မျှော်လင့်ချက် တကယ် မဲ့ သလား

A: ကျုပ် နှစ်နဲ့ ချီပြီး ကြိုးစားခဲ့ ~ အားထုတ်ခဲ့ ~ လုံးပန်း ခဲ့တယ်။ အခုထိ အရာ မထင် ဖြစ်နေ တာတွေ ချည်းပဲ။ ဒါကို ကြည့်ပြီး ရှက်တယ်။ ရှေ့လျောက်ပြီး လည်း ဘာမှ မဖြစ်နိုင်တော့ ဘူးလို့ မြင်နေပါတယ်။ အခု ကျနော့ဘဝ ကြီး ဟာ မျှော်လင့် ချက် မဲ့နေ တယ်ဗျာ ။ ဘာလုပ်သင့် သလဲ။

B: ကျနော် နှစ်သိမ့်ပြီး ဖြေပြော မယ် ထင်ရင် အကို လူမှားပြီး လာမေး တာ ဖြစ်ပါ တယ်။ အခု အွန်လိုင်း မှာ ရှိတဲ့ နူးနူး ညံ့ညံ့ နှစ်သိမ့် တတ်ကြသူ ဆရာ့ ဆရာ များဆီ သွားမေးတာ ပိုကောင်း လိမ့် မယ်။ အကို မေးတဲ့ “ကျနော့ဘဝ ကြီးဟာ မျှော်လင့် ချက် မဲ့နေ တယ်ဗျာ” ဆိုတာ ကို – ကျနော့ အနေနဲ့ ပြောရင် – ခင်ဗျား ကောင်းကောင်း – မျှော်လင့်ချက် မ “မဲ့”သေးလို့ ဖြစ်ပါတယ်။ အခု မျှော်လင့် ချက် မဲ့ တာ နည်းနေ ပါသေးတယ်။ အပြည့်အဝ မျှော်လင့်ချက် မဲ့ သွား ဖို့ လိုပါတယ်။ အခု ရှိနေတာ ထက် ပိုပြီး မျှော်လင့်ချက် မဲ့ သွားအောင် လုပ်လိုက် ပါ လို့ ကျနော် တိုက်တွန်း လို ပါတယ်။ နောက်ဆုံးမှာ ဘာကိုမှ “ဘာမှ” မမျှော်လင့် တော့၊ မတွေးတော့တဲ့ အထိ ~ မိမိသန္တာန် ကို မိမိ ကြည့်ကြည့် စေချင် တယ်။

အခု ပြောနေ တဲ့ “မျော်လင့်ချက် မဲ့နေ တယ်ဗျာ” ဆိုတဲ့ စကားဟာ အတွင်းကို နှိုက် ကြည့်ရင် “ဆက်မျှော်လင့်” နေသေး တယ် လို့ ဆိုလို ကြောင်း မြင်ရပါလိမ့်မယ်။ အဲ့ဒီ မျှော်လင့်ချက် မဲ့မှု ကို ကဗျာ ဆန်ဆန်၊ စာဆန်ဆန် နဲ့ အကို့ဘဝကို အဓိပ္ပာယ် မဲ့တယ် လို့ ဘာလို့ သတ်မှတ် ပစ်ရတာလဲ။ ဖတ်ဖူး မှတ်ဖူး သမျှ ကဗျာဂျိုး စာဂျိုး တွေ နဲ့ ကိုယ့်ကိုယ် ကိုယ် မလှည့်ပတ် ပါနဲ့။ ခင်ဗျား မျှော်လင့် ချက် မဲ့နေတာ မဟုတ်ပါဘူး။ အခုဖြစ်လာ သမျှ လက်မခံချင် တဲ့ စိတ် အကို့ဆီမှာ ရှိနေတယ်။ အဲ့ဒါကို က မျှော်လင့်နေ ပါသေး တယ်။ ဒါပေမယ့် ဒါကို မမြင်ရင်- “ကျွန်တော် – မျှော်လင့်ချက် မဲ့နေတယ်ဗျာ” ဆိုတာရဲ့ အခြားတစ်ဘက်မှာ – ကိုယ့်ကိုယ်ကိုယ် သတ်သေ သွားနိုင်ပါ တယ်။ အဲ့ဒါကလည်း အကို့ရဲ့ မပျောက်ပျက်တဲ့ မျှော်လင့်စိတ် ကြောင့် ပဲ။

ဘာလို့ ဆို – “ဒီနေရာကနေ ထွက်ခွာ သွား ရင် အရာ အားလုံး ပြေလည် သွားမှာပဲ ~ ဒီနေရာ မှာ ငါ ရှိနေဖို့ မလိုအပ်ဘူး ~ ငါနေလို့ မရဘူး ~ ဒီနေရာက လွဲလို့ အခြား ဘယ်နေရာ ရောက်ရောက် ငါ့ အတွက် အိုကေ တယ်~ ဒီလောကကြီးမှာ ဘယ်မှာမှ ငါနဲ့ အံမဝင်ဘူး~ ငါ ဖြတ်ခနဲ ပျောက် သွားရင် ဘယ်လောက် ကောင်းမလဲ” ~ စသဖြင့် အဲ့ဒါတွေ ဟာလည်း ခင်ဗျား ရဲ့ မျှော်လင့်ချက်တွေ သာ ဖြစ် ပါတယ်။ “မျှော်လင့်ချက်” ဆိုတာ – ခင်ဗျားရဲ့ ဆန္ဒ၊ တမ်းတချက်၊ ရည်ရွယ်ချက် တွေ အားလုံးကို အမည်ပြောင်း ထားတဲ့ အမည် သက်သက် ပါ။

ခင်ဗျားရဲ့ ဆန္ဒ တွေ ဖြစ်မလာတော့ဘူး ဆိုတဲ့ အခါ၊
ခင်ဗျား တမ်းတချက်တွေ တကယ် မဖြစ်လာတဲ့ အခါ၊
ခင်ဗျား ရည်ရွယ်ချက်တွေ ပျက်သုဉ်း သွားတဲ့ အခါ – ခင်ဗျား သန္တာန် မှာ မျှော်လင့်ချက် မဲ့တယ်~ ဘဝကြီးကို အဓိပ္ပာယ် မဲ့သွားပြီ လို့ သတ်မှတ် လိုက်တယ်။

ဒါပေမယ့် – အကို့ အခု ဘဝ ကို ~ “အခုတည့်တည့်”- ကြည့်ကြည့်။ ~ နိုင်ငံရေး သမားတွေ ပြောပြောနေ တဲ့ ~ “ရှေ့ကို ကျနော်တို့/ ကျမတို့ ကြိုးပမ်း နေတယ်၊ ကျနော်တို့/ ကျမ တို့ မျှော်မှန်းတဲ့ ပန်းတိုင် အတွက် ရှေ့ ဆက်ကြမယ်” ဆိုတဲ့ စကားတွေ ကို ဖယ်ပါ။

အကို့ဘဝဟာ အခု ကြည့်- အခု ရှင်သန်နေတာ ဖြစ်ပါတယ်။ အကို သေသွားရင်တော့ လည်း ဒါတွေ ကျနော် ပြောစရာ မလိုဘူးပဲ။ ဒါ့ကြောင့် အဝေးကို ၊ အနီးဆုံး ရှေ့ တစ်နာရီ ကိုတောင် မကျိန်းသေ မရေရာ၊ ကြုံရာတွေ ပြည့်နှက်နေတဲ့ – ကျနော် တို့ ဘဝ မှာ – ရှင်သန်နေ တဲ့ ပန်းတိုင် တိုင်း ဟာ အခြား မဟုတ်ဘူး ။ “အခုတည့်တည့်” သာ ဖြစ်ပါတယ် ~ အခု ကြည့်ကြည့် ရင် သိတယ်။ ပြီးခဲ့တဲ့ အချိန်က ချမှတ် ထားခဲ့တဲ့ လိုချင်ခဲ့တဲ့ ဆန္ဒ တွေ မရှိတဲ့ အခါ၊ မျှော်လင့် ချက် တွေ မရှိ၊ ရည်ရွယ် ချက်တွေ ရှိ မနေ တဲ့ အခါမှာ လည်း – အကို့ဘဝ ဘယ်ရောက် သွားလို့ လဲ။ Read more of this post

ယောင်္ကျား မိန်းမ ပြဿနာ

ဟိုးရှေးက စလို့ ကနေ့အထိ ယောင်္ကျားတွေဟာ ပရိယာယ်တွေ သုံးပြီး မိန်းမတွေကို နှိမ်ချ ထားကြတယ်။ မိန်းမတွေဟာ ယောင်္ကျား တွေထက် နိမ့်ကျသူတွေ ဖြစ်တယ်လို့ ယုံအောင်ပြောပြီး ဒီအတိုင်း နာခံခိုင်းကြတယ်။ မိန်းမတွေဟာ ဘာမှမတတ်နိုင်ဘူး ဆိုတဲ့ အားငယ်စိတ်ခံစားမှုနဲ့ ဒီအကျည်းတန်တဲ့ အဖြစ်ကို မရှောင်မလွှဲသာ ရင်ဆိုင်ကြရတယ်။ ( အချို့ကတော့ ကျေကျေနပ်နပ် ရင်ဆိုင် လိုက်ကြတာလည်း ရှိတယ် ) ဒါဟာ တော်တော် ယုတ္တိ မရှိတဲ့ စဉ်းစားနည်း ဖြစ်ပါတယ်။ ဒီစဉ်းစားနည်းကို လိုက်လျောရတယ် ဆိုတာက ခိုင်လုံတဲ့ အကြောင်း ရှိပါလိမ့်မယ်။

တကယ်က မိန်းမတွေဟာ ယောင်္ကျားတွေထက် မနိမ့်ကျသလို ယောင်္ကျားတွေ ထက်လည်း မသာလွန်ပါဘူး။ သူတို့ နှစ်ဦးစလုံးဟာ မတူတဲ့ လူနှစ်မျိုးသာ ဖြစ်ပါတယ်။ သူတို့ နှစ်ဦးကို နှိုင်းယှဉ်ဖို့ မလိုဘူး။ ဒီလို နှိုင်းယှဉ် လာရင်လည်း ရူးတာပဲ။ တကယ်လို့ ခင်ဗျားက စပြီး နှိုင်းယှဉ်တာတွေ လုပ်မယ် ဆိုရင် ပြဿနာက စလာပါပြီ။

တစ်ကမ္ဘာလုံးမှာ ရှိနေတဲ့ ပုရိသ အများစုက ဣတ္ထိယတွေဟာ သူတို့ထက် နိမ့်ကျသူတွေလို့ ဘာကြောင့် အသံထွက် နေရတာလဲ။ အကြောင်းကတော့ ဒီနည်းဟာ ဣတ္ထိယတွေကို ရေရှည်နှောင်ဖွဲ့ပြီး အိမ်ထောင်ရှင်မ ဆိုတဲ့ အစေအပါး အဖြစ် ထားမယ့် တစ်ကြောင်းတည်းသော နည်းလမ်း ဖြစ်ပါတယ်။ အဲ့လိုမှသာ ရည်မှန်းချက်က လွယ်ကူ သွားလိမ့်မယ်။ ဟုတ်တယ်ဟုတ်။ ဒါ့ကြောင့်လည်း မိန်းမနဲ့ ယောင်္ကျား ဒုက္ခ အခက်အခဲတွေကို ရင်ပေါင်တန်း ယှဉ်ပြိုင် ခံစားကြမယ် ဆိုရင် မိန်းမက နှိုင်းယှဉ်ချက် အားဖြင့် အနိမ့်တန်း ဝင်သင့် တယ်လို့ ကန့်သတ်ချုပ်ချယ် ထားကြတယ်။ ယောက်ျားတွေ ပြောတတ်တဲ့ အခြား အကြောင်းပြချက် တွေကတော့ မိန်းမတွေဟာ နုနယ်တယ်။ ကြွက်သားအားက သိပ်နည်းတယ်။ ခွန်အားဖွံ့ဖြိုးမှုက နိမ့်တယ်။ ဘာ ဒဿနကိုမှ မတွေးခေါ်နိုင်သလို၊ ဘယ်လို ဘာသာတရားကိုမှ မထူထောင်နိုင်ခဲ့ဘူး။ ကမ္ဘာ့သမိုင်းကြောင်းမှာ ကြီးမြတ်တဲ့ မိန်းမ၊ ပန်းချီအကျော်အမော်၊ မိန်းမ ဂီတဘုရင်၊ မိန်းမစာဆိုထွဋ်ခေါင်၊ မိန်းမ နိုင်ငံရေးသမား၊ မိန်းမ သိပ္ပံပညာရှင်ဆိုတာ ယောင်္ကျားတွေနဲ့ ယှဉ်ရင် မရှိသလောက် ရှားခဲ့တယ်။ ဒါဟာ မိန်းမတွေရဲ့ ဥာဏ်ရည်မမှီ တာကို ပြတယ်။ ဒီမိန်းမတွေဟာ ပညာရှင် မဟုတ်ဘူး။ ဘဝရဲ့ အဆင့်မြင့် ပြဿနာတွေကို စိတ်မဝင်စားဘူး။ သူတို့ စိတ်ဝင်စားတဲ့ အရာတွေဟာ သိပ်ကျဉ်းမြောင်း လွန်း နေတယ်။ ဒါ့ကြောင့် သူတို့ဟာ အိမ်ထောင်ရှင်မတွေသာ ဖြစ်သင့်တယ်။

Read more of this post