လှိုင်းကြက်ခွပ်

ကမ္ဘာ မလည်ဘဲ လူတွေ လည် နေခဲ့ပြီး၊ ကောင်းကင် မပြိုဘဲ လူတွေ ပြိုတယ်။ မွေး ကတည်းက သေမင်း ကို ပတ်ပြေးနေ ရတာဟာ ကောင်းကောင်း မရှင်သန် နိုင်ခဲ့လို့ လို့ ပြောကြတယ်။

သိပ္ပံ မှာ ဖွင့်ဆိုတယ်။ – “ဖြစ်ခဲ့တာတွေ အားလုံး” နဲ့ “ဖြစ်နေတာတွေ အားလုံး” ဟာ – တစ်ခုတည်း က ပုံပြောင်း သွားရုံ သက်သက်။ ဘယ်ဟာ မှ မတိုး လာ သလို၊ ဘယ်ဟာမှ မလျော့ သွားဘူး (လို့ ဆိုတယ်)။ လိုရင်းက – လူ တစ်ယောက် (ဝါ) အရာ တစ်ခု အသက်ရှူရုံမျှလေး က – အဆုံးမဲ့ ခြေရာပေါင်း များစွာ ထားသွား ခဲ့နိုင်တယ်။ ဒါနဲ့များ – ငါ၊ သူတစ်ပါး ခွဲခြားဆဲ၊ သူ့ဥစ္စာ၊ ငါ့ ဟာ သိမ်းပိုက် ယူနေကြဆဲ။ ငါမှ ငါ၊ သူမှ သူ – မာန်မာန တက်ကြဆဲ။

အတွင်းကို ဝင်တဲ့ ခြေလှမ်း ဟာ အပြင်ကို လျောက်ခဲ့တဲ့ ခြေထောက်နဲ့သာ လျောက်လှမ်း ရတာ ဖြစ် ပါတယ်။ Read more of this post

အိုဘယ့် လောက

တကယ် စိတ်ပျက်ဖို့ ကောင်းတယ် ( ဒါမှမဟုတ် ) စိတ်ပျက်စရာတွေ ချည်းပါပဲကွာ လောကကြီးက — လို့ ပြောသံမျိုးတွေ၊ အကျင့်ပါရင်း သုံးဖြစ်တဲ့ စကားတွေ ရှိပါတယ်။ ကမ္ဘာ လောကကြီး မှာ စိတ်ပျက်စရာ၊ စိတ်ရှုပ်စရာတွေ၊ အပိုင်းပိုင်း အတစ်တစ် ပွထ နေတာ ဘာကြောင့်ပါလဲ။ ခေတ်စနစ် တစ်ခုရဲ့ အရေးအရာ -ဘာသာ၊ သာသနာ၊ ယဉ်ကျေးမှု၊ အနုပညာ၊ စီးပွားရေး ၊ နိုင်ငံရေး စသဖြင့် – ဘယ်နယ်ပယ် မှာ မဆို ဒီမေးခွန်း၊ ဒီစကား တွေ ထွက်ထွက် လာတတ်ကြတာ ဘာကြောင့်လဲ။

အဖြေကတော့ – မျှော်လင့်တာတွေ များနေလို့ပါ။

ဆိုပါစို့။ ခင်ဗျား တစ်ခုခုကို မျှော်လင့်ကြည့်မယ်။ စိတ်ပျက်စရာ ဆိုတာ အနည်းဆုံးတော့ တွေ့လာ ရပါတယ်။ ဒီလိုမှ မဟုတ်ဘဲ – ဘယ်ဟာကိုမှ မမျှော်လင့်ဘဲ ထားကြည့်။ ဘယ် စိတ်ပျက် စရာမှ ပေါ်မလာဘူး ဆိုတာ တွေ့မယ်။ ခင်ဗျား များများ မျှော်လင့်လေ၊ ခင်ဗျားမှာ စိတ်ပျက် စရာတွေ ပိုများရ လေလေ ပါ။ ဆိုလိုတာက စိတ်ပျက်တယ် ဆိုတာဟာ မျှော်လင့်ချက်ရဲ့ နောက်ဆက်တွဲ ထွက်ကုန်ပစ္စည်း ပဲ ဖြစ်ပါတယ် ။ အဲ့ဒါကြောင့် စင်စစ် ကျနော်တို့ ရှင်းရမယ့် ပြဿနာဟာ – စိတ်ပျက်တယ် ဆိုတဲ့ အပေါ်မှာ မဟုတ် ဘူး။ စိတ်ပျက်တယ် ဆိုတာက အကျိုး ရလာဒ် သက်သက်ပဲ ။ တကယ် ရှင်းရမယ့် ပြဿနာ က သူ့ရဲ့ အကြောင်း ဖြစ်တဲ့ “မျှော်လင့်ချက်” အပေါ်မှာပဲ ဖြစ်ပါတယ်။

စိတ်ပျက်ရတယ် ဆိုတာ ဟာ မျှော်လင့်ချက် ရဲ့ နောက်မှာ တစ်ကောက်ကောက် ပါနေတဲ့ အရိပ်ပါ။ ဒါ့ကြောင့် ခဏလောက် ဖြစ်ဖြစ် ခင်ဗျားမှာ မျှော်လင့်နေမိ တဲ့ စိတ် မရှိဘူး ဆိုရင်၊ ဒါမှမဟုတ်၊ မျှော်လင့်တယ် ဆိုတဲ့ စိတ် – ခင်ဗျားမှာ လုံးဝ ရှိ မနေရင် – ဒီပြဿနာ က ရိုးရိုးလေး ပြီးဆုံး သွားပါတယ်။ ဘာနဲ့ တူသလဲ ဆိုတော့ – ခင်ဗျားက မေးခွန်းတစ်ခု မေးတယ်။ အဲ့အတွက် အဖြေ တစ်ခု ပြန်လာတယ်။ -အဲ့သလိုမျိုး ပါပဲ။ ခင်ဗျားက မျှော်လင့်ချက် တွေ နဲ့ မေးခွန်း ထုတ်မယ်၊ အဖြေ ပြန်လာတော့ ခင်ဗျား စိတ်ပျက် သွားမယ်။ မျှော်လင့်ချက်ကို စိတ်ပျက်မှုက ဖြည့်စည်းပေး တာပဲ ဖြစ်ပါတယ်။

ဒါပေမယ့် ကျနော်တို့ လုပ်သမျှ အရာရာတိုင်း ဟာ မျှော်လင့်ချက် တွေနဲ့။

ဥပမာ အနေနဲ့ ပြောပါမယ်။ ကျနော်က တစ်ယောက်ယောက် ကို ချစ်တယ် ဆိုပါတော့- ကျနော် ကိုယ်တိုင် တောင် အမှတ် မထား မိပါဘဲနဲ့ မျှော်လင့်ချက် ဆိုတာ ရှိလာပါတယ်။ ဘယ်ချိန် ဘယ်လို ရှိလာသလဲ ။ ကျနော် မသိဘူး။ တန်ပြန် ရောက်လာမယ့် အချစ် ကို မျှော်လင့်တယ်။ ကျနော် ချစ်တာက ဖြင့် အပြည့် အဝ မပြီးသေးဘူး – ကျနော် အချစ်စိတ် ကဖြင့် ပွင့်အံ ထွက် မလာသေးဘူး – မျှော်လင့်ချက် က ရောက်နှင့် နေပြီ ဖြစ်ပါတယ်။ အဲ့ဒီနောက်တော့ ဒီမျှော်လင့်ချက် ကပဲ ကျနော့ကို ၊ အားလုံး ကို ဖျက်ဆီး တော့တယ်။

ကမ္ဘာ မှာ စိတ်ပျက်မှု ကို အဖန်တီးနိုင်ဆုံး အရာ ဟာ ချစ်ခြင်း မေတ္တာ ပါ။ ဘာကြောင့်လဲ ဆိုတော့ ခင်ဗျားတို့ ကျနော်တို့ အားလုံးရဲ့ မျှော်လင့်ချက် စိတ်ကူးယဉ် ကမ္ဘာ ကို အခြား အရာတွေထက် ချစ်ခြင်း မေတ္တာ နဲ့သာ ကောင်းကောင်း တည်ဆောက် နိုင်လို့ပါ။ အဲ့ဒါ ကြောင့်ပဲ – ခရီး တစ်ခု သွားရမယ်မှ မကြံသေးဘူး – အိမ်ကို ဘယ်တော့ ပြန်ရောက်မလဲ – ဆိုတာ စဉ်းစား နေရတာမျိုး ရှိတယ် မဟုတ်လား။

Read more of this post

ဆရာနတ်နွယ် အမှတ်တရ

ကဗျာ ဆရာ၊ စာရေးဆရာ များစွာ မွေးထုတ် ပေး ခဲ့သည့် စာရေးဆရာကြီး နတ်နွယ် သည် (၁၁၊ ၅၊ ၂၀၁၁) ရက် နံနက် (၁၁) နာရီက ရန်ကုန်မြို့၊ ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်၊ (၄၈) ရပ်ကွက် ရှိ နေအိမ် တွင် ကွယ်လွန် သွားခဲ့ပြီ ဖြစ်သည်။ ကွယ်လွန်ချိန် တွင် အသက် (၇၉) နှစ် ရှိပြီ ဖြစ်သည်။ စာရေးဆရာကြီး နတ်နွယ် ၏ ဈာပန အခမ်းအနား ကို ရေဝေး သုသာန် တွင် (၁၃၊၅၊၂၀၁၁) ရက် ညနေ (၄) နာရီ က ပြုလုပ် ခဲ့သည်။ ဆရာကြီး နတ်နွယ်၏ ဈာပန သို့ စာပေ လောကသားများ စုံညီစွာ လိုက်ပါ ပို့ဆောင် ပေးခဲ့သည် ကိုလည်း တွေ့ရသည်။

ဆရာကြီး ကို ကချင် ပြည်နယ်၊ မြစ်ကြီးနားမြို့ တွင် အဖ ဦးဘ၀မ်း၊ အမိ ဒေါ်စောလုံ တို့မှ (၁၉၃၃) ခုနှစ်၊ ဖေဖော်ဝါရီ (၁) ရက် တွင် မွေးဖွား သည်။ အမည်ရင်း မှာ လှမြင့် ဖြစ်သည်။ မြစ်ကြီးနားမြို့၊ အထက်တန်း ကျောင်း၊ မန္တလေးမြို့ ဗုဒ္ဓ သာသနာ့ နုဂ္ဂဟ အထက်တန်း ကျောင်းနှင့် ရန်ကုန် တက္ကသိုလ် တို့တွင် ပညာ သင်ကြားခဲ့သည်။ (၁၉၅၁ – ၅၃) ခုနှစ် အထိ အထက် ဗမာ နိုင်ငံ ကလောင်သစ် လူငယ်များ အဖွဲ့ချုပ်၌ အမှုဆောင် အဖြစ် လည်းကောင်း၊ အတွင်းရေးမှူး အဖြစ် လည်းကောင်း တာဝန် ယူခဲ့သည်။ (၁၉၅၅) ခုနှစ်တွင် မြန်မာနိုင်ငံ စာရေးဆရာ အသင်း အမှုဆောင်၊ ( ၁၉၅၉-၆၂ ) ခုနှစ်တွင် ကမ္ဘာ့ ငြိမ်းချမ်းရေး ကွန်ဂရက် (မြန်မာနိုင်ငံ) ဌာနချုပ် အလုပ် အမှုဆောင်၊ (၁၉၆၁-၆၃) ခုနှစ် တွင် စာရေးဆရာ စာပေ ကလပ် အတွင်းရေးမှူး အဖွဲ့ဝင်၊ (၁၉၆၃) ခုနှစ် တွင် ပြည်ထောင်စု မြန်မာနိုင်ငံ စာရေးဆရာ သမဂ္ဂ တွဲဖက် အတွင်းရေးမှူး အဖြစ် တာဝန်ယူ ခဲ့သည်။ (၁၉၅၄) ခုနှစ် တွင် စုံထောက် မဂ္ဂဇင်း အယ်ဒီတာ၊ (၁၉၆၁) ခုနှစ် တွင် လျှို့ဝှက် သည်းဖို မဂ္ဂဇင်း စတင် တည်ထောင်ပြီး စာတည်း အဖြစ် ဆောင်ရွက် ခဲ့သည်။ (၁၉၆၃) ခုနှစ် တွင် အမျိုးသား သတင်းစာ ၌ ဘာသာပြန် အယ်ဒီတာ၊ (၁၉၆၇) ခုနှစ် တွင် မိုးဝေ ကွယ်လွန်သည် ထိ စုံထောက် မဂ္ဂဇင်း ကို တာဝန်ယူ ခဲ့ပြီး မိုးဝေ ကွယ်လွန်သည့် နောက်ပိုင်း အယ်ဒီတာချုပ် အဖြစ် တာဝန်ယူ ခဲ့သည်။ Read more of this post

ဗမာ့အောင်ဆန်း ( ၁ )

ပြီးခဲ့သည့် ၁၅.၅.၂၀၁၁ ထုတ် မော်နီတာ ဂျာနယ်၊ အတွဲ ( ၁ ) အမှတ် ( ၅၂ ) တွင် ပြန်လည် ဖော်ပြ ပါရှိလာသော စာ ဖြစ်ပါသည်။ အပတ်စဉ် အပိုင်းလိုက် ခွဲပြီး ထုတ်ဝေလျက် ရှိသည်။ ကျနော်က ယင်းမှ တဆင့် အွန်လိုင်း မျက်နှာစာ ပေါ်သို့ ကူးယူ တင်ရှိထားခြင်း ဖြစ်ပါသည်။ တတ်နိုင်သရွေ့လည်း ဗိုလ်ချုပ်နှင့် ပတ်သက် သည်များ စုစည်း တင်ရှိသွားမည် ဖြစ်ပါကြောင်း။

ဇေယျ

……………………………………..

မောင်ထင်၏ ဗမာ့အောင်ဆန်း

ကျွန်တော်သည် ဗိုလ်ချုပ် အောင်ဆန်း နှင့် ငယ်ပေါင်း မဟုတ်။ ကြီးဖော် ဖြစ်သည်။ သူနှင့် ကျွန်တော် နှစ်ဦးသား တစ်ဦးနှင့် တစ်ဦး အသီးအခြား ကြီးပြင်း လာခဲ့ကြသည်။ သူ၏ ရေမြေ နှင့် ကျွန်တော်၏ ရေမြေ တို့ကား တခြားစီ။ ဗိုလ်ချုပ်က သူ မွေးဖွားရာ ဒေသ တစ်ခွင်ကို မြေလတ်ဟု ဆို၏။ သို့သော် ကျွန်တော်တို့ အောက်သား များအဖို့ နတ်မောက် သည်လည်း အညာ ပင်ဖြစ်၏။ အညာ ဒေသ၏ ပထ၀ီ သွင်ပြင် အရ ဗိုလ်ချုပ် ၏ တော၊ တောင်၊စိမ့်၊ စမ်း၊ မြိုင်၊ လျှို စသည့် ပတ်ဝန်းကျင် သြကာသ လောကမှာ ထူးဆန်း ထွေလျာ ပျော်မွေ့ရာ ဖြစ်လိမ့်မည် ဟု ကျွန်တော် ခန့်မှန်းမိ၏။ အကြောင်းသော် မူကား ကျွန်တော် မွေးဖွားရာ အောက်အရပ် မြစ်ဝကျွန်းပေါ် ဒေသ ဟူသည်မှာ ပင်လယ်၊ မြစ်၊ ချောင်း၊ လမုပင်၊ လတာပြင် တို့နှင့်သာ ရှုမျှော်ခင်း ကို တန်ဆာ ဆင်ထား လေရာ မည်သည့် အရပ်ကို ကြည့်ကြည့် ပတ်ဝန်းကျင် သြကာသ လောကကြီးသည် စိမ်းလဲ့သော တောတန်းတည်း ဟူသော မျဉ်းဖြောင့် တစ်ခု ပေါ်၌ အုပ်၍ နေသော မိုးကုပ် စက်ဝိုင်း တစ်ခုမျှသာ ဖြစ်၍ ငြီးငွေ့ဖွယ်ရာ ဖြစ်သောကြောင့်တည်း။

သို့သော် ကောင်းကင်မှ မိုးကုပ် စက်ဝိုင်းနှင့် မြေကြီးမှ တောတန်း ကလေးတို့ နှစ်ဦးသား ဆုံမိကြသည့် ပုံပမာလို သူ၏ ဘ၀ သံသရာ နှင့် ကျွန်တော်၏ ဘ၀ သံသရာ တို့သည် (၁၉၃၂) ခုနှစ် တစ်ဝိုက် ဆီလောက်က တက္ကသိုလ် သမဂ္ဂ ဆံပင်ညှပ်ဆိုင် ၌ ဖူးစာ ဆုံစည်း မိကြလေသည်။ ယင်းသို့လျှင် သူနှင့် ကျွန်တော်မှ ကျောင်းသားကြီး အရွယ်သို့ ရောက်ကြမှပင် အဆွေ ခင်ပွန်း ဖြစ်လေသောကြောင့် ကျွန်တော်တို့ နှစ်ဦးသားကို ကြီးဖော် ဟူ၍ ခေါ်နိုင်ပေသည်။ သို့သော် နှစ်ဦးသားမှာ တစ်ဦး နှင့် တစ်ဦး ခင်မင် ရင်းနှီး လာလေလေ တစ်ဦးပေါ် တစ်ဦး မြုံစေ့စေ့ နိုင်လေလေ ဖြစ်၍ တစ်ခါတရံ ကျွန်တော် ကိုယ်တိုင်က ပင်လျှင် သူ၏ ရင်းနှီးသော မိတ်ဆွေ ဟုတ်ပါလေစ ဟု သံသယ ဖြစ်မိသည်။

Read more of this post

Perfect Number

သင်္ချာပညာရှင် ပေါလ် အဲဒစ်ရှ် အပါအဝင် သင်္ချာသမား အများစု အတွက် အလှတရား ဟူသည် သာမာန် သတ်မှတ်ထားသော အလှတရား ဟူသည့် အဓိပ္ပာယ်နှင့် မတူညီပေ။ ၎င်းတို့အတွက် အလှတရား သည် ကိန်းဂဏန်း ဆိုင်ရာ စဉ်းစားတွေးခေါ်မှု အပိုင်း၊ အသိဥာဏ် ကွန့်မြူးရမှု ကိုသာ ဆိုလိုသည်။ တစ်ချိန်က အဲဒစ်ရှ် ပြောကြားခဲ့ဖူးသည့် စကား တစ်ခွန်းရှိသည်။ “ဘေသိုဗင်ရဲ့ ဆင်ဖိုနီ နံပါတ် ၉ ကို လှတယ်လို့ ပြော ကြသလိုမျိုး ပါပဲ။ သူ့တေးသွားက ဘယ်လိုလှတာလဲ လို့ မေးရင် ပြန်ဖြေချင်မှ ဖြေတတ်မယ်။ အဲ့လိုမျိုးပဲ ကျုပ်တို့ အတွက် ကိန်းဂဏန်း တွေဟာ လှတယ်။ ဒါကို မလှပါဘူးဗျာ လို့ ပြောမယ်ဆိုလို့ ရှိရင်လည်း ကျနော်တို့ ဘာမှ ပြန်ပြောစရာလိုပါဘူး” တဲ့။

ဟိုးအရင် တစ်ချိန်။ ခရစ်မပေါ်မီ ခြောက်ရာစု ခန့်က ဖြစ်မည်။ ဆမ္မိုမြို့က ပိုက်သာဂိုရ ဆိုသည့် ပုဂ္ဂိုလ်မှာလည်း ဤကဲ့သို့ ခံစားချက် ရှိခဲ့ဖူးသည်။ ကိန်းဂဏန်း များသည် တွက်ချက် ၊ ရေတွက်ရာ တွင်သာ အသုံးပြုသည် မဟုတ်ဘဲ မြင့်မြတ် သော၊ နှစ်လိုဖွယ် ကောင်းသော ၊ ကောင်းမြတ်ခြင်းကို ဆောင်ကြဉ်းတတ်သည့် ( သို့မဟုတ် ) ဆိုးကျိုးကို ဖန်တီးတတ်သည့် သဘော ရှိသည်ဟု ယူဆခဲ့သူ ဖြစ်သည်။ ထို့ကြောင့်ပင် ကိန်းဂဏန်းများ၏ အတွင်းသဘော ထဲမှ ဘာသာရေး အဖွဲ့အစည်း တစ်ရပ် ကိုပင် ဖွဲ့စည်းခဲ့သေးသည်။

ပိုက်သာဂိုရသည် ကိန်းဂဏန်းများ နှင့် ပတ်သက်၍ ခွဲခြမ်းစိတ်ဖြာ ခဲ့သူ၊ အစောပိုင်း သင်္ချာပညာရှင်ဟုလည်း ခေါ်ဆိုနိုင်ပါမည်။ တကယ်တမ်း တွင် သင်္ချာ၏ အခြေခံ အပေါင်း အနုတ် များအားဖြင့် သာ နွယ်ယှက်၍ စဉ်းစား သွားကြရလေရာ ယင်းတို့မှ တစ်ဆင့် ဂဏန်းစဉ်တို့ ၏ ထူးခြား ချက်များကို တွေ့ရှိလာကြရသည်။

Perfect Number ကို ပြည့်စုံကိန်းဟု ဘာသာပြန်ဆိုသည်ကို တစ်ခါက ကြားဖူးသည်။ ပြီးပြည့်ဝသော ကိန်းတစ်ခုဟု ဆိုကြသည် ဖြစ်သောကြောင့် သိဒ္ဓိဝင် ကိန်းဟု ဆိုရမည်လား မပြောတတ်။ သိဒ္ဓိဝင်ကိန်း ဟု ဆိုလျှင် Prime Number ( သုဒ္ဓကိန်း ) နှင့် ရောထွေး နိုင်သောကြောင့် ပြည့်စုံကိန်း ဟုသာ ဆက်လက် ခေါ်ဆိုပါမည်။

Read more of this post

လူနှစ်တန်း နှစ်စား ပုံပြင်

လွန်ခဲ့တဲ့ သုံးနှစ်က ဆိုတော့ ဒီဆောင်းပါးမှာ ပါတဲ့ အချို့ အချက်တွေက ဟောင်းနေပြီပေါ့။ ဒါပေမယ့် အချက်အလက် တွေကသာ ဟောင်းနေတာ သဘောတရားက ယခုထက်ထိ တည်ရှိ စဉ်းစား နေရပြီး လုပ်ကိုင်ကြရတဲ့ ဟာ တွေပဲ လို့ မြင်ပါတယ်။

၂၀၀၈ ခုနှစ် မေလထုတ် Waves က – အမတြာဆင်း ( Amartya Sen ) ရေးသားပြီး ဆရာဖေမြင့် ဘာသာပြန်ဆိုတာ ဖြစ်ပါတယ်။ အမတြာဆင်းဟာ ဟားဗတ် တက္ကသိုလ်မှာ စီးပွားရေးပညာနဲ့ ဒဿနိက ပညာရပ်ကို သင်ကြားပို့ချလျက် ရှိသူဖြစ်ပြီး ၁၉၉၈ က စီးပွားရေး ပညာရပ်ဆိုင်ရာ နိုဗယ်လ်ဆု ချီးမြှင့်ခံရသူ ဖြစ်တယ်လို့ ဆိုပါတယ်။ သူရဲ့ နောက်ဆုံး ထုတ် စာအုပ်ကတော့ – Identity and Violence: The Illusion of Density လို့ သိရပါတယ်။

ဇေယျ
……………………………

Amartya Sen

ကမ္ဘာ့ လူဦးရေ သန်းပေါင်း များစွာကို ခြိမ်းခြောက် လျက်ရှိသည့် စားနပ်ရိက္ခာ ပြဿနာသည်၊ ကာလတစ်ခုမှာ လျော့ပါး ပျောက်ကွယ် သွားမည်လား၊ သို့တည်းမဟုတ် ပို၍ ဆိုးဝါး လာမည်လား။ အဖြေက နှစ်မျိုးလုံး ဖြစ်နိုင်ပါသည်။ မကြာမီက ဖြစ်ပေါ်ခဲ့သည့် စားသောက် ကုန်ဈေးနှုန်း များ မြင့်တက်မှုသည် အဓိကအားဖြင့် သြစတြေးလျ၊ ယူကရိန်းနှင့်  အခြားနေရာ တချို့မှာ ပေါ်ပေါက်ခဲ့သည့် မိုးခေါင် ရေရှားခြင်း ကဲ့သို့သော ယာယီပြဿနာများကြောင့် ဖြစ်သည်။ သည်အတွက် အရေးပေါ် ကယ်ဆယ်ရေး လုပ်ငန်းတွေ ကြီးကြီး မားမား များများ စားစား လုပ်ရန် လိုအပ်ခဲ့သည်မှာ မှန်သော်လည်း၊ လက်ငင်းအကျပ်အတည်းမှာ အချိန်တန်လျှင် ပြီးဆုံးသွားမည်ဖြစ်သည်။ သို့သော် သည်ကိစ္စများ ဖြစ်ပွား စေခဲ့သည့် အရင်းခံ အကြောင်းတရားကို သိမြင်ကာ ယင်းအား ကုစားမှု မပြုခဲ့လျှင်မူ၊ သည်ပြဿနာသည် ရေရှည်၌ ပို၍ ကြီးထွားလာဖွယ် ရှိပါသည်။ယင်း အကြောင်းရင်းခံကား လူနှစ်မျိုး နှစ်စား ဖြစ်ပေါ် နေသည့်ကိစ္စဖြစ်သည်။

သည် လူနှစ်မျိုး ကိစ္စနှင့် စပ်လျဉ်း၍ တစ်ခုသော ရှုထောင့်မှ ပြောဆိုချက်က ဤသို့ဖြစ်သည်။ ဆင်းရဲသား ဦးရေ များပြားသော တိုင်းပြည်တစ်ပြည်၌၊ စီးပွားရေး လုပ်ငန်းတွေ ရုတ်တရက် လျင်မြန်စွာ ဖွံ့ဖြိုး ပေါ်ပေါက်လာသည့် အခါမျိုးတွင်၊ အသစ်ဖြစ်ပေါ်လာသော စီးပွားရေး ဖွံ့ဖြိုးမှု၏ အကျိုးအမြတ်ကို လူတစ်ဝက်ခန့် ကသာ ခံစားရလေ့ရှိသည်။ ထိုခံစားရသူတို့သည် ရရှိလာသည့်ဝင်ငွေသစ်များကို စားနပ် ရိက္ခာ ၀ယ်ယူရာ၌ အများအပြားသုံးစွဲကြရာ၊ အကယ်၍ စားနပ်ရိက္ခာရောင်းအား အလျှင်အမြန် တိုးတက်မလာပါက၊ ဈေးနှုန်းများ ထိုးတက် သွားကြမည် ဖြစ်သည်။ ထိုအခါ ၀င်ငွေအသစ် တိုးမလာသည့် ကျန်ဆင်းရဲသား များမှာ စားသောက်ကုန် ဈေးနှုန်း တိုးမြှင့်ခြင်း၏ ဒဏ်ကို တစ်ဖက်သတ် ခံရကာ ငတ်မွတ်မှုများ ဖြစ်ပေါ်လာပေမည်။ သည်နည်းမျိုးဖြင့် ဖြစ်သည့် ဘေးဒုက္ခများမှာ ကမ္ဘာ၌ ကြိမ်ဖန် များစွာ ပေါ်ပေါက်ခဲ့ပြီး ဖြစ်သည်။ ဆိုးဆိုးဝါးဝါး သာဓကတစ်ခုမှာ ဗြိတိသျှ အုပ်ချုပ်ရေး နှောင်းပိုင်းကာလ အိန္ဒိယတွင် ဖြစ်ပွားခဲ့သည့် ၁၉၄၃ ခုနှစ် ဘင်္ဂလား အငတ်ဘေးကြီး ဖြစ်သည်။ ထိုစဉ်က အိန္ဒိယတွင် အင်္ဂလိပ်အစိုးရက ဂျပန်နှင့် တိုက်မည့်စစ်ပွဲ အတွက် ငွေကြေးအမြောက်အမြား သုံးစွဲ ပြင်ဆင်လျက်ရှိရာ၊ စစ်စီးပွားရေးကို အကြောင်းပြု၍ မြို့နေဆင်းရဲသားများ အထူးသဖြင့် ကာလကတ္တားမြို့တွင် နေထိုင်သူများမှာ၊ ရုတ်တရက် ဝင်ငွေများ တိုးတက် ရရှိလာကြကာ၊ ယင်း၏ရလဒ်အဖြစ် စားသောက်ကုန် ဈေးနှုန်းများ မူလထက် ၄ ဆအထိ တိုးမြှင့် သွားခဲ့သည်။ သို့သော်၊ ကျေးလက်နေ ဆင်းရဲသားများမှာမူ ၀င်ငွေ တိုးစရာ အခွင့်အလမ်းများ မကြုံရဘဲ၊ ဈေးနှုန်းများ ခေါင်ခိုက်အောင် တက်သွားခြင်း ကိုသာ ရင်ဆိုင်ကြရသည်။

Read more of this post