အိမ်တစ်လုံး ( အက်ဆေး )

အိမ်ကလေးတစ်လုံး ရှိပါသည်။

သည်အိမ်ကို ကျနော့်တွင်သာ မဟုတ် ၊ ခင်ဗျားလည်း ပိုင်သည်။ ကိုယ်ပိုင်ဆိုင်ရသော အိမ်ကလေးတွင် ခိုင်မာအောင် ထည်ဝါအောင် ပြင်ဆင်ကြသည်။ လိုအပ်သည်ကို ပြုပြင်ဖာထေးကြသည်။ မွမ်းမံပြင်ဆင်ကြသည် ။ ဝိုင်းဝန်း ညှိနှိုင်းကြသည်။ တိုင်ပင် ဆွေးနွေးကြသည်။ ဧည့်သည် ဆောင်ကောင်း မျှော်လင့်ကြသည်။ သံသရာမှ ကံပုံချ၍ ဆုံတွေ့ လာကြရသော ကျွန်တော်တို့ အတွက် ဤနေရာလေး သည် နွေးထွေးရာလည်း ဖြစ်သည်။ ငြိမ်းချမ်းရာ လည်း ဖြစ်သည်။ ဆူညံ ပွက်လော ရိုက်နေရာလည်း ဖြစ်ပါသည်။

ဆည်းလည်းသံလည်း ရှိသည်။ ဘင်ခရာသံလည်း ရှိသည်။ ဤအိမ်ကလေးတွင် အဘယ်အသံ ညံစေလိုသနည်း။ တည်ငြိမ် လေးနက်သော ဓမ္မသံစဉ်များလည်း မျောလွင့် နေနိုင်သည်။ ကလေးသူငယ်တို့ ဘာသာဘာဝ ချစ်တေးများ၊ လွမ်းတေးများ သီနိုင်ကြသည်။ အိမ်အပြင် ခြံဝင်းငယ်လေးတွင် အော်ဟစ် ကခုန် မြူးထူး ကစားနေကြမည်။ ချစ်သူခင်သူများ စကားတီးတိုးဆိုကြမည်။ ဤအိမ်လေးတွင် မြူးထူးပျော်ပါးဖွယ် ဂီတများလည်း ပျံ့လွင့်နိုင်သလို၊ ကြေကွဲတမ်းတချင်စဖွယ် လွမ်းတေးများလည်း ကြားနေရနိုင်မည်။ မည်သို့ပင် ဖြစ်စေ ဤအိမ်လေးထဲတွင် ခံစားချက်များကို သံစဉ်များ အဖြစ် ရိုးသားစွာ သီကျူးတေးဆိုနိုင်ပါသည်။

သံသရာသည် ချစ်ခြင်းဖြင့် အစဖွဲ့တည်သည်ဟု ဆိုသည်။ သေချာသည်က သံယောဇဉ်သည် ချစ်ခြင်းမဟုတ်ပေ။ ချည်နှောင်ခြင်းသည် ချစ်ခြင်း မဟုတ်ပေ။ ပူလောင်ခြင်း သည်လည်း ချစ်ခြင်း မဟုတ်ပေ။ ချစ်ခြင်းမှန်လျင် အေးမြ ရသည် သာချည်း။ စစ်မှန်သော မေတ္တာဓာတ် မည်သည် အေးချမ်း ရာကိုသာ ပေးနိုင်စွမ်း ရှိရသည် ချည်းသာ ဖြစ်သည်။ ဤအိမ်ကလေးတွင် ယင်း ချစ်ခြင်း မေတ္တာ ကိန်းခိုထားပါသည်။ ( မဟုတ်ဟု ယူဆ လျင်လည်း ရှိစေ )

သာယာလှပသော အိမ်ကလေးကို တည်ထောင်ရာတွင် ပျိုးထောင် ရသည်လည်း ရှိသည်။ ပြုစု ရသည်လည်း ရှိသည်။ စောင့်ရှောက် ရသည်လည်း ရှိသည်။ ကာကွယ် ရသည်လည်း ရှိပါသည်။ ပြုစုပျိုးထောင်သူ အတွက် စိတ်ရှည် သည်းခံနိုင်စွမ်းလည်း လိုအပ်သည်။ ရဲရင့်ပြတ်သား နိုင်စွမ်း လည်း လိုအပ်သည်။ အကြင်သူ၏ မယိမ်းမယိုင် စွဲမြဲသော စိတ်ဓါတ်သည်သာ ဤအိမ်ကလေး၏ ခိုင်ခန့်သော ထောက်တိုင် ဖြစ်သည်။

တစ်ခု ပြောရန် ရှိပါသည်။ ပုထုဇဉ်တို့ သဘောသဘာဝ အရ တွယ်တာသမှု ဟူသော သံယောဇဉ်သည် ရှိနေနိုင်သည်။ သို့သော် တွယ်တာခြင်း သည် ချည်နှောင်ခြင်း မဟုတ်ပေ။ အစွဲအမြဲ တုပ်နှောင်ထားခြင်း မဟုတ်ပေ။ ဤအိမ်ကလေးအတွင်းရှိ မည်သူမဆို လွတ်လပ်စွာ ပျံသန်းသွားနိုင်သည်။ အဝေးသို့ ထွက်ခွာသွားနိုင်ပါသည်။ လွမ်းဆွတ် သတိတရဖြင့် နောက်ပြန် လှည့်ကြည့် နိုင်သည်။ သို့သော် မျက်ရည်ကျစရာတော့ မလိုပေ။ ပူဆွေး တမ်းတ စရာလည်း မဟုတ်ပေ။ အဘယ်ကြောင့် ဆိုသော် ကျနော်တို့ အဝေး ဘယ်နေရာ ရောက်ရှိနေပစေ ကျနော်တို့ အိမ်ကလေးသည် ကျနော်တို့ နှလုံးအိမ်တွင် နွေးထွေးစွာ တည်ရှိနေမည် ဖြစ်သောကြောင့် ဖြစ်သည်။ လွတ်လပ်စွာ ပျံသန်းရင်း၊ လွတ်လပ်စွာ ခရီးနှင်ရင်း ကိုယ့်နှလုံးအိမ်ကို ပြန်ကြည့်တိုင်း ကိုယ့်အိမ်လေးကို ကိုယ် ပြန်မြင်နေကြမည်။ ပြန်လည် ရောက်ရှိနေကြမည် ဖြစ်သည်။

လူသည် မျက်ရည်ဖြင့် စခဲ့သော သတ္တဝါ ဖြစ်ပြီး မျက်ရည်ဖြင့် ဆုံးသွားနိုင်သည့်သူများသာ ဖြစ်ကြသည်ဟု ဆိုသည်။ သို့ပါလျက် မျက်ရည် တစ်ခု၏ အစနှင့် မျက်ရည်တစ်ခု၏ အဆုံး အကြားတွင် လက်ကတောက်ချင်း နာကျင်နေကြရသော မျက်ရည်ပေါင်းများစွာ အဘယ်ကြောင့် အရင်းနှီးခံကြပါသနည်း။ ချစ်ခြင်းမစစ်မှန်ရပါဘဲ ပူလောင်မှုအတိသာ ရှိသည့် အယောင်ဆောင် ချစ်ခြင်း အတုများ ပေါများစွာ ရှိနေကြပါသည်။ ၎င်းတို့ဖြင့် မျက်ရည်ပေါင်းများစွာ အဘယ်ကြောင့် အကျခံ ရပါသနည်း။ သေသည်၏ အခြားမဲ့၌ အဘယ်သို့ ရှိသည်ကို ကျနော်တို့ မသိနိုင်ပေ။ သို့သော် သေဆုံးချိန်တွင်တော့ ရောက်ရှိ ပိုင်ဆိုင်ခဲ့ရသည့် ဘဝအိမ်ကို နောက်ဆုံးအနေဖြင့် တပ်မက်စွာ ငြိတွယ်သွားကြရသည်ချည်းဖြစ်သည်။ ထို့နောက် မလိုချင်ပါဘဲ၊ မဖြစ်ချင်ပါဘဲ ( အချို့ဆိုလျင် သွေးရူးသွေးတန်း ) စွန့်ခွာ သွားကြရသည်။ ထိုအချိန်တွင် လူ့ဘဝ၏ နောက်ဆုံးမျက်ရည်ကို ညှစ်ထုတ်သွားကြရသည်။ ပရိဒေဝ အပူမီးလောင်မြိုက်ရသည်ဟူသော တစ်ခုတည်းသော အကြောင်းဖြင့် ရင်နှင့် ရင်း၍ ကျရသည့် မျက်ရည် ၊ နှလုံးသားနှင့် ရင်း၍ ကျရသည့် မျက်ရည် ၊ ဘဝနှင့်ရင်း၍ ကျရသည့် မျက်ရည် စသည့် မျက်ရည်အမျိုးမျိုးတို့တွင် မိမိပြုစုသော ဤအိမ်ကလေးနှင့် ရင်း၍ ကျရသည့် မျက်ရည်သည်လည်း တခန်းတကဏ္ဍ ပါဝင်လာလိမ့်ဦးမည် ။

အဘယ်ကြောင့်ဆိုသော် ရင်နှင့်ရင်း၍၊ နှလုံးသားနှင့် ရင်း၍၊ ဘဝနှင့်ရင်း၍ ကျနော်တို့အားလုံး ကိုယ်စီကိုယ်ငှ ဤအိမ်ကလေးကို တည်ဆောက် ခဲ့ကြသောကြောင့် ဖြစ်ပါသည်။

သက်ရှိဘဝ၊ ကြုံသမျှမှာ၊ ပူကာ လောင်ကာ၊ ရယ်မောကာနှင့်၊
ကျလာ မျက်ရည်၊ မာယာဗွေကို၊
ပျောက်စေ အေးစေ၊ ငြိမ်းချမ်းစေဟု၊
တွယ်နေခဏ၊ သေမရဘူး။

 

( မရရှိခဲ့သော အိမ်ကလေးတစ်လုံး အဖြစ်ကို သတိတရ မှန်းမျှော်ကြည့်ရင်း ရေးပါသည် )

About zayya
Just Be. That's Enough! Shared words with Silence.

Leave a comment