တောက်တယ်ကျင်း အပိုဒ် (၃၃)

တပါးအကြောင်း သိသူသည် ပညာတတ်မျှ ဖြစ်၍၊

မိမိကိုယ်ကိုယ် သိသူသည်သာ ပညာရှိမည်၏။

တပါးကို အောင်နိုင်သူသည် သန်မာသူမျှ ဖြစ်၍၊

မိမိကိုယ်ကိုယ် အောင်နိုင်သူသည်သာ ခွန်အားရှိသူ မည်၏။

ရောင့်ရဲသူသည်သာ သူဌေးသူကြွယ် မည်၏။

ခြေလှမ်းခိုင်မာသူသည်သာ အလိုပြီးသည် မည်၏။

ဗဟိုချက်၌ မယိမ်းယိုင်သူသည် ထာဝရ တည်၍၊

ခန္ဓာကြွေသည့်တိုင် စွမ်းအင်တို့ ကုန်ခမ်းခြင်း မရှိ။

……………………..

道徳経第三十三章

……………………..

တောက်တယ်ကျင်း အပိုဒ် (၃၂)

တောက်သည် ပြီးပြည့်စုံသည် ဖြစ်ရကား အမည်နာမ မရှိ။

သစ်ရိုင်းတုံးသည် သေးငယ်လင့်ကစား မည်သူမျှ အသုံးမပြုနိုင်သကဲ့သို့၊

မင်းမှူးမတ်တို့သည်သာ ဤထုံးကို နှလုံးမူနိုင်မည်ဆိုလျှင်

လောကတစ်ခွင်၌ အာဏာစက်သည် အလိုလိုတည်လိမ့်မည်။

ကောင်းကင်နှင့် မြေပြင်တို့ ဆုံ၍၊

မိုးသက်ချိုတို့ ရွာခြင်းသည်

လူတို့ ပယောဂ မစွက်၊

သဘာဝတ္ထအလိုသာ အကြောင်းဖက်၍ ဖြစ်၏။

Read more of this post

တောက်တယ်ကျင်း အပိုဒ် (၃၁)

လက်နက်စစ်သည်တို့သည် မိစ္ဆာ၏ အသုံးအဆောင်ဖြစ်၍၊

လူသားတို့ မုန်းတီးကြပြီးလျှင်

ပညာရှိတို့ ရှောင်ရှားကြကုန်၏။

ကြီးမြတ်သူတို့သည် လောကီလူ့ဘောင်တွင် လက်ဝဲ*ကို အားပေး၏။

စစ်သည်ရဲမက်တို့သည် လက်ယာ*ကို အားပေး၏။

လက်နက်စစ်သည်တို့သည် မိစ္ဆာ၏ အသုံးအဆောင်သာ ဖြစ်၍၊

ကြီးမြတ်သူတို့၏ အသုံးအဆောင် မဟုတ်။

လက်နက်စစ်သည်တို့ကို ရှောင်လွှဲမရကြုံဆုံရသည့်အခါ၊

ခန္တီဖြည့်ကျင့်နေကြရာ၏။

Read more of this post

တောက်တယ်ကျင်း အပိုဒ် (၃၀)

မင်းအစိုးရကို တောက်ဓမ္မဖြင့် အထောက်အပံ့ပြုလိုသူသည်

ကွပ်ကဲမှုဟူသမျှ၌ လက်နက်ကို သုံးကိုင်စွဲခြင်း မပြု။

လက်နက်ဟူသည် ကိုယ့်ရှူးကိုယ်ပတ်ခြင်းငှါသာ ပြုတတ်၏။

လက်နက်စစ်သည်တို့ တည်သော ဌာန၌ ဆူးပင်ချုံပုတ်တို့သည် ရှင်သန်ကုန်၏။

၎င်းတို့ အဆမတန် ရှင်သန်ကုန်လျှင်၊ ခေါင်းပါးခြင်း ကပ်သည် ဆိုက်ရောက်စမြဲ။

ထို့ကြောင့် ခေါင်းဆောင်ပညာရှိသည် အကျိုးကို ဖြည့်ဆည်းရာတွင်

လက်နက်အင်အားကို မမှီခို။

အကျိုးကို ပြီးစေ၍ ဂုဏ်ကို မယူ။

အကျိုးကို ပြီးစေ၍ မဝင့်ကြွား။

အကျိုးကို ပြီးစေ၍ ထောင်လွှားခြင်း မရှိ။

မလွှဲသာသော လိုအပ်ချက်ဖြင့်သာ အကျိုးကို ပြီးစေ၍၊

အကြမ်းဖက် စွက်ဖက်ခြင်းငှါ အလိုမရှိ။

Read more of this post

တောက်တယ်ကျင်း အပိုဒ် (၂၉)

လောကကို မိမိအလိုကျ အနိုင်ယူ၊ ခြယ်လှယ်လိုသူတို့ ရှိကြ၏။

“ထိုသူတို့သည် မည်သည့်အခါမျှ အောင်မြင်မည် မဟုတ်”ဟု ငါဆို၏။

လောကသည် ဓမ္မသဘောဖြင့် ပြီးသော ရေယာဉ်တည်း။

ခြယ်လှယ်၍ ရစကောင်းသော အရာ မဟုတ်။

သိမ်းပိုက်၍ ရစကောင်းသော အရာ မဟုတ်။

ခြယ်လှယ်သူသည် ပျက်လိမ့်မည်။

သိမ်းပိုက်သူသည် ဆုံးရှုံးလိမ့်မည်။

အကြောင်းကား

အချို့သည် ရှေ့က ဖောက်၍၊ အချို့သည် နောက်က လိုက်၏။

အချို့သည် အပူကို ရှူထုတ်၍၊ အချို့သည် အအေးကို ရှူသွင်း၏။

အချို့သည် သန်မာ၍၊ အချို့သည် ပျော့ပျောင်း၏။

အချို့သည် တိုးပွါး၍၊ အချို့သည် ပြိုလဲ၏။

Read more of this post

တောက်တယ်ကျင်း အပိုဒ် (၂၈)

ဖိုကို သိ၍၊ မနှင့် နေ။

လောက၏ လျှိုမြောင်အဖြစ် တည်လော့။

လောက၏ လျှိုမြောင်အဖြစ် တည်ခြင်းကြောင့်

မြင့်မြတ်သော စရဏနှင့် တစ်သားတည်း ရှိ၍၊ အကလေးငယ် ဘဝသို့ ပြန်ရ၏။

အလင်းကို သိ၍၊ အမှောင်နှင့် နေ။

လောက၏ စံနမူအဖြစ် တည်လော့။

လောက၏ စံနမူအဖြစ် တည်ခြင်းကြောင့်

မြင့်မြတ်သော အကျင့်တရားမှ သက်၍၊

မဖောက်မပြန် မူလ “သုညတ”သို့ ဆိုက်၏။

Read more of this post

တောက်တယ်ကျင်း အပိုဒ် (၂၇)

အပြေးကောင်းသူသည် ခြေရာမကျန်။

အပြောကောင်းသူသည် ယိုပေါက်မရှိ။

အတွက်အချက်ကောင်းသူသည် ပေသီးမလို။

ကောင်းစွာပိတ်အပ်သော တံခါးသည် သော့၊ မင်းတုံး မလို။ သို့စဉ်လျက် ဖွင့်မရ။

ကောင်းစွာတုပ်နှောင်အပ်သော အထုံးအဖွဲ့သည် ကြိုးမလို။ သို့စဉ်လျက် ဖြည်မရ။

သို့ဖြစ်၍

ပညာရှိသည် လောကသားအပေါင်းကို ကယ်တင်ရာတွင်

တစ်ဦးတစ်ယောက်မျှ မကျန်ရစ်။

ပညာရှိသည် သဗ္ဗလောကကို စောင့်ရှောက်ရာတွင်

တစ်စုံတစ်ခုမျှ မချန်ရစ်။

ဤသည်ကို အလင်းဉာဏ် ဆက်ခံခြင်းဟု ခေါ်၏။

Read more of this post

တောက်တယ်ကျင်း အပိုဒ် (၂၆)

လေးခိုင်ခြင်းသည် ပေါ့ပါးခြင်း၏ ဗဟို၊ အရင်းခံ ဖြစ်၏။

ငြိမ်သက်ခြင်းသည် လျင်မြန်ခြင်း၏ အထိန်းအကွပ်၊ ဆရာသခင် ဖြစ်၏။

ထို့ကြောင့် ပညာရှိသည်

တစ်နေ့ပတ်လုံး သွားလာနေသော်လည်း လေးခိုင်ခြင်းကို မစွန့်။

ချီးပင့်မြှောက်စားခံရသော်လည်း အေးချမ်းငြိမ်သက်စွာဖြင့် နေ၏။ မတုန်လှုပ်။

ပြည်ကြီးသခင် ထိုအရှင်သည် ပေါ့ပါးသောခန္ဓာဖြင့်

နိုင်ငံကို မည်သို့ အုပ်ချုပ်ပါသနည်း။

ပေါ့သွမ်းခြင်းကြောင့် ဗဟို အရင်းခံကို ဆုံးရှုံး၏။

မြန်ဆန်ခြင်းကြောင့် အထိန်းအကွပ် မဲ့ရ၏။

…………………….….

道徳経第二十六章

………………………..

တောက်တယ်ကျင်း အပိုဒ် (၂၅)

ကောင်းကင်နှင့်မြေပြင် မတိုင်ခင်က

မထင်မရှားသော အရာသည် ရှိ၏။

တစ်သီးတစ်သန့် တိတ်ဆိတ်စွာဖြင့်၊

မပြောင်းမလဲ တစ်ကိုယ်တည်းဖြင့်၊

မဖောက်မပြန် ထာဝရလည်ပတ်လျက်

သဗ္ဗလောက၏ မိခင်ဂုဏ်နှင့် လျော်ညီစွာ ဖြစ်တည်၏။

သူ၏အမည်နာမကို ငါမသိ။ တောက်ဟုသာ ညွှန်းဆိုမည်။

အမည်နာမ တပ်ရမည်ဆိုလျှင်လည်း “မဟာ”ဟုသာ ခေါ်ကြစို့။

“မဟာ” ကြီးမြတ်ခြင်းကြောင့် ဝဠာတစ်ခွင် ခြေဆန့်၏။

ဝဠာတစ်ခွင် ခြေဆန့်ခြင်းကြောင့် အဝေးဆုံးကို ရောက်၏။

အဝေးဆုံးကို ရောက်ခြင်းသည် မူလဘူတသို့ ပြန်ခြင်း မည်၏။

Read more of this post