Flourescence

11705167_1147831155232131_5451971540815880165_n
မည်းပြောင်နေတဲ့ ကတ္တရာရောင် လမ်းမကြီးကို နောက်ခံထားပြီး၊ တိတ်တဆိတ် မောင်းထွက်သွားကြတဲ့ ကားကြီး ကားငယ်တွေကို ငေးကြည့်နေမိတယ်။ နို့ … တကယ် မောင်းထွက်သွားသူဟာ ကားတွေလား၊ နို့….. ရှည်လျားလှတဲ့ မည်းပြောင်ပြောင် ဒီလမ်းမကြီးလား၊ ဒါမှမဟုတ် ရပ်နေတယ်လို့ (ကိုယ့်ကိုယ်ကိုယ်) ထင်နေတဲ့ ကိုယ်ကိုယ်တိုင်လား မကွဲပြားမိ။

တစ်ခါက အဓိပတိလမ်းမကြီးပေါ်မှာ ဆေးလိပ်ပြာခြွေရင်း တွေးမိသလိုမျိုး။ အခြားနေရာမှာ ခြွေတဲ့ ဆေးလိပ်ပြာနဲ့ ဒီမှာ ခြွေတဲ့ ဆေးလိပ်ပြာ၊ ကြွေတာချင်း အတူတူ ဂုဏ်မတူသလိုလို။ စိန်ပန်းပင်ကြီးက ပွင့်နီတွေကြွေတာ မြင်တော့ အခုကြွေတဲ့ ပန်းဟာ အရင်က ကြွေတဲ့ ပန်းထက်ပဲ ပိုဂရုဏာ သက်ရမလိုလို။

တစ်ခါက မှတ်သားခဲ့ဖူးတယ်။ ရုရှားစာရေးဆရာကြီး ဒေါ့စတိုယက်စကီးကို တော်လှန်ရေးအတွင်း ဖမ်းမိတုန်းက။ အကျဉ်းတိုက်ထဲ၊ တိုက်ပိတ် နှိပ်စက်ပုံများ။ အသံဆို ဘာသံမှ မကြားရအောင် အစောင့်တွေတောင် ပိုးခြေအိတ်စီးလို့တဲ့။ ပြတင်း မရှိ၊ အလင်းမရှိ၊ ပကတိ အမှောင်မှာ နှစ်ပေါက်အောင် ချုပ်နှောင်ခဲ့ကြသတဲ့။ ပြင်ပ ပယောဂဆီက ဘာသံမှ မကြားရတဲ့ အဲ့ကာလမှာ သူ ကြားသိနိုင်ဆုံးအသံဟာ သူ့ အသက်ရှူသံရယ်…။ နောက်ပြီး….. သူ့ရဲ့ နှလုံးခုန်သံရယ်။

Read more of this post

ယန်းပေါလ်ဆက်ကြီးရယ် ခင်ဗျား မှားခဲ့တယ်

10968388_1050142255001022_8220544168114661821_n
No! Jean Paul Satre – No!

(၁) The Other is Hell. လို့ ယန်းပေါလ်ဆက်ကြီး ပြောခဲ့တယ်။ အဲ့စကား ကြားပြီးကတည်းက ကောင်းကင်ကို မော့ကြည့်လိုက်ချိန် တိုင်းမှာ တိမ်တောင်တွေဟာ နတ်ဘုရားတွေလို ပြိုပြိုကျ လာတော့တာပဲ။ နေ့အခါမှာ တိမ်တောင်တွေလို၊ ညအခါမှာ ကြယ်ရောင်တွေလို။

(၂) မနက်အစောကြီး ထဖို့ကလည်း အပျင်းထူတယ်။ ကျနော့အဖို့ မဖြစ်နိုင်ဘူး။ ကိုယ်စီးတဲ့ ဖိနပ်တောင် ထိပ်တွေ ပြောင်အောင် မတိုက်တတ်ဘူး မဟုတ်လား။ ငယ်ငယ်က အဖေ ဆူတယ်။ မိုးတွင်းအချိန် တစ်ခု။ မိုးကလည်း ကျောင်းဆင်းချိန်ကျမှ အငြိုးနဲ့။ သည်းသည်းမည်းမည်း ရွာတယ်။ ကျောင်းစိမ်းအင်္ကျီ၊ ပုဆိုး၊ အကုန်စိုရွှဲတယ်။ ရေလျံလို့ ဗွက်ပေါက်နေတဲ့ လမ်းမှာ လျောက်တော့ ကျောင်းစိမ်း ပုဆိုးကို မ-မဘဲ လျောက်တယ်။ ဘာဖြစ်လဲ ပုဆိုးက စိုနေပြီးသားပဲ။ မ-မလည်း စို၊ မ-လည်း စိုမှာပဲ မဟုတ်လား။ ဒါပေမယ့် ချစ်စရာကောင်းတဲ့ အဖေက ကျနော့ကို ဆူတယ်။

Read more of this post

သက်တံ့ရောင်းသူ

10380884_906814189333830_3277790917709087139_n

မနက်ပိုင်းမှာ အလင်းရောင်တွေ ဖြာကျလာတာမျိုး ကျနော် သိပ်ကြည့်ရတာ မဟုတ်ဘူး။ မရဆို – မိုးလင်းတာနဲ့ မျက်လုံး နှစ်ဖက်ကို ဇွတ်အတင်းဖြဲ ဝင်လာတာကိုး။ မနေနိုင်မထိုင်နိုင်အော်င အပူရှိန်တွေ တရစပ် လွှတ်တတ်တာကိုး။ ဘယ်မှာ လာ ကောင်းတော့မှာလဲ။ ဘာပဲ ပြောပြော ဒီနေ့ ပစ္စည်း ဝယ်ထွက်ဖို့ အိပ်ရာက ထခဲ့တယ်။

အဲ့နေ့ မနက်က သူ့ကို ကျနော်တွေ့တော့ ခုံတန်းလေး တစ်ခုပေါ်မှာ။ တင်ပလွှဲလေး ထိုင်နေတယ်။ ခါးသေးသေးလေးကို ကော့ညွှတ်လို့။ သားမြတ်အစုံကို ခပ်စွင့်စွင့် ချီ၊ ဦးခေါင်းကို မော့လို့။ မျက်တောင်လေးတွေတောင် ကော့နေတာ ကျနော် မှတ်မိသေးတယ်။

မြေပြင်မှာ နှင်းပေါက်တွေ မရှိဘူး။ ရွာပြီးကာစ မိုးစွတ်စွတ်၊ ရေပွက် ရေစတွေက ဟိုနားတစ်စ ဒီနားတစ်စ။ အသာအယာ ကြွပြီး ရှောင်နင်းရင်တောင် ကျနော့ဖိနပ်မှာ ရေမဖြစ်မနေ စိုမှာ။

“ချာတိတ် – မင်း လက်ထဲကဟာ ဘာလဲကွ”
“သက်တံ့တွေ”
“ဘာလုပ်တာလဲ”
“ရောင်းတာလေ” Read more of this post

ကဗျာရွတ်လို့ ထကြစို့

ပြာရီမှောင် ညို့စဉ်က

ပြာရီမှောင် ညို့စဉ်က

 

ကဗျာတွေ ရွတ်ဆိုလို့ နိုးထလာချိန်က စရမယ်။

မြက်ခင်း အဖျား အနားတွေဟာ သူ့ကဗျာသံကြောင့် မြူးထူး ကခုန်နေကြတယ်။ သူတို့က သူတို့ အပါး ကပ်မြှူနေကြတဲ့ နှင်းမှုန်စလေးတွေကို တပျော်တပါး ခါယမ်းကြလိမ့်မယ်။ ခါယမ်းခံရတဲ့ သူတို့တွေ တဝေးဝေး တဝါးဝါး ခုန်ဆင်းသွားကြမှာပဲ။ ပြုံးရယ်ရင်း ကြိုလင့်နေတဲ့ မြေလွှာပြင်ပေါ်မှာ လွတ်လပ်ခွင့် ရသွားကြမှာပဲ။ ဒီလိုနဲ့ လောကဟာ ဂီတသံတွေကြား၊ ကဗျာတေးချင်းတွေကြားမှာ ချစ်ခြင်းတရားကို ဒလဟော ဖြန့်ဝေနေကြတယ်လို့ အလိုလို ခံစားမိလာကြမှာပါပဲ။

တကယ်တမ်း လောကမှာ စစ်မက်တွေ မရှိဘူး ဆိုရင်၊
တကယ်တမ်း လောကမှာ ခိုက်ရန်တွေ မရှိဘူး ဆိုရင်၊
တကယ်တမ်း လောကမှာ အမနာပ အတင်းအဖျဉ်းတွေ မရှိကြတော့ဘူး ဆိုရင်
Read more of this post

ဣဿရ ထံပါးသို့ တစ်ခေါက်တစ်လေ

ကျွန်ုပ် သည် ဘဝပေါင်း များစွာ၊ ခန္ဓာပေါင်း များစွာ ဣဿရ အရှင် ကို ရှာဖွေ ခဲ့သူ ဖြစ်သည်။ သူ ရှိသည် ဟု သတင်း ကြား စဉ် ကပင် အမြတ် တနိုး ရှာဖွေ ခဲ့မိ သူ ဖြစ်သည်။ မျက်လုံး စုံမှိတ် ရှာဖွေ ခဲ့သည့် အကြိမ် ပေါင်းလည်း မနည်း လှ သကဲ့သို့ နည်းနာ နိဿယ အစုံဖြင့် ဖွေရှာ ခဲ့သည့် ဘဝပေါင်း လည်း မနည်းလှ။

နောက်ပိုင်း — မလှမ်း မကမ်း က ကြယ်တစ်ပွင့် အနီး အပါး တွင် သူ့ ကို ရံဖန် ရံခါ သဘောမျိုး မြင်တွေ့ လိုက်ရသည်။ ကျွန်ုပ် ပီတိ ဖြစ်မိ ၏။ ကြယ် ဟူသည် ကျွန်ုပ် နှင့် မည်မျှ ကွာဝေး နေသည် ဆိုဦး – သူ့ကို မြင်တွေ့ ရသည် မှာ ကျွန်ုပ် အတွက် အရေး ပါသည်။ ကျွန်ုပ် ၏ ရှာဖွေမှု သည် စင်စစ် အကျိုး မယုတ် ကြောင်း အာမခံ ချက် ဖြစ် သည်။ ကျွန်ုပ် ဘုရား သခင် ကို ရှာဖွေ နေ သည် ဆိုခြင်းမှာ အလဟဿ မဟုတ်ကြောင်း – (သူ့ထံ ရောက်ရှိရန် မည်မျှ ကွာဝေး သည် ဖြစ်ပါစေ) သူ့ကို အမှတ်မဲ့ မြင်လိုက် ရသည် ဆိုခြင်း ကပင် တနေ့နေ့ သူ့ဆီ ဆိုက်ဆိုက် မြိုက်မြိုက် ရောက် မည် ဖြစ်ကြောင်း ညွှန်းပြ လျက် ရှိသည်။

တစ်ချိန် တွင်မူ – ယင်း ကြယ်စင် အနား သို့ ကျွန်ုပ် ရောက် ခဲ့၏။ သို့သော် ၎င်း ဌာနေ တွင် ဣဿရ အရှင် မရှိ။ ကျွန်ုပ် ရောက် မဆိုက် တွင်ပင် သူ သည် အခြား တစ်နေရာ သို့ ပြောင်းရွှေ့ သွားခဲ့ ပြီ။ မည်သို့ ပြုရ မည် နည်း- ကိစ္စတော့ သိပ် မရှိ။ ကျွန်ုပ်သည် ရှာဖွေ သူ ဖြစ် ၍ မရောက် မချင်း၊ ရအောင် – ရှာဖွေ နေဦးမည်။ သူ့ကို မြင်နိုင် နေရ သည် ကပင် ကျွန်ုပ် ၏ အား ဖြစ်သည်။ သူ အဘယ် သို့ ရောက် နေ မည် ကို ကျွန်ုပ် မျက်ရမ်း မှန်းဆ၊ ကြည့်၍ ရသည်။ ကျွန်ုပ်၌ ဤခြေ၊ ဤ လက်၊ ဤနှလုံး အိမ် ရှိသည်။ သူ့ ခြေရာ လက်ရာ များ ကို ကျွန်ုပ် ရှာကြံ နေဦးမည်။ သူ မည်သည့် နေရာ သို့ ရောက်နေကြောင်း – တွေးဆ နေ ဦး မည်။ အဝေးကွာ ဆုံးတွင် တည်ရှိ နေပါ သည် ဆိုစေ သူသည် ကျွန်ုပ် ကို လက်ယပ် ခေါ်လျက် ရှိသည်။ – ကျွန်ုပ် အတွက် မျှော်လင့်ချက် များ ထုံမွှမ်း ပေးထားနေဆဲ ဖြစ်သည်။

Read more of this post

ရေလျဉ်ပမာ

ဝတ်မှုန် တို့ ၏ ဤ တိုက်ပွဲ ၌
ရနံ့ တို့ အလဲအကွဲ ဖရိုဖရဲဖြင့် တပ်လန်ကုန်လေပြီ။
ဟိုမှာ တစ်စ၊ သည်မှာ တစ်စ – ပျံ့နှံ့ ပြေးလွှားလျက်၊
ပွင့်ဖတ် တို့သည်လည်း အတုံးအရုံး
ကျဆုံး၊ ကြွေဆင်း ရှိကြကုန်၏။

ရင်ခတ်ပန်းတို့ နွမ်းသော်ကော ~

ကဗျာ တစ်ပုဒ် ဖြစ်စေ၊ စာ တစ်အုပ် ဖြစ်စေ၊
ရင်ခွင်ပိုက် တရားနှင့် – စကားအကြွေတို့
အသက်ခြွေ၊ အပ်နှင်း၊ စစ်ခင်းနေသော သဘောသာ ဖြစ်၏။
အနု အရွ – အတိမ် အနက် တို့၏ အလှဗေဒ သည်
နှလုံးအိမ်ကို ခတ်၍လည်း သီကုံးပြည့်စုံရ၏။
ဘဝအိမ်ကို လှပ်၍လည်း စီသွယ် ဆေးခြယ်ရ၏။

အမတလမ်းသို့ လှမ်းသော်ကော ~

သီလာ တောင်ကို ပတ်ခွေ၍
သီတာ ရေတို့ စီးဆင်းစမြဲ ဓမ္မတာတွင်
ခွေပတ်၍လည်း စီး၏။
ဖြောင့်တန်း၍လည်း စီး၏။ Read more of this post

စီးကရက် တစ်လိပ်ရဲ့ ကြွေးကြော်သံ

လာလာလေ ရဲဘော်တို့
သောက်လိုက်ကြစို့လား
တစ်လိပ်ကုန် ~ တစ်လိပ်သွား
“ပြာ” ဆိုတာ လောင်ကျွမ်းမှုရဲ့ အစအန – တရားဓမ္မ ဖြစ်တယ်။

Read more of this post

တစ်ခုတည်းရဲ့ နှစ်ဖက် မျက်နှာစာ

အခုတလော သတင်းတွေမှာ တရုတ်တွေရဲ့ “ဘယ်သူသေသေ ငတေမာ ပြီးရော” ဇာတ်လမ်းတွေ မကြာခဏ ကြားနေ မိပါ တယ်။ မြစ်ဆုံ ဆည် ကိစ္စက စလို့ – ပတ်ဝန်းကျင် ထိန်းသိမ်းရေး ကိစ္စ အပါအဝင် တိဗက် အရေးအခင်း များ အထိ – မြင်နေ ရတယ်။ တိုးတက် လာတဲ့ သိပ္ပံ အမြင်တွေ မှာ တရုတ်ပြည်ဟာ Crisis ဖြစ်ပါတယ်။ သူတို့ လူမျိုးကို အသည်း အသန် ကာကွယ် ဖို့ အခြား လူမျိုး ကို ဂရုမစိုက်ဘူး ဆိုတဲ့ အကြောင်း အထင်သာဆုံး နဲ့ အမြင်သာဆုံး ရှိတယ်။ ဝင်ရောက် ချယ်လှယ် သမျှ ပေါ်ပေါ်ထင်ထင် မြင်ရတယ်။ သတ်ဖြတ် ဖို့ လက်မတွံ့တဲ့ စိတ် အပြည့်အဝ ရှိတယ်။ ကလိမ်ကျ သွေးစုတ် ဖို့ စိတ်ရော မာန်ပါ ရှိနေပါတယ်။ ကျနော် ပြောတာ လွန်များ လွန်နေသလား။

စင်စစ် ဒါဟာ သူတို့ လူမျိုး မှ မဟုတ်ဘူး။ အခြား လူမျိုးတွေမှာလည်း ရှိပါတယ်။ တရုတ်ပြည်ဟာ သိသိသာသာ ပေါ်လွင် နေတာ သက်သက်။ စင်စစ် ကျနော် ဒီလူမျိုးရေး အကြောင်း နိုင်ငံရေး အကြောင်း တွေ ပြောဖို့ မဟုတ်ဘူး ရယ်။ သူတို့ ဘာလို့ ဒီလို စိတ်ရော မာန်ပါ ရုပ်ပျက် ဆင်းပျက် ဖြစ်နေကြရပါသလဲ။

အဓိက အကြောင်းရင်းကို စိစစ်ရင် သူရို့ မျိုးနွယ် ပျက်ဆီးမှာ၊ သူရို့မျိုးနွယ် မတည်တံ့မှာ၊ သူတို့ စည်းစိမ် ပျက်ယွင်း မှာ ကြောက်ရွံ့ လို့ ပဲ ဖြစ်ပါ တယ်။ အဲ့ဒီ ကြောက်ရွံ့စိတ်ကပဲ သူတို့အတွက် ကိုယ်ကျင့်တရား အမြင် ပျောက်ဆုံး သွားစေပါတယ်။ ယုတ္တိဗေဒ အတွေးစဉ် ကို ကမောက်ကမ ဖြစ်အောင် လုပ်တယ်။ နိုင်ငံတကာ အသိုင်းအဝိုင်းမှာ အများပြည်သူ တို့ အမြင် ပုံဆိုး ပန်းဆိုး ဖြစ်နေ ပါလိမ့် မယ်။ အလားတူ ကျနော်တို့ နိုင်ငံ အတွင်းမှာ ဖြစ်ကြတဲ့ ပြည်တွင်း ပဋိပက္ခပေါင်းစုံနဲ့ နိုင်ငံရေး ပါတီ အချင်းချင်း မကျေလည်မှု အငြင်းပွားမှု၊ သတ်ဖြတ် အပြစ်ပုံချမှု တွေ ဟာလည်း အဲ့ဒီ ကြောက်ရွံ့မှု တွေ ကပဲ အရင်းခံ လာတာ ဖြစ်ပါတယ်။

တကယ် စင်စစ် အဲ့ ကြောက်ရွံ့မှု အားလုံးဟာ ပျက်သုဉ်ခြင်း တရား (ဝါ) သေခြင်းတရားကို အကြောက်အကန် ငြင်းဆန် လိုစိတ်မှာ အရင်းခံ နေတယ် မဟုတ်လား။ လူအရှင်လတ်လတ် သေဆုံးမှ “သေတယ်” လို့ ကျနော် မယူဆဘူး။ သေခြင်း တရား ရဲ့ အနက်ဟာ ပျက်စီးခြင်း၊ ပျက်သုဉ်းခြင်း ကိုလည်း ညွှန်းဆိုပါတယ်။ လူကိုယ်တိုင် သေချင်မှ သေသွားလိမ့်မယ်။ ပျက်ဆီး ပျက်သုဉ်း သွားတာ ကိုက သေခြင်း တရား ဖြစ်ပါတယ်။ ကျနော် ဒီသေခြင်းတရား အကြောင်း ပြောချင်လို့ ဒီနိဒါန်းကို အစပျိုးတယ်။

ဒါဆို – သေခြင်းတရား ဆိုတာ ဘာလဲ။ ဒီ မေးခွန်း ကို လူတိုင်း မေးတယ်။ လူတိုင်း အဖြေရှာ ပါတယ်။ အသိရှိတဲ့ လူတိုင်း သေခြင်း တရား အပေါ် ဆင်ခြင်မှု အပြည့် ရှိတယ်။ ကလေးက အစ သိနိုင်တဲ့ အရာက – သေခြင်းတရား ၊ မရဏ ဆိုတာ ရှောင်လွှဲ မရတဲ့ အရာ ဖြစ်တယ်။ သေခြင်းတရား ကိုယ်၌က ခင်ဗျား သန္တာန်မှာ ၊ ကျနော့ သန္တာန်မှာ ပြဋ္ဌာန်းပြီး ဖြစ်တယ်။ ဒါပေမယ့် ဘာကြောင့် ပြဋ္ဌာန်း ပြီး ဖြစ်ရ သလဲ။ သေခြင်း တရား ဟာ ကျနော် တို့ အတွက် ဘာလဲ ။ အဲ့ဒါတွေ ကို ကောင်းကောင်း အဖြေရှာနေ ကြဆဲပဲ။

အဖြေတွေ့ပါပြီ ဆိုသူ ပုဂ္ဂိုလ် အများကလည်း အဖြေကို ထုတ်ချပြသည့်တိုင် ဒီ မေးခွန်း အများက ဒီကနေ့ ထိ ရှိနေဆဲ၊ ဆင်ခြင် နေရ ဆဲ ဖြစ်ပါတယ်။ ဒါကို ဆင်ခြင်ရင်း ကနေ့ အထက်ပါ တရုတ်၊ မြန်မာ၊ အခြား နိုင်ငံတကာ၊ တစ်ကမ္ဘာလုံး အဖွဲ့အစည်း တွေရဲ့ Crisis အရင်း အမြစ် – အဲ့ဒီ သေခြင်းတရား အကြောင်း ကို ကျနော် လက်ဖျစ်တတွက် ဥာဏ်နဲ့ တွေးကြည့် မယ်။

သေခြင်းတရား ဟာ ဘာလို့ ပြဋ္ဌာန်းပြီး ဖြစ်ရသလဲ။ – သဘာဝ ဖြစ်လို့၊ ဓမ္မတာ ဖြစ်လို့ ဆိုတဲ့ အဖြေ က ရိုးရှင်းပါတယ်။ ကျနော့ အနေနဲ့ နောက် တစ်နည်း ဆိုရင် သေခြင်းတရား ကိုယ်တိုင်ဟာ ကျနော်တို့ရဲ့ မူလဌာနေ ဖြစ်ပါတယ်။

မိမိ ကိုယ်ကိုယ် ကြည့်ကြည့်ပါ။ ဘဝ တစ်ခု ဖြစ်တည်မှု အစပြု ရောက်ရှိ လာပြီ ဆိုကတည်းက ကျနော်တို့ သန္တာန်မှာ သေခြင်းတရားက ကပ်ညိ ပါဝင်လာပြီးသား ဖြစ်တယ်။ ဟုတ်တယ် မဟုတ်လား။ ယခု ရှင်သန် နေသမျှ အချိန် ဟာ အမည်မသိ ဗလာ သက်သက် နှစ်ခု ကြား ကာလလေး မျှသာ ဖြစ်ပါတယ် ။ ဒါ ကလည်း ဟိုဝါဒ ၊ ဒီဝါဒ မပါ – လူဗြိန်း အတွေးနဲ့လည်း ရှင်းနေပါတယ်။ ဟုတ်တယ်ဟုတ်။ စင်စစ် ဘဝ ဟာ တောင်ပံ တစ်ဖက်ဖျား က တစ်ဖက်ဖျားဆီ ငှက်တစ်ကောင် ပျံသန်း နေရသလိုပဲ။

သေခြင်းတရား ဟာ အားလုံး အပေါ် ဒီလို ပြဋ္ဌာန်းပြီးသား ဖြစ်နေတာကြောင့်လည်း ကမ္ဘာတစ်ဝှမ်းလုံး အဲ့အတွက် ပြင်ဆင် နေရ၊ လုံးပမ်း နေရတယ်။ သက်တောင့်သက်သာ ဘယ်လို သေဆုံး ရမလဲ – သေခြင်းတရား ကို ဘယ်လို ကြံကြံခံ ရင်ဆိုင်ရ နိုင်မလဲ – စသဖြင့် ဒီမေးခွန်းတွေ အတွက် ခင်ဗျား ရော၊ ကျနော်တို့ ရော တစ်ဘဝ စာလုံး ဖြည့်ဆည်း နေကြ ရတယ်။ ကျနော်တို့ ဘဝ ရှင်သန်နေ သမျှ အချိန် ရှိသမျှ၊ တစ်ခုလုံး ဟာ စင်စစ် “How to die” ဘယ်လို သေဆုံးရမလဲ ဆိုတာကို သင်ယူ နေတာ သာ ဖြစ်တယ် ။ ဟုတ်တယ် မဟုတ်လား။

ဘာသာရေး တွေ၊ အတွေးအခေါ် ပညာ တွေ၊ ဝါဒတွေ နဲ့ ဘယ်လိုပဲ အဖြေရှာ ကြိုးပမ်း ကြပါစေ – လူ့အဖွဲ့အစည်း အတွင်း သေခြင်း တရားနဲ့ ပတ်သက်လို့ အမြင်မှား ဖြစ်နေတာတစ်ခု ရှိနေတယ် ။ အဲ့ဒါကတော့ “သေခြင်းတရား ဟာ ရှင်သန်မှု ဘဝရဲ့ ရန်သူ ဖြစ် တယ်” ဆိုတဲ့ အမြင်ပဲ ဖြစ်ပါတယ် ။ အဲ့ဒီ အယူအဆ ကို မှားယွင်းနေတယ် လို့ မြင်မိကြ ပါသလား ။ ကျနော့် အနေနဲ့ ဒါဟာ အမြင် မှား ဖြစ်တယ် လို့ ဆိုချင်ပါတယ် ။ ဒီ အမြင် အမှား ကြောင့် နောက်ဆက်တွဲ အတွေး အမြင်၊ ကြံရွယ် လုပ်ကိုင်ချက် အားလုံး ဟာလည်း လိုက်လံ မှားယွင်း နေပါလိမ့်မယ်။ ဒီ အမြင်မှား ကြောင့် ငြိမ်းအေးမှု ဓမ္မ အကြောင်း ကို သိမြင်ဖို့ ရာ ခက်ခဲနေဦးမှာပဲ။ ဟုတ်တယ် မဟုတ် လား။

ခင်ဗျား ဆိုပါတော့ – သေခြင်းတရား ဟာ ခင်ဗျား ဘဝရှင်သန်မှုကို ဖျက်ဆီးပစ်တယ် – သေခြင်းတရားဟာ ခင်ဗျား ဘဝ ရှင်သန်မှု ရဲ့ ဆန့်ကျင်ဘက် ဖြစ်တယ်လို့ မြင်တဲ့ အခါ ခင်ဗျားလည်း သေခြင်းတရားကို ရန်သူ အဖြစ် သတ်မှတ် လိုက်မှာပဲ။ ဒီ သတ်မှတ် ချက် ကြောင့် သေခြင်း တရား ကို ခင်ဗျား ရင်ဆိုင်မယ် – တိုက်ခိုက် ယှဉ်ပြိုင်ဖို့ ပြင်ဆင် ပါတော့တယ်။

ဒါပေမယ့် ကြည့်ကြည့် ပါ။ သေခြင်း တရားဟာ ကျနော်တို့ နဲ့ မလွဲမသွေ တွေ့ရတဲ့ အရာ၊ ကျနော် တို့ရဲ့ မူလ ဌာနေသာ ဖြစ်ပါတယ်။ ဟုတ်တယ်ဟုတ်။ ခင်ဗျား တကယ် မနိုင်တဲ့သူ၊ ခင်ဗျား တကယ် ဖြစ်ပျက်ရမယ့် သူ ကို ခင်ဗျား အမြဲ တိုက်ခိုက် ငြင်းဆန်ဖို့ ကြိုးစား နေပါသလား ။ ဘယ်လောက်ပဲ ယှဉ်ပြိုင် တိုက်ခိုက်ပြီး ငြင်းဆန် နေပါစေ – ခင်ဗျား သေမှာက သေမှာပဲ မဟုတ်လား။ ဒါ့ကြောင့် သေခြင်း တရား အပေါ် အကြောက်အကန် ငြင်းဆန် တိုက်ခိုက်မှု ဟာ အချည်းနှီး သာ ဖြစ်နေပါတော့တယ်။ ဘာလို့ ဆို သေခြင်းတရားကို ခင်ဗျား ရှောင်လွဲ လို့ မရ နိုင်ဘူးရယ်။

ခင်ဗျားရဲ့ ပြင်ပမှာ အရာတစ်ခု ရှိမယ် ဆိုပါတော့- ဒါဆိုရင် အဲ့အရာကို ခင်ဗျား ရှောင်လွှဲသွား လို့ ရပါတယ်။ ဒါပေမယ့် သေခြင်းတရား ကတော့ ခင်ဗျား သန္တာန် အတွင်းမှာ ခင်ဗျားနဲ့ ထပ်ကြပ် ရှိနေတယ်။ ခင်ဗျား ဘယ်လို ရှောင်လွှဲ မလဲ။ ကျနော်တို့ မွေးဖွား လာတဲ့ မဆွကတည်းက သူက ကပ်ညိ ပါလာပြီးသား ဖြစ်ပါတယ် ။ ခင်ဗျား စစချင်း ဖြစ်တည် ရှင်သန် လာကာစ အသက်ငွေ့ငွေ့ စရှူချိန်ကတည်းက သေဖို့ အကြောင်း – သေခြင်းတရား ဟာ အရိပ်လို တွဲကပ် ပါရှိပြီးသား ဖြစ်တယ်။ ဟုတ်တယ် မဟုတ်လား။

ဒါ့ကြောင့် သေခြင်းတရားလို့ ကျနော် သုံးစွဲ တဲ့အခါ စင်စစ် “ဒီခန္ဓာ ချုပ်ပျက်၊ တကယ် သေဆုံး သွားတဲ့ နေ့ မှ သေတာ ဖြစ် တယ်၊ သေခြင်းတရား ဖြစ်တယ်” လို့ ကျနော် မဆိုလိုဘူး။ ခင်ဗျား ဟိုးအစကတည်းက သေခြင်း တရား နဲ့ အတူတူ ရှိနေပြီးသားပဲ ။ သေခြင်း တရား ဟာ ခင်ဗျား ဘဝ ရဲ့ တစိတ် တစ်ပိုင်း ပဲ ။ တနည်း – ခင်ဗျားရဲ့ အတွင်း အနှစ်သန္တာန် ပဲ ဖြစ်ပါတယ်။ ဟုတ်တယ် ဟုတ်။ ခင်ဗျား ရှင်သန် ကြီးထွား လာ သလို သူလည်း ကြီးထွား လာတယ်။ ခင်ဗျား သွားရာ တကောက်ကောက် အစဉ်တစိုက် လိုက်ပါ လာနေ တယ်။ သူဟာ တစ်နေ့ တစ်ချိန်မှာ အပြည့်အဝ ဖူးပွင့် သွားပါ လိမ့်မယ်။

ဒါ့ကြောင့် တကယ် သေတဲ့ နေ့မှ – သေခြင်းတရား က ရောက်လာတာ မဟုတ်ဘူး လို့ ကျနော် ဆိုပါတယ် ။ တကယ်သေ တဲ့ နေ့ ဟာ သေခြင်း တရား စွင့်ကား ဖူးပွင့်သွားချိန်သာ ဖြစ်တယ်။ Read more of this post

အဆိုးမြင်ဝါဒီ နေတဲ့ မြို့

ဒီကနေ့ ရန်ကုန်ရဲ့ ကောင်းကင်က အရှင်းသားပဲ။ — ကျယ်တယ်။ ပြာညို့နေတယ်။ တစ်ခွင် တစ်ပြင်လုံး ဘယ်တိမ်မှ ရှိမနေဘူးရယ်။ ဟိုတစ်နေ့က နေရောင်မျိုး အရိပ်ထိုးနေဆဲ ရှိတယ်။ ဒါပေတဲ့ ဒီရန်ကုန်ဟာ ဟိုနေ့က ရန်ကုန် မဟုတ်သလို၊ ဒီနေရောင်ကလည်း ဟိုနေ့က နေရောင် မဟုတ်ဘူး ပဲ။

တကယ်လို့ ဒီရန်ကုန်ဟာ တောင်တန်းပြာတွေ ပေါ်မှာ ၊အင်းလေးကန်ရဲ့ ကမ်းပါး မှာ ခိုနားရင်း ရှိနေခဲ့ရင်~ အခုလို ဟုတ်ပါ့မလား ။ ကျနော် ခဏ ပျောက် သွားခဲ့တယ်။

အဲ့အချိန် ဟာ ဒီလို အချိန်ပေါ့။ ရန်ကုန်ရဲ့ ကောင်းကင်မှာ – ငှက်တစ်ချို့ကို မြင်ကောင်း မြင်နိုင် မယ် ။ ဒီ ကောင်းကင် ပြာပြာ ကို နောက်ခံ ထား ရင်း သူရို့ ပျော်ပျော် ပါးပါး ပျံဝဲ နေမယ်။ ရန်ကုန် ရဲ့ မြေမျက်နှာပြင် – ဟိုနား ဒီနားက လမ်းစ တစ်ချို့မှာ သူတို့ အရိပ်တွေ ထင်ဟပ် နေလိမ့်မယ်။ တစ်ခါ တစ်လေ – ခပ်လှမ်းလှမ်း တောင်ပြာ တန်း ဆီက လေအေးအေး တစ်ချက် လွတ်ထွက် လာနိုင် တယ်။ ရန်ကုန် မြေ ကို သာသာလေး ခိုးနမ်း သွားလိမ့်မယ်။ ကန်ရေပြင်ကို တိုက်ခတ်၊ ရှမ်းပဲပုတ်နံ့ ရနိုင်သေး တယ်။ ရာသီ အပြောင်း အလဲ မှာ ဝါလွင်ဖို့ အားခဲ ထားတဲ့ ပင်အို ပင်ကျ တွေ ရှိမယ်။ ခင်ဗျား သူတို့ကို တွေ့ရနိုင် တယ်။ ရှော့ပင် မထွက်ဘဲ အိမ်တိုင် ရာရောက် တွေ့ ရနိုင် တာတွေ လည်း ရှိတယ် ~ အဲ့ဒါတွေ က – ရေငွေ့ ပါမယ့် လေ ရယ် ၊ ကမ္ဘာပေါ် မှာ အရှားပါးဆုံး အပြုံးအစစ်ရယ် ၊ နောက်ပြီး ~ ခင်ဗျားအတွက် ဘဝ အသစ်ရယ်။

ဒါပေမယ့် ~ ကံဆိုးချင်တယ် ပြောမလား၊ ကံကောင်းတယ်ပဲ ဆိုမလား ~
အခု စင်စစ် ရန်ကုန် ဟာ တောင်တန်းတွေ ပေါ်မှာ မဟုတ်ဘူး။ အင်းလေး မှာလည်း မရှိဘူး။ ရန်ကုန်ဟာ ရန်ကုန်မှာပဲ ရှိနေတယ်။

ပညာရှင်များ တိုင်းထွာချက် အရ -ပင်လယ် ရေပြင် အထက် ဘယ်လောက် ဘယ်ရွေ့။ ကိန်းဂဏန်း အချို့ ပါးပါး လျားလျား လေထွားနေ တဲ့ ဒီ မြေ ဒီရေ …။ ဒါဟာ ရန်ကုန် ဖြစ်ပါတယ်။ အခြားမြို့တွေထက် -ဝတ်လစ်စလစ် ဆန်တယ်။ ကလူကျီစယ် လဲလျောင်း နေ တာ တွေ့ရ လိမ့်မယ်။

Read more of this post