မော်လမြိုင် စာပေဟောပြောပွဲ ( ၁.၁.၂၀၁၁ ) မှာ ဆရာအော်ပီကျယ်ရဲ့ ဟောပြော စကားများ ထဲက တစ်စိတ် တစ်ပိုင်း ဖြစ်ပါတယ်။ ၁ နာရီကျော် ကြာတဲ့ ဆရာအော်ပီကျယ်ရဲ့ အသံဖိုင်ထဲက ရှေ့ပိုင်း ၃၇ မိနစ် ကို စာသားအဖြစ် ပြန်လည် ကူးယူ ထားပါတယ်။ အသံဖိုင် အပြည့်အစုံကို လိုချင်ရင် အဲ့ဟောပြောပွဲ တစ်ခုလုံး အတွက် ဒီနေရာမှာ ဒေါင်းယူ နိုင်ပါတယ်။ https://zayya.wordpress.com/library/content/directory/ ဒီလင့်ခ်မှာလည်း ကျနော်တင် ရှိထားပါတယ်။
ဒေါင်းလုပ်လင့်ခ် ပို့ပေးတဲ့ ကိုမျိုးမင်းကို ကျေးဇူးပါ။
ဇေယျ
……………………………….
မကြုံစဖူး ကြီးကျယ်သော စာပေဟောပြောပွဲကြီးရဲ့ နောက်ဆုံးညမှာ ဟောပြောခွင့် ရတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ( ကျန်းမာရေးကြောင့် ) ခါတိုင်းလိုတော့ အားနဲ့ မာန်နဲ့ ပြောနိုင်မယ် သိပ်မထင်ပါ။ နောက်တစ်ခုက အင်မတန် စကားပြောကောင်း၊ အင်မတန် ဗဟုသုတများတဲ့ ဆရာ ဖေမြင့်၊ ဆရာ ချစ်ဦးညို သူတို့ နှစ်ယောက်က ကျနော့နောက်မှာ အားရပါးရ ပြောမှာပါ။ ကျနော်လည်း ဒီလောက်များပြား၊ အင်မတန်ထူးခြားတဲ့ ပွဲကြီးမှာ ပြောခွင့် ရတုန်းတော့ တတ်နိုင်သရွေ့ ကြိုးစား ပြောပါမယ်။
ကျနော် ဒီနေ့ ပြောမယ့်ဟာက အသိပညာဖြင့် မောင်းနှင်သော – ဆိုတဲ့ ခေါင်းစဉ် ပေးတယ်။ ကာတွန်းဆရာက ကာတွန်း မဆန်ပဲ ရှုတ်ယှက်ခတ် တဲ့ ခေါင်းစဉ် ပေးမိတယ်။ အမှန်တကယ်က ဒီလောက်ကြီး ခက်ခက်ခဲခဲ မဟုတ်ပါဘူး။ ကျနော်တို့ မော်တော်ကား – ဥပမာ- ဓာတ်ဆီနဲ့ မောင်းတဲ့ကား။ ဒီဇယ်နဲ့ မောင်းတဲ့ကား ။ နောက်.. စီအန်ဂ်ဂျီနဲ့ မောင်းတဲ့ကား စသည် ကားအသီးသီးက အဲ့လို မောင်းနှင် နေကြသလိုပဲ တိုင်းပြည် အသီးသီးက ၊ လူ့အဖွဲ့ အစည်း အသီးသီးက အခုအချိန်မှာ – အသိပညာနဲ့ မောင်းနှင်နေတာကို တွေ့ရပါတယ်။
ကျနော်တို့ စာပေဟောပြောပွဲ ဆိုတာလည်း အသိပညာကို လက်ဆင့်ကမ်းကြတာ။ အဲ့တော့ အင်ဂျင်နီယာလည်း ဖြစ်တဲ့ ကျနော်က ဒီ – အသိပညာဖြင့်မောင်းနှင်သော – ဆိုတဲ့ ခေါင်းစဉ်ကို ရွေးထားပါတယ်။

မျိုးချစ်ကဗျာဆရာတွေ၊ မျိုးချစ် စာရေး ဆရာတွေ ရေးတာ ကျနော် သိပ်သဘောကျပါတယ်။ “ငါ့မြေကို တစ်လက်မမှ အကျူးကျော် မခံ။ အသက်ပေးပြီး ကာကွယ်မယ်။” ဆိုတဲ့ စာသား မျိုးကို ကျနော် မျိုးချစ်ကဗျာ တော်တော်များများ မှာ တွေ့ဖူးတယ်။
ဟုတ်ပါတယ် ။ ကျနော်တို့ အိမ်နီးချင်းက ၊ ( ကပ်လျက် အိမ်က ) ခြံစည်းရိုးတိုင်လေးကိုတောင် တစ်ထွာလောက် ကိုယ့်ဘက် ခိုးစိုက်ပြီး ဝင်းနံရံ အသစ် ပြန်ခတ်ရင်တောင် – ထမီစွန်တောင် ဆွဲပြီး ကျနော်တို့ ရန်သတ်ဖို့ ဝန်မလေးဘူး။ “ဟဲ့ ကောင်မ၊ နင် ဒီမှာကြည့်စမ်း။ ဒီမှာ တွေ့လား ခြံတိုင် အဟောင်း။ နင် ဘာဖြစ်လို့ ကျင်းကို ဒီဘက် ခိုး တူးရတာလဲ” အဲ့ဒါမျိုး ရန်တွေ့တာ။ အဲ့ဒီ အချိန်မှာ နဘန်းပဲ ဖက်လုံးရ လုံးရ။
ကျနော်တို့ အခု အိမ်နီးချင်း နိုင်ငံတွေ ဘာတွေက ကျနော်တို့ နိုင်ငံကို အရင်ခတ်ကလို ဒီကလိုပုံမျိုးကြီး ကျူးကျော် မနေတော့ဘူး။ အလုပ်ရှုတ်တယ်။ ကျနော်တို့ ကျွန်ဖြစ်တယ်။ ကျနော်တို့ ဘယ်လို ကျွန် ဖြစ်သလဲ။ ထားပါတော့… ရှေးလူကြီးတွေက ပြောတယ်။ “ကျွန်းကြောင့် ကျွန် ဖြစ်တာ” တဲ့။ ဘာလို့ဆို – ကျွန်းကို လိုချင်လို့ ကျွန် ဖြစ်တယ်။ မြေကို လိုချင်လို့ ကျွန်ဖြစ်တယ်။ ဟောဒီက ကျောက်မျက် ရတနာတွေကို လိုချင်လို့ သူတို့ ဒီနယ်မြေတွေကို သိမ်းပိုက်တယ်။
အခုကျတော့ အဲ့လို မဟုတ်တော့ဘူး။ ကျနော်တို့ ကျွန်း ဆိုလည်း –
ကျနော်ဟိုနေ့က တောင်ငူသွားတော့ Export လုပ်ဖို့ဆိုပဲ။ ကျွန်းတွေ ခုတ်ထားတာ မနည်းပါဘူး။ အများကြီးပဲ။ ခင်ဗျားတို့ ကျုပ်တို့ အခုသုံးနေတာက များသောအားဖြင့် အဲ့ဒီ Export လုပ်တဲ့ ကျွန်းတွေလောက် မကောင်းဘူး။ ကျွန်းဟာ သူတို့ ကျူးကျော်စရာ၊ ကျနော်တို့ နေရာကို လာပြီး ၊ သိမ်းပိုက်ပြီး ယူစရာ မလိုတော့ဘူး။ ကျနော်တို့ ဗမာလူမျိုးတွေ ပေးနိုင်တဲ့ ကျွန်းဈေးထက် ပိုပြီး ကောင်းကောင်း ပေးလိုက်ရင် ကျွန်းက Export ဖြစ်သွားတာပဲ။
ငါးသလောက် ဆိုလဲ အဲ့အတိုင်းပဲ။ အဲ့ငါးသလောက်ဆို ဟိုတနေ့က ဟင်္သာတသားတွေ ပြောတယ်။ ကျွန်တော်တို့ ကျမတို့က ခုနှစ်ထောင် ဈေး လောက်ပဲ အလွန်ဆုံး စားနိုင် တာပေါ့ တဲ့။ အခုတော့ နိုင်ငံခြားက သုံးသောင်းဈေး ပေးဝယ်တော့ – ကျနော်တို့ကို ဘယ်သူမှ မရောင်း တော့ဘူး။ နိုင်ငံခြားပဲ ပို့တယ်။ စပါးလည်း ဒီတိုင်းပဲ။ ပဲလည်း ဒီတိုင်းပဲ။ ကျနော်တို့ ဆီ လာပြီး အရင်တုန်းက ၊ နကိုတုန်းက – ပေါက်စီရောင်းတဲ့ သူတွေ ၊ ကျနော်တို့ ဆီလာပြီး လန်ချား ဆွဲတဲ့သူတွေက အခု ကျနော်တို့ ဆီ လာပြီး သိမ်းစရာ မလိုပဲနဲ့၊ သူတို့ လိုချင်တဲ့ ပစ္စည်းကို အကုန် သူတို့ ယူလို့ရတယ်။ ဝယ်လို့ရတယ်။
ဟိုတနေ့က ဆိုလဲ ကျောက်စိမ်းတွေ ။ ဝယ်သွားလိုက်တာ ။ အများကြီးပဲ။ ဝမ်းသာလိုက်တာ – ဒေါ်လာတွေ ရလို့။ ကျနော် အဲ့ ကျောက်စိမ်း တူးတဲ့ နေရာက ဓာတ်ပုံတွေ ကြည့်ဖူးတော့ – ကျနော်တို့ဒီလို ခြံအကျယ်ကြီးထဲမှာ ကျောက်စိမ်းတွေ အကြီးကြီး၊ အများကြီး ပြ ၊ ရောင်းနိုင်ဖို့ ကျောက်တောင် ပေါင်း များစွာကို ဖြိုလိုက်ရတယ် ဆိုတာ တွေ့တယ်။ အဲ့တော့ သူတို့ ဆိုတာတွေ ကလည်း ဒီနယ်မြေကို လာပြီး သိမ်းပိုက်စရာ မလိုတော့ဘူး။ သူတို့ လိုချင်တဲ့ ဈေးပေးပြီးပဲ ဝယ်လိုက်တယ်။
Read more of this post