူး။ သူ့ရဲ့ ရှင်သန်နေမှုကို အပြည့်အဝ “ရှင်သန်နေမှု” အဖြစ် သက်သက်ပဲ ထားရှိတယ်။ ( ဒီနေရာမှာ “ထားရှိတယ်” ဆိုတဲ့ စကားကလည်း လိုရင်းကို အတိအကျ မရောက်ပါဘူး။ သူဟာ “သူ” ဖြစ်နေတယ်။ အဲ့ဒါပဲ။ )

သူ ပြောတယ်။ “ခင်ဗျား အမိန့်အာဏာ ရယ်လို့ စပြီး စဉ်းစားတာနဲ့ – တစ်ဖက်မှာ အမိန့်အာဏာဖီဆန်မှု ဆိုတာ ပေါ်လာမှာပဲ။ အလားတူ – ခင်ဗျားက ဘုရားသခင် အကြောင်း စဉ်းစား နေပြီ ဆိုတာနဲ့ – တစ်ဖက်မှာ စေတန် မိစ္ဆာ ဆိုတာ ပေါ်ပေါက်လာမှာပဲ” ဒီစကားကို သူပြောရခြင်း အကြောင်းက – တွေးခေါ်မှုတွေ၊ စိတ်ကူး အမြင်တွေဟာ ဆန့်ကျင်ဘက် အသွင် နှစ်ရပ်ကို အမြဲတမ်း ဖော်ကျူး ပေးထားတယ်။ အတွေးတွေမှာ အမြဲတမ်း ဒွိသဘာဝ ရှိတယ်။ ဒါ့ကြောင့် အတွေး၊ ယုတ္တိ၊ ဆင်ခြင်ဥာဏ် တွေ အားလုံးမှာ နက်နဲတဲ့ သိမ်မွေ့တဲ့ – ပဋိပက္ခတွေ အမြဲ ရှိနေကြပါတယ်။ ဆိုလိုတာက တွေးတောမှု တိုင်းဟာ ကစဥ့်ကလျား အမြဲ ဖြစ်နေတတ်တယ်။ ဒါ့ကြောင့် ဒီလို ပဋိပက္ခတွေနဲ့ ၊ ဒီလို အစွန်းနှစ်ဖက် ကစဥ့်ကလျား ဖြစ်သမျှ တွေကို ဖယ်ရှားဖို့ ကြိုးစားမယ် ဆိုရင် – တွေးတောမှု တိုင်းကို လျော့နည်း အောင် ဖယ်ရှား သုတ်သင် ပစ်ကြရတယ်။ နောက်ဆုံး ခင်ဗျား အပြည့်အဝ ငြိမ်းချမ်း ချင်တာ ဆိုရင် – ဘယ်တွေးခေါ်မှုမှ ရှိမနေတော့တဲ့ ၊ ဘယ်အတွေး ဘယ် စကားလုံးမှ ရှိမနေတော့တဲ့ သန္တာန် ၊ ဖြစ်စဉ် – အဖြစ် ကို ရရှိဖို့ ကြိုးစား ကြရတော့တယ်။

အကြောင်းက – ဒီလို တွေးတောမှု သရုပ်သကန် တွေ ပျောက်ကွယ်သွားမှ ဒွိသဘာဝတွေလည်း ပျောက်ကွယ် သွားမှာ မို့လို့ပါပဲ ။ အဲ့အချိန်မှာ ခင်ဗျား သန္တာန် အတွင်း ဘယ် ဒွိသဘောမှ မရှိတော့ဘူး။ ဘယ် ပဋိပက္ခ မှ ရှိမနေ တော့ဘူး။ အလွန်ဆုံး ပြောနိုင်တာက ခင်ဗျားဟာ “ခင်ဗျား” အဖြစ်သက်သက်ပဲ ဖြစ်သွားတယ်။ အဲ့ဒီမှာ အခြား ဘာမှ မပါဘူး။ ဧက၊ တစ်ခုတည်း ဖြစ်သွားတယ်။ ဒီလိုမှ မဟုတ်ဘဲ ခင်ဗျားက တွေးစရာတွေ၊ စဉ်းစားနေမှာတွေ၊ စိတ်ကူးတွေ ဆက်ပြီး ထားရှိနေသရွေ့- ခင်ဗျား သန္တာန်မှာ အမြဲတမ်း ( အနည်းဆုံး ) နှစ်ခု ဖြစ်နေမယ်။ နှစ်ပိုင်းကွဲနေမယ်။ ခင်ဗျား က “ဒီဟာက ကောင်းတယ်” လို့ စဉ်းစားရင် “ဟိုဟာက မကောင်းဘူး” ဆိုတာ အလိုအလျောက် ခွဲခြားပြီး ဖြစ်နေမယ်။ ကောင်းတယ် – မကောင်းဘူး ၊ ဆိုးတယ် – မဆိုးဘူး ၊ ချမ်းသာ – ဆင်းရဲ၊ ချမ်းမြေ့တယ် – စိတ်ရှုတ်တယ် စသဖြင့် အဲ့သလို – ခင်ဗျား သန္တာန်ဟာ ကစဥ့်ကလျား ဖြစ်နေဦးမှာပဲ။

Read more of this post

အိုရှိုး – ခရှိဝဟာရ အမေး အဖြေ ( ၂ )

၁၉၈၅ ဇူလိုင်လ ၁၇ ရက် မှာ Good Morning America ရဲ့ တာဝန်ရှိသူ Ken Kashiwahara နဲ့ အိုရှိုး တို့ ရဲ့ အမေးအဖြေ စကား ဖြစ်ပါတယ်။ ယခင် ( ၁ ) ရဲ့ အဆက်ပါ။ အချို့တွေကို ကျော် ထားခဲ့တယ်။
……………………………………..

17 July 1985 om in Jesus Grove
Questioner – Ken Kashiwahara , Good Morning America, ABC Network, USA
Answerer – Osho_Bhagwan

Q: အိုရှိုး – ခင်ဗျားက ကိုယ့်ကိုယ်ကိုယ် ဘုရားသခင်လို့ ယူဆထားပါသလား

A: ( ရယ်မောလျက် ) အိုး – ဘုရားသခင် !!! 🙂 – “ဘုရားသခင်” ဆိုတာ မရှိဘူးဗျ။ အဲ့အတွက် ကျနော့ကိုယ် ကျနော် ဘုရားသခင်လို့ ဘယ်လို စဉ်းစားပေး ရမလဲ။ တကယ်စင်စစ် – ဘုရားသခင် ဆိုတာ လူတွေ ဖန်တီးထားတဲ့ အကြီးကျယ်ဆုံး လိမ်စဉ်ကြီးပါ။

Q: ဘာလို့လဲ။

A: ဘာဖြစ်လို့လဲ ဆိုတော့ – လူတွေဟာ အားကိုးရာ မဲ့နေတယ်။ သေခြင်းတရားကို ကြောက်လန့် နေမယ် ။ ဘဝ ပြဿနာတွေ တပုံတခေါင်း နဲ့ ဝန်ပိ နေကြတယ်။ သူ့ရဲ့ အတိတ်မှာ ( ဒါမှမဟုတ် ) သူ့ရဲ့ အမြင်မှာ – အဖေဖြစ်သူ၊ အမေဖြစ်သူ တွေရဲ့ စောင့်ရှောက်မှု ကို မက်မောတယ်။ ပြန်တမ်းတတယ်။ ဘာတာဝန် မှ ယူစရာ မလို၊ ဘာမှ စိုးရိမ် ကြောင့်ကြ နေစရာ မလိုတဲ့ လှတပတ နေ့ရက်လေးတွေကို မျှော်လင့်တယ်။ သူ့ကို ကြည့်ရှု စောင့်ရှောက်မယ့်သူ တစ်စုံတစ်ယောက် ရှိနေပါစေ လို့ သူ့မှာ ဆန္ဒရှိနေပါတယ်။ ဒါဟာ ကလေးသူငယ် ဆိုင်ရာ စိတ်ပညာပါ။

ဒီ စိတ်စရိုက် သန္တာန်ဟာ ဘာသာရေးလို့ ခေါ်တဲ့ Religion ဘာသာတရားတွေ အားလုံးအပေါ် အရိပ်ထိုး နေပါတယ်။ ဥပမာ – ဘုရားသခင် ကို အဖ ဘုရားသခင် လို့ ဆိုတာမျိုး ရှိတယ် ။ ဘုရားသခင် ကို မိခင် အဖြစ် သတ်မှတ်တဲ့ ဘာသာတွေလည်း ရှိတယ်။ ဒါဟာ အခြေခံ အနေနဲ့ ကလေး သူငယ် တစ်ယောက် ရဲ့ ရိုးရိုးရှင်းရှင်း စိတ်စရိုက် ပါ။ တကယ့် အစစ်အမှန် သဘောမှာ – ဒါဟာ အခြေအမြစ် မရှိဘူး။ ခင်ဗျား ကြောက်လန့် နေရတဲ့ အခါတိုင်း၊ ခင်ဗျား ပြဿနာ အကျဉ်းအကျပ်ထဲ ရောက်ရတဲ့ အခါတိုင်း ခင်ဗျား အကူအညီ လိုနေတယ်။ အကူအညီ ရှာတယ်။ ဒါပေမယ့် အကူအညီ ဆိုတာ ဘယ်တော့ မှ ရောက်မလာ ခဲ့ဘူး။

လက်ဝါးကပ်တိုင် ပေါ်က ယေရှု ခရစ်တော်ဟာ လည်းပဲ အကူအညီ မျှော်လင့် စောင့်စား ခဲ့သေးတာပဲ မဟုတ်လား။ နောက်ဆုံးမှာ စိတ်ပျက် သွားတယ်။ ညည်းတွား ရေရွတ်တယ်။ “အဖ ဘုရားသခင်၊ အရှင် အကျွန်ုပ်ကို လျစ်လျူရှု နေပါသလား” လို့ သူပြောခဲ့တယ်။ ဒီမေးခွန်း ပေါ်လာတာ ဟာ သူ့ အတွေးမှာ အကြီးမားဆုံး သံသယ ပေါ်လာခဲ့ လို့ပဲ။ တကယ့် လက်တွေ့ မှာ ဘာမှ ဖြစ်မလာခဲ့ဘူး။ သူ ဘုရားသခင်ကို နှစ်ပေါင်း များစွာ ယုံကြည်လာခဲ့တယ် – ဘုရားသခင်က သူ့ကို ကယ်တင်လိမ့်မယ်လို့ သူ ထင် ထားခဲ့တယ်- ဘာလို့ဆို သူဟာ ဘုရားသခင် ရဲ့ တစ်ဦးတည်းသော သားတော်လို့ သူလက်ခံထားလို့ပဲ ။ ဒါပေမယ့် ဘယ်သူမှ ရောက်မလာခဲ့ဘူး။

Read more of this post

အိုရှိုး – ခရှိဝဟာရ အမေး အဖြေ ( ၁ )

လုပ်ကြံမှု တစ်ခုကြောင့် ကျန်းမာရေး ထိခိုက် လာခဲ့ပြီး မကြာခင်မှာ အိုရှိုး ဟာ တရား ဟောပြောမှု မလုပ်ဘဲ နေဖြစ်သွားခဲ့တယ်။ သူ ဘာမှ မပြောဘဲ နေ သွားခဲ့ တာဟာ နှစ် အတန်ကြာ ပါတယ်။ ယင်းနောက်မှ တရား ဟောပြော မှု ပြန်လည် စတင်လာခဲ့ တယ်။ အဲ့ဒီလို ပြန်လည် ပြောဆို လာတဲ့ နောက် – အမေရိကန် ABC Network , Good Morning America က တာဝန်ရှိသူ တစ်ယောက် – မေးခွန်း အချို့နဲ့ အတူ ရောက် လာပါတယ်။

အောက်ဖော်ပြပါ စာဟာ ၁၉၈၅ ဇူလိုင်လ ၁၇ ရက် မှာ အဲ့ဒီ Good Morning America ရဲ့ တာဝန်ရှိသူ Ken Kashiwahara နဲ့ အိုရှိုး တို့ ရဲ့ အမေးအဖြေ စကား ဖြစ်ပါတယ်။ ကျနော့ အမြင်လေး နည်းနည်း ပြောချင်ပါတယ်။ ဒီ မေးမြန်းခန်းမှာ ဂျာနယ်လစ် ခါရှီဝါဟရာ ဟာ ပါးနပ်လိမ္မာတဲ့ သတင်းစာ ဆရာတစ်ယောက်၊ အင်တာဗျူး သမား တစ်ယောက် ပါ။ အိုရှိုးကို မေးတဲ့ အချို့မေးခွန်း တွေဟာ ကြောက်ခမန်း လိလိ – ချောင်ပိတ် မေးခွန်း၊ လမ်းကြောင်းပေး မေးခွန်းတွေ ဖြစ်ပါတယ်။ ဒီ မေးခွန်းတွေ အပေါ်မှာ အိုရှိုး ဖြေကြားသွားပုံ ကလည်း ရှင်းလင်း နေတယ် လို့ မြင်မိတယ်။ သူတို့ နှစ်ယောက်ရဲ့ အမေးအဖြေ အချို့ Youtube မှာလည်း ရှိပါတယ်။ ကျနော် အောက်ဆုံးမှာ ရသလောက် လင့်ခ် ပေးထားပါမယ်။ အိုရှိုးရဲ့ ဟန်အမူအရာ၊ မျက်လုံး ကစဥ့်ကလျား ဖြစ်မှု မဖြစ်မှု၊ စကား လစ်ကွက်၊ ဟာကွက် ရှိမရှိ စသဖြင့် ကျနော် စေ့စေ့ စပ်စပ် လိုက်ကြည့် ခဲ့ဖူးတယ်။ ကျနော် ရှာမတွေ့ခဲ့ပါဘူး။ အိုရှိုးရဲ့ အေးဆေး တည်ငြိမ်တဲ့ အသွင်၊ ဟန်ပန်၊ လေသံ၊ စကားတွေပဲ ကျနော် မြင်ခဲ့ရတယ်။

ဆရာနှစ်ပါးရဲ့ အမေးအဖြေခန်း တွေက များပြားတယ်။ ကျနော် အတတ်နိုင်ဆုံး ခွဲပြီး ရေးသွားပါမယ်။ အချို့ မလွှဲသာ တဲ့ အချက်အလက် တွေ ဖယ်ချန် ထားရတာမို့ ကျနော် အပြည့်အဝ ပြန်ဆို ထားတာ မဟုတ်ကြောင်း နားလည်ပေး စေချင်တယ်။

………………………………………..

17 July 1985 om in Jesus Grove
Questioner – Ken Kashiwahara , Good Morning America, ABC Network, USA
Answerer – Osho_Bhagwan

Q: ဆရာအိုရှိုး။ ပြီးခဲ့တဲ့ နှစ် အနည်းငယ် လောက်က ခင်ဗျား ဘာမှ မပြော ၊ ဘာမှ မဟောကြားတော့ဘဲ နေသွားခဲ့တယ်။ အခု မကြာသေးမီ ကမှ တရား ဟောပြောမှု ပြန်စလာတာ တွေ့ရပါတယ်။ ခင်ဗျားရဲ့ တပည့်တပန်းတွေနဲ့ ကျနော်တို့ အပါအဝင် အားလုံးကို ဒီကနေ့ ခင်ဗျား စကား ပြန်လည် ပြောဆိုနေပြီ ဖြစ်ပါတယ်။ စကားပြန်ပြောဖို့ ၊ တရားပြန်ဟောဖို့ ဘယ်အကြောင်းကြောင့် ဆုံးဖြတ် ဖြစ်သွားတာလဲ။

Read more of this post

ခဝါသည်

တစ်ရက်က – ရှေ့ပို့စ် စာအချို့ကို ကြည့်ပြီး မိတ်ဆွေ တစ်ယောက်က အောက်ပါအတိုင်း မေးပါတယ်။ ကျနော် အတတ်နိုင်ဆုံး ကြိုးစား ဖြေကြည့် ပါမယ်။

အမေး

“အခု” အချိန်မှာ “အခု” ဖြစ်ရှိတဲ့ အတိုင်း ရှင်သန် နေထိုင်ခြင်း ကို ဘာဝနာလို့ – ဆိုလို ပါတယ်။ “ဘာ လုပ်သင့်ပါတယ်” “ဘယ်လို လေးတော့ ဖြစ်သင့်ပါတယ်” စသဖြင့် အဲ့တာ တွေ မပါဝင်ဘူး။

အဲ့ဒီ စာကို – စာတစ်ပုဒ် မှာ ရေးထားတာ တွေ့ပါတယ်။ အဲသလို နေတာက နေချင် သလို နေလိုက်တာမျိုး ကို ဆိုလိုတာလား။ ဘယ်လို ကိစ္စ ကို မဆို စဉ်းစား ဆင်ခြင် ပြီးမှ မလုပ်ရ ဘူးလား။ အကောင်း အဆိုး၊ အကြောင်း အကျိုး ကို မတွေးပဲ၊ တခြား တစ်ဖက်သား ကို ထည့် မစဉ်းစားပဲ ကိုယ့် စိတ် အတိုင်း လွင့်မျော ပေးလိုက်ခြင်း ကို ဆိုလိုတာလား။

ကျနော် ကောင်းကောင်း မလုပ်တတ် သေးပါဘူး။ လုပ်ဖို့ ကြိုးစား ကြည့်တိုင်း- ခေါင်းကပဲ မူးလာသလို၊ ရုတ်တရက် ပစ်လဲ လိုက်တော့ မလို ။ ပြီးတော့ ကြောက်လာတယ်..၊ ဘာကို ကြောက်လာမှန်းမသိ။ ပြီးတော့ မပြီးသေးပါလားလို့ စိတ်က ကြောင့်ကြလာတယ်။ အဲဒါ တရားစခန်း မှာ ဖြစ်ခဲ့ရတဲ့ အဖြစ်ပဲ။ ပြီးတော့ ထွက်ပြေးချင်လာတယ်။ အရာရာက ထိန်းချုပ်ထား သလိုပဲ။ နေရတာ မပျော် တော့ဘူး…။

အဖြေ

ဒီ အမေးစကား ကို ရှင်းမယ် ဆိုရင် – “ဘာဝနာ” ဆိုတဲ့ အပေါ် နားလည်အောင် ကြည့်ပေးဖို့ တစ်ခုသာ ကျနော် တိုက်တွန်းချင်ပါတယ်။ ဒါ့ကြောင့် ဒီ အဖြေ တစ်ခု လုံးမှာ ကျနော် ဘာဝနာ အကြောင်းကိုပဲ ပြောပါမယ်။

ဘာဝနာ ဆိုတာ – အလွယ်ပြောရင် – ခင်ဗျားရဲ့ အတွေးစဉ်တွေ၊ ခံစားချက်တွေကို သတ်ပစ်တတ်တဲ့ သတ္တိ ရှိပါတယ် ။ ခင်ဗျား ရဲ့ အတိတ်ကို ပြန်လည် အောက်မေ့ နေတတ် သမျှ၊ ခင်ဗျားရဲ့ အနာဂတ်ကို မျှော်လင့် နေတတ် သမျှ အားလုံး ကို ရပ်ဆိုင်းသွား စေတတ်တယ် ။ ဆိုလိုတာက ဘာဝနာ- ဟာ အဲ့ဒီ အတိတ်နဲ့ အနာဂတ်နှစ်ခုအကြား – ခင်ဗျား အခု ရရှိပိုင်ဆိုင် နေတဲ့ “အခု၊အချိန်၊ – အခု အဖြစ်” ကိုသာ သိရှိ ဖြစ်တည်ခွင့် ပေးပါ တယ်။ ဒါဟာ ဘာဝနာရဲ့ ဂုဏ်သတ္တိတွေပါပဲ ။

Read more of this post

ဖလော်ဆိုဖီ ပရိုင်းမိတ်

၁။ ဒဿနိကဗေဒ ဆိုတာ ကိုယ်မသိတဲ့အရာကို – တကယ်လည်း မသိဘဲ – “အဲ့ဒီ အရာ” ရဲ့ “အကြောင်း” တွေကိုသာ သိနေတဲ့ ပညာရပ် ဖြစ်ပါတယ်။ သူ့မှာ ကြိုတင် တွေးဆချက်၊ ထင်မြင်ယူဆချက် တွေပဲ ရှိတယ်။ “အဲ့ဒီ အရာ” တော့ မရှိဘူး။ လူသားတွေ ဖန်တီး တည်ဆောက် တဲ့ စိတ်ကူးစံသတ်မှတ်ချက်၊ ပြယုဂ် တွေကလွဲရင် ကျန်တာ ဘာမှ မရှိပါဘူး။

၂။ ဒဿနိကဗေဒ ဟာ အရာရာကို ဖွင့်ဆို ရှင်းပြ နိုင်ဖို့ ကြိုးစားတယ်။ ဒါပေမယ့် ဘယ်တော့မှ မအောင်မြင် ဘူး။ အလွန်ဆုံး သူ လုပ်နိုင်ခဲ့ တာဟာ အရာရာကို ရှင်းပြမယ့် “နည်းနာတွေ” မှာသာ အောင်အောင်မြင်မြင် ဖော်ထုတ်နိုင်ခဲ့မယ် ။ “ အဲ့ဒီ အရာ”တွေ ကို ဘယ်လို သိနိုင်မလဲ ဆိုတဲ့ နည်းစနစ်၊ လမ်းကြောင်း အမျိုးမျိုး ကို ခင်းပြနိုင်ပါလိမ့်မယ်။ ဒါပေမယ့် “အဲ့ဒီ အရာ” ဟာ ဘာလဲလို့ ရှင်းပြရာ မှာတော့ မအောင်မြင်ဘူး။ ဒီလိုနဲ့ ဒဿနိက ဆိုတာ ဘဝကို နေထိုင်ရခက်ခဲ အောင် ဖန်တီးပေးတဲ့ ဘာသာရပ် သက်သက် ဖြစ်လာခဲ့တယ်။

၃။ ဒဿနိကဗေဒ ဟာ ဘာသာတရား ကို အစားထိုး ထားတဲ့ အခြားနာမည် တစ်ခု ဖြစ်ပါတယ်။ အဲ့ဒါကြောင့် ဒဿနိက လိုက်စားသူ တွေမှာ ဘာသာတရား ပျောက်သွား တတ်ကြတယ်။ အလားတူ ပဲ အပြန်အလှန်။ – ဘာသာတရား နောက် လိုက်စားသူ တွေ ဟာလည်း တွေးခေါ်မှု ဒဿန အားလုံး စွန့်ပယ် ထားခဲ့တတ် ကြတယ်။

၎။ ဒဿနိက ဗေဒ ဟာ စိတ်ကူးဥာဏ်စွမ်းတွေ အပြည့် ပုံဖော်ထားတဲ့ ပန်းချီကား တစ်ချပ်နဲ့ တူပါတယ်။ ဒါပေမယ့် ပုံရိပ်ဟာ ပုံရိပ်ပဲ။ တကယ့် အစစ်အမှန်တော့ မဟုတ်ဘူး။ သူက ခင်ဗျားကို စကားတွေ ပြောမယ်။ ခင်ဗျားနဲ့ ဆွေးနွေးမယ်။ ခင်ဗျား အတွက် အလှပဆုံး ပုံရိပ်တွေ ဖန်တီးပေးမယ်။ စိတ်ကူးထည် စနစ်တွေကို ခိုင်ခိုင်မာမာ တည်ဆောက် ပေးလိမ့်မယ်။ ဒါပေမယ့် အဲ့ဒီနည်းတွေနဲ့ ခင်ဗျားဟာ ခင်ဗျား အစစ်အမှန် ကို သိလိုက်ရမှာ မဟုတ်ပါဘူး။ သူ ဖန်တီး ပေးခဲ့တဲ့ အဲ့ဒီ စိတ်ကူးထည်၊ စကားလုံးတွေ နဲ့ ခင်ဗျား ဘာသာ ခင်ဗျား ရှုပ်ထွေး နောက်ကျိပြီး ကျန်ရစ်ခဲ့မယ်။

၅။ တကယ်တော့ ဒဿနိက မှာ အခြေခံ ၊ အခြေအမြစ် ဆိုတာ မရှိဘူး။ လေထဲ တိုက်အိမ် ဆောက်နေတာ သက်သက်ရယ်။ ဒဿနိကက ပေးတဲ့ စိတ်ကူးတွေဟာ စိတ်ကူးတွေ သက်သက် ပဲ ဖြစ်ပါတယ်။ ခင်ဗျား က အဲ့ဒီ စိတ်ကူးတွေကို ပုံဖော်ဖို့ ကြိုးစားရင် ဘဝကို စက်ယန္တရား ဖြစ်အောင် တည်ဆောက် သလို ဖြစ်သွားတတ်တယ်။ ခင်ဗျား မှာ တကယ် စင်စစ် လှပတဲ့ ဘဝ ပျောက်ဆုံး သွားပါတယ်။ ခံစားမှု မဲ့ရင် မဲ့သွား၊ ဒီလိုမှ မဟုတ်ရင် ခင်ဗျားဟာ ဖန်တီးမှု မဲ့သွားရတယ်။ ခင်ဗျား ဘဝဟာ ဒဿနိက နယ်ပယ် ထဲမှာ လောင်စာထိုးပြီး လည်ပတ်နေတဲ့ အကြောင်းအကျိုးဆက် ယန္တရား အဖြစ် သက်သက်သာ ကျန်ရစ်ခဲ့တော့တယ်။ Read more of this post

အိုဘယ့် လောက

တကယ် စိတ်ပျက်ဖို့ ကောင်းတယ် ( ဒါမှမဟုတ် ) စိတ်ပျက်စရာတွေ ချည်းပါပဲကွာ လောကကြီးက — လို့ ပြောသံမျိုးတွေ၊ အကျင့်ပါရင်း သုံးဖြစ်တဲ့ စကားတွေ ရှိပါတယ်။ ကမ္ဘာ လောကကြီး မှာ စိတ်ပျက်စရာ၊ စိတ်ရှုပ်စရာတွေ၊ အပိုင်းပိုင်း အတစ်တစ် ပွထ နေတာ ဘာကြောင့်ပါလဲ။ ခေတ်စနစ် တစ်ခုရဲ့ အရေးအရာ -ဘာသာ၊ သာသနာ၊ ယဉ်ကျေးမှု၊ အနုပညာ၊ စီးပွားရေး ၊ နိုင်ငံရေး စသဖြင့် – ဘယ်နယ်ပယ် မှာ မဆို ဒီမေးခွန်း၊ ဒီစကား တွေ ထွက်ထွက် လာတတ်ကြတာ ဘာကြောင့်လဲ။

အဖြေကတော့ – မျှော်လင့်တာတွေ များနေလို့ပါ။

ဆိုပါစို့။ ခင်ဗျား တစ်ခုခုကို မျှော်လင့်ကြည့်မယ်။ စိတ်ပျက်စရာ ဆိုတာ အနည်းဆုံးတော့ တွေ့လာ ရပါတယ်။ ဒီလိုမှ မဟုတ်ဘဲ – ဘယ်ဟာကိုမှ မမျှော်လင့်ဘဲ ထားကြည့်။ ဘယ် စိတ်ပျက် စရာမှ ပေါ်မလာဘူး ဆိုတာ တွေ့မယ်။ ခင်ဗျား များများ မျှော်လင့်လေ၊ ခင်ဗျားမှာ စိတ်ပျက် စရာတွေ ပိုများရ လေလေ ပါ။ ဆိုလိုတာက စိတ်ပျက်တယ် ဆိုတာဟာ မျှော်လင့်ချက်ရဲ့ နောက်ဆက်တွဲ ထွက်ကုန်ပစ္စည်း ပဲ ဖြစ်ပါတယ် ။ အဲ့ဒါကြောင့် စင်စစ် ကျနော်တို့ ရှင်းရမယ့် ပြဿနာဟာ – စိတ်ပျက်တယ် ဆိုတဲ့ အပေါ်မှာ မဟုတ် ဘူး။ စိတ်ပျက်တယ် ဆိုတာက အကျိုး ရလာဒ် သက်သက်ပဲ ။ တကယ် ရှင်းရမယ့် ပြဿနာ က သူ့ရဲ့ အကြောင်း ဖြစ်တဲ့ “မျှော်လင့်ချက်” အပေါ်မှာပဲ ဖြစ်ပါတယ်။

စိတ်ပျက်ရတယ် ဆိုတာ ဟာ မျှော်လင့်ချက် ရဲ့ နောက်မှာ တစ်ကောက်ကောက် ပါနေတဲ့ အရိပ်ပါ။ ဒါ့ကြောင့် ခဏလောက် ဖြစ်ဖြစ် ခင်ဗျားမှာ မျှော်လင့်နေမိ တဲ့ စိတ် မရှိဘူး ဆိုရင်၊ ဒါမှမဟုတ်၊ မျှော်လင့်တယ် ဆိုတဲ့ စိတ် – ခင်ဗျားမှာ လုံးဝ ရှိ မနေရင် – ဒီပြဿနာ က ရိုးရိုးလေး ပြီးဆုံး သွားပါတယ်။ ဘာနဲ့ တူသလဲ ဆိုတော့ – ခင်ဗျားက မေးခွန်းတစ်ခု မေးတယ်။ အဲ့အတွက် အဖြေ တစ်ခု ပြန်လာတယ်။ -အဲ့သလိုမျိုး ပါပဲ။ ခင်ဗျားက မျှော်လင့်ချက် တွေ နဲ့ မေးခွန်း ထုတ်မယ်၊ အဖြေ ပြန်လာတော့ ခင်ဗျား စိတ်ပျက် သွားမယ်။ မျှော်လင့်ချက်ကို စိတ်ပျက်မှုက ဖြည့်စည်းပေး တာပဲ ဖြစ်ပါတယ်။

ဒါပေမယ့် ကျနော်တို့ လုပ်သမျှ အရာရာတိုင်း ဟာ မျှော်လင့်ချက် တွေနဲ့။

ဥပမာ အနေနဲ့ ပြောပါမယ်။ ကျနော်က တစ်ယောက်ယောက် ကို ချစ်တယ် ဆိုပါတော့- ကျနော် ကိုယ်တိုင် တောင် အမှတ် မထား မိပါဘဲနဲ့ မျှော်လင့်ချက် ဆိုတာ ရှိလာပါတယ်။ ဘယ်ချိန် ဘယ်လို ရှိလာသလဲ ။ ကျနော် မသိဘူး။ တန်ပြန် ရောက်လာမယ့် အချစ် ကို မျှော်လင့်တယ်။ ကျနော် ချစ်တာက ဖြင့် အပြည့် အဝ မပြီးသေးဘူး – ကျနော် အချစ်စိတ် ကဖြင့် ပွင့်အံ ထွက် မလာသေးဘူး – မျှော်လင့်ချက် က ရောက်နှင့် နေပြီ ဖြစ်ပါတယ်။ အဲ့ဒီနောက်တော့ ဒီမျှော်လင့်ချက် ကပဲ ကျနော့ကို ၊ အားလုံး ကို ဖျက်ဆီး တော့တယ်။

ကမ္ဘာ မှာ စိတ်ပျက်မှု ကို အဖန်တီးနိုင်ဆုံး အရာ ဟာ ချစ်ခြင်း မေတ္တာ ပါ။ ဘာကြောင့်လဲ ဆိုတော့ ခင်ဗျားတို့ ကျနော်တို့ အားလုံးရဲ့ မျှော်လင့်ချက် စိတ်ကူးယဉ် ကမ္ဘာ ကို အခြား အရာတွေထက် ချစ်ခြင်း မေတ္တာ နဲ့သာ ကောင်းကောင်း တည်ဆောက် နိုင်လို့ပါ။ အဲ့ဒါ ကြောင့်ပဲ – ခရီး တစ်ခု သွားရမယ်မှ မကြံသေးဘူး – အိမ်ကို ဘယ်တော့ ပြန်ရောက်မလဲ – ဆိုတာ စဉ်းစား နေရတာမျိုး ရှိတယ် မဟုတ်လား။

Read more of this post