စိတ် ကောင်းကင် ဝေယံ က

မိုးကြိုးသွားတစ်ချက်
စိတ်တံခါးကို နှက်တော့
အလို – ကြည့်စမ်း
အိုမင်းမစွမ်းတစ်ဦး
တစ်ကိုယ်တည်း ပျော်မြူးလို့

ဒီကဗျာမှာ ပါတဲ့ အိုမင်းမစွမ်းတစ်ဦး ( The Old man ) ဟာ ဇင် သမားတွေ အတွက် ဘုရားသခင်ရဲ့ ပုံရိပ်လိုမျိုးပါ။ God နဲ့ အလားသဏ္ဍာန် တူပါတယ်။ ဒါပေမယ့် – အခု အများ ယူဆသလို ဖန်ဆင်းရှင် ဘုရားသခင် ကို ဆိုလိုတာ မဟုတ်ဘူး။ ရှေးကျတဲ့ သဘာဝ ကိုပဲ ဆိုလိုတာ ဖြစ်ပါတယ်။ အဲ့ဒီ သဘာဝဟာ ခင်ဗျားရဲ့ သဘာဝလည်း ဖြစ်တယ်။ တကယ် လည်း အဖိုးအိုပါပဲ။

စိတ်သမ္ပဇဉ်ကို ပစ်ချ
အတွေးအခေါ်တွေ ရပ်တန့်
သက်ဝင်နိုးကြား ကြည့်ရအောင်။

တောတောင်နဲ့ ကျေးငှက်သာရကာမှာ
ကန့်လန့်ကာ ခြားဆက် မရှိ
ပကတိ အကြည်သားနဲ့ ဝင်းပလို့။

ကြားဆက်မရှိ
ဆုံကြည့်ရအောင်။

သစ္စာ ဆိုတာ
အခု ဒီနေရာမှာ
လက်ငင်း ဝင်းပ။

ရှာဖွေလို့ မရ
ရှုမြင်လို့သာ ရတဲ့ အရာ
သစ္စာတဲ့ – ဒီနေရာမှာ။

နိုးထကြစမ်းပါ့
အခါခါ လှုပ်နှိုး
ထစမ်းပါ့ ကိုယ့်လူ။

နားလည်တဲ့ တွေးခေါ်စိတ်တွေ
အဝေး မသွား၊ အနီးအပါးတင် ထားခဲ့။
အသိသညာဟာ ပညာကို ဖုံးကွယ် –
အဲ့ အဖုံးအကာတွေ ထားရစ်ခဲ့။

Osho: Clash of Thunder

………………………………..
A : ဒီကဗျာကို မြင်တော့ – ပထမဆုံး မေးခွန်း ပေါ်လာပါတယ်။
How to stop Thinking?
ကျနော်တို့ အတွေးစဉ်ကို ဘယ်လိုရပ်ရမှာလဲ။

ဖြေကြည့်မယ်။

ကျနော်တို့ စိတ်ရဲ့ အတွေးစဉ်ကို ရပ်ပစ်လို့ မရပါဘူး။ အတွေးကို ရပ်တန့်ပစ်ဖို့ မကြိုးစား စေချင်ဘူး။ အကြောင်းက အတွေးဟာ သူ့ အလိုအလျောက်သာ ရပ်တန့်သွား နိုင်တယ်။ ကိုယ်က ပြုပြင်အားစိုက်လို့ မရဘူး။ ဒါကို – အတင်းအကျပ် ပြုပြင်အားစိုက်ပြီး လုပ်ယူရင် ရူးသွားဖို့သာ ရှိပါတယ်။ အဲ့ဒါကို ဂရုပြုစေချင်ပါတယ်။

ဇင် မှာ ပြောလေ့ပြောထ ရှိတဲ့ No-mind အတွေးစိတ် မရှိတော့တဲ့ အခြေအနေ ဆိုတာ အတွေးတွေ ရပ်သွားတဲ့ အခြေအနေကို ဆိုလိုတာ မဟုတ်ဘူး။ အတွေးစဉ် ဆက်လက်ပြီး မရှိတော့တာ ကိုသာ ဆိုလိုတာ ဖြစ်ပါတယ်။ ရှုပ်သွားလား မသိ။ တစ်နည်း ပြန်ပြောပါမယ်။

စိတ်အတွေးစဉ်ကို ရပ်တန့်ဖို့ အားစိုက် ထုတ်ကြည့်ရင် ပိုပြီး အာရုံ ရှုတ်ထွေး လာတာကို တွေ့ရမယ်။ ဒါမှမဟုတ် သိစိတ်အစဉ်က ဝေဝါး သွားတယ်။ အတွေး အချင်းချင်း ပဋိပက္ခ ဖြစ်ကုန်တယ်။ ဒီထက် လွန်ကဲလာရင် ခင်ဗျား သတိလစ် သွားမယ်။ အဲ့ဒီ အခြေအနေမှာ ခင်ဗျား တော်တော် ကြာကြာ ရပ်တည်ကောင်း ရပ်တည် နေနိုင်ပါတယ်။ ဒါပေမယ့် ကျနော် ဆိုလိုတဲ့ နေရာကိုတော့ ရောက်မှာ မဟုတ်ဘူးရယ်။

တစ်ခါတစ်လေမှာ အချိန် အတိုင်းအတာ တစ်ခု အထိ စိတ်အတွေးတွေ ငြိမ်သက်ကျ သွားနိုင်တယ်။ အဲ့အခြေအနေကို လူတိုင်း နီးပါး လုပ်နိုင်ပါတယ်။ ဒါပေတဲ့ အဲ့ဒါဟာ ဇင်မှာ ပြောလေ့ရှိတဲ့ No-mind နေရာ မဟုတ်ဘူး။ အဲ့ဒီ အခြေအနေဟာ အဲ့ဒီ ခဏတာ အတွင်းပဲ ရပ်တန့်သွားတာ သက်သက် ဖြစ်ပါတယ်။ သူတို့ကို ပြန်လှုပ်နှိုးရင် ခင်ဗျား နကို အခြေအနေကိုပဲ ပြန်ရောက် လာတယ်။

Read more of this post

ရေသာများ၍ ငါးမတွေ့

ငါးသည် ရေတွင်မွေး၍
အကြင်သူ သည် Tao တွင် မွေးဖွားသည် ။

ရေတွင် မွေးသော ငါးသည် ရေ၏ နက်ရာသို့ တိုးဝင်၍
အလိုဖြည့်သကဲ့သို့
Tao တွင် မွေးဖွားသော အကြင်သူ သည်
ဥပါဒါန်၊ လိုအင်ဆန္ဒတို့ ကင်းချုပ်စေ၍
အသင်္ခါရ အပြုအမူကို နက်နဲစေခြင်း အားဖြင့်သာ
ဘဝ၏ ဘေးကင်းရာသို့ လျိုးဝင်သည်။

Chaung Tzu
Osho: When The Shoe fits

ကျနော်တို့ ဘဝတွေမှာ လိုအပ်ချက်တွေ ( Needs ) ရှိပါတယ်။ အဲ့ဒီ လိုအပ်ချက်တွေကို ပြည့်စုံအောင် ဖြည့်စွမ်းကောင်း ဖြည့်စွမ်းနိုင် ပါလိမ့်မယ်။ ဒါပေမယ့် လိုအင်ဆန္ဒ၊ လိုဘ ( Desire ) ကိုတော့ ပြည့်စုံအောင် ဘယ်တော့မှ မဖြည့်စွမ်း ပေးနိုင်ဘူး။

လိုအပ်ချက် ဆိုတာက ရိုးစင်းပါတယ်။ သဘာဝ ကပဲ လာပါတယ်။ လိုအင်ဆန္ဒ ဆိုတာ ကတော့ ရှုပ်ထွေးသွားတယ်။ ဆိုလိုတာက – သူက သဘာဝ မဟုတ်ဘူး။ ကျနော်တို့ ရဲ့ စိတ်အကြံ၊ အစွဲတွေ ပဲ ဖြစ်ပါတယ်။ သူက အနာဂတ် ဆိုတာ အတွက်ပဲ အမြဲ ရှိတယ်။ ရှင်သန်နေမှု ဘဝ ဖြစ်တည်ချက် က ဖန်တီးတာ မဟုတ်ဘူး။ စိတ်၊ အကြံအတွေး တွေက ပုံရိပ်ထိုး လှုံ့ဆော် ပေးထားတာမျိုး ဖြစ်ပါတယ်။ ဒါ့ကြောင့် လိုအပ်ဆန္ဒ ဟာ အဲ့သလို စိတ်ကူး ပုံရိပ်နဲ့ လှုံ့ဆော်ထားတဲ့ အရာတစ်မျိုး သက်သက်က လွဲရင် သူတို့ဟာ တကယ့် လိုအပ်ချက်တွေ မဟုတ်ကြဘူး လို့ ကျနော် ဆိုချင်တယ်။

ဒါကို ခင်ဗျား ပိုပြီး နားလည်လာနိုင်မယ် ဆိုရင် – ခင်ဗျား ဘဝ ရှင်သန်မှုမှာ ပိုပြီး အေးချမ်းလာနိုင် လိမ့်မယ်။ ဒါဆို လိုအင်ဆန္ဒ ဆိုတာ ဘာလဲ။ စေ့စေ့ငှငှ မေးပြီ ဆိုပါတော့။ အနာဂတ်ကို မျှော်ခေါ်နေတဲ့ စိတ်အဟုန် တစ်ခု လို့ ကျနော် ဆိုရပါမယ်။ လိုအပ်ချက် ( Needs ) နဲ့ လိုအင် ဆန္ဒ ( Desires ) က မတူဘူး။ လိုအပ်ချက် ဆိုတာ အခု ဒီ “ခဏ” နဲ့ သက်ဆိုင်တယ်။ ခင်ဗျား အခု ဆာလာရင် – အခု အစာ စားချင်တယ်။ အစာ ဖြည့်ပေးမယ်။ ဖြည့်လိုက်တယ်။ ဒါ ထွေထွေထူးထူး ပြဿနာ မရှိလောက်ဘူး မဟုတ်လား။ ခင်ဗျား အခု၊ ဒီနေရာမှာတင် ရေဆာတယ်၊ အဲ့အတွက် ရေရှာတယ်။ သောက်လိုက်တယ်။ ဒါဟာ ခင်ဗျားရဲ့ ရှင်သန်နေမှုမှာ ၊ ဘဝမှာ ရှိတဲ့ လိုအပ်ချက် ရိုးရိုးလေးပါ။ ဒါပေမယ့် လိုအင်ဆန္ဒ ကတော့ အဲ့လို မဟုတ်ဘူး။ ခင်ဗျားမှာ စားစရာ မရှိမှာ စိတ်ပူတယ်။ သောက်စရာ မရှိမှာ စိတ်ပူတယ်။ ဒါပေတဲ့ ဒါလေးက ရိုးသေးတယ်။ စားစရာ သောက်စရာ ရလာပြန်ရင် ခင်ဗျား လိုဘ ( Desire ) က ထပ်တွေးတယ်။ ငါနေထိုင်မကောင်း၊ မကျန်းမမာ ဖြစ်ရင် သုံးဖို့ စွဲဖို့ ရှာရဦးမယ်။ – အဲ့ဒီနောက်တော့ ခင်ဗျား သန္တာန်မှာ လိုဘ ဆန္ဒ ( Desires ) တွေ တစ်စစ များပြားလာတယ်။

ဆိုပါစို့ရယ် ခင်ဗျား နိုင်ငံတော် သမ္မတကြီး ဖြစ်ချင်တယ်။ အဲ့ဒါ လိုအပ်ချက် မဟုတ်တော့ဘူး – ခင်ဗျား ရဲ့ ရည်ရွယ်ချက်၊ စိတ်ကူး ဆိုတာကြီး သက်သက်။ ခင်ဗျား အနာဂတ်ကို ပုံဖော်ချင်တဲ့ ခင်ဗျားရဲ့ အတ္တ သက်သက်။ ဒါမှ မဟုတ်ဘဲ ခင်ဗျားက ကောင်းကင်ဘုံ ရောက်ချင်တယ်။ ဒါလည်း ခင်ဗျား အနာဂတ်ကို မျှော်ကြည့်နေတဲ့ အရာ တစ်ခုပဲ။ – ဒါမှ မဟုတ် ခင်ဗျား ဘုရား ဖြစ်ချင်တယ် – ဒါလည်း ခင်ဗျားရဲ့ အနာဂတ် မျှော်တွေးနေမှုပဲ ဖြစ်ပါတယ ။

Read more of this post

ကျမ်းတစ်အုပ် ရဲ့ အစ

ပြောပြနိုင်သော ဓမ္မ ( Tao ) သည်
ပြီးပြည့်စုံသော ဓမ္မ ( Tao ) မဟုတ်ပေ။

ဒါဟာ တောက်တယ်ကျင်း စာအုပ်ငယ်ရဲ့ ပထမဆုံး ကျမ်းစာပိုဒ် ဖြစ်ပါတယ်။ ဒီကျမ်းစာအုပ် ဖြစ်ပေါ်လာပုံကို ပြောသင့်တယ်လို့ ထင်တယ်။ အဲ့ဒါမှ ဒီစာပိုဒ်ကို နားလည်ဖို့ အထောက်အကူ ရပါလိမ့်မယ်။

လောက်ဇူဟာ နှစ်ကိုးဆယ် နေထိုင် ခဲ့တယ်။ အဲ့ဒီ နှစ်ကိုးဆယ် လုံးလုံးမှာ “နေထိုင်ခဲ့တယ်” ဆိုတာက လွဲလို့ အခြား ဘာမှ မလုပ်ခဲ့ဘူး။ သူဟာ သူ့ဘာသာ “အပြည့်အဝ နေထိုင် သွားတယ်” ။ သူ့အနီးအပါး က ရောင်းရင်းတွေက သူ့ကို စာ တစ်စောင် ပေတစ်ဖွဲ့ ရေးသား ထားခဲ့ဖို့ အကြိမ်ကြိမ် တိုက်တွန်း တယ်။ ဒါပေမယ့် အဲ့လို တိုက်တွန်း တိုင်း သူ ပြန်ပြောလေ့ ရှိတဲ့ စကားက – Tao ဟာ ပြောလို့ရပြီ ဆိုရင် Tao စင်စစ် မဟုတ် တော့ဘူး။ သစ္စာတရား ကို ပြောပြပြီ ဆိုတာနဲ့ တစ်ပြိုင်နက် အဲ့ဒီ ပြောစကား “သစ္စာ” ဟာ စစ်မှန်တဲ့ သစ္စာတရား မဟုတ်တော့ဘူး။ ဒါ့ကြောင့် သူ ဘာမှ မပြော သလို၊ ဘာမှလည်း မရေးခဲ့ဘူး။

ဒီလိုဆိုရင် ခင်ဗျားက ပြန်မေးမယ်။ သူ့ရောင်းရင်းတွေဟာ သူနဲ့ အတူနေပြီး ဘာလုပ်ကြသလဲ လို့။ သူတို့ဟာ လောက်ဇူနဲ့ အတူ နေထိုင်နေ ရုံမျှလေးသာ ဖြစ်ပါတယ်။ သူနဲ့ အတူ ယှဉ်တွဲ ဖြစ်တည်နေတယ်။ သူနဲ့ အတူ ရှင်သန် နေထိုင်တယ်။ သူ လျောက်တဲ့အတိုင်း လျောက်တယ်။ သူ့ရဲ့ ဖြစ်တည်မှု အတွင်းမှာ သူတို့ အားလုံး ရောထွေး စိမ့်ဝင် နေကြတယ်။ သူ့အနားမှာ နေထိုင်နေကြတဲ့ အတွက် သူတို့ အားလုံးက သူ့ဆီက ဖွင့်အာ လာမယ့် တစ်ခုခုကို ရဖို့ ကြိုးပမ်းကြတယ်။ သူတို့ အခြား ကိစ္စတွေကို မတွေး ဖြစ်ဖို့၊ မစဉ်းစား ဖြစ်ဖို့ လုံးပမ်း ကြတယ်။ သူ့အနားမှာ နေတဲ့ အတွက် သူတို့အားလုံး တိတ်ဆိတ်ပြီးရင်း တိတ်ဆိတ် နေဖို့ အားထုတ် လာကြတယ်။ အဲ့ဒီ တိတ်ဆိတ်မှု အားဖြင့်သာ လောက်ဇူဟာ သူတို့ဆီကို သက်ရောက်နိုင်တာ ဖြစ်ပါတယ်။ တိတ်ဆိတ်မှု အတွင်းကနေ သူတို့ဆီကို ရောက်လာမယ် – သူတို့ရဲ့ တံခါးကို ခေါက်မယ်။

လောက်ဇူဟာ နှစ်ကိုးဆယ် လုံးလုံး တစ်ခုခုဆိုတာကို ရေးသားဖို့ ပြောကြားဖို့ ငြင်းဆန်ခဲ့တယ်။ သူ့ရဲ့ အရင်းအကျဆုံး အကြောင်းက – အမှန်တရား ဆိုတာ သင်ကြားပေးလို့ မရဘူး ဆိုတဲ့ အချက်ပဲ။ ခင်ဗျားက အမှန်တရား ဆိုတာရဲ့ အကြောင်းကို တစ်ခုခု ပြောပြီ ဆိုရင် – အဲ့ဒါ အမှန်တရား စင်စစ် မဟုတ်ဘူး။ ခင်ဗျား စကားတွေက အမှန်တရားကို မှားအောင် လုပ်တာပဲ ဖြစ်လိမ့်မယ်။ အဲ့လိုပဲ – အမှန်တရားကို ခင်ဗျား သင်ကြားပေးလို့ မရဘူး။ အလွန်ဆုံး လုပ်နိုင်တာက ခင်ဗျား ညွှန်ပဲ ညွှန်ပြနိုင်တယ်။ အဲ့ဒီ ညွှန်ပြတယ် ဆိုတာက ခင်ဗျား ရဲ့ ဖြစ်တည်မှု၊ ခင်ဗျားရဲ့ ဘဝ တစ်ခုလုံးကို ဆိုလိုပါတယ်။ အဲ့ဒါကို ဘယ်လို စကားလုံးတွေနဲ့ အပြည့်အဝ ညွှန်းဆို ပြမလဲ။ သူက စကားလုံးတွေ ကို ဆန့်ကျင်တယ်။ ဘာသာစကား ဆိုတာတွေကို ချေဖျက် ပစ်တယ်။

Read more of this post

ကျွဲပျောက် ရှာခြင်း

၁၂ ရာစုနှစ်၊ တရုတ် ဘုန်းတော်ကြီး ခါ့ခွမ် ဆွဲသားတဲ့ ကျွဲပျောက်ရှာခြင်း ပန်းချီကား ဆယ်ချပ် ဖြစ်ပါတယ်။ အစောပိုင်း – တာအိုဝါဒ ရဲ့ အမြင်တွေကို အခြေခံ ထားပြီး လင်္ကာနဲ့ အဖွင့် ရေးသား ထားခဲ့တယ်။ သူ့ရဲ့ အမြင်ကို ဇင် စင်စစ် ဖြစ်ကြောင်း နှောင်းပိုင်းမှာ လက်ခံလာ ကြပါတယ်။ အသိဥာဏ်ရဲ့ အဆုံးသတ် ပွင့်လင်းရာကို အနီးစပ်ဆုံး ဖော်ကျူးနိုင်ဖို့ – ရှစ်ခုမြောက် ပန်းချီကားမှာ ဘာမှ မပါဘဲ ဗလာသက်သက် ထားရစ်ခဲ့တယ် ။ ဒီမှာ ဖော်ပြထားတဲ့ ပုံဆယ်ပုံ ဟာ ကျိုတို Woodblock Artist – Tomikichiro Tokuriki က ပြန်ပြီး ရေးဆွဲထားတာပါ ။ ဇင် ပုံပြင်တွေထဲမှာ ဘဝနဲ့ ဘဝခရီးကို လှလှပပ ပြောပြနေတဲ့ ပုံပြင်တွေ အများကြီးထဲက တစ်ပုဒ်ပါ။

ဒါကို ဆရာဦးသာနိုး တစ်ချိန်က ပြန်ဆို ထုတ်ဝေ ခဲ့ဖူးပါတယ်။ ပြီးခဲ့တဲ့ ဆယ်နှစ်လောက်က ဖြစ်ပါလိမ့်မယ် -သေသေချာချာ တော့ မမှတ်မိ။ ဒီမှာ ကျနော် ဘာသာ ပြန်ဆို၊ ရေးထားတာဟာ အဲ့တုန်းက ဆရာ့ရဲ့ ပြန်ဆိုရေးသား မှုကို ခြေဖျားတောင် မှီမှာ မဟုတ်ဘူးလို့ ပြောချင်ပါတယ်။ ပြီးတော့ – ကျနော် – လုံးစေ့ပတ်စေ့ ပြန်ဆိုထား တာလည်း မဟုတ်ပါဘူး ။ မိမိသန္တာန်မှာ ပေါ်လွင်နေတဲ့ အတိုင်းသာ ရေးချထားတာ ဖြစ်ပါတယ်။ မူရင်းနဲ့ တိုက်ဆိုင်ကြည့်လို့ – ကွဲပြားနေပါတယ် ဆိုရင် သည်းခံပါ။ ကျေးဇူးပါ။

………………………………………………..

၁။ ကျွဲပျောက်ရှာခြင်း


ကမ္ဘာလောကရဲ့ နေ့ရက်တွေထဲ နေထိုင်ရင်း ကျွဲပျောက် ရှာချင်တာနဲ့ပဲ မြက်တော ချုံနွယ်တွေကြား ဘဝကို အပ်နှံခဲ့လိုက်တယ်။ အမည် မသိတဲ့ မြစ်တွေနောက် တကောက်ကောက် လိုက်၊ တောတောင် လျိုမြောင်တွေရဲ့ ကွေ့ကွေ့ကောက်ကောက် လမ်းတွေကြား ဝိုးတဝါး လျောက်ခဲ့။ ခွန်အားတွေလည်း ကုန်ခန်းခဲ့ပြီ။ အားအင်တွေလည်း ချိနဲ့ခဲ့ပြီ။ ကျနော့ကျွဲကို ရှာမတွေ့။ ခပ်ဝေးဝေး တောအုပ်က သတ္တဝါတို့ရဲ့ ခိုညည်းသံ ကိုသာ ညည ဆို အခါခါ ကြားနေမိခဲ့။

အဖွင့်။ ။ ကျွဲက ဘယ်တုန်းကမှ မပျောက်ခဲ့ဘူး။ ဘာကို ရှာနေရဦးမလဲ။ ကျနော့ရဲ့ တကယ့် ဘဝကို စွန့်ပယ်ထားတဲ့ နည်းအားဖြင့်သာ ကျနော် ရှာမတွေ့နိုင်ခဲ့ရတာ ဖြစ်တယ်။ အာရုံတွေ နောက်ကျိကုန်တယ်။ ခြေရာတွေ ပျောက်ကုန်ရတယ်။ အိမ်ကနေ အဝေးထွက်ရင်း၊ လမ်းမှား တွေလည်း ရောက်ကုန်ရတယ်။ ဘယ်ဟာက မှန်ရာ လမ်းလဲ – ကျနော် မသိနိုင်တော့။ လိုချင်မှု လောဘ၊ ကြောက်ရွံ့မှု ဘယာ၊ ကောင်းမြတ်ခြင်း ကုသိုလ်တရားနဲ့ ဆိုးမိုက်ခြင်း အကုသိုလ် တရားတို့သာ ကျနော့်ကို အထပ်ထပ် နှောင်ချည် နေမိခဲ့တယ်။ Read more of this post

မိမိ ကိုယ်ကို နားလည်ခြင်း ( သို့ ) လောက်ဇူ

ပြောပြရုံမျှဖြင့် ပြည့်စုံသွားမည့် ဓမ္မသည်
ပြီးပြည့်စုံသည့် ဓမ္မ မဟုတ်။

ဆန့်ကျင်ဘက် တို့၏ အညမည ၊ သဟဇာတ အားဖြင့်

လောကသား တို့သည် အလှတရားကို အလှတရား အဖြစ် သိမြင်ကြသောအခါ
အရုပ်ဆိုး အကျည်းတန်ခြင်းသည် ပေါ်ပေါက်လာရ၏။

လောကသား တို့သည် ကောင်းမြတ်ခြင်း ကို ကောင်းမြတ်ခြင်း အဖြစ် သိမြင် လာကြသော အခါ
ဆိုးယုတ်ခြင်း မိစ္ဆာ သည် ပေါ်ပေါက်လာရ၏။

ထို့ကြောင့်
ဖြစ်တည်ခြင်း နှင့် မဖြစ်တည်ခြင်းတို့သည်
ကြီးထွားမှု အပေါ်၌သာ အညမည မှီခိုသည်။
ခက်ခဲခြင်း နှင့် လွယ်ကူခြင်း တို့သည်
ပြည့်စုံမှု အပေါ်၌သာ အညမည မှီခို၏။
ရှည်ခြင်း နှင့် တိုခြင်း တို့သည်
နှိုင်းယှဉ်မှု အပေါ်၌သာ အညမည မှီခိုသည်။
မြင့်ခြင်း နှင့် နိမ့်ခြင်း တို့သည်
တည်နေရာ ဒေသ အပေါ်၌သာ အညမည မှီခို၏။
ဂီတ နှင့် ဆူညံသံ တို့သည်
အသံတွဲဆက်မှု အပေါ်၌သာ အညမည မှီခိုသည်။
အရှေ့ရောက်ခြင်း နှင့် အနောက်ရောက်ခြင်း တို့သည်
တွဲဖက် အပေါ်၌သာ အညမည မှီခို၏။

သို့ဖြစ်၍ ပညာရှိသောသူသည် –
အပြုအမူ လှုပ်ရှား မပါရှိဘဲ အရေးကိစ္စတို့ကို စီမံသည်။
ဝေါဟာရ စကားတို့ မပါရှိဘဲ နည်းလမ်း တို့ကို ဟောကြားသည်။
အရာအားလုံး ဖြစ်ထွန်း လာသည်ကို လက်ခံ ရှင်သန်စေသည် – ရှောင်ဖယ် ပိတ်ပင် ထားခြင်း မရှိ။
သူတို့ အတွက် ဘဝကို ပေးသည်။ သူတို့ကို ပိုင်ဆိုင် ရယူလိုခြင်း မရှိ။
သူတို့အတွက် ပြုမူဆောင်ရွက်သည် – သဘောဆန္ဒအလျောက် ပြုမူခြင်း မျိုး မရှိ။
ပြီးပြည့်စုံ သွားစေသည် – မိမိ ကိုယ်ကိုယ် ဂုဏ်ဖော် ယူခြင်း မရှိ။

ယင်းသို့ ဂုဏ် ဖော်ယူခြင်း မရှိသောကြောင့်လည်း
၎င်းထံမှ ဂုဏ်ကို မည်သူမှ လုယူမသွားနိုင်တော့ပေ။

Lao Tzu: Tao Teh Ching . Verse ( 2 )

……………………………………………….

မဟာဝီရ ( မဟာဗီးရ် : Mahavir ) နဲ့ ပတ်သက်လို့ ကျနော် ပြောတယ်။ ကျနော့ တာဝန် တစ်ခု အနေနဲ့ ပြောပါတယ်။ ကျနော့ နှလုံးသား ထဲက ပြောတာတော့ မဟုတ်ဘူးရယ်။ သူက သင်္ချာ ဆန်တယ်။ နက်နဲ ခက်ခဲ နေတဲ့ ဂမ္ဘီရဆန်ဆန် လူသား တော့ မဟုတ်ပါဘူး။ ဖြစ်တည်မှုနဲ့ ပတ်သက်လို့ ကဗျာ မဆန်ဘူး။ ကြီးမြတ်တဲ့သူ ၊ အသိဥာဏ် အလင်း ရတဲ့သူ ဟုတ်တယ်။ ဒါပေမယ့် ကန္တာရ တလင်းပြင် ကျယ် ကြီး တစ်ခုနဲ့ တူပါတယ်။ ဘယ်လို အိုအေစစ်မျိုးမှ မတွေ့ရမယ့် ကန္တာရ မျိုးပေါ့။ ကျနော် မွေးဖွားလာရာ ဘာသာ ဟာ ဂျိန်း ဘာသာ ပါ။ ဒါ့ကြောင့် သူ့ကိုတော့ အရိုအသေ ပေးရတာမျိုး ရှိတယ်။ သူ့ကို တာဝန် တစ်ရပ် အနေနဲ့ ကျနော် ပြောရတယ်။ ဒါပေမယ့် ကျနော့ နှလုံးသား ကတော့ သူ့ဆီမှာ မရှိဘူး။ သူ့အကြောင်းကို စိတ်ကူး ကနေသာ ပြောတာ သက်သက်ပဲ ။ မဟာ ဝီရ လို့ ခေါ်တဲ့ သူ့ အကြောင်းကို ပြောရင် ကျနော် စည်းအပြင်က လူတစ်ယောက် လို ဖြစ်လာ တယ်။ ကျနော့ ထဲမှာ သူမရှိဘူး – သူ့ထဲမှာ ကျနော် မရှိဘူး။

မောရှေ နဲ့ မိုဟာမက် ( Moses, Mohammed ) တို့ကိုလည်း အလားတူပါပဲ။ သူတို့ကို ပြောတာမှာ စိတ်ရော ကိုယ်ပါ မပါခဲ့ဘူး။ တကယ်လည်း မပြော ခဲ့ပါဘူး။ ဒါဟာ ကျနော် ဂျိန်းဘာသာဝင် ဖြစ်ခဲ့လို့ မဟုတ်ဘူး။ ဂျိန်းဘာသာ ဝင် မဟုတ်ခဲ့ရင်လည်း ကျနော် ပြောဖြစ်မှာ မဟုတ်ဘူး။ ကျနော့ မိုဟာမက် ဘာသာဝင် ရောင်းရင်းတွေ၊ ဂျူး ဘာသာဝင် ရောင်းရင်းတွေ ရှိတယ်။ သူတို့ ကျနော့နဲ့ တွေ့ဖြစ်ရင် ပြောကြတယ်။ “ခင်ဗျား ဘာလို့ မိုဟာမက်နဲ့ မိုးဇက် တို့ အကြောင်း မပြောရတာလဲ” တဲ့။ ဒီမေးခွန်း ရှိလာရင် သူတို့ကို ရှင်းပြဖို့ ခက်ပါတယ်။ အခါ တော်တော် များများ သူတို့ မျက်နှာကို ကြည့်ပြီး ကျနော် ပြောဖို့ ဆုံးဖြတ်မိသေးတယ်။ အကြိမ် တော်တော် များများလည်း မောရှေ၊ မိုဟာမက်တို့ ဆိုစကားတွေကို ကျနော် အထပ်ထပ် အခါခါ ကြည့်မိ သေးတယ်။ ဒါပေမယ့် အဲ့ဒီ နောက်တော့ ကျနော် တုန့်နှေး သွားရပြန်တယ်။ ကျနော့် နှလုံးသားမှာ ဘာအသံမှ မမြည်ဘူး။ ကျနော့ နှလုံးသား က မလှုပ်ရှားဘူး ၊ အသက်မဝင်ခဲ့ဘူး။ အဲ့တော့ ကျနော် ပြောရင် ကျနော့ စကားက အသက်မဲ့တဲ့ စကားပဲ ဖြစ်နေတော့မှာ။ မဟာဝီရ ( မဟာဗီးရ် ) ကို ပြောသလိုမျိုး ကျနော့်ဆီမှာ တာဝန်အနေနဲ့တောင် မရှိဘူး ။

တကယ်တော့ သူတို့ သုံးယောက် စလုံးက ခေါင်းစဉ်တစ်ခု တည်း အောက်မှာ ရှိပါတယ်။ သိပ် တွက်ချက်တတ်တယ်။ တစ်ဖက် အစွန်းမှာ အမြဲ ရှိနေတယ်။ သူတို့မှာ တစ်ဖက် အစွန်းကို လစ်လပ်နေတယ်။ ဖယ်ထား တယ်။ ဂီတ နုတ် ( note ) အသံ တစ်သံတည်း၊ တစ်ခုတည်း လိုပဲ။ တွဲဖက် ဟာမိုနီ ဖြစ်တာ မရှိဘူး။ သံစုံ မဟုတ်ဘူး။ တစ်သံတည်း ထွက်နေတဲ့ ဂီတနုတ် ဆိုတာ သူ့အလှနဲ့ သူ ရှိပါတယ်။ တကယ် မြင့်မြတ်တဲ့ အလှ ရှိတယ်။ ဒါပေတဲ့ တစ်သံတည်း ဖြစ်နေတယ်။ တစ်ခဏ တော့ အဲ့ အသံက အဆင်ပြေ နေမှာ ။ နားထောင် ကောင်းနေမှာပါ။ ဒါပေမယ့် အဲ့ဒီ အသံ ချည်းပဲ ဆက်လာနေရင် ခင်ဗျား ပျင်းသွားရော။ ပြီးတော့ ခင်ဗျား အဲ့ဒါကို ရပ်ပစ် ချင်သွားရော။ မဟာဝီရ ၊ မိုးဇက်၊ မိုဟာမက် တို့ရဲ့ ပုဂ္ဂိုလ်ရေး ဘဝတွေက အဲ့ဒီ တစ်သံတည်း ဂီတ နုတ်တွေနဲ့ အလား သဏ္ဍာန် တူပါတယ်။ ရိုးစင်းတယ်။ မြင့်မြတ်တယ်။ လှပတယ်။ Read more of this post

Empty Boat

Osho ၏ Empty Boat မှ နှစ်သက်မိသလို ပြန်ဆိုပါသည်။ / 27/10/2011 ( 2:00 AM )

…………………………………….

လူအများကို အုပ်ချုပ်တဲ့သူဟာ စိတ်ရှုပ်ထွေးလျက်နဲ့ ရှင်သန်တယ်။
လူရဲ့ အအုပ်ချုပ်ခံနေရသူဟာ သောကဗျာပါဒတွေနဲ့ ရှင်သန်တယ်။
ဒါကြောင့်လည်း —
ဘယ်သူ့ကိုမှ မစိုးမိုးတဲ့၊ ဘယ်သူကမှလည်း မစိုးမိုးကြတဲ့ ဓမ္မ ကို လိုလားအပ်တာ ဖြစ်ပါတယ်။
ရှုပ်ထွေးမှုတွေ ရှင်းလင်းသွားရာ၊ ကြေကွဲမှုသောကတွေရဲ့ လွတ်မြောက်ရာ လမ်းဟာ
လောက ရွံ့နွံအိုင်ထဲ ကျင်လည်ရင်း ဓမ္မနဲ့ ရှင်သန်နေထိုင်သွားခြင်းပဲ။

လူတစ်ယောက်က မြစ်တစ်စင်းကို ဖြတ်ကူးတယ်။
လှေလှော်တက်အဖြစ် သစ်ကိုင်းစလေးတစ်စကလွဲရင် အခြားဘာမှမရှိတဲ့ ဗလာကျင်း လှေငယ်လေးနဲ့။
သူက ဒေါသကြီးတတ်တဲ့သူ ဆိုပါစို့ရယ်။
အဲ့ ဗလာကျင်း လှေငယ်လေးအတွက်တော့ သူ ဘယ်ဒေါသ ဖြစ်လိမ့်မလဲ။
ဒါပေမယ့် ဒီလှေငယ်လေးပေါ်မှာ တစ်ယောက်ယောက်/တစ်ခုခု တက်လာခဲ့ရင်
ရှင်းသွား၊ ဆင်းသွားဖို့ သူအော်ငေါက်တော့မှာပဲ။
မရှင်းမချင်း၊ မဆင်းမချင်း သူအော်နေဦးမှာပဲ။ မြည်တွန်တောက်တီး ရေရွတ်နေဦးမှာပဲ။
ဒါတွေအားလုံးဟာ လှေပေါ်မှာ တစ်ယောက်ယောက် တစ်ခုခု ရှိနေလို့ ဖြစ်ရတာတွေပါပဲ။
တကယ်လို့သာ လှေငယ်လေးဟာ ဗလာကျင်း၊ နတ္ထိ တန်ခဲ့မယ်ဆိုရင်
သူ ဘယ်ဟာကို အော်ငေါက်နေဦးမလဲ၊ သူ ဘယ်ဟာကို ဒေါသဖြစ်နေရဦးမှာလဲ။

ခင်ဗျားသာ ခင်ဗျားရဲ့ လှေငယ်ကို အားလုံးရှင်းလင်း ခါထုတ်ပြီး၊
ကမ္ဘာတစ်ခွင် ခရီးနှင်ကြည့်စမ်းပါ။
Read more of this post

ဝေါဟာရ/ အဓိပ္ပာယ်/ သိမှု/ ရှိမှု = ပြဿနာ

ဒီညမှာ အိန္ဒိယ ဒဿန ဆရာ အိုရှိုးရဲ့ စာတွေ လိုက်ဖတ် ဖြစ်တယ်။ ရှေးဟောင်းတရုတ် ဒဿနတွေထဲက တာအိုဝါဒအပေါ်မှာ အားပြုနေတာ တွေ့ရတယ်။ သူရဲ့ The Way of Tao ကို ကြိုက်တယ်။ မြန်မာပြန်ဆို ကြည့်ဖို့ စဉ်းစားလိုက်တော့ မကျေလည်တာ တစ်ခု တွေ့ရပါတယ်။ အဲ့ဒါက Tao ( တောက် ) ဆိုတဲ့ ဝေါဟာရ နေရာပါ။ ဆရာသက်လုံရဲ့ စေ့ထားသော တံခါးများ ( ပ+ဒု ) မှာတော့ Tao ကို ဓမ္မတရား၊ တောက် လို့ ပဲ ထည်လဲသုံး ဖွင့်ဆိုပြထားတယ်။

Tao ဟာ ( ကျနော် နားလည်သလောက် ပြောရင် ) ဓမ္မတရား ဟုတ်ပါသလား။ အဲ့ဒီ ဝေါဟာရနဲ့ ဖလှယ်သုံးလို့ ရပါ့မလား။ ဓမ္မ ဆိုတာ ဗုဒ္ဓဝါဒနဲ့ နွယ်ပြီး သိရတဲ့ ပါဠိစကား ဖြစ်ပါတယ်။ ဗုဒ္ဓဘာသာမှာ ဓမ္မ ဆိုတာ လမ်း ဖြစ်ပါတယ်။ ဟုတ်တယ်ဟုတ်။

ဒီမှာ သုံးထားတဲ့ Tao ဟာ လမ်းလား။ လမ်း မဟုတ်ဘူးလို့ မြင်ပါတယ်။ အနောက်တိုင်း ဆရာတွေ သူတို့ဘာသာအလိုက် ပြန်ဆိုရာမှာ Tao ကို God နဲ့ ဖလှယ်သုံးနှုန်းထားတယ်။ အများအားဖြင့် တော့ Tao ကို Tao အတိုင်းပဲ ပြန်ဆိုကြတယ်။ ဘာလို့ဆို Tao ရဲ့ အနက်အဓိပ္ပာယ် ကိုယ်နှိုက်က ဖွင့်ဆိုရ ခက်ခဲနေလို့ပါပဲ။

တာအိုဝါဒရဲ့ ဆရာသခင် ဖြစ်တဲ့ Lao Tzu က သူရဲ့ Tao Teh Ching မှာ ရေးသားထားခဲ့တာ ရှိပါတယ်။ အပိုဒ်ရေ ( ၈၁ ) ပိုဒ် ရှိတဲ့ အနက် ပထမဆုံး အပိုဒ်မှာတင် ရှင်းထားတာက –

ရှင်းလင်းပြောပြနိုင်တဲ့ ဓမ္မ ( Tao ) ဟာ စစ်မှန်တဲ့ အသင်္ခါရ ဓမ္မ ( Tao ) မဟုတ်ဘူး။
ပညတ်သတ်မှတ်နိုင်တဲ့ အမည်သညာကလည်း စစ်မှန်တဲ့ အသင်္ခါရ အမည်သညာ မဟုတ်ဘူး။

– လို့ ဆိုထားပါတယ်။

ဆရာ အိုရှိုးက Lao Tzu ကို အတော်များများ အမွှမ်းတင်ထားတယ်။ စကားလုံးတွေ မပါဘဲ၊ ဖော်ပြချက်တွေ မရှိဘဲ ဘဝမှာ သမားရိုးကျ ရိုးရိုးလေး နေထိုင်သွားတတ်ကြသူတွေမှာ Lao Tzu ဟာ တစ်ယောက် အပါအဝင် ဖြစ်တယ်၊ လူတွေ သိနားလည်တဲ့ ဝေါဟာရတွေနဲ့ပဲ လူတွေ မသိကြသေးတဲ့ အရာတစ်ခုကို ဘယ်လိုရှင်းပြမလဲ ဆိုတဲ့ ပြဿနာ – အဲ့ပြဿနာကို ဖြေရှင်းရာမှာ Lao Tzu ဟာ ဆရာတစ်ဆူဖြစ်တယ်လို့ ဆိုပါတယ်။ Read more of this post